ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တောင်ငူမြို့တွင် တပိုင်တနိုင် သပြေစိုက်ပျိုးရေးမှ မိသားစုအပိုဝင်ငွေရ

            ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ဆင်ခြေဖုံးရပ်ကွက်များနှင် ကျေးရွာအချို့တွင် မြေကွက်လပ်နေရာများနှင့် ခြံ၀င်းအတွင်း သပြေပင်များစိုက်ပျိုးထားရှိရာ တစ်နိုင်တစ်ပိုင်စိုက်ပျိုးခြင်းဖြင့် မိသားစုအပို၀င်ငွေရရှိကြောင်း သိရပါသည်။

         မြန်မာလူမျိုးအများစုသည် နေအိမ်ရှိဘုရားကျောင်းဆောင်တော်၌ အောင်သပြေပန်းများကို ကပ်လှူပူဇော်ထားရာ သပြေပန်း(သပြေညွန့်)များသည် ဈေးကွက်အတွင်း၌ ရောင်းအား ကောင်းလျက်ရှိပါသည်။ ဘုရားပန်းဈေးကွက်တွင် မြန်မာသပြေဟုခေါ်သော အောင်သပြေငုတ်များနှင့် အညွန့်ကလေးများ ရဲရဲတောက်နေအောင်လှသော အောင်သပြေညွန့်များမှာ နေရာယူလျက်ရှိပါသည်။

           သပြေငုတ်မှာ တာရှည်ခံသဖြင့် အောင်သပြေပန်းကပ်လှူသူအများစုက နှစ်သက်ကြပါသည်။ အာဆီယံသပြေမှာ လှပသော်လည်း သုံးရက်ခန့်သာအထားခံသဖြင့် အလှပန်းထိုးသူများ ပို၍ ဝယ်ယူကြပါသည်။

          သပြေလုံးများသည် ယခင်ကတစ်ပင်လျှင်  ၅၀၀ ကျပ်မှ ၁၀၀၀ ကျပ်အထိသာရှိသော်လည်း ယခုအခါ တစ်ပင်လျှင် ၁၅၀၀ ကျပ်မှ ၂၀၀၀ ကျပ်အထိ ရောင်းချရကြောင်း၊ အာဆီယံ သပြေညွန့်မှာ တစ်စည်းလျှင် ၈၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း တောင်ငူမြို့ညောင်ပင်ဈေးရှိ ဘုရားပန်းအရောင်းဆိုင်များမှ သိရှိရပါသည်။

DOCA(ပဲခူး)

သန့်ရှင်းလတ်ဆက်သော ပဲခူးမြို့မှ ချစ်စရာ WOW အာလူးကြော်

လူမျိုးဘာသာမရွေး ခရီးသွားရင်း၊ ရုပ်ရှင်ကြည့်ရင်း စားသုံးကြသည့် သားရေစာများထဲတွင် အာလူးကြော်သည်လည်း အပါအဝင်ဖြစ်ပြီး ချစ်စရာ WOW အာလူးကြော်ကို ပဲခူးမြို့၊ ညောင်အင်းကျေးရွာ ဝတုတ်ကြီးအကြော်စုံလုပ်ငန်းမှ ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိပြီး အာလူးကြော်ရန်အတွက် ရှမ်းပြည်နယ်၊ အောင်ပန်းဒေသမှထွက်ရှိသော အကောင်းဆုံးအမျိုးအစားထဲမှ ရွှေဝါရောင်အာလူးအမျိုးအစားကိုရွေးချယ်ဝယ်ယူ၍ ရေသန့်စင်အောင်ဆေး၍ အခွံခွာပြီး အာလူးများအား အပါးပြားလှီးခြင်း၊ စကာကွက်လှီးခြင်းနှင့် အချောင်းလိုက်လှီးခြင်းဖြင့် ပုံစံ(၃)မျိုးအား အချိုနှင့်အစပ်ဟူ၍ နှစ်မျိုးကြော်၍ ပါဝင်ပစ္စည်းများအနေဖြင့် စားအုန်းဆီ၊ ဆား၊ ဟင်းခတ်မှုန့်တို့ကိုသာအသုံးပြုကြောင်းသိရှိရသည်။ ပါးပါးလှီးထားသော အာလူးပြားများအား ရေနှင့်စင်အောင်ဆေးကာ စက်ဖြင့် ရေစင်အောင် စစ်ထုတ်၍ ကြော်ပြီး ဘူးသွပ်၍ ရောင်းချလျက်ရှိကြောင်းသိရှိရသည်။ သြဂုတ်လ၊ ဒုတိယအပတ်တွင် အာလူးကြော် (၃၀၀)ဂရမ်တစ်ဘူးလျှင် ကျပ်(၅၀၀၀)ဖြင့် ရောင်းချလျက်ရှိပြီး အာလူးကြော်ရန်အတွက် တစ်ရက်လျှင် လုပ်သား(၁၀)ဦးဖြင့် အာလူး(၃၀)ပိဿာအိတ် ၃၀ခန့်အား စားသုံးဆီ ၁၀ပိဿာခန့် အသုံးပြု၍ ကြော်ရပြီး အာလူး (၃၀) ပိဿာဝင်တစ်အိတ်လျှင် အာလူးကြော် ၇ပိဿာနီးပါးခန့်ထွက်ရှိပြီး (၂၀၀၀၀)ကျပ်ခန့်အမြတ်ကျန်ကြောင်းသိရှိရသည်။ ချစ်စရာ Wow အာလူးကြော်များအား ပဲခူး၊ ရန်ကုန်၊ ပုသိမ်မြို့များသို့ အဓိကဖြန့်ချိတင်ပို့ရောင်းချလျက်ရှိပြီး ပဲခူးမြို့ ဒေသထွက်ကုန်များ အရောင်းစင်တာတွင် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)

ပဲခူးမြို့ဒေသထွက် ငါးရံ့ခြောက်

ပဲခူးတိုင်းဒေသကြီးသည် စိုက်ပျိုးရေးကို အဓိကထားသော တိုင်းတစ်တိုင်းဖြစ်သည်နှင့်အညီ မြစ်ချောင်း၊ အင်းအိုင်ပေါများသောကြောင့် ရေထွက်ပစ္စည်းများဖြစ်သော ငါးပိ၊ ငါးချဉ်၊ ငါးခြောက်များလည်းထွက်သည့်အပြင် ပဲခူးဒေသထွက် ငါးရံ့ခြောက်သည်လည်း ဆားပေါ့၍ အပေါ့ခြောက်ဖြစ်သည့်အတွက် လူကြီး၊ လူငယ်၊ ကလေး၊ သွေးတိုး၊ ဆီးချိုသမားပါမကျန် စားသုံးနိုင်သောကြောင့် လက်ဆောင်ပေးခြင်းအတွက်ကြောင့်သော်လည်းကောင်း၊ ကိုယ်တိုင်စားသုံးရန်အတွက်သော်လည်းကောင်း ဝယ်ယူလျက်ရှိကြသည်။
ငါးရံ့ခြောက်ပြုလုပ်ရာတွင် ငါးရံ့များကို ပဲခူးမြို့နယ်၊ ဒိုက်ဦးမြို့နယ်၊ ဝေါမြို့နယ်၊ သနပ်ပင်မြို့နယ်များရှိ ရေချိုအင်း၊ အိုင်များမှ အများဆုံးရရှိလျက်ရှိပြီး ရရှိလာသောငါးရံ့များကို အကြေးထိုး၊ ခေါင်းဖြတ်၊ ဗိုက်ခွဲအူထုတ်ပြီး ခွဲသည့်အခါ ပုံကျအောင် စနစ်တကျခွဲရသည်။ ခွဲပြီးသောငါးရံ့များကို ငါးရံ့အစိမ်း ပိဿာ၁၀၀လျှင် ဆား ၃ပိဿာ ၅၀ကျပ်သားနှုန်းဖြင့်နှပ်ပြီး တစ်ညစိမ်ရကာ နံနက်ရောက်လျှင် ရေစင်အောင်လေးထပ်ခန့်ဆေးပြီး နေလှန်းရသည်။ နေလှန်းသည့်အခါ နွေဆိုလျှင် နှစ်ရက်ခန့်ခြောက်ပြီး ဆောင်းနှင့်မိုးရာသီရောက်လျှင် မီးအပူဖြင့် ကြပ်တင်၍ ခြောက်အောင်လှန်းရသည်။
ငါးရံ့ခြောက်ပြုလုပ်ရာတွင် ငါးရံ့အစိုတစ်ပိဿာလျှင် ၁၈၀၀၀ကျပ်မှ ၂၀၀၀၀ကျပ်အထိ အကောင်အကြီး၊ အသေးပေါ်မူတည်၍ ဝယ်ယူရပြီး အဆိုပါ ငါးအစိုတစ်ပိဿာအား ခွဲခြမ်းပြီး နေလှန်းရာတွင် ငါးခြောက်အဖြစ် ၂၅ကျပ်သား၊ ၃၀ ကျပ်သားခန့်ထွက်ရှိသည်။
ငါးရံ့ခြောက်ထုတ်လုပ်သူများအနေဖြင့် ငါးအစိုတစ်ပိဿာကို အခြောက်ပြုလုပ်ရာတွင် ခန့်မှန်းကုန်ကျငွေ ၄၀၀၀၀ကျပ်ဖြစ်ပြီး ငါးရံ့ခြောက်တစ်ပိဿာကို ကျပ် ၇၅၀၀၀မှ ၈၀၀၀၀ကျပ်ဈေးအထိရောင်းချလျက်ရှိသည်။ ဒေသထွက်ငါးရံ့ခြောက်များကို နယ်ဘက်များအပြင် မန္တလေး၊ နေပြည်တော် စသည့်ဒေသများအပြင် အခြားဒေသများသို့လည်း ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)

တောင်ငူမြို့မှ ခြံထွက်ဘူးသီးနှင့်ဘူးညွန့်များ ဈေးကောင်းရ

             ဘူးသီးသည် မြန်မာ့ခြံထွက် သစ်သီးဝလံတစ်မျိုးဖြစ်ပါသည်။ တောင်ငူမြို့အနီးရှိ ကျေးရွာများတွင် ဘူးပင်များကို တပိုင်တနိုင်စိုက်ပျိုးကြသူများ အပိုဝင်ငွေ ရရှိကြပါသည်။ ယခုအခါတွင် ဘူးသီးများလှိုင်လှိုင်ပေါ်နေပြီဖြစ်ရာ တောင်ငူမြို့ပေါ်ရှိ ဈေးများတွင် ရောင်းချလျက်ရှိနေပါသည်။

            ဘူးသီးကို အသားဟင်းနှင့်ရော၍ ချက်စားပါသည်။ မြန်မာ့ရိုးရာ ဘူးသီးကြော်သည်လည်း လူအများကြိုက်သည့် အကြော်တစ်မျိုးဖြစ်ပါသည်။ တောင်ငူမြို့ရပ်ကွက်တိုင်းလိုလိုပင် အကြော်ဆိုင် များရှိရာ ဘူးသီးသည် ရောင်းအားကောင်းလျက်ရှိပါသည်။

           ဘူးသီးအပြင် ဘူးညွန့်ကိုလည်း ကြော်၍ဖြစ်စေ၊ အရည်သောက်ဟင်းချက်၍ဖြစ်စေ စားသုံးကြပါသည်။ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လတတိယအပတ်တွင် တောင်ငူမြို့ညောင်ပင်ဈေးတွင် ဘူးသီး တစ်လုံးလျှင် ၂၀၀၀ ကျပ်နှင့် ဘူးညွန့်တစ်စည်းလျှင် ၇၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ဟင်းသီးဟင်းရွက်ဆိုင်များမှ သိရှိရပါသည်။

DOCA(ပဲခူး)

သနပ္ပင်မြို့နယ်အတွင်း အသားတိုးကြက်မွေးမြူရေးလုပ်ငန်းများ တွက်ခြေကိုက်

ဈေးကွက်အတွင်း ကြက်သားနှင့် ကြက်ဥဈေးနှုန်းများကောင်းနေသောကြောင့် ပဲခူးတိုင်းဒေသကြီး၊ သနပွင်မြို့နယ်အတွင်း အသားတိုးကြက်နှင့် ဥစားကြက်မွေးမြူရေးလုပ်ငန်းများကို ပိုမိုတိုးချဲ့လုပ်ကိုင်လာကြကြောင်းသိရှိရသည်။ ထိုသို့ ကြက်မွေးမြူရေးခြံများ ပိုမိုများပြားလာသည့်အနက် အသားတိုးကြက်မွေးမြူရေးလုပ်ငန်းသည် အချိန်တိုအတွင်း အကျိုးအမြတ်ရရှိနိုင်သောကြောင့် ဥစားကြက်မွေးမြူရေးလုပ်ငန်းထက် ပိုမိုတွင်ကျယ်စွာလုပ်ကိုင်လာကြကြောင်း သိရှိရသည်။ မွေးမြူသူများအနေဖြင့်လည်း အသားတိုးကြက်မွေးမြူရာတွင် တစ်နိုင်တစ်ပိုင် အကောင်ရေ (၅၀၀/၁၀၀၀) မွေးမြူသူများရှိပြီး အကောင်ရေ (၃၀၀၀/၅၀၀၀/၁၀၀၀၀) ထိ စီးပွားဖြစ်မွေးမြူသူများလည်းရှိကြောင်းသိရှိရပါသည်။ အသားတိုးကြက်အနေဖြင့် သားပေါက်မှ ရောင်းချရသည့်အထိ ၄၅ရက်သာ ကြာမြင့်သောကြောင့် အချိန်တိုတိုနှင့် အမြတ်အစွန်းများများရရှိကြောင်း၊ ၄၅ရက်သား ကြက်တစ်ကောင်လျှင် ပိဿာချိန် ၁ပိဿာ ၅၀ကျပ်သားခန့်ရရှိပြီး ထုတ်လုပ်မှုကုန်ကျစရိတ်အနေဖြင့် အစားအစာ၊ ဆေးဝါး၊ လုပ်သားခအပါအဝင် ၉၀၀၀ကျပ်ခန့်ကုန်ကျကြောင်းသိရှိရသည်။ လက်ရှိပေါက်ဈေးအနေဖြင့် ကြက်သားဈေးကောင်းရရှိနေ၍ ၁ပိဿာလျှင် ၁၂၀၀၀ကျပ်ခန့်ရရှိနေပြီး အချိန်တိုအတွင်း အကျိုးအမြတ်ရရှိသော လုပ်ငန်းဖြစ်ကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)

ပေါင်မြို့နယ်၌ တိုင်ထောင် ပဲတောင့်ရှည်များ ဈေးကောင်းရရှိ၍ စီးပွားဖြစ် စိုက်ပျိုးလာ

    မွန်ပြည်နယ် ပေါင်မြို့နယ်အနီး ဝန်းကျင်နှင့်ကျေးလက်ဒေသများတွင် တိုင်ထောင် ပဲတောင့်ရှည်စိုက်တောင်သူများ ဈေးကောင်းရရှိသဖြင့် မိသားစုတစ်ပိုင်တစ်နိုင် စိုက်ပျိုးရာမှ စီးပွားဖြစ် တိုးချဲ့စိုက်ပျိုးလာကြကြောင်း သိရသည်။

   တိုင်ထောင်ပဲတောင့်ရှည်ပင်များကို မစိုက်မီမြောင်းပေါင်ကို အရင်ဆုံးပြုပြင်ရပြီး စိုက်ပေါင်များအတွင်း မြေခံကြက်ချေး သို့မဟုတ် နွားချေးနှင့် ဆန်စက်မှရရှိသည့် ဖွဲမှုန့်များကို ရောစပ်ထည့်ပေးရကြောင်း၊ ပဲမျိုးစေ့များကို အစေ့ချစနစ်ဖြင့် စိုက်ပျိုးကာ တစ်ပင်နှင့်တစ်ပင် တစ်တောင်ခြား စိုက်ပျိုးရကြောင်း၊ အပင်ကြီးထွားမှုနှင့် လေဝင်လေထွက်ကောင်းရန် ဂရုစိုက်ရပြီး ရက် (၄၀) ခန့်အကြာတွင် စတင်အသီးသီးကာ ရက် (၅၀) ကြာလျှင် အသီးလှိုင်လှိုင် ထွက်ရှိကြောင်းနှင့် နှစ်ရက်ခြားတစ်ခါခူး၍ ရောင်းချရပြီး နှစ်လကြာအထိ ခူးဆွတ်ရောင်းချရပြီး တိုင်ထောင်ပဲတောင့်ရှည်ပင်များကို ရာသီမရွေး စိုက်ပျိုးရကြောင်း၊ ဒေသပေါက်စျေး တစ်ပိဿာလျှင် (၅၀၀၀) ဆယ်တောင့်တစ်စည်းလျှင် ငွေကျပ် (၅၀၀) ရရှိကြောင်း တောင်သူတစ်ဦးထံမှ သိရသည်။

DOCA(မွန်)

ဈေးနှုန်းမြင့်တက်လာသော မော်လမြိုင်မြို့ရှိ ကြက်ဥဘဲဥ ဈေးကွက်ဈေးနှုန်း

    မော်လမြိုင်မြို့ ဈေးကွက်အတွင်း၌ အောက်တိုဘာလ (တတိယပတ်)တွင် ကြက်ဥဘဲဥ ဈေးနှုန်းမြင့်တက်လာသည်။  ယခင် (စက်တင်ဘာလ)တွင် ကြက်ဥတစ်လုံး ၃၂၀ ကျပ်၊ ဘဲဥတစ်လုံး ၄၅၀ ကျပ်ဖြစ်ခဲ့ရာမှ  ယခုလ အောက်တိုဘာလ(တတိယပတ်) တွင် ကြက်ဥတစ်လုံး ၃၅၀မှ ၄၀၀ကျပ် ၊ ဘဲဥတစ်လုံး ၅၂၀မှ ၅၅၀ကျပ် ဖြစ်ပေါ်နေသည်။ ထို့ကြောင့် မော်လမြိုင်ဒေသ၏ ကြက်ဥဘဲဥဈေးနှုန်းမှာ  တစ်လုံးဈေးနှုန်းအရ ကြက်ဥဈေး ၃၀ ကျပ်နှင့် ဘဲဥဈေး  ၁၀၀ ကျပ်  ဈေးနှုန်းမြင့်တက်မှုရှိကြောင်း  ကြက်ဥဘဲဥ အရောင်းဆိုင်များမှ သိရှိရပါသည်။

     အောက်တိုဘာလအတွင်း အရောင်းအဝယ်အနေဖြင့် ကြက်ဥဘဲဥကို နေ့စဉ် စားသုံးမှု လျော့နည်းမှုမရှိဘဲ ပုံမှန်အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။ ကြက်ဥဘဲဥစားသုံးခြင်းဖြင့်  ပရိုတိန်းဓာတ်၊ အမိုင်နိုအက်ဆစ်ဓာတ်နှင့် အာဟာရဓာတ်များစွာ ရရှိနိုင်ပါသည်။

DOCA(မွန်)

ရွှေဘိုမြို့တွင် အစေ့ထုတ်ပြောင်းဈေးငြိမ်နေ

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင် ဦးစီးမှူးရုံးအနေဖြင့် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှုတင်း/ တန်စာရင်းတို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရာ အောက်တိုဘာလ၊ ပထမအပတ်အတွင်း အရောင်းအဝယ်ဖြစ်သည့် သီးနှံနှင့်ဈေးနှုန်းအခြေအနေများကို ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့်ဆက်သွယ်မေးမြန်းခဲ့ပါသည်။ အစေ့ထုတ်ပြောင်းမှာ စက်တင်ဘာလ၊ ဒုတိယအပတ်မှစတင်၍ ရွှေဘိုဈေးကွက်သို့ စတင်ဝင်ရောက်ခဲ့ပြီး အောက်တိုဘာလ၊ တတိယအပတ်တွင် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းမှာ အစေ့ထုတ်ပြောင်းတစ်တင်းလျှင် (၂၃၅၀ဝိ/-)ကျပ်ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်း အရောင်းအဝယ်ဖြစ်မှုမှာ (၆၃၀၀)တင်း/ (၁၅၇)တန်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ အစေ့ထုတ်ပြောင်းတစ်တင်းလျှင် (၂၃၅၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်နှင့် ယခင်အပတ်အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီပြီး ဈေးငြိမ်နေကြောင်း၊ ယခင်နှစ်ကာလတူနှင့် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်နှစ်ကာလတူ၌ အစေ့ထုတ်ပြောင်းတစ်တင်းလျှင် (၁၆၃၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခုနှစ်တွင် ယခင်နှစ်ကာလတူထက် အစေ့ထုတ်ပြောင်းတစ်တင်းလျှင် (၇၂၀ဝိ/-)ကျပ်ဈေးပိုမိုရရှိခဲ့ကြောင်း၊ ရွှေဘိုဈေးကွက်သို့ အစေ့ထုတ်ပြောင်းများ ဝင်ရောက်သမျှ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)

အောက်တိုဘာလအတွင်း မော်လမြိုင်မြို့သို့ ကြက်သွန်နီ စီးဝင်စီးထွက်မှုနှင့် ဈေးနှုန်းအခြေအနေ

     မွန်ပြည်နယ် မော်လမြိုင်မြို့သို့ အောက်တိုဘာလ (တတိယပတ်)ထိ ကြက်သွန်နီ စီးဝင်မှုမှာ(မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး) တို့မှ စီးဝင်မှု  စုစုပေါင်း ( ၈၂၆၃၂) အိတ် ပိဿာအားဖြင့် ( ၈၂၆၃၂၀ ပိဿာ)စီးဝင်ခဲ့ပြီး ယင်းမှ မော်လမြိုင်မြို့မှ စီးထွက်မှုမှာ စုစုပေါင်း ( ၅၂၆၃၂) အိတ် ပိဿာအားဖြင့်  ( ၅၂၆၃၂၀ ပိဿာ)စီးထွက်ခဲ့ပြီး ကရင်ပြည်နယ်၊ ဘားအံမြို့၊ ကြာအင်းဆိပ်ကြီးမြို့နှင့်  မုဒုံမြို့၊ ကျိုက်ခမီ၊ ရေး၊ သံဖြူဇရပ်မြို့များသို့ စီးထွက်ခဲ့ကြောင်း မော်လမြိုင် ကြက်သွန်နီပွဲရုံနှင့် ကုန်စည်ဒိုင်မှ သိရသည်။

      ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (တတိယပတ်)တွင် ကြက်သွန်နီ ဈေးနှုန်း အခြေအနေမှာ မလှိုင်ကြက်သွန်နီ(အကြီး) တစ်ပိဿာလျှင် ကျပ် ၃၀၀၀၊ မလှိုင်ကြက် သွန်နီ(အလတ်)တစ်ပိဿာလျှင် ကျပ်၂၉၀၀၊ မလှိုင်ကြက်သွန်နီ(အငယ်)တစ်ပိဿာလျှင် ကျပ်၂၄၀၀၊ မုံရွာသွန်နီ(အကြီး)တစ်ပိဿာလျှင် ကျပ်၃၁၀၀၊ မုံရွာကြက်သွန်နီ(အလတ်) တစ်ပိဿာလျှင် ကျပ် ၃၀၀၀၊ မုံရွာကြက်သွန်နီ (အငယ်) တစ်ပိဿာလျှင် ကျပ်၂၅၀၀ ဖြစ်သည်။ အဆိုပါ ကြက်သွန်နီဈေးနှုန်းမှာ ယခင်စက်တင်ဘာလ(တတိယပတ်)နှင့် နှိုင်းယှဉ်ပါက ယခုလ(တတိယပတ်)ထိ တစ်ပိဿာလျှင် ကျပ် ၄၀၀မှ ၇၀၀ကျပ်ခန့် ဈေးနှုန်းမြင့်တတ်လာကြောင်း သိရှိရပါသည်။

DOCA(မွန်)

ကန့်ဘလူမြို့နယ်တွင် ကြက်သွန်နီဈေးနှုန်းများ မြင့်တက်လျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများဖြစ်သည့် စပါး၊ပဲမျိုးစုံနှင့် ဆီထွက်သီးနှံတို့ကို အဓိကစိုက်ပျိုးလျက်ရှိပြီး ရာသီပေါ်သီးနှံများနှင့် စားဖိုဆောင်သီးနှံများကိုလည်းစိုက်ပျိုးကြသည်။
ယခုအခါ ကန့်ဘလူမြို့နယ်အတွင်းရှိ ကာဘိုးကျေးရွာနှင့် အနီးကျေးရွာများရှိ ကြက်သွန်စိုက်တောင်သူများထံမှ ဈေးကွက်အတွင်း ဝင်ရောက်လျက်ရှိကြောင်း သိရသည်။ ၂၀၂၄ခုနှစ်၊ အောက်တို ဘာလ ဒုတိယပတ်အတွင်း၌ ကြက်သွန်နီတစ်ပိဿာလျှင် ငွေကျပ် ၂၀၀၀-၂၂၀၀ ရှိခဲ့ရာ ယခုလ စတုတ္ထပတ်တွင် ကြက်သွန်နီတစ်ပိဿာလျှင် ငွေကျပ် ၂၈၀၀-၃၀၀၀ ဖြင့်ရောင်းချကြောင်း၊ ကြက်သွန်နီတစ်ပိဿာလျင် ငွေကျပ်၈၀၀ခန့်မြင့်တက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူ မြို့မဈေးရှိ ကြက်သွန်နီနှင့် ကုန်မျိုးစုံရောင်းဝယ်ရေးလုပ်ငန်းရှင်ထံမှသိရပါသည်။
DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း