ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူခရိုင် ကျွန်းလှမြို့၌ ဖြစ်ပေါ်လျက်ရှိသော ကြက်ဥ၊ဘဲဥဈေးနှုန်း

           စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းမျာ ဆောင်ရွက်လျက်ရှိသလို   စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်း ဈေးကွက် အခြေအနေများကို လေ့လာ၍ အပတ်စဉ်၊ လစဉ် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

           ယခုအခါ ကန့်ဘလူခရိုင် ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ရောင်းချလျက်ရှိသည့် ကြက်ဥ၊ ဘဲဥများကို ကန့်ဘလူမြို့တို့ရှိ လက်လီ/လက္ကားဒိုင်များနှင့် ကျွန်းလှမြို့နယ်အတွင်းမှ ဝင်ရောက်လျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ်၊ မတ်လတတိယပတ်အတွင်း ကျွန်းလှမြို့ သစ်ရာမြိုင်ဈေးတွင် ရောင်းချနေသော ကြက်ဥ၊ဘဲဥဈေးနှုန်းများမှာ ကြက်ဥအလုံးကြီး(၁)လုံးလျှင် ၄၈၀ကျပ်၊ အလုံး သေး(၁)လုံးလျှင် ၄၅၀ကျပ်၊ ဘဲဥ(၁)လုံးလျှင်၇၀၀ကျပ်ဖြင့် ရောင်းချကြောင်း၊ လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ယခင်နှစ်ထက် ဈေးပိုမိုရရှိသော အုန်းသီးဈေးကွက်

ဖျာပုံခရိုင်တွင် အုန်းပင်စိုက်ဧက (၁၈၉၀၀)ခန့် ရှိပါသည်။ ဖျာပုံခရိုင်ရှိ မြို့နယ်များအနက် ဘိုကလေးမြို့နယ်မှာ အထွက်အများဆုံးမြို့ဖြစ်သည်။ ဖျာပုံ၊ ဘိုကလေး ကားလမ်း တစ်လျှောက် လမ်းဝဲယာ၌ အုန်းသီးအဝယ်ဒိုင်များ တွေ့မြင်နိုင်ပါသည်။  ထိုအဝယ်ဒိုင် များသို့ ဘိုကလေးမြို့ပိုင် ကျေးရွာများဖြစ်သော  ကံ့ကော်တစ်ထောင်၊ ကညင်ချောင်း၊ ကိုင်းတော၊ အစိမ်းကျေးရွာ၊ ဘုရားလေး၊ တောင်သလဲ၊ စံပယ်ကုန်း၊ ဘဝသစ်၊ ရေကျော် စသည့်ကျေးရွာများမှ အများဆုံး ဝယ်ယူရရှိပါသည်။

အုန်းသီးတစ်လုံးလျှင် အဝယ်ဒိုင် အရောက် (၂၀၀၀)ကျပ်နှုန်းဖြင့် ဝယ်ယူပါသည်။ ထိုအလုပ်ရုံတွင် အလုပ်သမား (၂/၃)ဦးခန့် ရှိကာ အုန်းခွံ ခွာခ တစ်လုံးလျှင် (၅၀) ကျပ် ပေးရပြီး တစ်နေ့လျှင် အုန်းသီး (၂၀၀) မှ (၃၀၀) လုံးခန့် ခွာနိုင်ပါသည်။ အလုပ်သမား တစ်ဦးလျှင် နေ့တွက်ခ (၁၀၀၀၀) မှ (၁၅၀၀၀)ကျပ်ထိ ရရှိကြပါသည်။  အုန်းသီး အခွံခွာထားသော ပီနံလုံးများကို ရန်ကုန်၊ မန္တလေးဈေးကွက်သို့ တစ်လုံးလျှင် (၂၅၀၀)ကျပ်ဖြင့် ရောင်းချ လျက်ရှိပါသည်။ တစ်ပတ်လျှင် အုန်းသီးအလုံးရေ (၁၀၀၀၀)လုံးခန့် တင်ပို့နိုင်ပါသည်။ ယခင်နှစ်ဈေးနှုန်းမှာ အုန်းသီးတစ်လုံးလျှင် (၁၃၀၀ မှ ၁၅၀၀)ကျပ် ရှိပြီး ယခုနှစ်တွင် ယခင်နှစ်များထက် ဈေးပိုမိုရရှိသဖြင့် လုပ်ငန်းရှင်များအနေဖြင့် တွက်ချေကိုက်မှု ရှိကြောင်း အုန်းသီးပွဲရုံ လုပ်ငန်းရှင်များထံမှ သိရသည်။

DOCA(ဧရာဝတီ)

 

ကန့်ဘလူခရိုင် ကျွန်းလှမြို့၌ ဖြစ်ပေါ်လျက်ရှိသော ကြက်သားဈေးနှုန်း

             စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းမျာ ဆောင်ရွက်လျက်ရှိသလို   စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်း ၊ဈေးကွက် အခြေအနေများကိုလေ့လာ၍ အပတ်စဉ်၊ လစဉ် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

            ယခုအခါ ကန့်ဘလူခရိုင် ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ရောင်းချလျက်ရှိသည့် ကြက်သားများကို ကန့်ဘလူမြို့ရှိ လက်လီ/လက္ကားဒိုင်များနှင့် ကျွန်းလှမြို့နယ်အတွင်းမှ ဝင်ရောက်လျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ်၊ မတ်လတတိယပတ်အတွင်း ကျွန်းလှမြို့ သစ်ရာမြိုင်ဈေးတွင်ရောင်းချနေသော ကြက်သားဈေးနှုန်းများမှာ ဒေသကြက်(၁)ပိဿာလျှင် ၃၀၀၀၀ကျပ်၊ မွေးမြူရေးကြက်(၁) ပိဿာလျှင် ၂၀၀၀၀ကျပ်ဖြင့် ရောင်းချကြောင်း လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မြန်အောင်မြို့နယ်အတွင်းမတ်ပဲရောင်းဝယ်မှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခြင်း

 စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးသည် ၂၀၂၅ခုနှစ် မတ်လ ၇ ရက်နေ့ နံနက်(၀၉:၀၀)နာရီအချိန်တွင် သက်ဆိုင်ရာဌာနများ၊အသင်းအဖွဲ့များ နှင့်ပူးပေါင်း၍ မြန်အောင်မြို့နယ် အတွင်းရှိ ပဲမျိုးစုံရောင်းဝယ်နေသောပွဲရုံများသို့ သွားရောက်ကာ စားသောက်ကုန်သီးနှံများ အရည် အသွေးကောင်းမွန်စေရေး ရှောင်တခင် ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ကွင်းဆင်းရာတွင် မြန်အောင်မြို့နယ်အနေဖြင့် ယခုအချိန်တွင် မတ်ပဲများ လှိုင်လှိုင်ထွက်ရှိ နေပြီဖြစ်ရာ တစ်တင်းလျှင် ၉၆၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ပွဲရုံများအနေဖြင့် မတ်ပဲဝယ်ယူရာတွင် အချို့တောင်သူများရောင်းချသော မတ်ပဲတွင် ဖုန်၊သဲ၊ခဲ အနည်းငယ်လောက်သာ ပါရှိပြီး ပြန်လည်သန့်စင်ကာ ရန်ကုန်ဝယ်လက်သို့ရောင်းချလျက်ရှိကြောင်း၊ အချို့တောင်သူများ၏ မတ်ပဲများမှာလည်း သန့်စင်စရာမလိုအောင် အရည်အသွေးကောင်းမွန်ကြောင်းသိရှိရပြီး၊ မြန်အောင်မြို့ နယ်ပွဲရုံများတွင် ခဲရော ရောင်းချခြင်း၊ အလေးချိန်၊အရည်အတွက်တိုးအောင် မသမာသောနည်းလမ်း ဖြင့် ရောင်းဝယ်မှု ပြုလုပ်ခြင်းမရှိကြောင်း အဖွဲ့ဖြင့် ရှောင်တခင်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက် ခဲ့သည်ဟု သိရှိရပါသည်။

DOCA(ဧရာဝတီ)

“ ဆု” ဆိတ်သားမီးကင်လုပ်ငန်းရှင်နှင့်တွေ့ဆုံခြင်း

            စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဦးစီးအရာရှိ၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၊ မုံရွာမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်း(၁)ဦး တို့သည်  မတ်လ ၂၀ ရက်နေ့ နံနက် (၁၀း၀၀) နာရီအချိန်တွင် မုံရွာမြို့၊ မြဝတီရပ်ကွက်ရှိ “ဆု” ဆိတ်သားမီးကင်လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)၊ အခန်း (၁၈) အရကုန် အညွှန်းအမှတ်အသားဆိုင်ရာ ပြဋ္ဌာန်း ချက်များ နှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်များသိရှိ လိုက်နာဆောင်ရွက်နိုင် စေရန်အတွက် အသိပညာပေးဆွေးနွေးခဲ့ပါ သည်။

          ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း၊ ပြစ်မှု ပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ပုဒ်မ ၄၁။ (ခ) နှင့်(ဆ) တို့တွင်ဖော်ပြထားသည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ် အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာ‌ ရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေး ချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခု ထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးပြောကြား ခဲ့ကြပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

DOCA(စစ်ကိုင်း)

ဘိုကလေးဒေသထွက် တီလားဗီးယားငါးဈေးကွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်၌ ဒေသအတွင်းမွေးမြူထားတဲ့ တီလား ဗီးယားငါး အရောင်းအဝယ်ဈေးကွက်  မြင့်မားလာနေခြင်းကြောင့် ဒေသအတွင်း စီးပွားရေး အဆင်ပြေနေတယ်လို့လည်း သိရပါတယ်။ အရောင်းအဝယ်အနေဖြင့် တီလားဗီးယားငါးများကို မတ်လအတွင်း၌ တစ်နေ့လျှင် ပိဿာ ၇၀၀ မှ ၁၅၀၀ အထိ ရန်ကုန်ဈေးကွက်သို့ နေ့စဉ် တင်ပို့ ရောင်းချနေရပါတယ်။ တီလားဗီးယားငါးသည် အရိုးမျှင်လေးများနည်း ပြီး အသားများ ကာ အရသာရှိလှသည့်အတွက် သုံးစွဲသူများ၏ စားသုံးဆန္ဒများအလျှောက် ဈေးကွက် တောင်း ဆိုမှု တိုးတက် လာနေသော ငါးအမျိုးအစား ဖြစ်ပါတယ်။ တီလားဗီးယားငါးသည် ရေချိုတွင် မွေးမြူ နိုင်သောငါးအမျိုးအစားဖြစ်ပြီး ကြီးထွားမှုနှုန်းမြန်ဆန်ခြင်း နှင့် အထူးတလည် ဂရုစိုက် မွေးမြူ ရခြင်း တို့မရှိသည့်အတွက် ဝင်ငွေမြန်ဆန်စွာရရှိတဲ့ မွေးမြူရေးလုပ်ငန်းတစ်ခုလည်း ဖြစ်ပါ တယ်။ တီလားဗီးယားငါးကို မွေးမြူပြီးပါက သက်တမ်းအနေဖြင့်  နှစ်လမှ သုံးလအတွင်း ကြီးထွားလာပြီး ဈေးကွက်အတွင်းသို့ ရောင်းချနိုင်သော အရွယ်အစားသို့ ရောက်ရှိပါတယ်။ တီလားဗီးယားငါး တစ်ပိဿာဈေးနှုန်းမှာလည်း လက်ရှိတွင် ကျပ် ၉,၈၀၀ ထိ ရှိနေတယ် လို့ လည်း မွေးမြူရေးလုပ်ငန်းရှင်များ ထံမှလည်း သိရှိရပါတယ်။ ဘိုကလေးမြို့ရဲ့ တီလားဗီးယားငါး မွေးမြူရေး လုပ်ငန်းသည် ရင်းနှီးမြုပ်နှံငွေများကို အချိန်တိုအတွင်း ဝင်ငွေပြန်လည်ရရှိ လာအောင် ဖန်တီး ပေးနိုင်သော လုပ်ငန်းဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။

DOCA(ဧရာဝတီ)

ညောင်တုန်းမြို့ရဲ့ အုန်းသီးဈေးကွက်

ဧရာဝတီတိုင်းဒေသကြီးရှိ ညောင်တုန်းမြို့သည် မြန်မာနိုင်ငံ၏ အုန်းသီး အများဆုံး ထွက်ရှိရာ ဒေသလည်းဖြစ်ပါတယ်။ အုန်းပင်စိုက်ပျိုးခြင်းကို ယခင်က မိသားစုစိုက်ပျိုးရေးအဖြစ် စိုက်ပျိုးနေရာ မှ ယခုဆိုလျှင်  အုန်းပင်စိုက်ပျိုးခြင်းသည် မိသားစု ဝင်များ၏ အဓိကဝင်ငွေ ဖြစ်လာ နေပြီဖြစ်ပါတယ်။ ဈေးကွက်လိုအပ်ချက်အရ အုန်းသီးအနုများကို ရန်ကုန် ဈေးကွက် သို့ အဓိကတင်ပို့ရောင်းချနေပြီး ဈေးကွက်လိုအပ်ချက်တက်လာမှုနှင့်အမျှ တင်ပို့မှုများစွာ ဖြစ်ပေါ် နေတယ်လို့ အုန်းပင်စိုက်ပျိုးသော လုပ်ငန်းရှင်များထံမှ သိရှိရပါတယ်။ ညောင်တုန်းဒေသထွက် အုန်းသီးနုများကို ရန်ကုန်သို့တင်ပို့ရာ၌ ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် တင်ပို့အရေအတွက် အလုံး ၅၀၀၀၀၀၊ ဖေဖော်ဝါရီလတွင် အလုံး ၆၅၀၀၀၀ နှင့် မတ်လတွင် အလုံး ၇၀၀၀၀၀ အထိ တင်ပို့နေရပါတယ်။ ဈေးကွက်တွင် အုန်းသီးအနု ၁၀၀ လုံးအတွက် ပျမ်းမျှငွေကျပ် ၈၈၀၀၀ ထိ ရရှိနေပါတယ်။ အုန်းသီးနု ဈေးကွက်တက်ကြွလာမှုကြောင့် ညောင်တုန်းမြို့ရှိ အုန်းပင် စိုက်ပျိုးသော တောင်သူများအတွက်သာမက သယ်ယူပို့ဆောင်ရေးလုပ်သားများ၊ ကုန်တင် ယာဉ်လေးများ၊ ပွဲရုံပိုင်ရှင်များအတွက်လည်း အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးရရှိ စေခဲ့ပါကြောင်း ရေးသား တင်ပြလိုက်ရပါတယ်။

DOCA(ဧရာဝတီ)

မအူပင်တောင်သူများအတွက် စီးပွားရေးအလင်းရောင်ဖြစ်လာမည့် ဖီကြမ်းငှက်ပျော

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်တွင်ဖီကြမ်းငှက်ပျောစိုက်ပျိုးမှုဟာ တဖြည်းဖြည်းနဲ့ ထင်ရှား လာနေပါတယ်။ မအူပင်ခရိုင်တွင် စိုက်ပျိုးနေသော ငှက်ပျောဧက စုစုပေါင်း ၃,၇၅၀ ဧကရှိပြီး၊ ထွက်ရှိသည့်ငှက်ပျောများကို မြို့နယ်အတွင်းဈေးကွက်များအပြင် ရန်ကုန်မြို့သို့ပါ တင်ပို့ရောင်းချလျက်ရှိပါတယ်။ ထူးခြားချက်အနေနဲ့ကတော့ မြန်မာပြည်သူများအတွက် မဖြစ် မနေလိုအပ်သော ဖီကြမ်းငှက်ပျောစိမ်း အမျိုးအစားများကို မအူပင်ခရိုင်တွင် အဓိက စိုက်ပျိုး ကြခြင်းပင် ဖြစ်ပါတယ်။ ငှက်ပျောအား မစိုက်ပျိုးခင်(၂)လကြိုတင်၍ စိုက်ပျိုးမည့်နေရာသည် ရေစီးဆင်းမှုကောင်းစေရန် နှင့် ‌မြေသားထူစေရန်အတွက် မြေဆွေးများထည့်ကာ မြေပြင်ခြင်း များကို ဆောင်ရွက်ရပါတယ်။ ၂၀၂၁ ခုနှစ်က စတင်၍ မျိုးပင်တစ်ပင်ကို ကျပ် ၅၀၀ ဖြင့် ဝယ်ယူကာ စိုက်ပျိုးလာကြပြီး တစ်ဧကဝက်တွင် အနည်းဆုံး ၅၀၀ပင် စိုက်ကြသည်။ ၁ဧက စိုက်ပျိုးရာတွင် ကုန်ကျစရိတ်ပမာဏမှာ ကျပ် ၂၀၀၀၀၀၀ ခန့်ရှိပြီး စိုက်ပြီး ၆ လအကြာတွင် အဖူးထွက်လာကာ ထပ်ပြီး ၇ လအကြာတွင် ငှက်ပျောအခိုင်များရရှိလာပါတယ်။ ထွက်ရှိသော အခိုင်ပမာဏသည် တစ်ဧကလျှင် ၃၅၀ ခန့်ရှိပြီး၊ တစ်ခိုင်လျှင် ၆ ဖီးမှ ၉ ဖီး အထိ ထွက်ရှိနိုင်ပါတယ်။ ဥပမာအားဖြင့် တစ်ဧကတွင် အဖီး၂၁၀၀ မှ ၃၁၅၀ အထိ ရရှိနိုင် သော ကြောင့် တောင်သူများအတွက် တစ်နှစ်တာအတွင်း အနည်းဆုံး ငွေ ၄၂၅၀၀၀၀ ကျပ်ထိ အမြတ်အစွန်းရရှိနိုင်ပါတယ်။ ၂၀၂၅ ခုနှစ် မတ်လအခြေအနေအရ လက်ကားဈေးဖြင့် ငှက်ပျော တစ်ဖီးကို ကျပ် ၂၀၀၀ ဖြင့်ရောင်းချနိုင်ပြီး၊ တစ်ခိုင်ပေါ်မှ ပျမ်းမျှဝင်ငွေက ကျပ် ၁၅၀၀၀ ခန့်ရရှိနိုင်တယ်လို့လည်း သိရှိရပါတယ်။ စိုက်ပျိုးထွက်ရှိလာသော ဖီးကြမ်းငှက်ပျောများကို စည်ပင်သာယာ အခွန်လွတ် ဈေးများထံသို့ တင်ပို့ရောင်းချသည့်အပြင် ကုန်သည်များကလည်း ငှက်ပျောခြံများထိ  လာရောက်၍ ဝယ်ယူလာကြပါကြောင်း ရေးသား တင်ပြလိုက်ရပါတယ်။

DOCA(ဧရာဝတီ)

 

ဧရာဝတီမြေရဲ့ကျောင်းကုန်းခရမ်းသီးဈေးကွက်

လယ်ယာထဲက အားထုတ်မှုနဲ့ စျေးကွက်ထဲက အားပေးမှုတို့ပေါင်းစည်းမှ၊ စီးပွားရေး ကောင်းမွန်မှုဟာ ဖြစ်ပေါ်လာမှာ ဖြစ်ပါတယ်။ တောင်သူများရဲ့ လက်များက မြေဆီလွှာကို ထိတွေ့နေချိန်မှာပဲ ဝယ်သူတွေရဲ့ လက်တွေကအရသာကိုထိတွေ့နေပါတယ် ဒါကပဲ စီးပွားရေး ခေါ်သံရဲ့ တစ်ဖက်ခြမ်းလို့ ခေါ်ဆိုနိုင်ပါတယ်။ "တစ်ဖက်က စိုက်တယ်၊ တစ်ဖက်က ဝယ်တယ်။ တစ်ဖက်က အားပေးတယ်၊ တစ်ဖက်က အခွင့်အလမ်းဖန်တီးတယ်။” ဆိုတဲ့စကားအတိုင်းပင် ကျောင်းကုန်းမြို့နယ်၏ ခရမ်းသီးစိုက်ပျိုးမှုက စိုက်သူများအတွက်သာမက စျေးကွက်တစ်ခုလုံး အတွက် အဖိုးတန်အခွင့်အလမ်းတစ်ခုဖ ဖန်တီးနိုင်နေပြီ ဖြစ်ပါတယ်။

ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်မှ ထွက်ရှိသော ခရမ်းသီးများသည် လတ်ဆတ်၍ အရည်အသွေးကောင်းမွန်လှသည့်အတွက် ယခုနှစ် မတ်လဒုတိယပတ်မှစ၍ မတ်လ ၂၁ ရက်နေ့အထိ တိုးတက်လာသော ဝယ်လိုအားကြောင့် တစ်နေ့လျှင် ၄၀၀၀၀ မှ ၅၅၀၀၀ အထိ ရောင်းချကာ အရောင်းအဝယ်လုပ်ငန်းများအဆင်ပြေနေကြပြီ ဖြစ်ပါတယ်။ ကျောင်းကုန်းမှ စိုက်ပျိုးသည့် ခရမ်းအဝိုင်းသီးနှင့် အရှည်သီး အမျိုးအစားနှစ်မျိုးစလုံးမှာ ဈေးကွက်ဝယ်လိုအား မြင့်တက်နေပြီး ခရမ်းသီးအလုံး ၁၀၀ အတွက် ကျပ် ၁၃၀၀၀ ခန့် ရရှိနေကြပါတယ်။ စိုက်ပျိုးမှုအတွက် ပြန်လည်ရရှိလာသည့်ဈေးနှုန်းကလည်း စိုက်ပျိုးသူ တောင်သူများအတွက် စိတ်အားထက်သန်စေသောကြောင့် ကျောင်းကုန်းမြို့နယ်တွင် ခရမ်းသီး စိုက်ပျိုးသူ တောင်သူများ များပြားနေကြောင်းလည်း သိရှိရပါတယ်။

          ကျောင်းကုန်းဒေသထွက် ခရမ်းသီးများကို ဝယ်လိုအား မြင့်တက်လာစေတာကတော့ မြေဆီလွှာကောင်းမွန်လှသည့် ဧရာဝတီ၏မြေပေါ်တွင် သဘာဝစိုက်ပျိုးနည်းဖြင့်သာ စိုက်ပျိုး ကြသည့် အတွက် အရသာမှာလည်း အထူးကောင်းမွန်သည့်အတွက် ဝယ်လိုအားမြင့်တက် လာခြင်း ဖြစ်ပါတယ်။ ကျောင်းကုန်းဒေသထွက် ခရမ်းသီးများအား ကျောင်းကုန်း ဈေးကွက် အပြင်၊ ပုသိမ်၊ ရေကြည်၊ မအူပင်စသည့်ဒေသတို့အပြင် ရန်ကုန်ဈေးကွက်ထံသို့လည်း တင်ပို့ ရောင်းချခြင်းဖြင့် လုပ်ငန်းရှင်များအတွက် အခြားအသစ်သော ဈေးကွက်တံခါးများကို ဖွင့်လှစ် နေနိုင်ပြီ ဖြစ်ပါ တယ်။

DOCA(ဧရာဝတီ)

မအူပင်တောင်သူများရဲ့ ရုံးပတီသီး စီးပွားရေး

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်နေကြသော လယ်သမားများသည် မိသားစု အပို ဝင်ငွ ရရှိရန် ရုံးပတီသီးနှံကို စိုက်ပျိုးကြပါတယ်။ ရုံးပတီသီးပင်သည် ရာသီမရွေး စိုက်ပျိုးရလွယ်ကူ သီးနှံအမျိုးအစားဖြစ်သည့်အတွက် ဝင်ငွေအရမြန်သည့်သီးနှံအဖြစ် တောင်သူများ အကြား ထင်ရှား ပြီး မိသားစုအပိုဝင်ငွေရရှိရန် အတွက် ရုံးပတီသီးကို စိုက်ပျိုးကြတာ ဖြစ်တယ်လို့ ရုံးပတေသီး စိုက်ပျိုးသူ တောင်သူတစ်ဦးထံမှ သိရှိရပါတယ်။ ရုံးပတီသီးပင်တွင် ပင်ပု၊ ပင်လတ်၊ ပင်မြင့်ဟူ၍ မျိုးစုံရှိပြီး၊ အများအားဖြင့် ပင်လတ်ရုံးပတီမျိုးများကို အများဆုံးစိုက်ပျိုး လျက် ရှိပါတယ်။ ရုံးပတေသီးပင် စိုက်ပျိုးရန်အတွက် တစ်ဧကလျှင် မျိုးစေ့ ၁၂ ထုပ်ခန့် လိုအပ်ပြီး၊ စိုက်ပျိုးရန်အတွက် တန်းခြား ၃ ပေ၊ ပင်ခြား ၁ ပေ - ၁ ပေခွဲ ထား၍ ဘောင်ခတ်စနစ်ဖြင့် စိုက်ပျိုးသည်။ ထို့အပြင် စိုက်ပျိုးမှုနှင့်ပတ်သက်သော စုစုပေါင်းကုန်ကျငွေမှာ မြေပြုပြင်ခြင်း၊ လုပ်သားခ၊ မျိုးနှင့်သွင်းအားစုအပါအဝင် တစ်ဧကလျှင် ကျပ် ၈၀၀,၀၀၀ ခန့် ကုန်ကျမှာ ဖြစ်ပါတယ်။

ရုံးပတီသီးသည် စိုက်ပျိုးပြီး ၂ လခန့်အတွင်း ခူးဆွတ်နိုင်ပြီး၊ တစ်ဧကလျှင် ပိဿာချိန် ၃,၀၀၀ ခန့်ထွက်ရှိပါတယ်။ ဈေးကွက်အနေဖြင့် ပွဲစားများမှတစ်ဆင့် မအူပင်မြို့နယ် ဒေသတွင်းရောင်းချခြင်းနှင့် ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချခြင်းတို့ကို လယ်သမားများ အနေဖြင့် လုပ်ဆောင်ကြသည်။ မအူပင်တောင်သူများအတွက် ရုံးပတီသီးနှံသည် စိုက်ပျိုးရ လွယ်ကူပြီး ရာသီမရွေး စိုက်ပျိုးနိုင်သည့်အတွက် အကျိုးအမြတ်များရရှိစေပြီး၊ ငွေရရှိမှုကို အတော်လေး မြှင့်တင်ပေးနိုင်တယ်လို့လည်း သိရှိရပါတယ်။ ဒါကြောင့် ရုံးပတီသီးပင် စိုက်ပျိုးခြင်းသည် ဧရာဝတီတိုင်းဒေသကြီးအတွင်း မဟာစီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် ရပ်တည်နိုင်တော့မှာ ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း