ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ထားဝယ်မြို့ရှိ ပန်းသစ်တော်သီးဈေးနှုန်း

   ထားဝယ်မြို့ရှိ စည်ပင်သာယာဈေးကြီး၊ ကမ်းနားဈေးနှင့် ညနေဈေးတို့ရှိ သစ်သီးဆိုင်များ၌ သစ်သီးမျိုးစုံရောင်းချလျက်ရှိရာ ပန်းသစ်တော်သီးမှာလည်း အ‌ရောင်းအဝယ်ဖြစ်လျက်ရှိပြီး လူကြိုက်များကြကြောင်း သိရှိရပါသည်။ ရန်ကုန်၊ မော်လမြိုင်ဘက်မှ ကားများဖြင့် ထားဝယ်မြို့ရှိ သစ်သီးဒိုင်များသို့ တင်ပို့ကြပြီး ထိုမှတဆင့် သစ်သီးဆိုင်များသို့ပြန်လည်ဖြန့်ဖြူးလျက်ရှိကြောင်း  လည်းသိရှိရပါသည်။

          ထားဝယ်ဈေးကွက်၌ ဇန်နဝါရီလအတွင်း ပန်းသစ်တော်သီး ဈေးကောင်းလျက်ရှိပြီး  တစ်လုံးလျှင် (၅၀၀၀)ကျပ်အထိရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့ရှိ ကြံစျေးနှုန်း

    ထားဝယ်မြို့၏ စျေးကွက်အတွင်း ကြံဈေးကွက်မှာလည်း ကောင်းမွန်လျက်ရှိကြောင်း သိရှိရပြီး ကြံကို ထားဝယ်မြို့အနီးတစ်ဝိုက် ကျေးရွာများတွင် တစ်နိုင်တပိုင် စိုက်ပျိုးကြသည့် အပြင် စီးပွားဖြစ်လည်း စိုက်ပျိုးကြသည်။ ကြံသည်  ကြံရည်သာမက ဘုရားပွဲ၊ နတ်ပွဲများ၌ပါ မပါမဖြစ် ဖြစ်သည့်အတွက် ဇန်နဝါရီလ၌ ဈေးပိုကောင်းလျက်ရှိကြောင်းလည်း သိရှိရပါသည်။

     ထားဝယ်မြို့ရှိ ဒေသထွက်ကြံစျေးနှုန်းများမှာ (၁)ချောင်းလျှင် (၅၀၀၀)ကျပ်၊ (၁၀) ချောင်းပါ တစ်စည်းလျှင် (၄၅၀၀၀) ကျပ်၊  အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့ရှိ နံနံပင်စျေးနှုန်း/စျေးကွက်

  မြန်မာပြည်တွင် အထင်ရှားဆုံး ဟင်းခတ်အမွှေးအကြိုင်မှာ နံနံပင်ဖြစ်ပြီး အစေ့ကိုလည်း ဟင်းခတ်မဆာလာတွင် သုံးနိုင်သည်။ မြန်မာဟင်းများတွင်သာမက မုန့်ဟင်းခါး၊ အသုပ်စုံတို့ တွင်လည်း တွဲဖက်အသုံးပြုကြသည်။ ဆောင်းရာသီတွင် အထူးဖြစ်ထွန်းပြီး ကျန်ရာသီများတွင် ရှား ပါးကာ စျေးကြီးပေသည်။

           ယခုအခါ ထားဝယ်စျေးကွက်၌ ဇန်နဝါရီလ တတိယပတ်အတွင်း နံနံပင်စျေးကောင်းလျက်ရှိပြီး တစ်စည်းလျှင် (၅၀၀)ကျပ် ခန့်ရှိကြောင်း သိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့ရှိမြင်းခွာရွက်ဈေးနှုန်း

   မြင်းခွာရွက်ဟုဆိုသည်နှင့် မြန်မာလူမျိုးတိုင်း သိကြမည်ဖြစ်ပါသည်။ မြင်းခွာပင်သည် အပင်ငယ်လေးဖြစ်ပြီး မြေကြီးတွင်ကပ်လျက် ပေါက်ဖွားကာ အဆစ်အမြစ် ကလေးများထွက်လာပြီး ထို အဆစ်ကလေးများမှ အညွန့်နှာမောင်းထွက်လာပြီး မျိုးဆက်ပွားလေ့ရှိသည်။ ‌နွေ၊ မိုး၊ ဆောင်း သုံးရာ သီပတ်လုံး အလေ့ကျပေါက်ပြီး အပွင့်အဖြူရောင်ရှိကာ အစေ့မှာမူ အပြား၊ အလျားလိုက် သေးငယ်သည့် အမြှောင်းကိုးမြှောင်းပါသည်။ မြင်းခွာပင်တွင် အရိုင်းမျိုး၊ မြင်းခွာရွက်အဖြူမျိုး၊ အနီမျိုးဟူ၍ သုံးမျိုးရှိသည်။

          ထားဝယ်မြို့ရှိစျေးများတွင် မြင်းခွာရွက်စျေးသင့်လျက်ရှိပြီး ‌ဒေသဓလေ့အရ ဗန်းထဲတွင် အပုံ ငယ်များ ပုံ၍ရောင်းချလျက်ရှိကာ တစ်ပုံလျှင် (၅၀၀)ကျပ် ရှိကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

မုံရွာမြို့နယ်ရှိ ကွမ်းဈေးနှုန်းဈေးကွက်

              စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ အောင်သာကျေးရွာတွင် ကွမ်းကို တစ်နိုင်တစ်ပိုင် အနေဖြင့်သော်လည်းကောင်း၊ စီးပွားဖြစ်သော်လည်းကောင်း စိုက်ပျိုးကြပြီး မိုးစိုက်နှင့်ဆောင်းစိုက်ဟူ၍ စိုက်ပျိုးကြရာ မိုးစိုက်မှာပိုးကျလွယ်ပြီးပျက်စီးဆုံးရှုံးမှုများသဖြင့် ဆောင်းစိုက်ကိုသာ ပိုမိုစိုက်ပျိုးကြကြောင်း သိရသည်။

            ကွမ်းကိုစိုက်ပျိုးရန်အတွက် ကွမ်းမျိုးဖြစ်သည့် ကွမ်းညွန့်တစ်ညွန့်လျှင် လက်ကားဈေး ငွေကျပ် ၅၀၀ ကျပ်ခန့်ဖြင့် ဝယ်ယူကာ တစ်ဧက၏ နှစ်ပုံတစ်ပုံခန့် ၀.၅ ဧက အကျယ်ရှိ ကွမ်းခြံ၌ ကွမ်းအညွန့် ၁၀၀၀-၁၁၀၀ ခန့် စိုက်ပျိုးကြပြီး မျိုးအနေဖြင့် ကွမ်းနုဝါမျိုးကို အများဆုံး စိုက်ပျိုးကြကြောင်း၊ ကွမ်းကို စိုက်ပျိုးပြီး ၅-၆ လခန့်အကြာတွင် စတင်ခူးဆွတ်နိုင်ပြီး  နေရာဒေသ၊ မြေအနေအထားနှင့် ကွမ်း မျိုးကောင်းမျိုးသန့်အပေါ်မူတည်၍  ၃ နှစ်မှ ၅ နှစ်အထိ ခူးဆွတ်ရရှိနိုင်ကြောင်း၊  စိုက်ပျိုးမှုကုန်ကျ စရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧက၏ နှစ်ပုံတစ်ပုံခန့် ၀.၅ ဧကလျှင် ငွေကျပ် ၇၀ သိန်းခန့် ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် ကွမ်းရွက်ကို ၁၀ ရက်ခြား တစ်ကြိမ်ခူးဆွတ်ရ ပြီး တစ်ကြိမ် ခူးဆွတ်လျှင် ၂၀-၂၅ ပိဿာခန့် ထွက်ရှိ၍ တစ်လလျှင် ပိဿာချိန် ၅၀-၅၅ ခန့် ထွက်ရှိရာ ကွမ်းပင်များ ဖြစ်ထွန်းအောင်မြင်မှုအပေါ် မူတည်၍ အထွက်နှုန်းကွာခြားမှုရှိကြောင်း၊ ဈေးနှုန်းဈေး ကွက်အနေဖြင့် ဇန်နဝါရီလ တတိယပတ်တွင် လက်ကားဈေး ကွမ်းတစ်ပိဿာလျှင် ငွေကျပ် ၂၁၀၀၀-၂၃၀၀၀ နှုန်းဖြင့် မုံရွာမြို့ပေါ်ရှိ ကွမ်းအဝယ်ဒိုင်များသို့ တင်ပို့ရောင်းချကြကြောင်း၊ ဇန်နဝါရီ ဒုတိယပတ် ဈေးနှုန်းဖြင့် နှိုင်းယှဉ်ကြည့်လျင် ဈေးနှုန်း (၁၀၀၀) ကျပ် ဈေးနှုန်းမြင့်တက် ကြောင်း၊ ကွမ်းအထွက်နှုန်း နည်းသွားသည့်အတွက် ဈေးနှုန်းမြင့်တက်လျှက်ရှိကြောင်းကွမ်းစိုက် တောင်သူများထံမှ သိရသည်။

DOCA(စစ်ကိုင်း)

တနင်္သာရီတိုင်းဒေသကြီးရှိ ပန်း‌ဂေါ်ဖီစျေးနှုန်း/စျေးကွက်

    တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိကျေးရွာများတွင်တောင်သူများသည် ဟင်းသီးဟင်းရွက်သီးနှံစားပင်မျိုးစုံကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးလုပ်ကိုင်လျက်ရှိသည်။ ယခုနှစ်တွင် စားသုံးသူ များပြား၍ ဈေးကွက်အခိုင်အမာရှိသော စားဖိုဆောင်သုံး ရာသီစာကာလတို သီးနှံဖြစ်သည့် ပန်းဂေါ်ဖီမှာ ဈေး ကောင်းရ၍ တောင်သူများ ပိုမိုတိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

           ထားဝယ်ဒေသထွက် ပန်းဂေါ်ဖီပွင့်များကို စည်ပင်သာယာစျေး၊ ညောင်ပင်ကြီးစျေး၊ ကမ်းနားစျေးများတွင်ရောင်းချကြပြီး ပန်းဂေါ်ဖီပွင့်အသေးတစ်ပွင့်လျှင် ကျပ် (၂၅၀၀)၊ ပန်း‌ဂေါ်ဖီပွင့်အကြီးတစ်ပွင့်လျှင် ကျပ်(၄၅၀၀)အထိ ဈေး ကောင်း ရရှိကြောင်းသိရှိရသည်။ ရာသီပေါ်သီးနှံဖြစ်၍ စားသုံးသူဈေးကွက်၌လည်း အရောင်းသွက်လျက်ရှိသောကြောင့် ထားဝယ်ဒေသရှိပန်းဂေါ်ဖီ စိုက်ပျိုးသူတောင်သူများအနေဖြင့် ဝင်ငွေအဆင်ပြေလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှ ဝက်အူချောင်းဈေးနှုန်း

   တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်မြို့ရှိ စည်ပင်သာယာဈေးနှင့် ညနေဈေးတို့တွင် ဝက်အူချောင်းများ ရောင်းချလျက်ရှိပါသည်။ ဝက်အူချောင်းများကို မိမိကိုယ်တိုင်သော်လည်ကောင်း၊ အခြားမြို့များမှယူ၍လည်ကောင်း ရောင်းချလျက်ရှိကြောင်း သိရပါသည်။

     ဝက်အူချောင်းသည် လျင်မြန်စွာချက်ပြုတ်စားသောက်နိုင်သည့်အတွက်  အချိန်ကုန်သက်သာ စေသောအစားအစာတစ်မျိုးဖြစ်ပါသည်။ ဝက်အူချောင်းများကို စားသောက်ဆိုင်များနှင့် ထမင်းဆိုင်များမှလည်းကောင်း၊ အိမ်ရှင်မများဟင်းချက်ရာတွင်လည်းကောင်း အသုံးပြုကြပါသည်။

   ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတတိယပတ်အတွင်း ရောင်းချလျက်ရှိသော ဝက်အူချောင်းဈေးနှုန်းမှာ ဝက်အူချောင်း(၁) ပိဿာလျှင်(၄၀၀၀၀) ကျပ် ၊(၅၀) ကျပ်သားလျှင် (၂၀၀၀၀)ကျပ်၊ (၁၀) ကျပ်သားလျှင် (၄၀၀၀)ကျပ်ဖြင့် အရောင်း အဝယ် ဖြစ်လျက်ရှိကြောင်း၊ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သော ကြောင့် ရောင်းအားကောင်းကြောင်း ဝက်အူချောင်းရောင်းချသူထံမှ သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှ မုန့်ဖက်ဈေးနှုန်း

    ထားဝယ်မြို့ပေါ်ရှိ ရပ်ကွက်များတွင် မိသားစုစားဝတ်နေရေးအတွက် (မုန့်တီ၊ မုန့်ဟင်းခါး) မုန့်ဖက်လုပ်ငန်းများကို စီးပွားဖြစ် တစ်နိုင်တစ်ပိုင်လုပ်ကိုင်ကြပါသည်။ ထို(မုန့်တီ၊ မုန့်ဟင်း ခါး)မုန့်ဖက်များကို ထားဝယ်မြို့ပေါ်နှင့် ကျေးရွာများမှ ဝယ်ယူစားသုံးကြကြောင်း၊ မုန့်တီ၊ မုန့်ဟင်းခါး ရောင်းချသူများ၊  အလှူပွဲ၊ မွေးနေ့ပွဲနှင့် ဘုရားပွဲများတွင် အသုံးပြုရန်အတွက် ဝယ်ယူကြသဖြင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း သိရပါသည်။၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ တတိယပတ်တွင် ရောင်းချ လျက်ရှိသော (မုန့်တီ၊ မုန့်ဟင်းခါး)မုန့်ဖက်ဈေးနှုန်းများမှာ (မုန့်တီ၊ မုန့်ဟင်းခါး) မုန့်ဖက် (၁)ပိဿာလျှင် (၂၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း (မုန့်တီ၊ မုန့်ဟင်းခါး)မုန့်ဖက်ရောင်းချသူထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှ ပဲတောင့်ရှည်ဈေးနှုန်း

   တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ထားဝယ်မြို့ပေါ်ရှိရပ် ကွက်များတွင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာမှ စားဖိုဆောင် သီးနှံဖြစ်သည့် ပဲတောင့်ရှည်၊ ခရမ်းသီး၊ ငရုတ်သီး၊ ဘူးသီး၊ ရုံးပတီသီးကို တစ်နိုင်တစ်ပိုင်စိုက်ပျိုး ကြပါသည်။ စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ပဲတောင့်ရှည်ကို ကျေးရွာများတွင် ပိုမိုစိုက်ပျိုးကြ ကြောင်း သိရှိရ ပါသည်။ ပဲတောင့်ရှည်ကို စည်ပင်သာယာဈေးနှင့် ရပ်ကွက်ဈေးငယ်များတွင် ရောင်းချကြကြောင်း အသီးအနှံစိုက်ပျိုးနေသူတစ်ဦးထံမှ သိရှိရပါသည်။

          ယခု ၂၀၂၆ ခုနှစ် ဇန်နဝါရီလတတိယပတ်တွင် ဖြစ်ပေါ်နေသော ပဲတောင့်ရှည်ဈေးနှုန်းမှာ အစီးငယ်တစ်စီးလျှင် (၁၀၀၀) ကျပ်ဖြင့် ရောင်းချနေကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်းဒေသကြီး ၊ ထားဝယ်မြို့ ဌက်ပျောသီး ဈေးနှုန်း/ဈေးကွက်

  ထားဝယ်မြို့ရှိ ဒေသခံပြည်သူများသည် နှစ်ရှည်သီးနှံများနှင့် ရာသီပေါ်သီးနှံများကို စိုက်ပျိုး၍ အသက်မွေးဝမ်းကျောင်းပြုလျက်ရှိရာ ယခုလရာသီတွင် ဌက်ပျောသီးစျေးကောင်းရရှိ၍ မိသားစု အပို ဝင်ငွေရရှိကြောင်းသိရှိရပါသည်။ ဌက်ပျောတွင်  သီးမွှေး၊ ဖီးကြမ်း၊ ရခိုင်နှင့် ရွှေဌက်ပျောတို့ သည် လူကြိုက်များသည့် အတွက် ရောင်းအားအလွန်ကောင်းသောကြောင့် ယခုလက်ရှိ သီးမွှေးတစ်ဖီးလျှင်(၁၂၀၀၀)ကျပ်ခန့်၊ ဖီးကြမ်းတစ်ဖီးလျှင်(၅၀၀၀)ကျပ်ခန့်၊ ရခိုင်တစ်ဖီးလျှင်(၃၀၀၀)ကျပ်ခန့် နှင့်  ရွှေဌက်ပျောတစ်ဖီးလျှင် (၁၅၀၀၀ )ကျပ်ခန့်တို့ဖြင့်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း