ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဈေးကွက်အတွင်း ဘိလပ်မြေဈေးနှုန်းများ ကျဆင်းလျက်ရှိ

  မိတ္ထီလာဈေးကွက်အတွင်းဝင်ရောက်မှုအနေဖြင့် သာစည်မြို့နယ်၊ ပြည်ညောင် ကျေးရွာမှ အပါချီဘိလပ်မြေ ၊ ကျောက်ဆည်မြို့မှ ကြံ့နှစ်ကောင် ၊ Alpha ဘိလပ်မြေများ ဝင်ရောက်လျက်ရှိပြီး တစ်ပတ်လျှင်  အပါချီဘိလပ်မြေ(၂၅၀၀)အိတ် ၊ Alpha ဘိလပ်မြေ(၅၀၀-၁၀၀၀) အိတ်၊  ကြံ့နှစ်ကောင် (၁၀၀၀)အိတ်ခန့်ဝင်ရောက်လျက်ရှိကြောင်းသိရပါသည်။    

   မိတ္ထီလာဈေးကွက်အတွင်း ယခုဩဂုတ်လဒုတိယအပတ်တွင် အပါချီဘိလပ်မြေတစ်အိတ်လျှင် (၁၃၂၀၀-၁၄၅၀၀)ကျပ်၊ ကြံ့နှစ်ကောင်ဘိလပ်မြေတစ်အိတ်လျှင်(၁၃၅၅၀)ကျပ်၊ Alpha ဘိလပ်မြေ တစ်အိတ် လျှင်(၁၃၂၀၀-၁၄၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီးယခင်အပတ်နှင့် ကာလတူ နှိုင်းယှဉ်လျှင်အပါချီဘိလပ်မြေတစ်အိတ်လျှင်(၃၈၀၀)ကျပ်၊  Alpha ဘိလပ်မြေ တစ်အိတ် လျှင် (၃၈၀၀) ကျပ်ဖြင့် ၊ကြံ့နှစ်ကောင်ဘိလပ်မြေ တစ်အိတ်လျှင်(၄၅၀၀)ကျပ်ခန့် ဈေးနှုန်းများကျဆင်းလာကြောင်း ဈေးနှုန်းကျဆင်းရခြင်းမှာ မိုးတွင်းကာလဖြစ်ပြီး၊ အရောင်းအဝယ်ပါး၍ဖြစ်ကြောင်း သိရပါသည်။

DOCA( မန္တလေး)

 

မိတ္ထီလာမြို့ ဩဂုတ်လ ဒုတိယအပတ်ကြက်သွန်နီဈေးကွက်

   မိတ္ထီလာမြို့နယ် ဩဂုတ်လဒုတိယပတ်ရှိ ကြက်သွန်နီဈေးမှာ ဈေးငြိမ်နေသော်လည်း အခြားဒေသများသို့ တင်ပို့မှုများကြောင်းသိရပါသည်။ မိတ္ထီလာမှ ပဲခူး ၊ ရန်ကုန် ၊ တောင်ကြီး ၊ တာချီလိတ်မြို့များသို့ ပုံမှန်တင်ပို့နေရာ ယခုတစ်ပတ်ပြည်ပဝယ်လက်များက အဝယ်ရှိသဖြင့် မြဝတီသို့ တွဲကားဖြင့် လည်းကောင်း ၊ ရန်ကုန်နှင့်မိုင်းလားသို့(၁၂)ဘီးကားဖြင့်လည်းကောင်း ၊ တင်ပို့ ကြောင်းသိရသည်။ ဩဂုတ်လဒုတိယပတ်အတွင်း မိတ္ထီလာမှရန်ကုန် ၊ တာချီလိတ်သို့(၁၂)ဘီးကားဖြင့် အခြားကုန်စည်များနှင့်ရော၍ လည်းကောင်း ၊ ပဲခူး နှင့်တောင်ကြီးသို့(၆)ဘီးကားဖြင့် အခြားကုန်စည် များဖြင့်ရော၍ လည်းကောင်းတင်ပို့ပြီး ယခုတစ်ပတ် ပြည်ပဝယ်လက်ဖြစ်သည့် မိုင်းလားသို့ ကုန်ချိန် ပိဿာ(၂၀၀၀၀)ဆံ့ တွဲကား(၂)စီးတင်ပို့ခဲ့ကြောင်းသိရသည်။ ကုန်တင်ခအနေဖြင့် ဈေးငြိမ်နေရာ မိတ္ထီလာမှ ရန်ကုန်နှင့် ပဲခူးသို့တစ်ပိဿာ(၂၀၀/)ကျပ် ၊ မိုင်းလားနှင့်မြဝတီသို့(၈၀၀/)ကျပ်ဝန်းကျင်ရှိ ကြောင်းနှင့် ကြက်သွန်နီ တစ်ပိဿာလက်ကားဈေးမှာ (၈၀၀-၁၀၀၀)ကျပ်ဝန်းကျင်ရှိကြောင်း ကြက်သွန်နီကုန်သည်များထံမှသိရသည်။

DOCA(မန္တလေး)

ပေါင်မြို့နယ် ဥတ္တံတားကျေးရွာတွင် ‌ဒေသထွက်သီးနှံဖြစ်သော ရေငန်းသီးသီးနှံ အရောင်းအဝယ်ဖြစ်ထွန်းလျက်ရှိ

    မွန်ပြည်နယ်၊ ပေါင်မြို့နယ် ဥတ္တံတားကျေးရွာသည် ရန်ကုန်-မော်လမြိုင်သွားမည့် လမ်းဘေးဝဲယာတွင်ရှိသော ကျေးရွာဖြစ်သည်။ အဆိုပါ ကျေးရွာတွင် ‌ကျေးရွာသား/သူများသည် ‌‌ဒေသထွက်သီးနှံများကို ကားလမ်းဘေး ထန်းပင်တန်းများရှိသော နေရာတွင် ဆိုင်ခင်း၍ ရာသီအလိုက်ပေါ်ထွက်သော သီးနှံများကို ရောင်းချပေးခဲ့ရာ နှစ်ပေါင်းအတော်ကြာခဲ့ပြီး ဖြစ်သည်။

          ယခုထွက်ပေါ်နေသော ရေငန်းသီးသီးနှံသည် ယခုလိုရာသီပေါ်စာဖြစ်ပြီး အရောင်းအဝယ် ကောင်းကြောင်း သိရသည်။ ရေငန်းသီးတွင် (အချို)သီးနှင့် (အချဉ်)သီးဟူ၍ နှစ်မျိုးရောင်းချရာ အချိုသီးသည် ခရီးသွားပြည်သူအများစု ဝယ်ယူလျက်ရှိကြောင်း သိရသည်။ အချဉ်သီးသည် အချို့ပြည်သူများက သုပ်စားကြသည်ကိုလည်း သိရသည်။

          ရေငန်းသီးသည် အခိုင်လိုက်သီးပြီး တစ်ကီလိုလျှင် ငွေကျပ် (၁၀၀၀၀) ထိရရှိကြောင်း သိရသည်။ အခိုင်လိုက်ကို ဈေးနှုန်းခန့်မှန်းပြီး ရောင်းချကြောင်းလည်းသိရသည်။ ယခုကဲ့သို့ ဒေသပေါ်သီးနှံများကို ရောင်းချနေသော ဥတ္တံတားကျေးရွာသည် ရာသီပေါ်သီးနှံများအလိုက် ဈေးကောင်းရရှိနေသဖြင့် ကျေးရွာနေပြည်သူများ ဝင်ငွေကောင်းကြောင်းလည်း သိရသည်။

DOCA (မွန်)

ဘီးလင်းဒေသထွက် ဒူးရင်းသီးများဈေးကောင်းရရှိပြီး ဈေးကွက်၌ရောင်းအားကောင်းလျက်ရှိ

     မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ဒေသထွက် ဗမာဒူးရင်းသီးများသည် ဇွန်လတွင် စတင်ပေါ်ပြီး ဇူလိုင်လနှင့် ဩဂုတ်လတို့တွင် လှိုင်လှိုင်ထွက်ပေါ်ကာ မိုးများသည့်ကာလ ဖြစ်သောကြောင့် ဒူးရင်းသီးစားသုံးသူများ အပူစာဖြစ်သည့် ဒူးရင်းသီးကို ပိုမိုစားသုံးကြကြောင်း သိရသည်။

          ဒူးရင်းသီးထွက်ရှိရာ ဘီးလင်းမြို့နယ်ရှိ အလူလေးကျေးရွာ၊ အလူးကြီးကျေးရွာ၊ ပိုင်ဒဝယ် ကျေးရွာ၊ နတ်ကြီးကျေးရွာနှင့် မဲဝိုင်ကျေးရွာများမှ ဒူးရင်းသီးခြံပိုင်ရှင်များမှ ဘီးလင်းမြို့ပေါ်တွင် လာရောက်ရောင်းချသည်များရှိသကဲ့သို့ ဘီးလင်းမြို့မှ ဒူးရင်းသီးရောင်းချသူများမှလည်း ထိုကျေးရွာများသို့ သွားရောက်ဝယ်ယူ၍ ဘီးလင်းမြို့တွင် ပြန်လည်‌ရောင်းချသည်များလည်း ရှိကြောင်း၊ ဒူးရင်းသီးတစ်လုံးလျှင် အရွယ်အစားအလိုက် အသေးတစ်လုံးလျှင် ၅၀၀၀ ကျပ်၊ အကြီးတစ်လုံးလျှင် ၁၅၀၀၀ ကျပ်မှ ၂၀၀၀၀ ကျပ်ဝန်းကျင်းဖြင့် အရောင်းအဝယ်ဖြစ်ထွန်းနေပြီး ဈေးကောင်းရရှိ၍ အရောင်းသွက်သောကြောင့် ဘီးလင်းမြို့နယ်မှ ဒူးရင်းခြံပိုင်ရှင်များ အဆင်ပြေ ကြကြောင်း သိရှိရပါသည်။

DOCA (မွန်)

မွန်ပြည်နယ်ဒေသထွက် မင်းဂွတ်သီး ဈေးနှုန်းဈေးကွက်အခြေအနေ

       မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မြို့မဈေးကွက်တွင် ဈေးနှုန်းကောင်းရရှိပြီး စားသုံးသူ များပြားသော ဒေသစာ၊ ရာသီစာဖြစ်သော မင်းဂွတ်သီးများ ယခုနှစ်အတွင်း အရောင်း အဝယ်ကောင်း၊ အထွက်နှုန်းကောင်းခြင်း သိရှိရသည်။ မင်းဂွတ်သီးဈေးနှုန်းများမှာ ပေါ်ဦးပေါ်စ တွင် ဈေးကောင်းရရှိမှုနှင့် အသီးအရွယ်အစားပေါ်မူတည်၍ ဈေးနှုန်း ကွာဟမှုရှိသည်။

          ၂၀၂၅ခုနှစ်၊ ယခင်လ(ဇူလိုင်လ) မင်းဂွတ်သီးဈေးနှုန်းမှာ (အကြီး)တစ်လုံးလျှင်  ၇၀၀ကျပ်၊ မင်းဂွတ်သီး (အလတ်) တစ်လုံးလျှင် ၅၅၀ကျပ်နှင့် မင်းဂွတ်သီး (အသေး) တစ်လုံးလျှင် ၃၀၀ကျပ်ခန့် ရရှိခဲ့ရာမှ ယခုလ(ဩဂုတ်လ) နောက်ဆုံးပတ်တွင် မင်းဂွတ်သီး ဈေးနှုန်းမှာ  မင်းဂွတ်သီး (အကြီး)တစ်လုံးလျှင်  ၅၀၀ကျပ်၊ မင်းဂွတ်သီး (အလတ်) တစ်လုံး လျှင် ၃၅၀ ကျပ်နှင့် မင်းဂွတ်သီး (အသေး)တစ်လုံးလျှင် ၂၅၀ကျပ်ခန့် ဖြစ်၍ ဈေးနှုန်း နှိုင်းယှဉ်ချက်  ၂၀၀ကျပ်မှ ၁၀၀ခန့် ကျဆင်းမှုတွေ့ရှိရသည်။ မွန်ပြည်နယ်အတွင်း ထွက်ရှိသည့် မင်းဂွတ်သီးများကို တိုင်းဒေသကြီး/ ပြည်နယ်များသို့ တင်ပို့လျှက်ရှိသည်။

          အသီးထွက်နှုန်းအနေဖြင့် ယခင်နှစ်ထက် ယခုနှစ်မှာ အသီးထွက်နှုန်းကောင်း၍ မင်းဂွတ်ခြံရှင်များ အကျိုးအမြတ်ပိုမိုရရှိသည်။ မွန်ပြည်နယ်အတွင်း မင်းဂွတ်သီးစိုက်ပျိုးသည့် ဧက ၆၀၀၀ ကျော်ရှိသည်။ မင်းဂွတ်သီးစိုက်ပျိုးရာတွင် ရင်းနှီးမှုနည်းပါး၍ အပင်ကို ရေပုံမှန်ပေးခြင်း၊ ပိုးမွှားကင်းရှင်းလင်းပေးခြင်းလျှင် အသီးအလုံးကောင်းပြီး အသီးသီးနှုန်း ကောင်း၍ အထွက်နှုန်းကောင်းကြောင်း မင်းဂွတ်သီးခြံရှင်မှ သိရှိရသည်။  

DOCA (မွန်)

မော်လမြိုင်မြို့ အေးသာယာဈေးမှ ခရမ်းချဉ်သီးဈေးနှုန်း ပြောင်းလဲဖြစ်ပေါ်လျက်ရှိ

     မော်လမြိုင်မြို့၏ အေးသာယာကုန်စိမ်းဈေး၌ ခရမ်းချဉ်သီးဈေးနှုန်း အခြေအနေ မှာ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ(ပထမပတ်)အတွင်း တစ်ပိဿာလျှင် ကျပ် ၄၀၀၀ မှ ကျပ် ၄၂၀၀ အတွင်းဖြစ်ခဲ့ရာမှ ဩဂုတ်လ (တတိယပတ်)တွင် ခရမ်းချဉ်သီး ဈေးနှုန်းမှာ တစ်ပိဿာလျှင် ၄၅၀၀ကျပ်မှ ၅၀၀၀ ကျပ်ခန့် သိသိသာသာ ဈေးနှုန်းမြင့်တက် လာကြောင်း ကုန်စိမ်းရောင်းချသူများမှ သိရှိရသည်။

     ယခင်လ ၂၀၂၅ ခုနှစ်၊ ဇူလိုင်တွင် တစ်ပိဿာလျှင် ကျပ် ၄၀၀၀ ဖြစ်ပြီး ယခုလ တစ်ပိဿာလျှင် ကျပ် ၅၀၀၀ ဖြစ်ခဲ့ကြောင်း၊ ထို့ကြောင့် ယခုလမှာ ခရမ်းချဉ်သီး ဈေးနှုန်း သိသိသာသာ‌ ဈေးနှုန်း မြင့်တက်ကြောင်း သိရသည်။

     ထိုသို့ ခရမ်းချဉ်သီး ဈေးနှုန်းမြင့်တက်လာရခြင်းမှာ ရှမ်းပြည်နယ်မှ မော်လမြိုင် သို့ဝင်ရောက်မှုရှိသည့် ခရမ်းချဉ်သီး ကားအရေအတွက်နည်းပါးခြင်း၊ ကုန်တင်ကုန်ချ လုပ်သားခစရိတ်မြင့်တက်လာခြင်း၊ ရာသီဥတုနှင့်လမ်းခရီး အခက်အခဲတို့ကြောင့် ကုန်စည်များစီးဆင်းမှုနည်းပါးခြင်းဖြစ်ကြောင်း ကုန်စိမ်းအရောင်းအဝယ်ကုန်စည်ဒိုင်များမှ သိရှိရသည်။

DOCA (မွန်)

ရွှေဘိုဈေးကွက်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲလွန်းပြာနှင့် ပဲလွန်းဖြူဈေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ပဲမျိုးစုံသီးနှံများကို အနည်းငယ်သာစိုက်ပျိုးသော်လည်း သက်ဆိုင်ရာဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံ စိုက်ပျိုးမှုစာရင်းများအရ ပဲလွန်း(၂၃၀၇)ဧက စိုက်ပျိုးကြောင်း သိရှိရပါသည်။ ပဲမျိုးစုံအသစ်များမှာ ဒီဇင်ဘာလမှစတင်၍ ဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရွှေဘိုမြို့တွင်ရောင်းချသည့် ပဲလွန်းပြာနှင့် ပဲလွန်းဖြူများကို ဒေသတွင်းရှိ ပွဲရုံများမှ ဝယ်ယူရောင်းချကြပါသည်။

ပဲလွန်းပြာ

    ရွှေဘိုမြို့ ဈေးကွက်အတွင်း ဩဂုတ်လ၊ ဒုတိယအပတ်တွင်ရောင်းချသည့် ပဲလွန်းပြာဈေးနှုန်းမှာ ()ပြည်လျှင်(၅၀၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၈၀၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ် တို့၏အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ ပဲလွန်းပြာ(၁)ပြည်လျှင် (၅၀၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့်  ယခင်အပတ်နှင့်ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်း တူညီပြီးဈေးငြိမ်နေကြောင်း၊ မတ်လ၊ စတုတ္ထအပတ်မှစ၍ ယခုအပတ်ထိအရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီပြီး ဈေးငြိမ်နေကြောင်း၊  ဈေးကွက်အနေဖြင့်ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့် ပြန်လည် ရောင်းချမည့်သူများ၊ ကောက်ညှင်းပေါင်း ရောင်းချသည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့် ဆိုင်များမှ သတင်းရရှိပါသည်။

ပဲလွန်းဖြူ

    ရွှေဘိုမြို့ ဈေးကွက်အတွင်း ဩဂုတ်လ၊ ဒုတိယအပတ်တွင်ရောင်းချသည့် ပဲလွန်းဖြူဈေးနှုန်းမှာ ()ပြည်လျှင်(၆၈၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၀၈၈၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခု အပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ ပဲလွန်းဖြူ(၁)ပြည်လျှင် (၆၈၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့်ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီပြီး ဈေးငြိမ်နေကြောင်း၊  ဧပြီလ၊ စတုတ္ထအပတ်မှစတင်၍ ယခုအပတ်ထိ ရောင်းချရသည့် ဈေးနှုန်းတူညီပြီး ဈေးငြိမ်နေကြောင်း၊ ဈေးကွက်အနေဖြင့်ဒေသတွင်းရှိ စားသုံးသူများ၊ တစ်ဆင့်ပြန်လည် ရောင်းချမည့်သူများ၊ ကောက်ညှင်းပေါင်း ရောင်းချသူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့် ဆိုင်များမှ သတင်း ရရှိပါသည်။

DOCA (စစ်ကိုင်း)

အသီးကောင်း၍ စားသုံးသူများသော မော်လမြိုင် ကျွဲကော်သီး ဈေးနှုန်း

      မွန်ပြည်နယ်၊ မြို့နယ်များမှ ထွက်ရှိသော ကျွဲကောသီးမှာ ယခုနှစ်တွင် အသီးထွက်ကောင်း၍ ဈေးကောင်းများ ရရှိသည်။ တစ်နှစ်ပတ်လုံးအသီးမပြတ်ဘဲ ထွက်ရှိမှု လည်းတွေ့ရသည်။ ကျွဲကောခြံရှင်များမှ တဆင့် လက်ကား/ လက်လီ အဝယ်သူများက ခြံအရောက်ဝယ်ယူမှုများရှိသည်။ ဒေသထွက်ကုန်လည်းဖြစ်သည့် မွန်ပြည်နယ် ကျွဲကောသီးကို စားသုံးသူများပြားသည်။

   လူကြိုက်များသော မော်လမြိုင်ကျွဲကောသီး ပန်းရောင်သီးနှင့် အဖြူသီးတို့၏ ၂၀၂၅ ဩဂုတ်လ(တတိယပတ်)အတွင်း ဖြစ်ပေါ်လျက်ရှိသော ကျွဲကောသီးဈေးနှုန်းများမှာ ကျွဲကောသီးပန်းရောင်(အကြီး) တစ်လုံးလျှင်ကျပ် ၄၀၀၀၊ ကျွဲကောသီးပန်းရောင် (အလတ်) တစ်လုံးလျှင် ကျပ် ၃၀၀၀၊ ကျွဲကောသီးပန်းရောင်(အငယ်) တစ်လုံးလျှင် ကျပ် ၂၀၀၀  ဖြစ်ပြီး ကျွဲကောသီးအဖြူ(အကြီး)တစ်လုံးလျှင် ကျပ်၃၀၀၀၊ ကျွဲကောသီးအဖြူ(အလတ်)တစ်လုံးလျှင် ကျပ် ၂၀၀၀၊ ကျွဲကောသီးအဖြူ (အငယ်)တစ်လုံးလျှင် ကျပ်၁၀၀၀ ဖြစ်ကြေင်း မော်လမြိုင်မြို့၏ မော်မော်သစ်သိးအရောင်းဆိုင်မှ သိရှိရသည်။

DOCA (မွန်)

မိတ္ထီလာ ဈေးကွက်အတွင်း ချင်းဈေးအနည်းငယ်ကျ

  ချင်းကို မြန်မာနိုင်ငံအနှံ့အပြားတွင်စိုက်ပျိုးကြရာ တောင်ပေါ်‌ဒေသများတွင်အများ ဆုံးစိုက်ပျိုး ကြပါသည်။ ချင်း(ဂျင်း) ကို ဟင်းခတ်အမွှေးအကြိုင်၊ တိုင်းရင်းဆေးများဖော်စပ်ရာတွင်အသုံး ပြုကြပါ သည်။ ချင်းကို မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်ရှိတောင်ပေါ်ဒေသများတွင် အနည်းငယ် စိုက်ပျိုးကြ ကြောင်း၊ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် သာစည်မြို့နယ်ချင်းစိုက်ဧက (၂၆၃)ဧကစိုက်ပျိုးထားရှိကြောင်း ကြေးတိုင်နှင့် မြေစာရင်းဦီးစီးဌာနစာရင်းအရသိရပါသည်။

  ချင်းကို မေလနှင့်ဇွန်လများတွင်စိုက်ပျိုးကြကြောင်း၊ ဒေသတွင်းမှာ အနည်းငယ်သာထွက်ရှိ သဖြင့် ဈေးကွက်တွင် ရှမ်းပြည်နယ် အောင်ပန်း၊ ဟဲဟိုး၊ နာမ့်ဆန်မှအဝင်များကြောင်း၊ မိတ္ထီလာ ဈေးကွက်အတွင်းသို့ တစ်လလျှင်ကုန်ချိန်ပိဿာ(၂၅၀၀၀)မှ(၆၀၀၀၀)ခန့် ထိဝင်ရောက်လျက်ရှိ ကြောင်း၊ ချင်းဈေးနှုန်းအနေဖြင့် ပွဲရုံလက္ကားဈေး အနှိမ့်စတစ်ပိဿာလျှင်(၂၀၀၀)ကျပ် ၊အလတ်စ တစ်ပိဿာလျှင် (၂၅၀၀)ကျပ်၊ ထိပ်စတစ်ပိဿာလျှင်(၂၇၀၀)ကျပ်ဈေး၊ လက်လီ တစ်ပိဿာလျှင် (၄၀၀၀) ကျပ် ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်လနှင့်ကာလတူနှိုင်း ယှဉ်လျှင်ချင်း တစ်ပိဿာလျှင် (၅၀၀) ကျပ်ခန့်ဈေးနှုန်းအနည်းငယ်ကျဆင်းလာကြောင်း၊ ပြည်ပဝယ်လိုအားရှိလျှင် ဈေးနှုန်းမြင့် တက်လာနိုင် ကြောင်း ချင်းပွဲရုံများမှသိရပါသည်။

DOCA(မန္တလေး)

မော်လမြိုင်မြို့၏ ငါးဈေးနှုန်း အခြေအနေ

      မော်လမြိုင်မြို့၊ မြို့မဈေး၌ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (တတိယပတ်)တွင် ရေထွက်ငါး ဈေးနှုန်းအခြေအနေမှာ ငါးတန် တစ်ပိဿာလျှင် ကျပ် ၉၀၀၀၊ ငါးခုံးမ တစ်ပိဿာလျှင် ကျပ် ၇၈၀၀၊ ငါးကြင်း တစ်ပိဿာလျှင် ကျပ် ၁၀၈၀၀၊ ငါးကြင်းဖြူ (ဗိုက်ခွဲ)တစ်ပိဿာလျှင် ကျပ် ၁၈၀၀၀မှ ၂၁၂၀၀အတွင်း၊ ပါးထူး တစ်ပိဿာလျှင် ကျပ် ၈၇၀၀၊ ဆလားပီးယား တစ်ပိဿာလျှင် ကျပ်၁၅၃၀၀၀၀၊ ပလာတူး တစ်ပိဿာလျှင် ၈၅၀၀၊ ရွှေငါး တစ်ပိဿာလျှင် ကျပ် ၈၈၀၀ ငါးနှပ် တစ်ပိဿာလျှင် ကျပ် ၃၅၀၀၊ ငါးပျက် တစ်ပိဿာလျှင် ကျပ် ၁၀၅၀၀၊ ငါးကွမ်းရှပ် တစ်ပိဿာလျှင် ကျပ် ၁၆၀၀၀နှင့် ပုဇွန် အသေးအကြီးဈေးနှုန်းအားဖြင့် ကျပ် ၂၀၀၀၀ မှ ကျပ် ၅၀၀၀၀ ခန့်ထိ ဖြစ်ကြောင်း သိရသည်။ ၎င်းဈေးနှုန်းဖြင့် ငါး‌ဈေးကွက်တွင် ပုံမှန်အရောင်းအဝယ်ဖြစ်နေသည်။ ငါးဈေးနှုန်းမှာ ယခင်လ(တတိယပတ်)နှင့်နှိုင်းယှဉ်ပါက ယခုလတွင် ငါးဈေးနှုန်းများမှာ  တစ်ပိဿာလျှင် ၅၀၀ ကျပ်မှ ၁၀၀၀ ကျပ်ခန့် အတွင်း ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း