ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပုသိမ်မြို့၌သီးထပ်စွမ်းအား တိုးမြှင့် စိုက်ပျိုးသည့် ပြောင်းစိုက်တောင်သူများ ကျိုးဖြစ်ထွန်းလျက်ရှိ

         ပုသိမ်မြို့နယ်၌ ဖူးစားပြောင်းကို သီးထပ်စိုက်ပျိုးကာ နှစ်ပတ်လည် စဉ်ဆက်မပြတ် စိုက်ပျိုးလျှက်ရှိကြောင်း ထိုဒေသထွက်ပြောင်းများကို ဝယ်လိုအားကောင်းမွန်သည့် ဒေသဈေးကွက်  နှင့် အနယ်နယ်အရပ်ရပ်ရှိ ပြောင်းဈေးကွက်များသို့ တစ်နှစ်ပတ်လုံး ရောင်းချနိုင်၍ ပြောင်းစိုက်    တောင်သူများ အကျိုးဖြစ်ထွန်းလျက်ရှိကြောင်း ဒေသခံတောင်သူများထံမှသိရှိရပါသည်။ ပြောင်းစိုက်တောင်သူများသည်ယခင်က ဒေသတွင်း စားသုံးရန်သာ စိုက်ပျိုးခဲ့ကြပြီး ယခုအခါ ပြည်တွင်း ပြည်ပသို့ တင်ပို့ရောင်းချနိုင်ရေး ကြိုးပမ်းလာကြပြီး အထွက်ကောင်းသော မျိုးကောင်း မျိုးသန့်ပြောင်းမျိုးများကို ရွေးချယ်စိုက်ပျိုးလျက်ရှိပါသည်။

          ပိုသမ်မြို့နယ် ပြောင်ဈေးကွက်၌ ယခု ဒုတိယပတ်တွက် ပြောင်းဖူးစိမ်း တစ်ဖူးလျှင် (၅၀၀-၄၀၀)ကျပ်နှုန်း၊ ပြောင်းဖူးမီးဖုတ် တစ်ဖူးလျှင် (၆၀၀)ကျပ် တို့ဖြင့် ရောင်းချနေပြီး ဈေးကောင်းရရှိလျက်ရှိရာ ပြောင်းစိုက်တောင်သူများသာမက ဝယ်ယူရောင်းချသူဒေသခံပြည်သူ များလည်း အကျိုးအမြတ်ခံစားရပြီး မိသားစုဝင်ငွေတိုးလျက်ရှိကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)

ပန်းမုံလာများ ဈေးကောင်းရလျက်ရှိ

          ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ရန်ပုံနှစ်ကျေးရွာတွင် ပန်းမုံလာသီးနှံကို စီးပွားဖြစ်စိုက်ပျိုးလျက်ရှိပါသည်။ ပန်းမုံလာများကို စတင်ဘာလ၊ အောက်တိုဘာလများတွင် စတင်စိုက်ပျိုးပြီး၊ တစ်ဧကစိုက်ပျိုးမည်ဆိုပါက မျိုးထုပ် (၅) ထုပ်ကို ပျိုးထောင်ရကြောင်း၊ ပျိုးပင်သက် (၁)လခွဲခန့် ရလျှင် စိုက်ခင်းထဲသို့ ပြောင်းရွှေ့ စိုက်ပျိုးရကြောင်း၊ တစ်ဧကလျှင် ပျိုးပင်အရေအတွက် တစ်သောင်းခန့် စိုက်ပျိုးနိုင်ကြောင်း၊ ပန်းမုံလာပင်များသည် ရာသီဥတုဒဏ်နှင့် ပိုးမွှားအန္တရာယ်ကျရောက်ပါက ပျက်စီးမှုလွယ်သည့် သီးနှံဖြစ်သည့်အတွက် နေ့စဉ်ကြည့်ရှုပြီး အထူးဂရုစိုက်ရသည့် သီးနှံဖြစ်ပါသည်။ စတင်စိုက်ပျိုးချိန်မှ ခူးဆွတ်သည့်အချိန်အထိ ပိုးသတ်ဆေး (၃)ကြိမ်ခန့် ဖြန်းပေးရကြောင်း၊ စိုက်ပျိုးမှု တစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် (၉၀၀၀၀၀/- မှ ၁၀၀၀၀၀၀/-)ကျပ်ခန့် ကုန်ကျကြောင်း၊ ပန်းမုံလာများအား စတင်စိုက်ပျိုးပြီး (၂)လ၊ (၂)လခွဲခန့် အကြာတွင် စတင်ခူးဆွတ်နိုင်ကြောင်း၊ တစ်ဧကလျှင် ပန်းမုံလာ(၆၀၀၀-၆၅၀၀) ပွင့်ခန့် ခူးဆွတ်နိုင်ကြောင်း၊ စတင်ခူးဆွတ်ချိန်တွင် ပွဲစားများမှ ပန်းမုံလာတစ်ပွင့်လျှင် (၃၀၀၀/- မှ ၂၅၀၀/-)ကျပ်နှုန်းဖြင့် အပွင့်အသေး/အကြီးပေါ်မူတည်၍ စိုက်ခင်းထဲအရောက် ဝယ်ယူကြကြောင်း၊ ဈေးများအတွင်း၌လည်း ပန်းမုံလာတစ်ပွင့်လျှင် (၂၅၀၀/- မှ ၂၀၀၀/-)ကျပ်နှုန်းဖြင့် ဈေးကောင်းရရှိ ကြောင်း၊ အကျိုးအမြတ်အနေဖြင့် ပန်းမုံလာတစ်ဧကလျှင် (၃၀၀၀၀၀၀/-)ကျပ်ခန့် အမြတ်ရရှိကြောင်း၊ တောင်သူများအနေဖြင့် အကျိုးအမြတ်ရရှိသည့် ပန်းမုံလာသီးနှံအား စိုက်ပျိုးသင့်ကြောင်း လေ့လာသိရှိရပါသည်။

DOCA (ဧရာဝတီ)

ပုသိမ်မြို့နယ်တွင် ပိုက်ဆံလျှော် စမ်းသပ်စိုက်ပျိုးလျက်ရှိ

       လူဦးရေတိုးပွားလာသည်နှင့်အညီ စားနပ်ရိက္ခာ၊ စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ တိုးတက်ရန် လိုအပ်သကဲ့သို့ မြေဆီလွှာ၏ ကျန်းမာရေးကိုလည်း အထူးဂရုပြုရန် လိုအပ်သဖြင့် ပိုက်ဆံလျှော်များကို စမ်းသပ်စိုက်ပျိုးလျက်ရှိပါသည်။ ပိုက်ဆံလျှော်သည် လျှော်အဖြစ်ထုပ်လုပ်နိုင်သည့်အပြင် သစ်စိမ်းမြေဩဇာအဖြစ်လည်းကောင်း၊ ကျွဲနွားစာအဖြစ်လည်းကောင်း၊ ပိုက်ဆံလျှော်ပင်များကို အခြောက်လှန်း၍ ထုထောင်းခြင်းဖြင့် ကြာမြင့်စွာသိုလှောင်နိုင်ပြီး ပိုက်ဆံလျှော် မြေဩဇာအဖြစ်လည်းကောင်း အသုံးပြုနိုင်ကြောင်း၊ ရိတ်သိမ်းရာတွင် သစ်စိမ်းမြေဩဇာအဖြစ် အသုံးပြုမည်ဆိုပါက စိုက်ပျိုးပြီး ရက် (၆၀) မှ (၇၅) ရက်အတွင်း ထယ်မှောက်ပြီး အသုံးပြုရမည်ဖြစ်ကြောင်း၊ ၎င်းအချိန်သည် အာဟာရဓါတ် အများဆုံးပါဝင်ကြောင်း၊ သစ်စိမ်းမြေဩဇာ အသုံးပြုခြင်းအားဖြင့် ဓါတ်မြေ    ဩဇာ သုံးစွဲမှုကို လျော့ချနိုင်သဖြင့် ပိုက်ဆံလျှော်ဖြင့် သီးလှည့်စိုက်ပျိုးခြင်းသည် ရောဂါပိုးမွှားများ နှိမ်နှင်းရာတွင် အထောက်အကူဖြစ်ခြင်း စသည့်အကျိုးကျေးဇူးများစွာ ရရှိစေပါသည်။

          တောင်သူအချို့သည် မိုးဦးကျကာလတွင် သီးနှံမစိုက်ပျိုးမီ ပိုက်ဆံလျှော်ကို စိုက်ပျိုးပြီး မြေပြင်ခြင်း၊ သစ်စိမ်းမြေဩဇာ ထုတ်လုပ်ရန်အတွက် စိုက်ပျိုးကြကြောင်း၊ ယခုနှစ်တွင် သာစည်မြို့နယ်၌ ပိုက်ဆံလျှော် (၄)ဧကခန့် စိုက်ပျိုးထားရှိပြီး  ပိုက်ဆံလျှော်များကို စိုက်ပျိုးထားရှိပြီး တစ်ဧကလျှင် (၃)ပြည်ခန့် စိုက်ပျိုးရကြောင်း၊ သာစည်မြို့နယ်၊ အင်တိုင်းသာကျေးရွာတွင် ပိုက်ဆံလျှော် တစ်ပြည်လျှင် ၈၀၀၀/၊-၉၀၀၀/-ကျပ်နှုန်းဖြင့် ဝယ်ယူစိုက်ပျိုးနိုင်ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ပုသိမ်မြို့သီဟိုဠ်စေ့ ဈေးကွက်

         ဧရာဝတီတိုင်းမှာ သီဟိုဠ်စေ့တွေကို ဧကသိန်းချီ စိုက်ပျိုးထုတ်လုပ်ကြပြီး မြောင်းမြခရိုင်၊ ဟင်္သာတခရိုင်၊ လပွတ္တာခရိုင်၊ ပုသိမ်ခရိုင်တွေထဲက ပင်လယ်ကမ်းစပ်ဒေသတွေမှာရှိတဲ့ ကျေးရွာတွေက ဒေသခံတောင်သူတွေ အများဆုံး စိုက်ပျိုးကြပါတယ်။ သီဟိုဠ်ကို နွေကာလမှာ အဓိကထား လုပ်ကိုင်ကြပြီး စိုက်ပျိုးထုတ်လုပ်လို့ ဖြစ်ထွန်းအောင်မြင်တဲ့ သီးနှံဖြစ်ပါတယ်။ သီဟိုဠ်စေ့ကို ကလေးလူကြီးမရွေး ကြိုက်နှစ်သက်ကြပါတယ်။ သီဟိုဠ်စေ့မှာ အာဟာရဓါတ်ပြည့်ဝတဲ့အပြင် ကော့ပါး၊ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်၊ သံဓာတ်၊ ပိုတက်စီယမ်နဲ့ ဇင့်အပါအဝင် သတ္တုဓာတ်တွေနဲ့ ပရိုတင်းတွေပါဝင်ပါတယ်။ ဗီလာမင်စီ၊ ဗီတာမင်ကေ၊ ဗီတာမင်အီး၊ ဗီတာမင်ဘီ6 နှင့် အဟာရ များစွာပါဝင်တဲ့အပြင် သင့်တင်စွာစားသုံးလျှင် အကျိုးပြုကိုလက်စထရောတွေကို ကောင်းမွန်စွာ ထိန်းသိမ်းနိုင်ကြောင်း သိရပါသည်။

       သီဟိုဠ်စေ့ဈေးမှာ တစ်ပိဿာလျှင် (၃၇၀၀၀/-၃၈၀၀၀/-)အထိ ရှိပြီး အစေ့အရွယ် အစားအလိုက် ဈေးနှုန်းကွာခြားမှုရှိကြောင်း သီဟိုဠ်စေ့ စိုက်ပျိုး ရောင်းချသူတစ်ဦးထံမှ သိရပါတယ်။  ဧရာဝတီတိုင်း အပါအဝင် မြန်မာနိုင်ငံကထွက်ရှိတဲ့ သီဟိုဠ်စေ့တွေကို အရင်က တရုတ်၊ စင်ကာပူ၊ ထိုင်း၊ တောင်ကိုရီးယား၊ ဟောင်ကောင်၊ မလေးရှား၊ အာဖရိက၊ ဂျပန်နှင့် အိန္ဒိယ စတဲ့ နိုင်ငံတွေကို အဓိက တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ကျိုက်ထိုဒေသထွက် ရေချိုငါးဇင်ရိုင်းငါးပိများ အရောင်းအဝယ်သွက်နေ

 

          မြန်မာလူမျိုးတို့၏ ဓလေ့နှင့်စားသောက်မှုပုံစံအရ ငါးပိသည် အိမ်တိုင်း၏ မီးဖိုချောင် ၌မရှိမဖြစ်ဝယ်ယူထားကြရသော စားသောက်ကုန်တစ်မျိုးပင်ဖြစ်လေသည်။ အခြေခံ စားသောက်ကုန်ဖြစ်တာကြောင့် ဈေးကွက်သည် ခိုင်မာမှုရှိသည်ဟု ပြောနိုင်ပါသည်။

          ငါးပိသည် မြန်မာလူမျိုးနှင့်သာသက်ဆိုင်သော ပြည်တွင်းထွက် စားသောက်ကုန် စစ်စစ်ဖြစ်သောကြောင့် မြန်မာ့ငါးပိကို ပြည်ပမှာရှိတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား အများ အပြားရှိရာ နိုင်ငံတွေကို အဓိကတင်ပို့နေရပါသည်။ မြန်မာ့ငါးငါးပိကို တန်ဖိုးမြှင့်ထုတ်ကုန် အဖြစ် စနစ်တကျသန့်ရှင်းစွာ ထုပ်ပိုးထားသော အဆင်သင့်စားသုံးနိုင်သည့် ငါးပိကြော်၊ ငါးပိ ချက် အဖြစ်ထုတ်လုပ်မည်ဆိုပါက ပြည်ပဈေးကွက်မှာ ပိုမိုနေရာရလာနိုင်ပါသည်။

          ခေတ်လူနေမှုစနစ်ကြောင့်လည်း အသင့်စားသုံးနိုင်သော ငါးပိရည်ဖျော်ဗူးများ၊ အသင့် စားငါးပိထောင်း၊ မျှင်ငါးပိကြော်ဗူးများ ပြည်တွင်းတွင် အရောင်းသွက်လာကြောင်းကိုလည်း သိရပါသည်။

          မြန်မာနိုင်ငံရဲ့ ငါးပိဈေးကွက်ကို အဓိကမောင်းနှင်နေတဲ့ ဒေသကြီး (၃) ခုဖြစ်တဲ့ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးတို့မှ ငါးငါးပိ၊ မျှင်ငါးပိများ မှာ စားသုံးသူများ၏ အကြိုက်ကို ရရှိထားသလို မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှ ထွက်ရှိ သော ရေချိုငါးဇင်ရိုင်းငါးပိမှာ ပြည်တွင်းတွင် အကောင်းဆုံးဖြစ်ပြီး စားသုံးသူများကြား ထင်ရှားနေကြောင်း သိရပါသည်။ ကျိုက်ထိုမြို့နယ်သည် မုတ္တမပင်လယ်ကွေ့နှင့် နီးစပ်၍ ရေထွက်ကုန်များ ထွက်ရှိရာ ဒေသတစ်ခုဖြစ်ပြီး ရေး၊ ကျိုက္ခမီတို့လောက် ရေထွက်ကုန်များ ဖြန့်ဖြူးရာတွင် အချက်အချာမကျလှသော်လည်း ရေချိုငါးဇင်ရိုင်းငါးပိမှာ ကျိုက်ထိုဒေသ ထွက် ငါးပိဖြစ်သောကြောင့် စားသုံးသူများကြား ထင်ရှားသော အချက်တစ်ခုဖြစ်နေခဲ့ပါ သည်။

          ကျိုက်ထိုဒေသထွက် ရေချိုငါးဇင်ရိုင်းငါးပိကို ပြည်တွင်းသို့ ဖြန့်ဖြူးရောင်းချမှုများ ရှိနေပြီး ပြည်ပသို့လည်း တင်ပို့ရောင်းချမှုများရှိပါသည်။ ကျိုက်ထိုဒေသထွက် ငါးဇင်ရိုင်း ငါးပိသည် အခြား ငါးပိများကဲ့သို့ ဈေးကွက်ခိုင်မာမှုရှိပြီး ဈေးနှုန်းမှာလည်း အခြားငါးပိများ ထက် ဈေးပိုများကြောင်း သိရပါသည်။ လက်ရှိတွင် ငါးဇင်ရိုင်းငါးပိစစ်စစ်သည် ဈေးကွက် တွင် ကျပ် ၁၅၀၀၀ ဝန်းကျင်ရှိနေပြီး စနစ်တကျထုပ်ပိုးထားသော ရေချိုငါးဇင်ရိုင်းငါးပိဗူး များဖြစ်ပါက ဈေးနှုန်းအပြောင်းအလဲ ရှိနိုင်ပါသည်။ ထို့အပြင် မိုးရာသီသို့ရောက်ရှိလာသော ကြောင့် ငါးဖမ်းရာသီရောက်လာခြင်းနှင့်အတူ ငါးပိဈေးနှုန်းများမှာလည်း အပြောင်းအလဲ ရှိနိုင်ပါသည်။

          ကျိုက်ထိုဒေသထွက် ရေချိုငါးဇင်ရိုင်းငါးပိကို ကျိုက်ထိုမြို့မဈေးနှင့် ငါးပိရုံများတွင် ဝယ်ယူရရှိနိုင်ကြောင်းလည်း သိရပါသည်။

 

DOCA (မွန်)

မုံရွာမြို့တွင် ရောင်းချနေသော ခရမ်းချဉ်သီးဈေးနှုန်း

        စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်ရှိ တောင်သူများသည် နှမ်း၊ ပဲမျိုးစုံ၊ ပြောင်း၊ ငရုတ်စသည့် သီးနှံများကို အများဆုံးစိုက်ပျိုးကြပြီး ခရမ်းချဉ်သီး သီးနှံများလည်း အနည်းငယ် စိုက်ပျိုးထားကြောင်း သိရသည်။ ယခုအချိန်တွင် ဒေသထွက်ခရမ်းချဉ်သီးများ ဈေးကွက်သို့ ဝင်ရောက်မှုနည်းပါးလာသည့်အတွက်  မန္တလေးမြို့နှင့် ရှမ်းပြည်နယ် အောင်ပန်းမြို့တို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရသည်။

          ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ပထမပတ်တွင် မုံရွာမြို့ရှိ ဈေးကွက်တွင် ရောင်းချနေသော ဈေးနှုန်းများမှာ  ခရမ်းချဉ်သီး လက်ကားဈေး တစ်ပိဿာလျှင် ၃၅၀၀ ကျပ် ၊လက်လီ တစ်ပိဿာလျှင် ၄၀၀၀-၄၅၀၀ ကျပ်၊ စျေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိပြီး ယခင်အပတ်နှင့် ယခုအပတ် နှိုင်းယှဉ်ပါက သယ်ယူစရိတ်များပြားခြင်းနှင့် ဝင်ရောက်မှုနည်းခြင်းတို့ကြောင့် ဈေးနှုန်းမြင့်တက်ရခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ရေစကြိုမြို့နယ် ရေသွင်းနှမ်းဖြူ စိုက်ပျိုးတောင်သူများ တွက်ချေကိုက်လျက်ရှိ

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်အတွင်းရှိ ကျေးရွာများတွင် လယ်ယာ စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကအားထားပြီး သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိပါသည်။ ရေစကြိုမြို့နယ်တွင် ဆီးထွက်သီးနှံဖြစ်သည့် ရေသွင်းနှမ်းဖြူသီးနှံကို မတ်၊ ဧပြီလများတွင် စတင်စိုက်ပျိုးကြပြီး ဇွန် လတွင် ဈေးကွက်အတွင်းသို့ စတင်ဝင်ရောက်လျက်ရှိပါသည်။ နှမ်းသီးနှံကို ကျဲပတ်စနစ်ဖြင့် စိုက်ပျိုး ကြပြီး () ဧက စိုက်ပျိုးလျှင် နှမ်းမျိုး () ပြည်ခန့် ကုန်ကျကြောင်း၊ () ဧက ကုန်ကျစရိတ် အနေ ဖြင့် မျိုး၊ မြေပြင်ခ၊ သွင်းအားစု၊လုပ်အားခ အပါအဝင် (၁၂) သိန်းခန့် ကုန်ကျကြောင်း၊ အထွက်နှုန်း အနေဖြင့် (၁၅ မှ ၁၇) တင်းခန့်ထွက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ရေစကြိုမြို့ပေါ်ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချကြပြီး ပခုက္ကူမြို့နှင့် မန္တလေးမြို့သို့ တစ်ဆင့် တင်ပို့ရောင်းချကြကြောင်း သိရှိရပါ သည်။ ဈေးနှုန်းအနေဖြင့်၂၀၂၆ခုနှစ်၊ ဇွန်လ(စတုတ္ထပတ်)တွင် နှမ်းဖြူ ()တင်းလျှင် ကျပ်(၁၂၀၀၀၀)ခန့် ရှိကြောင်း သိရှိရပါသည်။ () ဧက အကျိုးအမြတ်အနေဖြင့်  () သိန်းခန့် ရရှိကြောင်း၊ မိမိအနေဖြင့် ယခင်နှစ်က ရေသွင်းနှမ်းဖြူ ()ဧကခန့် စိုက်ပျိုးခဲ့ရာ ရာသီဥတုကောင်းမွန်ခြင်းမရှိ၊ နှမ်းစိုက်ပျိုးချိန်တွင် မိုးရွာသွင်းမှုနည်းခြင်းတို့ကြောင့် ရေသွင်းခဲ့ရသည့် အကြိမ်ရေများသည့်အတွက် ကုန်ကျမှုစရိတ်များ ခဲ့သဖြင့် ()ဧက ကုန်ကျစရိတ် (၁၂) သိန်းခန့်ကုန်ကျခဲ့ပြီး အကျိုးအမြတ်အနေဖြင့်ကျပ် ()သိန်းခန့်သာ ရရှိခဲ့ပါသည်။ ယခုနှစ်တွင် မိမိအနေဖြင့် () ဧက စိုက်ပျိုးခဲ့ရာ ရာသီဥတုကောင်းမွန်ပြီး အထွက်နှုန်း အနေဖြင့် (၄၇) တင်းခန့် ထွက်ရှိခဲ့သဖြင့် အကျိုးအမြတ် သိန်း (၂၄)ခန့် ရရှိခဲ့ကြောင်း နှမ်းစိုက်တောင်သူ တစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူဒေသ၏ နှမ်းဈေးကွက်အကြောင်း တစ်စေ့တစ်စောင်း

          မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူဒေသအပါအဝင် မြန်မာနိုင်ငံအလယ်ပိုင်း မိုးခေါင် ရေရှားရပ်ဝန်းတွင် နှမ်းကို ရာသီဥတု နှင့် ရေရရှိမှုပေါ်မူတည်၍ မိုးဦးနှမ်း၊ မိုးနှောင်းနှမ်း၊ နွေနှမ်း ဟူ၍ တစ်နှစ်လျှင် ()ကြိမ် ခွဲခြား စိုက်ပျိုးကြပါသည်။ ပခုက္ကူဒေသတွင် မိုးဦးနှမ်းကို အများဆုံးစိုက်ပျိုးကြပြီး မေလနှင့် ဇွန်လ တွင် စတင်စိုက်၍ ဩဂုတ်လ နှင့် စက်တင်ဘာလ တို့တွင် ရိတ်သိမ်းကြမည်ဖြစ်သည်။

ပခုက္ကူဒေသတွင်  ၂၀၂၆ ခုနှစ်၊ ဇွန်လ (စတုတ္ထပတ်)တွင် အရောင်းအဝယ်ဖြစ်နေသော နှမ်း ဈေးနှုန်းမှာ နှမ်းဖြူတစ်တင်းလျှင် ကျပ်(၁၁၂၀၀၀ - ၁၁၆၀၀၀) နှမ်းနက်(စမုံ) တစ်တင်းလျှင် ကျပ် (၁၇၀၀၀၀ - ၁၈၀၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး  နွေနှမ်းသစ်များ လှိုင်လှိုင်ပေါ်ချိန်ဖြစ်သဖြင့် ကုန်စည်ဒိုင်၌ဝင်သမျှ အရောင်းအဝယ်သွက်နေပါသည်။ နှမ်းနက်(စမုံ)ကို မန္တလေး ဝယ်လက်များမှ တစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့ရန် အဓိက အဝယ်လိုက်နေကြောင်း သိရပါသည်။

          ပခုက္ကူမြို့ပေါ်ရှိ ဆီစက်ပိုင်ရှင်များ၊ နှမ်းလှော်လုပ်ငန်းရှင်များနှင့် စားသောက်ကုန်ထုတ်လုပ် သော လုပ်ငန်းရှင်များက နှမ်းဖြူနှင့် နှမ်းညိုများကို ပုံမှန် အဝယ်ရှိနေကြပါသည်။ ပခုက္ကူခရိုင်အတွင်း ရှိ မြစ်ခြေ၊ ကမ္မနှင့် ရေစကြိုမြို့နယ် ကျေးရွာများမှ နယ်မြေအခြေအနေပေါ်မူတည်၍ နွေနှမ်းများ နေ့စဉ် ဝင်ရောက်လျက်ရှိပါသည်။ ကုန်စည်ဒိုင်တွင် တစ်ရက်လျှင် ပျမ်းမျှ အိတ်ရေ(၁၀၀) မှ (၂၀၀) ဝန်းကျင် ပုံမှန်အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

     ယခင်လနှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက မေလတွင် နှမ်းအသစ်များအပေါ်သေးဘဲ လက်ကျန် အဟောင်းများဖြင့်သာ အရောင်းအဝယ်ဖြစ်သောကြောင့် လက်ရှိ ဇွန်လ ဈေးနှုန်းများထက် ပို၍ အမြင့်ပိုင်းတွင်ရှိနေခြင်း၊ လက်ရှိအချိန်တွင် နွေနှမ်းပေါ်ချိန်ဖြစ်သော်လည်း ယခင်နှစ်များထက် စိုက်ဧက နှင့် အထွက်နှုန်း အနည်းငယ်လျော့နည်းခြင်းကြောင့် ဈေးနှုန်းများ အဆမတန် ကျဆင်းသွားခြင်းမရှိဘဲ ပစ္စည်းလက်ကျန်နှင့် ပြည်ပဝယ်လိုအားပေါ်မူတည်၍ တည်ငြိမ်နေကြောင်း၊ ပဲကုန်သည်များ၏ သုံးသပ်ချက်အရ သိရှိရပါသည်။

DOCA(မကွေး)

 

ပခုက္ကူဈေးကွက်တွင် ပဲတီစိမ်း အရောင်းအဝယ်ဖြစ်မှုအခြေအနေ

               မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်းရှိ ပခုက္ကူ၊ မြိုင်၊ ပေါက်၊ ရေစကြို၊ ဆိပ်ဖြူ မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ပဲတီစိမ်းသီးနှံကို အဓိကထား၍ နှစ်စဉ်စိုက်ပျိုးပြီး တစ်နှစ်လျှင် မိုးနှင့်ဆောင်းနှစ်ရာသီစိုက်ပျိုးကြပြီး ယခုနှစ်တွင် (နွေ)ပဲတီစိမ်းစိုက်ဧက(၂၀၀၀၀)ခန့် စိုက်ပျိုး ထားရှိ ကြောင်း သိရှိရသည်။ (နွေ)ပဲတီစိမ်းကို ဖေဖော်ဝါရီလကုန် မတ်လဆန်းတွင် စတင်စိုက်ပျိုးပြီး ဇွန်လ ဆန်းတွင် လှိုင်လှိုင်ထွက်ပေါ်ကြောင်း၊ မျိုးအနေဖြင့် ပဲတီစိမ်း မြကြေးမှုံနှင့် ကျောက်စိမ်းမျိုးကို စိုက်ပျိုး ကြပြီး ယခုနှစ်တွင် ပဲတီစိမ်း(ကျောက်စိမ်း)လုံးကြီးမျိုးကို အများဆုံးစိုက်ပျိုးကြောင်း သိရှိရသည်။ ဈေးနှုန်းအနေဖြင့် ၂၀၂၆ခုနှစ်၊ ဇွန်လ (ပထမပတ်)တွင် ပဲတီစိမ်း(ကြီး)တစ်တင်း လျှင် ကျပ်(၁၂၀၀၀၀-၁၁၅၀၀၀)အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခုဇွန်လ(စတုတ္ထပတ်)တွင် ပဲတီ စိမ်း(ကြီး) တစ်တင်းလျှင် ကျပ်(၇၅၀၀၀-၈၂၅၀၀)ဖြစ်၍ ဈေးနှုန်းနှိုင်းယှဉ်ပါကတစ်တင်းလျှင် ကျပ်(၃၀၀၀-၂၀၀၀)ခန့် ဈေးကျ ပြီး အရောင်းအဝယ် ဖြစ်ကြောင်း၊ ပြည်ပပို့ကုန်ပဲတစ်မျိုးဖြစ်၍ ဈေးကွက်အပေါ်မူတည်ပြီး ဈေးနှုန်းအတက် အကျရှိ ကြောင်း၊ ယခုမိုးရာသီရောက်ရှိ၍ ကုန်းယာ မြေများတွင် “မိုး”ပဲတီစိမ်းသီးနှံ များ စိုက်ပျိုး လျက်ရှိ ကြောင်း သိရှိရသည်။

               ဈေးကွက်အနေဖြင့် ပခုက္ကူမြို့ရှိ သီးနှံပွဲရုံများသို့ တင်ပို့ရောင်းချပြီး ထိုမှတစ်ဆင့် ရန်ကုန်၊ မန္တလေးမြို့များသို့ တင်ပို့ရောင်းချကြောင်း၊ ပြည်ပဈေးကွက်အနေဖြင့် ရန်ကုန်မြို့မှတစ်ဆင့် တရုတ်၊ ဗီယက်နမ်နိုင်ငံများသို့ တင်ပို့ရောင်းချကြောင်း၊ အထွက်နှုန်းမှာ ယခုနှစ်တွင် သီးနှံစိုက်ပျိုးချိန် ဖျက်ပိုး ကျရောက်မှုကင်း၍ ယခင်နှစ်ထက် ပိုမိုကောင်းမွန်သောကြောင့် တောင်သူများအနေဖြင့် ထိုက်သင့်သော အကျိုးအမြတ်ရရှိကြောင်း သိရှိရသည်။

DOCA(မကွေး)

မြေပဲအကြောင်း တစေ့တစောင်း

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်အနေဖြင့် ၂၀၂၆ ခုနှစ်၊ မေလ ကုန် ဇွန်လဆန်းပိုင်း၌ မိုးရွာသွန်းမှုဖြစ်ပေါ်ခဲ့သဖြင့် တောင်သူများမှာ မြေပဲစိုက်ပျိုးရန် သင့်တင့်မျှတသော မိုးရေချိန်ရရှိခဲ့ပြီး မြေပဲများကို စတင်စိုက်ပျိုးနေကြပါသည်။ ဒေသတွင်း စားသုံးဆီဖူလုံစေရေးအတွက်  တစ်မြို့နယ်လုံး မြေပဲ စိုက်ဧက(၅၂၀၀၀)ကျော်ရှိသည်ဟု စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရပါသည်။ အထွက်နှုန်းအနေဖြင့် ယခင်နှစ်က တင်း(၄၀)သာ ထွက်ရှိခဲ့သော်လည်း ယခုနှစ်တွင် တစ်ဧကကို တင်း(၅၀)နီးပါး ထွက်မည်ဟု မျှော်မှန်းထားကြောင်းသိရပါသည်။ ယခင်နှစ်က ထွက်ရှိလာသောသီးနှံကို မိမိကိုယ်တိုင်ဆီကြိတ်၍ ရောင်းချပြီး ဆီကြိတ်ရန် မြေပဲအခွံချွတ်ခမှာ ()တင်းလျှင် ကျပ်(၂၀၀၀)ပေးရ ကြောင်း၊ ဆုံကြိတ်လျှင် တစ်ဆုံကို မြေပဲ()ပြည် ကြိတ်ခွဲ၍ ဆီ() ပိဿာထွက်ရှိပြီး မြေပဲဆုံဆီတစ်ပိဿာလျှင် ကျပ်(၃၅၀၀၀)ထိ  ပေါက်မြို့နယ်တွင် ဈေးပေါက်နေကြောင်း သိရှိရပါသည်။

     ယခင်နှစ်က တောင်သူအကျိုးအမြတ်အနေဖြင့် ရင်းနှီးမြုပ်နှံငွေ ကုန်ကျစရိတ်မှာ တစ်ဧက ကျပ်(၁၅)သိန်း ဝန်းကျင်ထိရှိပြီး  တစ်ဧကဝင်ငွေမှာ ကျပ်(၃၅)သိန်းရရှိကြောင်း၊ ကုန်ကျစရိတ်ကို နှုတ်ယူပါက တောင်သူတစ်ဦး၏ တစ်ဧကအကျိုးအမြတ်မှာ ကျပ်(၂၀)သိန်းထိကျန်ရှိကြောင်း မြေပဲစိုက် တောင်သူ၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း