ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

သာယာဝတီခရိုင်အတွင်း မတ်ပဲဈေးနှုန်းနှင့်စီးထွက်မှု

             ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များတွင် မတ်ပဲဈေးနှုန်းများမှာ စက်တင်ဘာလနောက်ဆုံးသီတင်းပတ်တွင် ပိဿာ (၂၀) တစ်တင်းလျှင် အနိမ့်ဆုံး (၁၃၀၀၀၀) ကျပ်မှ အမြင့်ဆုံး (၁၃၁၀၀၀) ကျပ်ထိရှိပြီး ယခုအောက်တိုဘာလ ဒုတိယပတ်အတွင်းတွင် ပိဿာ ၂၀ တစ်တင်းလျှင် (၁၂၁၀၀၀)ကျပ်ခန့်မှ (၁၂၁၄၀၀) ကျပ်ထိရှိပါသည်။ မတ်ပဲများတင်ပို့မှုအနေဖြင့် စက်တင်ဘာလတစ်လလုံးတွင် ရန်ကုန်မြို့သို့ (၁၅၇၄၀၀) အိတ်ခန့်တင်ပို့နိုင်ခဲ့ပါသည်။ ယခု အောက်တိုဘာလ ဒုတိယသီတင်းပတ်ထိ  တင်ပို့မှုအနေဖြင့် (၇၃၀၀၀)အိတ်ခန့် တင်ပို့နိုင်ခဲ့ကြောင်း သိရှိရပါသည်။

 DOCA(ပဲခူး)

ပေါက်ခေါင်းမြို့၏ ခရမ်းကြွပ်သီးစိုက်ပျိုးမှုနှင့် ထွက်ရှိမှု

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ သဖန်းချိုအုပ်စု၊ လေးကြီးကျေးရွာတွင် ခရမ်းကြွပ်သီးများစိုက်ပျိုးထားရှိသဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးရှိ တာဝန်ရှိသူများနှင့် မြို့နယ်တာဝန်ခံတို့သည် (၂၁-၁၀-၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် သွားရောက်၍ ကွင်းဆင်းလေ့လာခဲ့ပါသည်။ အဆိုပါ ခရမ်းကြွပ်သီးကို ဧက(.၂၅) စိုက်ပျိုးထားရှိ သော တောင်သူ ဦးဇော်မင်းနှင့်တွေ့ဆုံ၍ မေးမြန်းရာ အပင်ပေါင်း (၂၀၀၀)ခန့်ရှိပြီး စိုက်ပျိုးထုတ်လုပ်ကုန်ကျစရိတ်အနေဖြင့် (၅)သိန်းကျပ်ခန့်ကုန်ကျကြောင်းသိရှိရပြီး ထွက်ပေါ်ချိန်တွင် အသီးခူး ဆွတ်ရာ (၃)ရက်ခြားတစ်ခါခူးဆွတ်ရပြီး တစ်ကြိမ်ခူးဆွတ်လျှင် အလုံးရေ (၁)သောင်းခန့်ခူးဆွတ်ရရှိကြောင်းသိရပါသည်။ ခရမ်းကြွပ်သီးများကိုခူးဆွတ်ရာတွင် ခူးဆွတ်ချိန် (၁)လခွဲခန့်ကြာမြင့်ပြီး အကြိမ်ရေမှာ ပျမ်းမျှ (၁၅)ကြိမ်ခန့်ခူးဆွတ်ရောင်းချနိုင်ကြကြောင်းသိရှိရပါသည်။ ခရမ်းကြွပ်သီးများထွက်ပေါ်ချိန်တွင် ကုန်စိမ်းပွဲစားများက စိုက်ခင်းထဲအထိလာရောက်၍ ဝယ်ယူကြသဖြင့် လက်ကားစျေးအနေဖြင့် တစ်လုံးလျှင် ပျမ်းမျှရောင်းဈေးမှာ (၉)ကျပ်ဖြင့်ရောင်းချကြ၍ စျေးကွက်အတွင်း၌ လက်လီစျေးအနေဖြင့် (၁)လုံးလျှင် (၄၀)ကျပ်၊ (၁၀)လုံးလျှင် (၄၀၀)ကျပ်နှုန်းဖြင့် ရောင်းချကြောင်းသိရပါသည်။ ရောင်းချသောဈေးကွက်များမှာ ပေါက်ခေါင်းမြို့ ပေါ်ရှိဈေးများအပြင် နယ်မြို့များရှိဈေးများနှင့် ပြည်ဈေးကွက်များသို့ တင်ပို့ရောင်းချကြောင်းသိရှိရပါသည်။ ခရမ်းကြွပ်သီးများထွက်ပေါ်ချိန်တွင် တောင်သူများဝင်ငွေအနေဖြင့် (.၂၅)ဧကတွင် (၁၃၅၀၀၀၀) ကျပ်ရရှိပြီး အသားတင်အမြတ်မှာ (၈၅၀၀၀၀)ကျပ်ခန့်ရရှိကြောင်းသိရပါသည်။
DOCA(ပဲခူး)

သက်သာသောဈေးနှုန်းဖြင့်ဆန်ရောင်းချမှု

        ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် ဆန်ကုန်သည်နှင့် ဆန်စက်လုပ်ငန်းရှင်များမှ ဆန်ကိုသက်သာသောနှုန်းထားဖြင့် ဗွီနိုင်းချိတ်ဆွဲရောင်းချနေခြင်းကို ဇွန်လ(၂၄)ရက်နေ့မှစတင်ရောင်းချခဲ့ရာ ယနေ့အထိရက်မပြတ် နေ့စဉ်အကန့်အသတ်မရှိ ဝယ်ယူလိုသည့်ပမာဏအတိုင်းရောင်းချပေးလျက်ရှိပါသည်။ ယနေ့ ၁၄.၁၀.၂၀၂၄ရက်နေ့တွင် ဆန်စက်နှင့်ဆန်ဆိုင် (၁၇)ခု တို့မှ ဆန်အိတ်(၃၇)အိတ် လူဦးရေ (၂၀၄)ဦးအား ရောင်းချပေးပြီးဖြစ်ပါကြောင်းနှင့်  လိုသလောက်သက်သာသောဈေးနှုန်းဖြင့် ဆန်ကုန်သည်များမှ ရောင်းချပေးထားပါကြောင်း သာယာဝတီမြို့နယ်မှ သက်သာသောဈေးနှုန်းဖြင့် ဆန်ရောင်းချနေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ငါးပိ၊ ငါးခြောက်ဈေးနှုန်းဈေးကွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် မြို့မဈေးကြီးအတွင်း နေ့စဉ် လက်လီ/ လက်ကားရောင်းချလျက်ရှိသော စားသောက်ကုန်များတွင် ငါးပိ၊ ငါးခြောက်ဈေးကွက်လည်း အရောင်းအဝယ်သွက်လျက် ရှိပါသည်။ အောက်တိုဘာလ တတိယပတ်တွင်လည်း ပုံမှန်ရောင်းဝယ်လျက်ရှိကြောင်း၊ ငါးခြောက်ရောင်းချသော ကုန်စုံဆိုင်များမှသိရပါသည်။ ဈေးနှုန်းများမှာ ရွှေပုစွန်ခြောက်ရှယ်သန့် တစ်ပိဿာလျှင် (၁၂၀၀၀၀-၁၅၀၀၀၀)ကျပ်၊(အလတ်) တစ်ပိဿာလျှင် ၇၅၀၀၀ကျပ်၊ ပုစွန်ငါးပိတစ်ပိဿာလျှင် ၂၀၀၀၀ကျပ်နှင့် အသားကြီးခြောက် (အမြှောင်း) တစ်ပိဿာလျှင် (၃၅၀၀၀မှ ၃၈၀၀၀)ကျပ်၊ ငါးတံခွန် ၂၅၀၀ကျပ်၊ အာဗြဲခြောက်တစ်ပိဿာလျှင် ၂၅၀၀၀၀ကျပ်နှင့် ငါးနီတူတစ်ပိဿာလျှင် (၃၂၀၀၀-၃၅၀၀၀) ကျပ်ဖြင့် ပုံမှန်ရောင်းဝယ်လျက်ရှိကြောင်းပါသည်။
DOCA(ပဲခူး)

အုတ်ဖို‌ဒေသထွက် ပန်း‌ဂေါ်ဖီ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်သည် ဒေသန္တရအရတောင်ကျချောင်းကြီး(၃)ခုစီးဝင်လျက်ရှိပြီး ကျေးရွာအုပ်စု(၅၄)အုပ်စုတွင် စိုက်ပျိုးရေးသည် အဓိကအသက်မွေးလုပ်ငန်း ဖြစ်ပါသည်။ ရာသီအလိုက်စိုက်ပျိုးနိုင်သော ဧကပေါင်း(၆၆၅၉)ဧကခန့်ရှိပြီး ငရုတ်၊ ဂေါ်ဖီ၊ သခွား၊ ချဉ်ပေါင်၊ ရုံးပတီတို့ကို အဓိကထား၍စိုက်ပျိုးကြပြီး ဒေသတွင်းစားသုံးရန်သာမက အခြားမြို့နယ်များသို့ တင်ပို့ရောင်းချကြကြောင်းသိရှိရပါသည်။
အုတ်ဖိုမြို့နယ်အတွင်း ထယ်ကြောရွာ၊ လေးတဲရွာ၊ ရှမ်းရွာ၊ သရက်ပင်ဆိပ်၊ သမန်းကုန်းရွာ၊ ကျပ်ချောင်းရွာ စသောကျေးရွာအုပ်စုများသည် ပန်းဂေါ်ဖီ၊ ဂေါ်ဖီ အများဆုံးစိုက်ပျိုးသော ဒေသများဖြစ်သည်။ စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်အနေဖြင့် တစ်ဧကလျှင် အိုးရှင်းမျိုးစ့(၁၂)ထုတ်ခန့်စိုက်ပျိုးရပြီး၊ထွန်ယက်ခ၊ ဆေးဖြန်းခ၊ ရေသွင်းခအပါအဝင် (၁၂၀၀၀၀၀)ကျပ်ခန့်ကုန်ကျကြောင်း၊ ယခုနှစ်တွင် မိုးအနည်းငယ်ပိုများသဖြင့် အချိန်(၁)လခန့်နောက်ကျစိုက်ပျိုးရပြီး ပိုးသတ်ဆေး၊ အပင်အား ဆေးပိုသုံးရ၍ ဈေးကောင်းရရန်လိုအပ်နေကြောင်း၊ စိုက်ပျိုးထွက်ရှိမှုအနေဖြင့် ပန်းဂေါ်ဖီအပွင့် (၁၃၀၀၀)ပွင့်ခန့်ထွက်ရှိပြီး ပန်းပွင့်အကြီး/ အသေး ရောရာတစ်ပွင့်လျှင် (၄၀၀)ကျပ်ခန့်ရောင်းချရကြောင်း၊ တစ်ဧကဝင်ငွေ (၅၂၀၀၀၀၀)ခန့်ရရှိသဖြင့် တစ်ဧကအကျိုးအမြတ်အနေဖြင့် (၄၀၀၀၀၀၀)ကျပ်ရရှိနိုင်ပါကြောင်း စိုက်ပျိုးထုတ်လုပ်သူတောင်သူတစ်ဦးထံမှသိရှိရပါသည်။
DOCA(ပဲခူး)

တောင်ငူမြို့တွင် ရောင်းချလျက်ရှိသည့် ရှမ်းပြည်ထွက်ခေါပုတ်

တောင်ငူမြို့ ညောင်ပင်ဈေးသို့ နေရာဒေသအသီးသီးမှ ဒေသထွက်ကုန်များ၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ လာရောက်ရောင်းချလျက်ရှိရာ ရှမ်းပြည်ဒေသထွက် ခေါပုတ်များလည်း လူကြိုက်များ၍ ရောင်းအားကောင်းကြောင်းသိရပါသည်။
ခေါပုတ်ကို ကောက်ညှင်းဖြင့်ပြုလုပ်ပြီး မီးကင်၍သော်လည်းကောင်း၊ ဆီဖြင့်ကြော်၍သော်လည်းကောင်း စားသုံးနိုင်ပါသည်။ ခေါပုတ်ကို ထန်းလျက်၊ ဆား၊ သကြား၊ ဆီတို့ဟူး၊ ငါးခြောက် စသည်တို့နှင့် မိမိတို့ကြိုက်နှစ်သက်ရာ အဆာပြေစားသုံးနိုင်ပါသည်။
ခေါပုတ်ကို ယခင်က တစ်ထုပ်လျှင် ၁၀၀၀ကျပ်ဖြင့်ရောင်းချခဲ့ပြီး ယခုအခါ တစ်ထုပ်လျှင် ၁၃၀၀ကျပ်၊ နှစ်ထုပ်ယူလျှင် ၂၅၀၀ကျပ်ဖြင့်ရောင်းချကြောင်းသိရပါသည်။
DOCA(ပဲခူး)

ကော့သောင်းမြို့တွင် ငါးခြောက်လုပ်ငန်း ဝင်ငွေတိုး

      ကော့သောင်းခရိုင် ကော့သောင်းမြို့နယ်သည် ရေပတ်လည်ဝန်းရံလျက်ရှိပြီး ကျွန်းပေါ်တွင် တည်ဆောက်ထားသည့်မြို့လေးတမြို့ဖြစ်သည့်အတွက် လူအများစုသည် စီးပွားရေးလုပ်ငန်းတွင် ရေလုပ်ငန်းကို အများဆုံးလုပ်ကိုင်လျက်ရှိသည်။

     ပင်လယ်ရွာလို့ခေါ်သည့် ကျေးရွာများတွင် ရေလုပ်ငန်းလုပ်ကိုင်ရာတွင် ငါးခြောက်လုပ်ငန်းသည် လည်း တနိုင်တပိုင် စီးပွားဖြစ်လုပ်ကိုင်ကြသည်။ ငါးခြောက်လုပ်ငန်းလုပ်ကိုင်ရာတွင် ငါးခြောက်ကို ငါးကွန်းရှပ်ခြောက်၊ ငါးရောင်ခြောက်၊ ငါးအူကြီးခြောက်၊ ဘဲလိပ်ခြောက်တို့သည် စျေးကောင်းရသဖြင့် အများဆုံး လုပ်ကိုင်ကြသည့် ငါးခြောက်လုပ်ငန်းလုပ်ကိုင်သူများသည် ကော့သောင်းမြို့ပေါ်ရှိ စျေးတန်းများသို့ ရောင်း ချလျက်ရာတွင် ငါးကွန်းရှပ်ခြောက်(အကောင်လိုက်)စျေးနှုန်း တစ်ပိဿာလျှင် ၆၀၀၀၀-၆၅၀၀၀ ကျပ်၊ ငါးရောင်ခြောက် (အကောင်လိုက်) စျေးနှုန်း တစ်ပိဿာလျှင် ၄၀၀၀၀- ၄၅၀၀၀ ကျပ်၊ ငါးအူကြီးခြောက်စျေးနှုန်း တစ်ပိဿာလျှင် ၆၀၀၀၀- ၆၅၀၀၀ ကျပ်၊ ဘဲလိပ်ခြောက် စျေးနှုန်း တစ်ပိဿာလျှင် ၄၅၀၀၀- ၅၀၀၀၀ ကျပ် တိ စျေးပေါက်လျက်ရှိပါသည်။

     ငါးခြောက်လုပ်ငန်းသည် မိုးတွင်းကာလတွင် ပစ္စည်းထွက်ရှိပြီး နည်းပါးသည့်အတွက် စျေးကောင်းရရှိပြီး တံငါလုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် အရောင်းအဝယ်ကောင်းသဖြင့် ဝင်ငွေတိုးစေသည့် လုပ်ငန်းတစ် ခုဖြစ်ပါသည်။

DOCA(တနင်္သာရီ)

တောင်ငူမြို့မှ သပြေစိုက်ပျိုးသူများ အပိုဝင်ငွေရ

မြန်မာလူမျိုးတို့သည် မိမိတို့အိမ်များတွင်လည်းကောင်း၊ ဘုရားကျောင်းကန်များတွင်လည်းကောင်း ဘုရားပန်းများကို ဝေဝေဆာဆာကပ်လှူကြသဖြင့် သပြေစိုက်သူများ ရောင်းအားကောင်းလျက်ရှိကြောင်းသိရပါသည်။ အိမ်ခြံဝင်းများတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြသူများပြီး စီးပွားဖြစ်စိုက်ပျိုးသူများလည်းရှိပါသည်။
သပြေပင်သည် စိုက်ပျိုးရလွယ်ကူပြီး ထိန်းသိမ်းရသည့်စရိတ်စကသည်လည်း အနည်းဆုံးဖြစ်ပါသည်။ ဘုရားပန်းအိုး၊ နတ်ပန်းအိုးများတွင် အောင်သပြေညွန့်အဖြစ်အသုံးပြုကြသည့်အတွက် ရောင်းအားကောင်းကြောင်းသိရပါသည်။
သပြေပန်း ၁၀ညွန့်ပါ တစ်စည်းလျှင် ယခင်က ၄၀၀ကျပ်ဖြင့်ရောင်းချခဲ့ရာမှ ယခုအခါတွင် တစ်စည်းလျှင် ၅၀၀ကျပ်ဖြင့်ရောင်းချသဖြင့် ဈေးနှုန်း ၁၀၀ကျပ် တက်သွားပါသည်။ ဘုရားကပ်လှူရာတွင် အခြားပန်းများနှင့်မတူ တမူထူးခြား သပ္ပါယ်သည့်အတွက် လူကြိုက်များ၍ ရောင်းအားကောင်းကြောင်း ညောင်ပင်ဈေးရှိ ဘုရားပန်းအရောင်းဆိုင်များမှသိရပါသည်။
DOCA(ပဲခူး)

တောင်ငူမြို့ ညောင်ပင်ဈေးမှ ရုံးပတီသီးနှင့် ပဲဇောင်းလျားသီးများ

တောင်ငူမြို့ အနီးဝန်းကျင်ကျေးရွာများတွင် မိုးရာသီသီးနှံများကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိရာ ထွက်ရှိလာသောအသီးအနှံများကို ကုန်စိမ်းဈေးဖြစ်သော ညောင်ပင်ဈေးသို့ လာရောက်ရောင်းချလျက်ရှိကြပါသည်။
ယခုအခါတွင် ရုံးပတီသီးများပေါ်နေပြီဖြစ်ရာ ရုံးပတီသီး ၃တောင့်ပါ အစည်းသေး ၁၀စည်းလျှင် အစည်းကြီးတစ်စည်းစည်းပြီးလျှင် ၈၅၀၀ကျပ်ဖြင့် ဈေးကွက်အတွင်း ရောင်းချလျက်ရှိပါသည်။ ပဲဇောင်းလျားသီးများလည်းပေါ်နေပြီဖြစ်ရာ ၂၅ကျပ်သားလျှင် ၈၀၀ကျပ်၊ တစ်ပိဿာလျှင် ၃၀၀၀ကျပ်ဖြင့် ဈေးကွက်အတွင်း ရောင်းချလျက်ရှိပါသည်။
ရုံးပတီသီးနှင့် ပဲဇောင်းလျားသီးများမှာ ပေါ်ခါစဖြစ်၍ ဈေးနှုန်းအနည်းငယ်မြင့်သော်လည်း လှိုင်လှိုင်ပေါ်လာပါက ဈေးနှုန်းကျဆင်းနိုင်ကြောင်း ညောင်ပင်ဈေးရှိ ဟင်းသီးဟင်းရွက်ဆိုင်များမှသိရှိရပါသည်။
DOCA(ပဲခူး)

ပဲခူးမြို့မှ တစ်နိုင်တစ်ပိုင် ကန်စွန်းဥကြော်

မြန်မာ့အာဟာရအစားအစာတစ်ခုဖြစ်သော ကန်စွန်းဥကို ပြုတ်စားခြင်း၊ ကြော်စားခြင်း ၊ သာကူနှင့်ကျိုစားခြင်း၊ ဟာလဝါမုန့်ပြုလုပ်ခြင်း စသည်ဖြင့် နည်းမျိုးစုံလုပ်စားလေ့ရှိကြပါသည်။ ကန်စွန်းဥတွင် အတွင်းသား လိမ္မော်ရောင်၊ အဖြူရောင်၊ ခရမ်းရောင်ဟု (၃) မျိုးရှိရာ ကြော်ရာတွင် ခရမ်းရောင်ကန်စွန်းဥကိုသာ အများဆုံးအသုံးပြုလျက်ရှိပြီး ကုန်ကြမ်းအနေဖြင့် ရှမ်းပြည်တောင်ပိုင်းမှ အဓိကဝယ်ယူကြောင်းသိရှိရပါသည်။ ကန်စွန်းဥကြော်ပြုလုပ်ရာတွင် ကန်စွန်းဥအား ရေနှင့်သန့်စင်အောင်ဆေး၍ အပေါ်ယံအခွံခွာပြီး စက်ဖြင့်ပါးပါးလှီး၍ စားအုန်းဆီ၊ ဆား၊ ဟင်းခတ်မှုန့်တို့ဖြင့်ကြော်ရပါသည်။ ယခုကဲ့သို့သော ကန်စွန်းဥလှိုင်လှိုင်ပေါ်ချိန်တွင် ကန်စွန်းဥ(၁) ပိဿာလျှင် ကျပ်၁၃၀၀ဖြင့်ဝယ်ယူရပြီး ကန်စွန်းဥ(၁) အိတ်လျှင် အချိန် (၄၀) ပိဿာခန့်ပါရှိပြီး ကန်စွန်းဥအချိန် (၄၀) ပိဿာ (၁) အိတ်လျှင် စားအုန်းဆီ (၄) ပိဿာဖြင့်ကြော်ရပြီး လောင်စာဆီခ ၂၀၀၀၀ကျပ်၊ လုပ်သားခ ၁၀၀၀၀ကျပ်ကုန်ကျပါသည်။ ကန်စွန်းဥ(၁)အိတ်လျှင် ကန်စွန်းဉကြော် ၁၂ပိဿာခန့် ထွက်ရှိကြောင်းသိရှိရသည်။ ကန်စွန်းဥကြော်အား ပိဿာချိန်ဖြင့် ၁ပိဿာလျှင် ၁၂၀၀၀ကျပ်ဖြင့်ရောင်းချပြီး ၃၀၀ဂရမ်ပါဘူးတစ်ဘူးလျှင် ၅၀၀၀ကျပ်ဖြင့်ရောင်းချလျက်ရှိပြီး (၂၀၀၀၀)ကျပ်ခန့်အမြတ်ကျန်ကြောင်း ပဲခူးမြို့ ညောင်အင်းကျေးရွာ ဝတုတ်ကြီးအကြော်စုံလုပ်ငန်းပိုင်ရှင်ထံမှသိရှိရပြီး ကန်စွန်းဥကြော်များအား ပဲခူးမြို့အတွင်းအရောင်းဆိုင်များ၊ ဒေသထွက်ကုန်အရောင်းစင်တာနှင့် ရန်ကုန်မြို့၊ ပုသိမ်မြို့များသို့လည်း တင်ပို့ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း