ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော အုန်းသီးဈေးနှုန်း

  ကျွန်းလှမြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေး လုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြ ရာမှာ နှစ်ရှည်သီးနှံ ဖြစ်သည့် သရက်သီးပင်၊ နဂါးမောက်သီးပင်၊ ပိန္နဲသီးပင်၊ အုန်းသီးပင်၊ မန်ကျည်းသီးပင် နှင့် မာလကာသီးပင်များကိုလည်း မိမိတို့ နေအိမ် ခြံစည်းရိုး များနှင့် တောင်ယာများ ထဲတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိပြီး အုန်းသီးများကို ကျွန်းလှမြို့နယ် အတွင်းရှိကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များမှ ကျွန်းလှမြို့ပေါ်ရပ်ကွက်ဈေးများနှင့် မိမိတို့ကျေးရွာများ တွင်  ရောင်းချလျက်ရှိ ကြောင်းသိရသည်။  

   ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ အုန်းသီး ဈေးနှုန်းများမှာ နတ်ကန်တော့ရန် အုန်းသီးစိမ်း တစ်လုံးလျှင်(၃၅၀၀)ကျပ်၊ အုန်းသီးအရင့် အလုံး အကြီး အသေးပေါ် မူတည်၍ တစ်လုံးလျှင်(၃၅၀၀ မှ ၅၀၀၀)အထိ ဈေးနှုန်းအသီးသီတို့ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သစ်ရာမြိုင်ဈေး၌ အုန်းသီး  ရောင်းချနေသောဈေးသည်ထံမှ သိရသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့နယ်အတွင်း ‌ရောင်းချလျက်ရှိသော အမဲသားဈေးနှုန်းအနည်းငယ်မြင့်တက်

  စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် အသား/ငါးနှင့် အခြားစား‌သောက် ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများကို ဒေသတွင်းနှင့် အခြားဒေသများမှ ဝယ်ယူရောင်းချလျက်ရှိရာ အသား/ငါး ဈေးနှုန်းများထဲမှ အမဲသားဈေးနှုန်းသည်လည်း မြင့်တက် လျက်ရှိကြောင်း သိရသည်။ 

  အမဲသားများကို ကျွန်းလှမြို့ ဒေသတွင်းဟင်းစလေများမှ လက်လီ/လက္ကားရောင်းချလျက်ရှိရာ ၂၀၂၅ ခုနှစ်၊  ဇူလိုင်လ တတိယပတ်၏ အမဲသား ဈေးနှုန်းများ အနေဖြင့် အမဲသားရှယ် (တစ်တုံးထဲသား) လက္ကားတစ်ပိဿာလျှင်(၂၆၀၀၀)ကျပ်၊ အမဲသားရှယ် (တစ်တုံးထဲသား)လက်လီ တစ်ပိဿာလျှင် (၂၈၀၀၀)ကျပ်၊အမဲသားရိုးရိုး(အသားပြွန်း) လက္ကား တစ်ပိဿာလျှင်(၂၂၀၀၀)ကျပ်၊ အမဲသားရိုးရိုး (အသားပြွန်း)လက်လီ တစ်ပိဿာလျှင်(၂၄၀၀၀)ကျပ်၊ အမဲပုဆိုးကြမ်း တစ်ပိဿာလျှင်(၁၂၀၀၀)ကျပ်၊ အမဲသား အတိုအစ တစ်ပိဿာ(၆၀၀၀)ကျပ်၊ အမဲသွေးခဲ တစ်ပိဿာလျှင်(၂၅၀၀)ကျပ်၊ အမဲအူ တစ် ပိဿာလျှင်(၅၀၀၀)ကျပ် နှင့် အမဲရိုး တစ်ပိဿာ(၅၀၀၀)ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်းအမဲသားသည် ထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

 

ရွှေဘိုမြို့တွင်ရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

  ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ဒုတိယပတ်အတွင်း ရွှေဘိုမြို့နယ်တွင် အခြေခံစားကုန်များ ဖြစ်သော ရွှေဘိုပေါ်ဆန်း တစ်ပြည် (၆၅၀၀)ကျပ်၊  ဧရာမင်းဆန် တစ်ပြည်လျှင် (၅၆၀၀)ကျပ်၊ ရွှေဝါထွန်း တစ်ပြည် (၄၂၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။

 စားသုံးဆီဈေးနှုန်းများမှာ ပဲဆီသန့် တစ်ပိဿာလျှင် ၁၇၅၀၀ကျပ်၊  စားအုန်းဆီ တစ်ပိဿာလျှင် ၇၅၀၀ကျပ်နှင့် နှမ်းဆီ တစ်ပိဿာလျှင် ၁၆၅၀၀ကျပ်၊ နေကြာဆီ တစ်ပိဿာလျှင် ၁၄၅၀၀ကျပ်ဖြင့် အရောင်း အဝယ် ဖြစ်နေကြောင်း သိရသည်။ကြက်သွန်နီ တစ်ပိဿာလျှင် ၁၂၀၀ကျပ်မှ ၁၅၀၀ကျပ်ထိ အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ရှမ်း ကြက်သွန်ဖြူ တစ်ပိဿာ ၁၄၀၀၀ကျပ်မှ ၁၇၀၀၀ကျပ်ထိ ၊ (ကြူကုပ်) တစ်ပိဿာ ၁၅၀၀၀ကျပ်မှ ၁၈၀၀၀ကျပ်ထိ၊ ကြက်သွန်ဖြူ(အသစ်) (ဗမာ) တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်မှ ၁၂၀၀၀)ကျပ်၊ ချင်းတစ်ပိဿာ ၆၀၀၀ကျပ်၊ ငရုတ်သီးခြောက် အမျိုးအစားအလိုက် ၁၄၀၀၀ကျပ် မှ ၁၆၀၀၀ကျပ်ထိ အာလူး တစ်ပိဿာ ၄၅၀၀ကျပ်မှ ၅၅၀၀ကျပ်ထိ ၊ကုလားပဲ တစ်ပိဿာ ၈၅၀၀ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာ ၄၀၀၀ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေပါသည်။

   ကြက်ဥ လက်လီဈေးနှုန်းမှာ (ကြီး)တစ်လုံး ၅၅၀ကျပ်၊ (သေး) တစ်လုံး ၄၈၀ကျပ် ၊ ဘဲဥ (ကြီး) တစ်လုံး (၆၀၀)ကျပ်၊ (သေး)တစ်လုံး (၅၀၀)ကျပ်ရှိသည်။ ရွှေဘိုမြို့၏ အသား/ငါး ဈေးနှုန်းများမှာ ကြက်သား(CP)  တစ်ပိဿာ ၁၅၀၀၀ကျပ်မှ ၁၈၀၀၀ကျပ်ထိ၊ကြက်သား (ဗမာ) ဒေသကြက်တစ်ပိဿာ ၃၀၀၀၀ ကျပ်မှ ၃၅၀၀၀ကျပ်ထိ၊  ဝက်သား တစ်ပိဿာ ၃၆၀၀၀ကျပ်မှ ၄၄၀၀၀ကျပ်ထိ၊ အမဲသားတစ်ပိဿာ ၂၄၀၀၀ကျပ်မှ ၂၈၀၀၀ကျပ်ထိ၊ဆိတ်သား တစ်ပိဿာလျှင် ၃၆၀၀၀ကျပ်မှ ၄၀၀၀၀ကျပ်ထိ၊ ငါးမုတ် တစ်ပိဿာ ၁၀၀၀၀ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာ ၁၅၀၀၀ကျပ်၊ ငါးကြင်း တစ်ပိဿာ ၁၅၀၀၀ကျပ်ဖြင့် ရောင်းဝယ်နေကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့နယ်၊ အင်းကောင်းကျေးရွာ၌ စိုက်ပျိုးရောင်းချသည့် ကောက်ရိုးမှိုဈေးနှုန်း

          ကျွန်းလှမြို့နယ်၊ အင်းကောင်းကျေးရွာတွင် မိသားစုအပိုဝင်ငွေရရှိရန်အတွက် မိမိတို့ပိုင် မြေကွက်အလွတ်များတွင် တစ်ပိုင်တစ်နိုင် အနေဖြင့်  နှစ်စဉ် ကောက်ရိုးမှိုပျိုးရောင်းသည့်လုပ်ငန်းကို လုပ်ကိုင်ကြပါသည်။ ကောက်ရိုးမှိုသည် ပျိုးမှို ဖြစ်သည့်အတွက် ရာသီမရွေး စိုက်ပျိုးရောင်းချ နိုင်သည့်အတွက် ရည်ရှည်တစ်ပိုင်တစ်နိုင် လုပ်ငန်းအဖြစ် လုပ်ကိုင်ရင်းဝင်ငွေရရှိနေကြပါသည်။ ကောက်ရိုးမှိုစိုက်ပျိုးရာတွင် ကောက်ရိုးပျိုးထုတ်များ၊ ဂျပ်စက္ကူများနှင့်နွားချေး၊ ကောက်ရိုးတို့ကို အသုံးပြုပြီး စိုက်ပျိုးလျက်ရှိကြောင်းသိရသည်။

            ၂၀၂၅ ခုနှစ် ၊ ဇူလိုင်လ တတိယပတ် ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ကောက်ရိုးမှို ဈေးနှုန်းအနေဖြင့် ကောက်ရိုးမှို လက္ကား တစ်ပိဿာလျှင်(၁၅၀၀၀)ကျပ်၊ ကောက်ရိုးမှို လက်လီ တစ်ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ ကောက်ရိုးမှို(၅၀)ကျပ်သားလျှင်(၁၀၀၀၀)ကျပ် နှင့်ကောက်ရိုးမှို (၂၅)ကျပ်သားလျှင်(၅၀၀၀)ကျပ် နှင့် ကောက်ရိုးမှို (၁၀)ကျပ်သားလျှင်(၂၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချပြီး ‌မိမိတို့ကျေးရွာအတွင်းနှင့် ရွေလုပ်ငန်းရှိရာနေရာသို့ သွားရောက်ရောင်းချသော ဈေးသည်များထံသို့ ဖောက်သည်ပေးသွင်း ရောင်းချရကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ပိတောက်မြိုင်ဈေးတွင် ရောင်းချလျက်ရှိသော လဖက်အစားထိုး ကြက်တက်ရွက်ပြုတ် နှင့် ကြက်မောက်ဖြူရွက်ပြုတ်ဈေးနှုန်း

            စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ကြက်တက်ရွက်ပြုတ် ရောင်းချလျက်ရှိပါသည်။ ကြက်တက်ရွက်နှင့် ကြက်မောက်ဖြူရွက်တို့မှာ မိုးဦးကျစတွင် စတင်ပေါက်ရောက်လေ့ရှိသော အရွက်မျိုးလည်းဖြစ်ပါသည်။ ကြက်တက်ရွက်နှင့် ကြက်မောက်ဖြူရွက်များကို တောထဲ၌သွားခူးကာ ပြုတ်၍ အလေးချိန်နှင့်ရော လက်တွင်းတစ်ဆုတ်စာ အလုံးလေးများလုံပြီး ဈေးထဲတွင် ရောင်းချကြပါသည်။ ရာသီစာ ကြက်တက်ရွက်ပြုတ်သည် လူကြိုက်များသော လဖက်အစားထိုး သရေစာတစ်မျိုး ဖြစ်ပါသည်။

           ကြက်တက်ရွက်ကို  ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ရောင်းချနေသော ကြက်တက်ရွက်ပြုတ်  ဈေးနှုန်းအနေဖြင့်  ကြက်တက်ရွက်ပြုတ် တစ်ပိသာလျှင်(၀၀၀)ကျပ်၊ ကြက်တက်ရွက်ပြုတ် (၅၀)ကျပ်သားလျှင်(၂၅၀၀)ကျပ် နှင့် ကြက်တက်ရွက် ပြုတ်(၁၀)ကျပ်သားလျှင်(၈၀၀)ကျပ် ဈေးနှုန်းဖြင့်လည်းကောင်း ကြက်မောက်ဖြူရွက်ပြုတ် တစ်ပိဿာ လျှင်(၄၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၂၅၀၀)ကျပ်နှင့် ကြက်မောက်ဖြူရွက်ပြုတ်(၁၀)ကျပ်သားခန့် တစ်လုံးလျှင်(၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ကြက်တက်ရွက်မှာ ရှားပါးတော့မည့် အချိန်ရောက်သည့်အတွက် ဈေးအနည်းငယ် မြင့်တက်လာကြောင်းနှင့် အ‌ရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးရှိ ဟင်းရွက်ပြုတ် ရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့၌ ရောင်းချနေသော ကျောက်သခွားမွှေးသီး နှင့် စပျစ်သီး ဈေးနှုန်း

           စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့တွင် မိသားစုစားဝတ်နေရေးအတွက် သစ်သီးမျိုးစုံဖြစ်သည့် နာနတ်သီး၊ နဂါးမောက်သီး၊ သရက်သီး၊ ငှက်ပျောသီး၊ စပျစ်သီး၊ သခွားမွှေးသီး၊ ကျောက်သခွားမွှေးသီး၊ ပန်းသီး၊ ပန်းသစ်တော်သီး၊ မင်းဂွတ်သီး၊  ဒညှင်းသီး  နှင့် ဖရဲသီးများကို  မန္တလေးမြို့ နှင့် လားရှိုးမြို့တို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ ကျောက်သခွားမွှေး သီး၏ ဈေးနှုန်းများမှာ ကျောက်သခွားမွှေးသီး အကြီး(၁)လုံးလျှင်(၅၅၀၀)ကျပ်၊ ကျောက်သခွားမွှေးသီး အလတ်(၁)လုံးလျှင်(၅၀၀၀)ကျပ် နှင့် ကျောက်သခွားမွှေးသီး အသေး(၁)လုံးလျှင်(၃၅၀၀)ကျပ် ဈေးနှုန်း တို့ဖြင့်လည်းကောင်း စပျစ်သီးဈေးနှုန်းများမှာ စပျစ်သီး ထိုင်ဝမ် အလုံးကြီး တစ်ပိဿာ(၃၅၀၀၀)ကျပ်၊ စပျစ်သီး လက္ကား တစ်ပိဿာလျှင်(၁၈၀၀၀)ကျပ်၊ စပျစ်သီး လက်လီ တစ်ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ စပျစ်သီး(၅၀)ကျပ်သားလျှင်(၁၀၀၀၀)ကျပ် နှင့် စပျစ်သီး(၂၅)ကျပ်သားလျှင် (၅၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်‌ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်ရာမြိုင် ဈေးတိုက်တန်းတွင် သစ်သီးမျိုးစုံ ရောင်းချနေသော ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့နယ်အတွင်း R2E2သရက်သီးအမှည့် အရောင်းသွက်ပြီး ဈေးကောင်းရရှိ

         ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက်အတွင်း မိမိတို့ တောင်ယာများအတွင်း စိုက်ပျိုးပြီး ထွက်ရှိသည့် သရက်သီးများကို အခြားဒေသများသို့ ပို့ဆောင်ရောင်းချရန် အဆင်မပြေသည့်အတွက် မိမိဒေသတွင်သာ  R2E2 သရက်သီးမှည့်များကို လှိုင်လှိုင်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

           R2E2 သရက်သီးမှည့်သည် အခြားသရက်သီးများထက် အလုံးအရွယ်အစား ပိုကြီးထွားပြီး အမျှင်မပါဘဲ အသားကအိအိလေးဖြစ်ပြီး အချိုဓါတ်နည်းတာကြောင့် ဆီးချိုသမားများ စားသုံးရန်အတွက် သင့်တော်သော သရက်သီးဖြစ်ကြောင်း  R2E2 သရက်သီးသည် အခြားသရက်သီးများထက် နောက်ကျပြီး သီးသောကြောင့်ရှားပါးချိန်တွင် ရောင်းရသည့်အတွက် ဈေးကောင်းရရှိကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက်အတွင်း ရောင်းချလျက်ရှိသည့် R2E2 သရက်သီးမှည့် ဈေးနှုန်းများမှာ R2E2 သရက်သီးမှည့် အကြီး တစ်လုံး လျှင်(၁၈၀၀/၂၀၀၀)ကျပ်၊ သရက်သီးမှည့် အသေး တစ်လုံးလျှင်(၁၂၀၀/၁၅၀၀)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သရက်သီးမှည့် ရောင်းချသည့် သရက်ခြံပိုင်ရှင်ထံမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

မြို့မဈေးတွင် ရောင်းချလျက်ရှိသော ဖလံတောင်ဝှေး နှင့် သဘာဝပေါက်ပင် ဟင်းညံ့(ခေါ်)ဟင်းကြာဖူး ဈေးနှုန်းအခြေအနေ

            စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်တွင် ဖလံတောင်ဝှေးပင်များကို အခြားစားပင်သီး ပင်များကဲ့သို့ စိုက်ပျိုးခြင်းမရှိသော်လည်း ကန့်ဘလူမြို့နယ်နေရာအနှံ့အပြားတွင် အများအပြား လေ့ကျပေါက်ရောက်ကြသည်။  ဖလံတောင်ဝှေးပင်သည် ဥမှအလေ့ကျပေါက်သော ဩဂဲနစ်စစ် စစ်ဖြစ်ပါသည်။ ယခုအခါ ကန့်ဘလူမြို့ပေါ်၊ နတ်ပေးကျေးရွာနှင့် အခြားသောဒေသများမှ လယ်တော၊ ယာတောများနှင့် မိမိတို့အိမ်တွင် အလေ့ကျပေါက်ရောက်သော ဖလံတောင်ဝှေးပင်၏ အဖျားပိုင်းများကိုချိုးယူ၍ အစည်းလေးများပြုလုပ်ကာ ဖလံတောင်ဝှေးများကို  ကန့်ဘလူ မြို့မဈေးတွင် လာရောက်ရောင်းချကြောင်း သိရသည်။

           ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ဖလံတောင်ဝှေး(၁၀)တောင့်တစ်စည်းလျှင် (၅၀၀)ကျပ်၊ ဖလံတောင်ဝှေး(၁၀)တောင့်ပါ(၃)စည်းလျှင် (၁၃၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊  ရာသီစာ တစ်ခုဖြစ်သည့် ဖလံတောင်ဝှေးအား  အိမ်ရှင်မများဟင်းချက်ရာတွင်လည်းကောင်း၊ ထမင်းဆိုင်များတွင်လည်း အသုံးပြုကြသဖြင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း မြို့မဈေးရှိ ကုန်စိမ်းရောင်းချသူတစ်ဦးထံမှ သိရှိရပါကြောင်းနှင့် ဟင်းညံ့(ခေါ်)ဟင်းကြာဖူး ရေရရှိတဲ့ နေရာတွေမှာပေါက်ပြီး ကြာရိုးကြာစွယ်မျိုးနွယ် ဝင်အပင်တစ်မျိုးဖြစ်ပြီး မြစ်၊ ချောင်း၊ ကန်၊ မြောင်းများတွင် အလေ့ကျပေါက်ရောက်လေ့ရှိပါသည်။ နူးညံ့တဲ့အဖူးလေးတွေကိုချိုးပြီး ချက်စားရတဲ့အပင်တစ်မျိုးဖြစ်ပါသည်။ ဟင်းညံ့(ခေါ်)ဟင်း ကြာဖူးသည် ကြော်စား၍သော်လည်းကောင်း၊ ဟင်းချက်၍သော်လည်းကောင်း စားသုံးရလို့ရပါကြောင်း ယခုအခါ ဟင်းညံ့ (ခေါ်)ဟင်းကြာဖူးများကို နတ်ပေးကျေးရွာရှိဒေသခံများမှခူးယူ၍ မြို့မဈေးသို့ လာရောက်ရောင်းချကြကြောင်း၊ ၂၀၂၅ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း  ရောင်းချလျက်ရှိသော ဟင်းညံ့(ခေါ်)ဟင်းကြာဖူး (၁)စည်းလျှင်(၃၀၀)ကျပ်၊ (၂)စည်းလျှင် (၅၀၀) ကျပ်ဖြင့်ရောင်းချလျက်ရှိပြီး အရင်းအနှီးမလိုပဲ အပိုဝင်ငွေရရှိနိုင်ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့တွင် ပိန်းပေါင်းထုပ်ရောင်းချသူများ မိသားစုဝင်ငွေရရှိ

            ပိန်းပင်များသည် စိမ့်စမ်းရေမှဖြစ်ပေါ်သော စမ်းချောင်းငယ်များ၊ စိုစွတ်သောမြေများတွင် ပိန်းပင်များကို ပေါများစွာပေါက်ရောက်ကြပါသည်။ မိုးရာသီတွင် ပိန်းပင်များ ပေါများစွာပေါက် ရောက်ပြီး နွေရာသီတွင် ဒေသခံများက ရေးသွင်း၍ စိုက်ပျိုးပြီး မိသားစုဝင်ငွေရရှိရေးအတွက်ခူး၍ ပိန်းပေါင်းအဖြစ်ပြန်လည်ရောင်းချကြပါသည်။ ပိန်းပင်သည် ရိုးတံရှည်ရှည် အရွက်ဖားဖားအပင် ငယ်မျိုးဖြစ်ပြီး အရွက်နုနုလေးများကို စားသုံးနိုင်ကြောင်း၊ ယခုအခါ ပိန်းပေါင်းပြုလုပ်ရာတွင် ပိန်းရွက်နုနုလေးတွေကို ရေဆေးပြီးပါးပါးလှီးကာ ဆား၊ဆီ၊ကြက်သွန်၊ ဂျင်းထည့်ပြီးနယ်၍ ဖက်ဖြင့် ထုပ်ကာပေါင်းပြီးပိန်းပေါင်း အဖြစ်ရရှိလာကြောင်း၊ ရရှိလာသော ပိန်းပေါင်းများကို ကန့်ဘလူမြို့မ ဈေးသို့လာရောက်ရောင်းချကြောင်း၊ ပိန်းပေါင်းထုပ်ကလေးများကို ဟင်းအဖြစ်လည်းကောင်း၊ ရေနွေးကြမ်းနှင့်တွဲဖက်၍ သရေစာအဖြစ်လည်းကောင်း စားသုံးရန် ဝယ်ယူကြကြောင်း၊ ပိန်းပေါင်း သည်၏ပြောပြချက်အရ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း တစ်ရက်လျှင် ပိန်းပေါင်းထုပ် (၃၀မှ၄၀)ခန့်အထိရရှိပြီး ပိန်းပေါင်းထုပ်(၁)ထုပ်လျှင် (၅၀၀)ကျပ်ရောင်းချရသဖြင့် အရင်းမစိုက်ရ ဘဲထိုက်သင့်သည့် မိသားစုဝင်ငွေရရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော သင်္ဘောသီးစိမ်းနင့်  နှင်းသီး(ခေါ်)လောင်ကန်သီးဈေးနှုန်းအခြေအနေ

           စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့၊  မြို့မဈေးရှိ ကုန်စိမ်းဈေးကွက်သို့  ကန့်ဘလူမြို့ပေါ်ရပ်ကွက်များနှင့် မြို့နယ်အတွင်းရှိကျေးရွာများမှ ဒေသထွက် သင်္ဘောသီးစိမ်းများနှင့် နှင်းသီး(ခေါ်)လောင်ကန်သီများကို လာရောက်ရောင်းချကြကြောင်း သိရပါသည်။ နှင်းသီး(ခေါ်)လောင်ကန်သီးများကို ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်တို့မှ ဝင်ရောက်လျက်ရှိ‌ကြောင်း သိရသည်။

            ၂၀၂၅ခုနှစ်၊ ဇူလိုင်လ ဒုတိယပတ်တွင် ရောင်းချခဲ့သော သင်္ဘောသီးစိမ်းဈေးနှုန်းများ မှာလက်ကားဈေးနှုန်း တစ်ပိဿာလျှင် (၃၀၀၀)ကျပ်၊ လက်လီဈေးနှုန်း တစ်ပိဿာလျှင် (၃၅၀၀) ကျပ်ဖြင့်ရောင်းချခဲ့ပြီး ၂၀၂၅ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ရောင်းချလျက်သော သင်္ဘောသီး စိမ်းဈေးနှုန်းများမှာ လက်ကားဈေးနှုန်းတစ်ပိဿာလျှင် (၃၅၀၀)ကျပ်၊ လက်လီဈေးနှုန်း တစ်ပိဿာ လျှင်(၄၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ဈေးနှုန်း အနည်းငယ်မြင့်တက်လာကြောင်း သင်္ဘောသီးများကို အိမ်ရှင်မများဟင်းချက်ရာ၌လည်းကောင်း၊ အသုပ်ဆိုင်များနှင့် အထောင်းစုံရောင်းသည့်ဆိုင်များမှ ဝယ်ယူကြ အဝယ်သွက်လျက်ရှိပါကြောင်းနှင်းသီး(ခေါ်)လောင်ကန်သီးသည် အရည်ရွှမ်း၍ ချိုပြီးအရသာရှိသော အသီးဖြစ်သောကြောင့် သရေစာအဖြစ် စားသုံးကြကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း နှင်းသီး (ခေါ်)လောင်ကန်သီး (၂၅)ကျပ်သားလျှင် (၅၀၀၀)ကျပ်၊ နှင်းသီး(ခေါ်)‌လောင်ကန်သီး(၅၀)ကျပ် သားလျှင်(၁၀၀၀၀)ကျပ်၊ နှင်းသီး(ခေါ်) လောင်ကန်သီး(၁)ပိဿာလျှင် (၂၀၀၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သောကြောင့် ရောင်းအားကောင်းကြောင်း ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော သစ်သီးဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း