ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

၂၇.၆.၂၀၂၅ ရက်နေ့တွင် လှိုင်မြို့နယ် သီရိမင်္ဂလာဈေးကြီးတွင် ကုန်စိမ်း၊ ပန်းနှင့် သစ်သီးများ ဝင်ရောက်မှုအခြေအနေ

ဝက်သားဈေးတက်သော်လည်းရောင်းကောင်းလျက်ရှိ

ဝက်များကိုမွေးမြူရေးခြံများနှင့် အခြားတစ်နိုင်တပိုင် စီးပွားဖြစ်မွေးမြူကြသည်။ ဝက်များကို ယခင်တချိန်တပြည်ပ နယ်စပ်မြို့ကလေးများသို့ တင်ပို့ရောင်းချကြသည်။ယခုတွင်မူ ပြည်တွင်းစားသုံးရန် အတွက်သာ အရောင်းအဝယ်ဖြစ်လျက် ရှိကြသည်။ဝက်သားများကို အလှူများပြုလုပ်ရာတွင် ဝက်သားချက်ကို ချက်ပြုတ်ကျွေးမွေးကြသည်။ဝက်သားများကို ဝက်အူချောင်းပြုလုပ်၍လည်း စားသုံးကြပြီး အနယ်နယ်အရပ်ရပ်မြို့များ သို့လည်း တင်ပို့ရောင်းချကြသည်။ယခင်လက ဝက်သား ၁ ပိဿာလျှင်(၂၈၀၀၀-၃၀၀၀၀)ယခု (၃၀၀၀၀-၃၅၀၀၀)ကျပ် ဈေးတို့ဖြင့်ရောင်းချကြောင်း သိရှိရသည်။ဝက်အူချောင်း ၁ ပိဿာလျှင် (၅၀၀၀၀-၅၅၀၀၀)ကျပ်၊ ဝက်ဆီဖတ်များကို ဝက်ဆီဖတ်ကြော်ပြုလုပ်၍လည်း ရောင်းချကြပါသည်။ DOCA(မန္တလေး)

ရာသီစာနာနတ်သီး

မန္တလေးသစ်သီးဈေးကွက်အတွင်းသို့ သီပေါ၊ကုန်းသာမှ နာနတ်သီးများ အများအပြား ဝင်ရောက်လျက်ရှိပြီးမြို့တွင်းရှိသစ်သီးဆိုင်များ၊ ဖျော်ရည်ရောင်းချသည့်ဆိုင်များနှင့် အချဉ်ပေါင်း ရောင်းချသည့်ဆိုင်များတွင် ရာသီစာအဖြစ် အရောင်းသွက်လျက်ရှိကြောင်းသိရပါတယ်။ နာနတ်သီးသည် ရောင်းရမ်းမှုကို ကျစေခြင်း၊ ကိုယ်ခံစွမ်းအား မြင့်စေခြင်း၊ နှလုံးကျန်းမာရေး ပိုကောင်းစေခြင်း၊ အစာခြေရာတွင်ကူညီခြင်း၊အူနှင့်အစာအိမ်လမ်းကြောင်းကို ကောင်းမွန် အောင်လုပ်ဆောင်ပေးရာတွင် အလွန်အစွမ်းထက်သော သဘာဝသစ်သီးတစ်မျိုးဖြစ်ခြင်းတို့ ကြောင့် စားသုံးသူများပြီး မန္တလေး သစ်သီးဒိုင်များတွင် အလုံး(၃၀/၄၀)ပါ တစ်ခြင်းလျှင် ကျပ် (၃၀၀၀၀/- မှ ၅၀၀၀၀/-)ရှိပြီး၊ မြို့တွင် လမ်းဘေး နှင့်ဈေးများရှိ သစ်သီးဆိုင်များတွင် နာနတ်သီး တစ်လုံးလျှင် ၁၅၀၀/-၂၀၀၀/- ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါတယ်။ DOCA(မန္တလေး)

ဈေးကောင်းရနေသော မင်းကွတ်သီး

မင်းကွတ်သီးသည် ချိုချိုချဉ်ချဉ်အရသာရှိသောကြောင့် လူအများက အအီပြေစေသည့် အသီး အဖြစ် စားကြကြောင်း၊ ဒူးရင်းသီးနဲ့ မင်းကွတ်သီးတို့သည် အသီးပေါ်ချိန်ခြင်း တူသော ကြောင့် ဒူးရင်းသီး စားပြီး အီလျှင် မင်းကွတ်သီး ချဉ်ချဉ်လေးတွဲဖက်ပြီး စားသုံးကြကြောင်း၊ တစ်လုံးစားရုံနှင့် မဝနိုင်ဘဲ လေးငါးလုံးဆက်စားမှသာ တင်းတိမ်လေ့ရှိကြောင်း၊ လေ့လာသိရှိရပါသည်။မင်းကွတ်သီးသည်မည်သည့် သီးနှံနှင့်မတူညီဘဲ စားသုံးသူ၏ ဘဝင်နှလုံးကို အေးမြကြည်လင်စေသည့်အတွက် လူကြိုက်များကြ ကြောင်း သိရှိရပါသည်။ မင်းကွတ်သည် အသီးခူးပြီးမှ မှည့်သောအသီး (Crimactric Fruit) ဖြစ်သည်။ အသီးခူးရာ တွင် လက်ဖြင့်ခူးရန် လိုအပ်ပြီး မြေကြီးပေါ်မကျရန် သတိထားရပါသည်။၎င်းအသီးသည် ၂၄နာရီအတွင်း မှည့်ပြီး (၁)ပတ်ခန့် အထားခံပါသည်။ (၁၀-၂၀)နှစ်သား တစ်ပင်လျှင် အသီးထွက် ၁,၀၀၀ခန့် ရနိုင် ပါသည်။ အပင် Canopy ကြီးလာသည်နှင့် အမျှ အသီးအထွက်နှုန်းလည်း များလာမည်ဖြစ်သည်။ မင်းကွတ်သီးသည် အခြားသစ်သီးဝလံနှင့် နှိုင်းယှဉ်ပါက အရင်းကျေ အမြတ်ရခြင်း နောက်ကျ သော်လည်း ရေရှည်အတွက်မူ စိုက်ပျိုးသင့်သောသီးနှံဖြစ်သည်။ မင်းကွတ်ပင်သည် ဆောင်းရာသီ နိုဝင်ဘာလမှစ၍ ဖေဖော်ဝါရီလကုန်၊ မတ်လဆန်းအထိ အပွင့်များပွင့်ပြီး မိုးဦးနှင့် မိုးလယ်လများဖြစ်သော မေလမှ ဩဂုတ်လအတွင်း အသီးများမှည့်ကြသည်။ လက်ရှိကာလတွင် မော်လမြိုင်မှ မန္တလေးမြို့အတွင်းသို့ မော်လမြိုင်မြို့မှ ထွက်ရှိသောမင်းကွတ်သီးများ ဝင်ရောက် လျှက်ရှိပြီး တစ်လုံးလျှင် (၅၀၀)ကျပ်၊ ဆယ်လုံးလျှင် (၄၅၀၀)ကျပ်ဖြင့် ရောင်းချ လျှက်ရှိကြောင်း သိရှိ ရပါသည်။ DOCA(မန္တလေး)

ညမွှေးပန်းပျိုးပင်ဈေးကွက်

ညမွှေးပန်း၏ အဓိပ္ပာယ်သည် “အရာရာမင်းအတွက်ဖြစ်စေရမယ်”ဟူ၍ဖြစ်သည်။ ညမွှေးပန်းသည် စိမ်းနုရောင်ပန်းခိုင်လေးများ တစ်ပင်လုံးအူနေအောင် ပွင့်သောပန်းဖြစ်သည်။ ညမွှေးပန်းဟု အမည်နှင့်လိုက်အောင် နေခင်းပိုင်းတွင် လုံးဝမမွှေးဘဲ နေလုံးကွယ်ပျောက် ညချမ်းအချိန်အခါရောက်မှ မွှေးသောပန်းဖြစ်သည်။ ညမွှေးပန်း၏ ရနံ့သည် တစ်တောလုံး တစ်တောင်လုံး အီနေအောင်မွှေးသောပန်းဖြစ်သည်။ မွှေးလွန်းသော ညမွှေးပန်းရနံ့ကို လူတိုင်း မကြိုက်နှစ်သက်ပင်မဲ့ လမ်းဘေးဝဲယာ၊ အိမ်ခြံဝင်း ဘေးများတွင် နှစ်သက်စွာစိုက်ပျိုး တတ်ကြသည်။ မိုးများသော၊ အေးသောဒေသများတွင် ခြံစည်ရိုးပန်းအဖြစ် မိုးကုတ်၊ ပြင်ဦးလွင် ဒေသများတွင် စိုက်ပျိုးကြသည်။ မြေပြန့်ဒေသတွင် အနည်းငယ်သာစိုက်ပျိုးကြသည်။ ညမွှေးပန်းပင်သည် အမြဲစိမ်းခြုံနွယ်ပင်မျိုးဖြစ်ပြီး ညမှာပွင့်သည့် ညမွှေးပန်းလေးတွေက အလွန်ပြင်းထန်ပြီး ချိုအီသောရနံ့ကို ထုတ်ပေးကာ ဝတ်မှုန်ကူးမယ့် ညပျော်ဖလံအင်းဆက်တွေကို ဆွဲဆောင်နိုင်သည်။ ညမွှေးပန်း၏ ရနံ့သည် ပန်းနာရင်ကြပ်ရောဂါသည်များ အတွက် အသက်ရှူရန်ခက်ခဲသည် အထိဖြစ်ရသည်ဟုဆိုကြသည်။ နှာခေါင်း၊ လည်ချောင်းယာယံခြင်း၊ ခေါင်းကိုက်ခြင်းတွေ ဖြစ်နိုင်လို့တချို့က မကြိုက်နှစ်သက်ကြပါ မိုးကုန်ဆောင်းကူးရာသီတွင် ပွင့်တတ်ပါသည်။ မည်သို့ပင်ဆိုစေကာမူ ကြိုက်နှစ်သက်သူရှိသလို မကြိုက်နှစ်သက်သူလည်း ရှိတဲ့အတွက်ကြောင့် ရောင်းအားနည်းတယ်လို့ ဆိုပါတယ်။ ညမွှေးပန်းပျိုးပင်တစ်ပင်လျှင် (၂၀၀၀/၃၀၀၀/၅၀၀၀)ကျပ်ဖြင့်ရောင်းချလျက်ရှိကြောင်း ပန်းပျိုးပင်အရောင်းဆိုင်မှ သိရှိရသည်။ DOCA(မန္တလေး)

ဇီဇဝါပန်းပျိုးပင်ဈေးကွက်

ဇီဇဝါပန်းကလေး၏ အဓိပ္ပာယ်သည် “ဒီအတိုင်း တိတ်တိတ်လေး အများကြီး သဘောကျ ရပါတယ်” ဟု ဆိုလိုသည်။ ဇီဇဝါပန်းသည် အနံ့မွှေး၍ အဖြူရောင်ရှိသည်။ ဇီဇဝါသည် ပန်းပွင့်သော အလှပန်းပင်ဖြစ်သည်။ ဇီဇဝါပန်းရနံ့သည် အလွန်မွှေးကြိုင်ပြီး ရနံ့သင်းသင်း စံပယ်ပန်း ရနံ့နှင့်ဆင်တူပါသည်။ ဇီဇဝါပန်းလေးတွေက တန်ခူး၊ ကဆုန်၊ နယုန်လများတွင် ဝေဝေဆာဆာပွင့် တတ်ကြသည်။ ဇီဇဝါပန်းရနံ့သည် စိတ်ကို လုံခြုံစိတ်ချနွေးထွေးမှုရှိသည်ဟု ယူဆကြသည်။ စိတ်ခံစားမှုကောင်းစေပြီး စိတ်ဓာတ်ကျတာကို သက်သာစေပါသည်။ ဇီဇဝါပန်းလေးတွေ အရမ်း မွှေးပြီးလှပသော အဖြူရောင်ပန်းကလေးများဖြစ်ပြီး နွမ်းသွားသောအခါ အဝါရောင်ပြောင်းသွားပြီး နွမ်းလျသည်အထိ မွှေးပျံ့ဆဲဖြစ်ပါသည်။ ဇီဇဝါပန်းလေးတွေကို ချိုးယူပြီးဘုရားပန်းလှူခြင်း၊ အလှပန်းအိုး ထိုးခြင်းများ ပြုလုပ်နိုင်သလို ခေါင်းတွင်လည်း အလှပန်ဆင်နိုင်ပါသည်။ ဇီဇဝါပန်း ကလေးတွေရဲ့ အဆီအနှစ်က ရောင်ရမ်းမှုကို ကျစေပါသည်။ အသက်ရှူလမ်းကြောင်းကို သက်သောင့်သက်သာ ဖြစ်စေပါသည်။ ဦးနောက်ကိုကျန်းမာစေပြီး မှတ်ဉာဏ်စွမ်းအားကို ကောင်းမွန်စေပါသည်။ အသားအရေကိုလှပစေပါသည်။ ယခုလို လှပမွှေးပျံ့ပြီး ရနံ့သင်းသင်း ကျက်သရေရှိသော ဇီဇဝါပန်းပင်များကို အိမ်မှာအလှစိုက်ထားလျှင် ဘုရားပန်းလှူ၊ အလှပန်းအိုးထိုး၊ စိတ်ကိုကျန်းမာစေ၍ အမြတ်တနိုး ပန်ဆင်နိုင်ရန်အတွက် စိုက်ပျိုးထားသင့်ပါသည်။ ဇီဇဝါပန်း ပျိုးပင် ဗမာမျိုး နှင့်ယိုးဒယားမျိုး ဟူ၍ရှိပြီး ဇီဇဝါပန်းပျိုးပင်တစ်ပင်လျှင် (၅၀၀၀/၈၀၀၀/၁၅၀၀၀) ကျပ်ဖြင့်ရောင်းချလျက်ရှိကြောင်း ပန်းပျိုးပင်အရောင်းဆိုင်မှ သိရှိရသည်။ DOCA(မန္တလေး)

ယုဇနပန်းပျိုးပင်ဈေးကွက်

စိတ်ချမ်းသာလိုလျှင် ပန်းပင်စိုက်ပါ၊ ပန်းကလေးတွေက အရောင်အမျိုးမျိုး အဆင်းသွယ်သွယ်ဖြင့် မြင်ရသူတို့၏ ရင်ဝယ်အေးမြလန်းဆန်းစေပါသည်။ ထိုပန်းကလေးများထဲမှ ဖြူစင်ခြင်း၊ ရိုးသားခြင်း၊ တည်ကြည်ခြင်း အဓိပ္ပာယ်ကို ဆောင်သော အဖြူရောင်ပန်းကလေးများစွာ ရှိပါသည်။ စပယ်ပန်း၊ ဇွန်ပန်း၊ ဇီဇဝါပန်း၊ ဇလပ်ဖြူ၊တတိုင်မွှေး၊ နှင်းပန်း၊ သစ္စာပန်း စသည်ဖြင့် အဖြူရောင်ပန်းပွင့်သော အပင်များစွာရှိပါသည်။ ထိုထဲကမှ အဖြူရောင်းအပွင့်သေးသေးလေးမျာ အူခဲနေအောင် ပွင့်တတ်သော ယုဇနပန်းပင်ကလေးများကလည်း ရောင်းပန်သာ၍ ဝယ်ပန်းလှနေကြပါသည်။ ယုဇနပန်းကလေးများသည် ရနံ့သင်းသင်းကလေးများနှင့် လှပစွာ ပွင့်တတ်ပြီး လူတို့၏ စိတ်ကို ချမ်းမြေ့စွာ စွမ်းဆောင်နိုင်ပါသည်။ ယုဇနပန်းအိုးလေး မိမိအိပ်ယာဘေးထားပြီး ပန်းရနံ့လေးရှုရှိုက်ပြီး အိပ်ပါက စိတ်ကြည်လင်လန်းဆန်းပြီး နှစ်ခြိုက်စွာ အိပ်ပျော်နိုင်ပါသည်။ ယုဇနပန်းကလေးများက “ကံကောင်းခြင်းနှင့် အကောင်းမြင်ဝါဒကို ကိုယ်စားပြုသည်” ဟု အဓိပ္ပာယ်ဆောင်ပါသည်။ ဘဝမှာ ပံ့ပိုးကူညီမှုနှင့် စိတ်အားထက်သန်မှု လိုအပ်နေသူတွေအတွက် ယုဇနပန်းက လက်ဆောင်မွန်ကောင်းဖြစ်သည်။ ယုဇနပန်း( Orange Jamine) ပင်ကို လူကြိုက်များပြီး စိုက်ပျိုးမှုများသောကြောင့် ရောင်းအားကောင်းလျှက်ရှိကြောင်း သိရှိရသည်။ ယုဇနပန်းပျိုးပင် တစ်ပင်လျှင် (၂၀၀၀/၅၀၀၀) ကျပ်ဖြင့် ရောင်းချလျှက်ရှိကြောင်း ပန်းပျိုးပင်အရောင်းဆိုင်မှ သိရှိရသည်။ DOCA(မန္တလေး)

ငုဝါပန်းပျိုးပင်ဈေးကွက်

အဝါရောင်သည် ပျော်ရွှင်ခြင်း၊ ရယ်မောခြင်း၊ မျှော်လင့်ချက်ရဲ့ နေရောင်ခြည်ကို နွေးထွေးခြင်းဆိုတဲ့ အဓိပ္ပာယ်ကို ဆောင်ပါသည်။ အကောင်းမြင်ခြင်းနှင့် စိတ်ပျော်ရွှင်တက်ကြွခြင်းကို ပေးစွမ်းနိုင်ပါသည်။ အဝါရောင်သည် လင်းလွန်းသောကြောင့် စိတ်ကိုကြည်လင်လန်းဆန်းစေပါသည်။ ငုဝါပန်းများကလည်း အဝါရောင်ဆွဲလွဲအခိုင်လိုက်တွေ တစ်ပင်လုံးအူနေအောင် ပွင့်တတ်သည်။ သင်္ကြန်မိုးကလေးပြီးကတည်းက ပွင့်လန်းခဲ့သည့် စိန်ပန်းနီ၊ စိန်ပန်းပြာတွေ၊ ငုဝါပန်းတွေ၊ ငုစပ်ပန်းတွေက ယခုလိုကျောင်းဖွင့် ရာသီအချိန်ကာလတွင် တချို့ပန်းခိုင်က ကြွေကျမြေမှာ ကြဲပြန့်နေပြီး နောက်တစ်ပြန်ပွင့်တဲ့ စိန်ပန်းနီတွေကတော့ ပွင့်လျှက်ကျန်နေပါသည်။ ငုဝါပန်းက နွေရာသီရဲ့ ရာသီပန်းဖြစ်သည်။ ထင်သာမြင်သာအောင် ပွင့်သောကြောင့် လမ်းဘေးဝဲယာ၊ ကျောင်းကန်ဘုရား၊ ခြံဝန်း၊ပန်းခြံ စသည်ဖြင့် အရိပ်ရအလှပင် အဖြစ် စိုက်ပျိုးကြသည်။ ငုဝါပန်းများကို ဘုရားကျောင်းအိမ်တွင် ချိတ်ဆွဲထားက ပျော်ရွှင်ခြင်းနှင့် ကံကောင်းခြင်းတွေကို သယ်ဆောင်ပေးနိုင်သည်ဟု ဆိုသည်။ မြန်မာနိုင်ငံ၏ နှစ်သစ်ကို ကံကောင်းခြင်းများစွာနှင့် ကြိုဆိုကာ ပွင့်လန်းသောပန်းများဖြစ်သ◌ည်။ ငုဝါပန်းပွင့်များကို မြင်ရသူအဖို့ ရင်ဝယ်နွေးထွေးမှုကို ရစေပါသည်။ ငုဝါအသီး၊ အခေါက်၊အရွက်များကို တိုင်းရင်းဆေးဖော်စပ်ရာတွင် အသုံးပြုကြောင်း သိရှိရသည်။ ပိတောက်နှင့် ငုဝါပန်းသည် အဝါရောင် ပွင့်လန်းသော ပန်းများဖြစ်ပြီး အပြိုင်လှရင်နိုင်လွန်းပြီး လူတို့နှစ်သက်မြတ်နိုးအပ်သော ပန်းကလေးများဖြစ်သည့်အတွက် စိုက်ပျိုးသင့်ပါသည်။ ငုဝါပန်းပျိုးပင်တစ်ပင်လျှင် (၂၀၀၀/၃၀၀၀/၅၀၀၀)ကျပ်ဖြင့် ရောင်းချလျှက်ရှိကြောင်း ပန်းပျိုးပင်အရောင်းဆိုင်မှ သိရှိရသည်။ DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း