ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပြည်ပဲစင်းငုံသစ်ဈေးကွက်သို့ ဝင်ရောက်မှုမရှိသော်လည်း လက်ကျန်ပဲအရောင်းအဝယ်ဖြစ်

    ပြည်ပဲဈေးကွက်သို့ ဆောင်းပဲသစ်အချို့ဝင်ရောက်လာပြီဖြစ်ပါသည်။ သို့သော်လည်း ပဲစင်းငုံ အသစ်များကတော့ ဝင်ရောက်ခြင်းမရှိသေးဘဲ လက်ကျန်ပဲအနည်းငယ် ရန်ကုန်ဝယ်လက်ရှိမှုအပေါ် ရောင်းချမှုရှိကြပါသည်။ ဒါ့ကြောင့်အရောင်းအဝယ်နေ့စဉ်မဖြစ်ဘဲ ရက်ခြားသာရောင်းဝယ်မှုရှိပြီး အရောင်းအဝယ်ဖြစ်မှုပမာဏမှာတော့ အိတ် ၂၀၀/၃၀၀‌ ကျော်ရောင်းချမှုရှိခဲ့ပါသည်။ ပဲဈေးမှာ တစ်တင်း ၉၂၀၀၀ကျပ်မှ ၉၃၀၀၀ကျပ်အတွင်းရရှိခဲ့ကာ ပဲဈေးကွက်မှာ ဈေးကောင်းဝင်တဲ့သီးနှံ တစ်မျိုးဖြစ်ခဲ့ပါသည်။ ပဲစင်းငုံအသီးစိမ်းများအားပြုတ်၍ ရောင်းချမှုများရှိကာ တစ်စည်းလျှင် ၂၀၀ကျပ်ဖြင့် ယခုကာလရာသီစာအဖြစ် ဝယ်ယူစားသုံးကြသည်ကိုလည်း တွေ့ရပါသည်။

DOCA(ပဲခူး)

မိုးမြေပဲများ စိုက်ပျိုးထွက်ရှိမှုအခြေအနေ

     ပြည်ခရိုင်အတွင်းရှိ မြို့နယ်များတွင် ၂၀၂၃-၂၀၂၄ ခုနှစ်မိုးမြေပဲများ စိုက်ပျိုးလျက်ရှိရာ၊ ပြည်မြို့နယ်တွင် စိုက်ပျိုးရန်လျာထား ၁၀၉၉၈ ဧက အနက် ၁၂၇၅၉ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ၁၂၇၅၉ ဧကရိတ်သိမ်း၍ ၉၀၇၁၁၆၅ တင်းထွက်ရှိခဲ့ကာ တစ်ဧကအထွက်နှုန်းအနေဖြင့် (၇၁)တင်း ထွက်ရှိကြောင်း သိရပါသည်။ ပေါက်ခေါင်းမြို့နယ်တွင် စိုက်ပျိုးရန်လျာထားဧကမှာ ၁၅၃၃၄ အနက် ၁၅၃၄၃ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ၁၅၃၄၃ဧက ရိတ်သိမ်း၍  ၁၀၈၄၁၃၆ တင်းထွက်ရှိခဲ့ကာ တစ်ဧက အထွက်နှုန်းအားဖြင့် ၇၀.၆၆ တင်းထွက်ရှိကြောင်း သိရပါသည်။ ပန်းတောင်းမြို့နယ်တွင် စိုက်ပျိုးရန် လျာထား ၃၇၂၂ ဧကအနက် ၃၈၃၃ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ၃၈၃၃ဧက ရိတ်သိမ်း၍ ၂၆၉၂၆၈ တင်းထွက်ရှိကာ တစ်ဧကအထွက်နှုန်းအားဖြင့် ၇၀.၂၅တင်းထွက်ရှိကြောင်း သိရပါသည်။ ရွှေတောင်မြို့နယ်တွင် စိုက်ပျိုးရန်လျာထား ၇၈၉၉ ဧကအနက် ၉၃၇၃ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ၉၃၇၃ ဧကရိတ်သိမ်း၍ ၆၃၈၂၀၈ တင်းထွက်ရှိခဲ့ကာ တစ်ဧကအထွက်နှုန်းအားဖြင့် ၆၀.၀၉ တင်းထွက် ရှိပါသည်။ ပြည်ခရိုင်အနေဖြင့် စိုက်ပျိုးရန်လျာထား ၃၇၉၅၃ ဧက အနက် ၄၁၃၀၈ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ၄၁၃၀၈ ဧကရိတ်သိမ်း၍ ၂၈၉၈၇၇၇ တင်းထွက်ရှိခဲ့ကာ တစ်ဧကအထွက်နှုန်းအားဖြင့် ၇၀.၁၇ တင်းထွက်ရှိပါသည်။ မိုးမြေပဲကို မေလနှင့် ဇွန်လတို့တွင် စတင်စိုက်ပျိုးပြီး အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင် ရိတ်သိမ်းကာ လက်ရှိမြေပြင်၌ မိုးမြေပဲဆန် အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ဈေးနှုန်းမှာ လုံးဆန်တစ်ပိဿာလျှင် ၆၀၀၀ကျပ်နှင့် ဆီဆန်တစ်ပိဿာလျှင် ၅၅၀၀ကျပ် အထိ မြေပဲဆန်အရည်အသွေးကောင်းမွန်မှုအပေါ်မူတည်၍ အရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)

 

ပြည်မြို့၏ ပိန်းဥဈေးကွက်

   ပြည်ခရိုင်အတွင်းရှိ မြို့နယ်များနှင့် ဈေးများတွင် ပိန်းဥများ စတင်ထွက်ပေါ်နေကြသည်ကို တွေ့ရပါသည်။ ပိန်းဥသည် ပိန်းပင်၏ (ဥ)ဖြစ်ပြီး မြေကြီးထဲက တူးယူရသော သဘာဝဆေးဖက်ဝင် ဥတစ်မျိုးဖြစ်ကာ ယခုဆောင်းရာသီတွင် ထွက်ရှိသော ရာသီစာအစားအစာတစ်မျိုးဖြစ်ပါသည်။ ပိန်းဥကို ပြုတ်၍ စားကြသလို ဟင်းချက်၍လည်း စားသုံးကြလေ့ရှိကြသည်။ ပိန်းဥကို စားသုံးပေးခြင်းဖြင့် အမျှင်ဓါတ်ကြွယ်ဝစွာပါဝင်သောကြောင့် အစာချေဖျက်နိုင်စွမ်းပိုကောင်းစေပြီး ဝမ်းမှန်စေခြင်း၊ လေပွခြင်း၊ ဝမ်းချုပ်ခြင်းနှင့် ဝမ်းပျက်ဝမ်းလျောရောဂါများကို ကာကွယ်ပေးခြင်း၊ ဆီးချိုရောဂါ၊ နှလုံးရောဂါနှင့် မျက်စိကျန်းမာရေးများအတွက်လည်း အထောက်အကူပြုစေသောကြောင့် စားသုံးပေးသင့်သော ရာသီစာ အစားအစာတစ်မျိုးဖြစ်ပါသည်။ ယခုကာလသည် ပိန်းဥပေါ်ချိန်ဖြစ်၍ ပြည်မြို့ဈေး၌ ရောင်းချလျက်ရှိပြီး တစ်ပိဿာလျှင် ၃၅၀၀ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ဈေးကွက်သို့ ဘိုကိတ်ပဲသစ်များ ဝင်ရောက်လာပြီး လက်လီ/ကားရောင်းဝယ်မှုဖြစ်နေ-

     ပြည်ပဲဈေးကွက်သို့ ဆောင်းပဲသစ်များဝင်ရောက်လျက်ရှိရာ ဘိုကိတ်ပဲသီးနှံသည်လည်း နေ့စဉ် ဝင်ရောက်လျက်ရှိခဲ့ပါသည်။ ပြည်မြို့နယ်နှင့် ပန်းတောင်း၊ ဥသျှစ်ပင်ဖက်မှ ဝင်ရောက်လျက်ရှိကာ တစ်ရက်လျှင် အိတ် ၁၀၀/၁၅၀ ကျော် ဝင်ရောက်သည်ဟု သိရပါသည်။ အရောင်းအဝယ်ဖြစ်မှုအနေဖြင့် လက်လီသမားများ ပုံမှန်ဝယ်ယူနေကြသလို လက်ကားသမားများလည်း ဝယ်ယူမှုရှိခဲ့ကြပါသည်။ ဒါ့ကြောင့် ဝင်ရောက်လာသမျှာပဲသစ်အားလုံး လက်လီ/လက်ကား အရောင်းအဝယ်သွက်နေခဲ့ပါသည်။ ပဲဈေးမှာ တစ်တင်းလျှင် ၇၂၀၀၀ကျပ်ဖြင့် ဈေးဖွင့်ဝယ်ယူနေကြသည့်အတွက် ယခင်နှစ်ဈေးထက် ဈေးကောင်းပိုရနေခဲ့ပါသည်။ ယခင်နှစ်က ပဲသစ်ပေါ်စအဖွင့်ဈေးမှာ ပဲတစ်တင်း ၄၂၀၀၀ကျပ်၊ ၄၅၀၀၀ကျပ်ဖြင့်သာ ကျပ်၅သောင်းအောက် လျော့နည်းရောင်းဝယ်မှုဖြစ်ခဲ့ကြောင်း သိရပါသည်။

DOCA(ပဲခူး)

 

ပြည်ပဲပုပ်သစ်များဈေးကွက်မှာ လက်လီ/လက်ကားရောင်းဝယ်မှုဖြစ်

   ပြည်ပဲဈေးကွက်သို့ ဒီဇင်ဘာလဆန်းပိုင်းမှစ၍ ဆောင်းပဲသစ်များနေ့စဉ် ဝင်ရောက်လာခဲ့ကြသည်ကို တွေ့ရပါသည်။ ပဲပုပ်သီးနှံသစ်များလည်း ပဲသစ်အဝင် ဆက်လက်ရှိခဲ့ကြပြီး တစ်ရက်လျှင် အိတ် ၁၀၀ ကျော်အထိ ဝင်ရောက်ခဲ့ပါသည်။ ပေါင်းတလည်၊ ပေါက်ခေါင်း၊ ပြည်၊ ပန်းတောင်းဒေသများမှ ဝင်ရောက်ခဲ့ကြကာ လက်လီ/လက်ကားအရောင်းအဝယ်ဖြစ်ခဲ့ပါသည်။  ဒေသတွင်း လက်လီတစ်ရက်အိတ် ၂၀/၃၀ ကျော် ဖြစ်ခဲ့သလို ရန်ကုန်ဝယ်လက် လက်ကားဝယ်ယူမှုမှာ အိတ် ၁၀၀ကျော် နေ့စဉ်ရှိခဲ့တာကြောင့် ဝင်ရောက်လာသမျှ ပဲသစ်များရောင်းချမှုဖြစ်လျက်ရှိကာ ပဲဈေးအနေဖြင့် ပိဿာ(၂၀) တစ်တင်း ၆၄၀၀၀ကျပ်ဖြင့် ရောင်းဝယ်ခဲ့ကြသည့်အတွက် ယခင်နှစ်ဈေးနှင့်ကွာခြားမှု သိပ်မရှိကြောင်း သိရပါသည်။ အခြားပဲအားလုံးလိုလို ယခင်နှစ်ဈေးနှင့်ယှဉ်လျှင် ဈေးပိုမြင့်တက်ခဲ့ကြသော်လည်း ပဲပုပ်သီးနှံဈေးကတော့ ယခင်နှစ်ထက် ဈေးပိုလာခြင်းမရှိကြောင်း သိရပါသည်။ ယခင်နှစ်ကလည်း ပိဿာ(၂၀) တစ်တင်းကျပ် ၆သောင်းကျော်သာရရှိခဲ့သည်ဟု လေ့လာသိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ဒေသ၏ ကျောက်ဖရုံသီး ဈေးကွက်

   ပြည်ဈေးကွက်တွင် ကျောက်ဖရုံသီးများအရောင်းအဝယ်ဖြစ်လျက်ရှိပြီး ပြည်ဒေသအနီးတဝိုက်ရှိ ကျေးရွာများ၊ သဲကုန်းမြို့နယ်ရှိ ပုတီးကုန်း၊ ဝက်ပုတ်နှင့် ရွှေတောင်မြို့ရှိ ကျေးရွာများမှ တင်ပို့ရောင်းချလျက်ရှိပါသည်။ ရန်ကုန်မြို့ရှိ ဒညင်းကုန်းဈေးနှင့် သီရိမင်္ဂလာဈေးများသို့ အခြား ကုန်စိမ်းများနှင့်အတူတင်ပို့ရောင်းချကြကြောင်း သိရပါသည်။ ကျောက်ဖရုံသီးဈေးမှာ ပေါ်ကာစအချိန်တွင် အလုံးကြီးတစ်လုံးလျှင် ၂၀၀၀ ကျပ်နှင့် အလုံးသေးတစ်လုံးလျှင် ၁၀၀၀ ကျပ်ဖြင့် ရောင်းချပြီး ယခုလှိုင်လှိုင်ပေါ်ချိန်တွင် ကျောက်ဖရုံသီးတစ်လုံးလျှင် ၆၀၀-၇၀၀ ကျပ်နှင့် အလုံးသေး တစ်လုံးလျှင် ၄၀၀-၅၀၀ ကျပ်ခန့်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)

 

ရာသီစာ ထန်းမြစ် (ခေါ်) ထန်းပင်ပေါက်

    ပြည်ခရိုင်အတွင်းရှိ ဈေးများတွင် ထန်းမြစ်ခေါ် ထန်းပင်ပေါက်များရောင်းချနေသည်ကို တွေ့ရပါသည်။ ထန်းမြစ်(ခ) ထန်းပင်ပေါက်များသည် ယခုလို ဆောင်းရာသီကာလတွင် ရရှိသောရာသီစာ အစားအစာတစ်မျိုးဖြစ်ပြီး ယခင်မိုးတွင်းကာလ ထန်းသီးပေါ်ချိန်၌ ထန်းသီးမှည့်များကို စုပုံပြီး မြေကြီးနှင့်ဖွဲပြာများရောနှော၍ ကျင်းတစ်ခုထဲတွင် မြုပ်ထားခြင်းကြောင့် ယခုလို ဆောင်းရာသီအချိန်တွင် စတင်ထွက်ပေါ်လာခြင်းဖြစ်ပါသည်။ ထန်းမြစ် (ခ) ထန်းပင်ပေါက်များ စတင်ထွက်ရှိချိန်တွင် (၁၅)ချောင်းပါ အစည်းတစ်စည်းလျှင် (၂၅၀၀)ကျပ်မှ (၃၀၀၀)ကျပ်အတွင်း ရောင်းချကြပြီး ယခုအခါတွင်တော့ (၁၅)ချောင်းပါ တစ်စည်းလျှင် (၁၅၀၀)ကျပ်မှ (၂၀၀၀)ကျပ်အတွင်း ရောင်းချနေသည်ကို တွေ့ရကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

ဆောင်းရာသီရဲ့ ရာသီစာ ဈေးကောင်းတဲ့ မုန်ညင်း

     ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်ရှိ ကျေးရွာများဖြစ်သော မှော်ဇာ၊ တောင်လုံးညို၊ ရှမ်းစု၊ ဇီးဖြူကုန်းစသည့် ကျေးရွာများတွင် အများဆုံးစိုက်ပျိုးပြီး ဒေသနှင့်ကိုက်ညီသည့်ရာသီစာ မုန်ညင်းများ စိုက်ပျိုးရောင်းခြင်းဖြင့် နှစ်စဉ်ဝင်ငွေများရရှိလျက်ရှိကြောင်း သိရှိရပါသည်။

     တောင်လုံးညိုကျေးရွာတွင် ယိုးဒယားမျိုး မုန်ညင်းအမျိုးအစားများ စိုက်ပျိုးကြပြီး အဖူးမုန်ညင်း၊ အပင်မုန်ညင်း ဟူ၍(၂)မျိုးရှိပြီး အစေ့ထုတ်များကို ဝယ်ယူ၍ စိုက်ပျိုးကြောင်း တောင်သူ ဦးခင်မောင်လင်းထံမှ မေးမြန်းသိရှိရပါသည်။ မုန်ညင်းမျိုးစေ့ တစ်ထုတ်လျှင် (၂၅၀၀ - ၃၀၀၀) ရှိကြောင်း၊ မျိုးစေ့တစ်ထုတ်လျှင် အပင်ပေါက် (၁၀၀၀)ကျော်ရရှိကြောင်း သိရှိရပါသည်။ မုန်ညင်းပင်သည် အအေးကြိုက်သော အပင်မျိုးဖြစ်သောကြောင့် အအေးဒဏ်ကို ခံနိုင်ရည်ရှိသည်။ အစိုဓါတ် လုံလုံလောက်လောက်ရရှိရန် လိုအပ်ပါသည်။ မုန်ညင်းကို မေလမှ ဒီဇင်ဘာလအထိ စိုက်ပျိုး နိုင်ကြောင်း သိရှိရပါသည်။

   ဈေးကွက်အနေဖြင့် ပြည်မြို့နယ်အတွင်းရှိ ဈေးများအပြင် ရန်ကုန်သို့လည်းတင်ပို့ပြီး ဒေသထွက်ရာသီစာ လက်ဆောင်အဖြစ် ဝယ်ယူကြကြောင်းလည်း သိရပါသည်။ မုန်ညင်းဖူးများကို ပေါင်း၍ မြို့ပေါ်ရပ်ကွက်များသို့ လှည့်လည်ရောင်းချမှုများလည်း ရှိပါသည်။ ဈေးနှုန်းများအနေဖြင့်  မုန်ညင်းဖူး အသေးစည်းလေး(၅)စည်းပါ တစ်တွဲလျှင် (၅၀၀)ကျပ်ဖြင့် ရောင်းချကြောင်း သိရပါသည်။ရာသီစာ မုန်ညင်းဖူးများကို စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစု နှစ်စဉ်ဝင်ငွေရရှိကာ စီးပွားရေးအတွက် တစ်ဖက်တစ်လမ်းမှ ဝင်ငွေများရရှိလျက်ရှိကြောင်း လေ့လာသိရှိရပါသည်။

DOCA(ပဲခူး)

ရေစကြိုမြို့နယ်၌ မိုးစိုက်ငရုတ်သီးနှံများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်ကို သဘာဝပထဝီအနေအထားအရ ကုန်းပိုင်း၊ ကုန်းတစ်ပိုင်းကျွန်းတစ်ပိုင်း၊ ကျွန်းပိုင်းဟူ၍ အပိုင်း (၃)ပိုင်းခွဲခြားထားကြောင်း၊ ရေစကြို /ပခုက္ကူကားလမ်းမ၏ အနောက်ဘက်ခြမ်းအား ကုန်းပိုင်း၊ ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ်၏ အနောက်ဘက်ခြမ်း၊ ရေစကြို/ ပခုက္ကူကားလမ်းမ၏ အရှေ့ဘက်ခြမ်းကို ကုန်းတစ်ပိုင်း ကျွန်းတပိုင်း၊ ချင်းတွင်းမြစ်၏အရှေ့ဘက် ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်တို့ ပေါင်းစုံရာနေရာကို ကျွန်းပိုင်းဟုခေါ် ဆိုကြပါသည်။ ကုန်းပိုင်းတွင် မိုးသီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ ပဲတီစိမ်း၊ ပဲစဉ်းငုံ၊ ငရုတ်နှင့်ဝါသီးနှံများကို စိုက်ပျိုးကြပါသည်။ မိုးသီးနှံများထဲတွင် တောင်သူများတွက်ခြေကိုက်သည့် ငရုတ်သီးနှံများကို စိုက်ပျိုးလျက်ရှိကြောင်းသိရှိရပါသည်။ ငရုတ်သီးနှံများကို စိုက်ပျိုးသည့် ဆင်ချောင်း၊ ကုန်းတလင်း၊ မြေဖြူ၊ ဂွေးချို၊ စည်သာ၊ လက်ပံပင်၊ ကံစွယ်၊ သာစည်၊ ဆည်ရွာကျေးရွာများတွင် အများအပြားစိုက်ပျိုးထားရှိကြောင်း ကုန်းတလင်းကျေးရွာနေ တောင်သူတစ်ဦး၏ ပြောပြချက်အရသိရှိရပါသည်။

    ငရုတ်မျိုးများအနေဖြင့် ကျောက်စိမ်း (ငရုတ်တို၊ ငရုတ်ရှည်)၊ ငရုတ်ပုနှင့် ဒေသခေါ် ဆင်ခြေယာငရုတ်မျိုးများကို ၂၀၂၃ခုနှစ်၊ ဩဂုတ်လတွင် စတင်စိုက်ပျိုးကြကြောင်း၊ မိမိအနေဖြင့် (၇)ဧကစိုက်ပျိုးထားရှိကြောင်း၊ (၁)ဧကအနေဖြင့် မျိုးစေ့ (၂)ဘူး၊ ကျဲပတ်ပေါင်မှာ အလျား (၃၀)ပေ၊ အနံ (၃)ပေခန့်ရှိသော ပျိုးပေါင် (၅)ပေါင်ခန့်ဖြင့်စိုက်ရကြောင်း၊ (၁)ပေါင်လျှင် ကျပ်(၅၀၀၀၀)ပေးရပြီး ထွန်ယက်ခ၊ စိုက်စရိတ်၊ သွင်းအားစု၊ ခူးဆွတ်ရိတ်သိမ်းခြင်းတို့အတွက် စုစုပေါင်းကုန်ကျစရိတ်မှာ ကျပ်(၁၀)သိန်းခန့်ကုန်ကျပြီး အထွက်နှုန်းအနေဖြင့် (၁)ဧကလျှင် ငရုတ်စို(၁၅၀မှ ၂၀၀) တင်းထွက်ရှိပြီး ငရုတ်ခြောက်(၁၀၀မှ ၁၅၀)တင်းခန့်ထွက်ရှိကြောင်း၊ ဈေးနှုန်းဈေးကွက်ပေါ်မှုတည်၍ အခြောက်မထားဘဲ အစိုခူးစွတ်၍လည်းရောင်းချကြောင်း၊ ဒီဇင်ဘာလ(ဒုတိယပတ်)တွင် (၁)ပိဿာလျှင် ကျပ်(၄၅၀၀မှ ၅၀၀၀)ခန့်ဖြင့်ရောင်းရပြီး ငရုတ်ခြောက်အနေဖြင့် (၁)တင်းလျှင် ကျပ်(၁၂၀၀၀မှ ၁၅၀၀၀)ခန့်ရရှိကြောင်း၊ အကျိုးအမြတ်အနေဖြင့် ကျပ်(၇)သိန်းခန့်ရရှိကြောင်း စိုက်ပျိုးတောင်သူ၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(မကွေး) 

ပခုက္ကူမြို့သို့ မိုးကြက်သွန်နီ(ခေါ်)ဥစိုက်ကြက်သွန်နီများ နေ့စဉ် ဝင်ရောက်လျက်ရှိ

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်နှင့် ရေစကြိုမြို့နယ်ရှိ ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ်ဆုံရာ မြစ်ရေဝင်ဒေသများဖြစ်သည့် ကျွန်းထဲကျေးရွာများမှ မိုး(ဥစိုက်) ကြက်သွန်နီများ ပခုက္ကူမြို့၊ အမှတ် (၁) မြို့မဈေး၏ အရှေ့တောင်ဘက်အရပ်ခေါ် ကျွန်းတန်းကြက်သွန်နီပွဲရုံတန်းသို့ နေ့စဉ် ဝင်ရောက်လျက်ရှိကြောင်း ကြက်သွန်ပွဲစားတစ်ဦး၏ ပြောပြချက်အရသိရှိရပါသည်။

    ချင်းတွင်းမြစ်နှင့်ဧရာဝတီမြစ်ဆုံရာ အနောက်ဘက်ကမ်း မြစ်ရေဝင်ရာကျွန်းထဲကျွေးရွာများဖြစ်သည့် ဗလဘ၊ နွယ်နီ၊ ဟင်္သာ၊ ကိုးရင့်၊ ချောင်းဖျား၊ ဇီးကုန်းကျွန်းနှင့် ပိတောက်ပွန်ကျေးရွာများတွင် ပြီးခဲ့သည့် စက်တင်ဘာလနှင့် အောက်တိုဘာလအတွင်း စိုက်ပျိုးခဲ့သည့် မိုး (ဥစိုက်) ကြက်သွန်နီများမှာ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ(စတုတ္ထပတ်)မှစ၍ ယနေ့အချိန်ထိ ဝင်ရောက်လျက်ရှိကြောင်း၊ နိုဝင်ဘာလ (စတုတ္ထပတ်)တွင် ပေါ်ဦးပေါ်စဖြစ်သည့်အတွက် တစ်နေ့လျှင် ကုန်ချိန်အဝင်ပိဿာ (၅၀၀၀)ပိဿာမှ (၆၀၀၀) ပိဿာခန့်ဝင်ရောက်ခဲ့ရာမှ ယခုအချိန်တွင် ကုန်ချိန်ဝင်ပိဿာ (၁၀၀၀၀)ပိဿာမှ(၁၅၀၀၀) ပိဿာခန့် နေ့စဉ် ဝင်ရောက်လျက်ရှိကြောင်းသိရှိရပါသည်။

    ဈေးနှုန်းများအနေဖြင့် အစောဆုံးပေါ်ဦးပေါ်စအချိန်တွင် အကြီးစတစ်ပိဿာလျှင် ကျပ် (၂၀၀၀) မှ ကျပ် (၂၃၀၀) နှင့် အသေးစတစ်ပိဿာလျှင် ကျပ်(၁၇၀၀) မှ ကျပ် (၁၃၀၀)ဈေးနှုန်းတို့ဖြင့် မိုး (ဥစိုက်) ကြက်သွန်နီဈေးနှုန်းဖွင့်ခဲ့ကြောင်း၊ ဈေးနှုန်းတဖြည်းဖြည်းတက်လာရာ ဒီဇင်ဘာလအစတွင် အကြီးစတစ်ပိဿာလျှင် ကျပ်(၂၁၀၀) မှ ကျပ် (၂၆၀၀)နှင့် အသေးစတစ်ပိဿာလျှင် ကျပ်(၂၀၀၀) မှ ကျပ်(၂၂၀၀)ခန့်အထိရောက်ရှိခဲ့ပါသည်။ ကြက်သွန်နီအရည်အသွေးပေါ်မှုတည်၍လည်း ဈေးနှုန်းကွာခြားမှုများဖြစ်ပေါ်လျက်ရှိပါသည်။ ယနေ့အချိန်တွင် ကုန်ဝင်များတစ်နေ့ထက်တစ်နေ့ ပိုမိုဝင်ရောက်ခဲ့ရာ ဝင်‌ရောက်လာသလောက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊  မိုး(ဥစိုက်) ကြက်သွန်နီများသည် ရေရှည်သိုလှောင်၍မရသဖြင့် မြို့နယ်တွင်းစားသုံးမှုနှင့် ရန်ကုန်၊ မန္တလေးမြို့ များသို့ တင်ပို့လျက်ရှိပြီး ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလကုန်အထိ ရေစကြိုမြို့နယ်၊ မိုး(ဥစိုက်) ကြက်သွန်နီများ ပခုက္ကူမြို့သို့ လှိုင်လှိုင်ဝင်ရောက်လာနိုင်ကြောင်း ကြက်သွန်နီပွဲစားတစ်ဦး၏ ပြောပြချက်အရသိရှိရပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း