ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မကွေးပွဲရုံနှင့်ရေနံချောင်းပွဲရုံတွင် ကြက်သွန်နီအရောင်းအဝယ်ဖြစ်မှုအခြေအနေ

မကွေးတိုင်းဒေသကြီး၊ မကွေးစျေးကွက်အတွင်း စားဖိုဆောင်သုံးသီးနှံတစ်မျိုးဖြစ်သည့် ကြက်သွန်နီစျေးနှုန်းများ အနည်းငယ်မြင့်တက်လာကြောင်း သိရသည်။ ၂၀၂၄ခုနှစ်၊ အောက်တို ဘာလ(ပထမပတ်)တွင် ကြက်သွန်နီ(၁)ပိဿာလျှင် ကျပ်(၁၉၀၀-၂၃၀၀-၂၆၀၀)ဖြစ်ပြီး စက်တင် ဘာလ(စတုတ္ထပတ်)တွင် ကျပ်(၁၇၀၀-၂၂၀၀-၂၅၀၀) ဖြစ်၍ ကျပ်(၂၀၀-၁၀၀-၁၀၀)ခန့် ဈေးနှုန်း မြင့်လာကြောင်း၊ ကြက်သွန်နီ ဝယ်ယူရာမြို့များမှာ ရေနံချောင်း၊ ပခုက္ကူ၊ မြစ်သားမြို့တို့မှဖြစ်ပြီး ကြက်သွန်နီကို ပွဲရုံများမှတစ်ဆင့် မင်းဘူးမြို့၊ သရက်မြို့၊ ကံမမြို့၊ နတ်မောက်မြို့၊ ငဖဲမြို့တို့မှ ဝယ်ယူကြကြောင်း၊ တစ်နေ့လျှင် ပိဿာချိန်(၁၀၀၀)၊ တန်ချိန်(၉)တန်ခန့် အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း သိရှိရသည်။
ရေနံချောင်းစျေးကွက်အတွင်း ဒေသထွက်ကုန်ဖြစ်သော ကြက်သွန်နီစျေးနှုန်းများမှာ အောက်တိုဘာလ(ပထမပတ်)တွင် ကြက်သွန်နီ (၁)ပိဿာလျှင် ကျပ်(၁၂၀၀-၁၆၀၀-၁၈၀၀)ဖြစ်ပြီး စက်တင်ဘာလ(စတုတ္ထပတ်)တွင် ကျပ်(၁၅၀၀-၁၈၀၀-၂၀၀၀)ဖြစ်၍ ကျပ်(၃၀၀-၂၀၀-၂၀၀)ခန့် ဈေးနှုန်း ကျဆင်းခဲ့ကြောင်း၊ ကြက်သွန်နီများကို ပွဲရုံမှတစ်ဆင့် ဝယ်ယူရာမြို့များမှာ ရန်ကုန်မြို့၊ ပြည်မြို့နှင့် အောင်လံမြို့တို့ဖြစ်ပြီး တစ်နေ့လျှင် ပိဿာချိန်(၁၀၀၀၀)ခန့်၊ တစ်ပတ်လျှင် တန်ချိန် (၉၇) တန်ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မကွေး)

တောင်သူများ၏ဘဝမြင့်မားရေး သီးနှံစုပေါင်းရောင်းချပွဲများ ကျင်းပဆောင်ရွက်လျက်ရှိ

မကွေးတိုင်းဒေသကြီးအတွင်းရှိ မြင့်မြတ်တော်ဝင်မကွေးကုမ္ပဏီသည် တောင်သူများ၏ သီးနှံများ အရည်အသွေးကောင်းမွန်စွာဖြင့် စိုက်ပျိုးထုတ်လုပ်နိုင်ရေး အရည်အသွေးကောင်းမွန် သော ကုန်ကြမ်းများ စဉ်ဆက်မပြတ်ရရှိစေရေးအတွက် တောင်သူအစုအဖွဲ့များနှင့် ပူးပေါင်း၍ သီးနှံ စုပေါင်းရောင်းချပွဲများကို ကျင်းပပြုလုပ်လျက်ရှိပါသည်။ တောင်သူများအတွက် လိုအပ် သော အရည်အသွေးအာမခံချက်ရှိသည့် သွင်းအားစုဓါတ်မြေဩဇာများ လက်လှမ်းမီစွာ အသုံးပြု လာနိုင်စေရန်အတွက် သွင်းအားစုကုမ္ပဏီများနှင့်ပူးပေါင်းဆောင်ရွက်ခြင်း၊ အတိုးနှုန်းသက်သာသည့် ဘဏ် ချေးငွေများရရှိစေရန်အတွက် ဘဏ်များနှင့်လည်းချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိသည်။
မြင့်မြတ်တော်ဝင်-မကွေးကုမ္ပဏီကို ၂၀၁၈ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး လယ်ယာထွက် ကုန်သီးနှံရောင်းဝယ်ခြင်းလုပ်ငန်းကို အဓိကဆောင်ရွက်သည့် မကွေးအခြေစိုက်ကုမ္ပဏီတစ်ခု ဖြစ်ပြီး ၂၀၁၅ခုနှစ်မှစ၍ အထူးသဖြင့် GAP စနစ်ဖြင့် စိုက်ပျိုးထားသော အရည်အသွေးကောင်း သီးနှံများကို တောင်သူအစုအဖွဲ့များနှင့် လက်တွဲကာ ကောင်းမွန်ခိုင်မာသော ဈေးကွက်ရရှိရေးကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပြီး ကုမ္ပဏီသည် လယ်ယာထွက်ကုန်သီးနှံများ ရောင်းဝယ်မှု ဆောင်ရွက်ရာတွင် ရိုးသားဖြောင့်မတ်မှု၊ ပွင့်လင်းမြင်သာမှု၊ မှန်ကန်မှု၊ သမာသမတ်ရှိမှု စသည့် စံနှုန်းများအတိုင်း တောင်သူ၊ ကျား၊ မ၊ ကြီး၊ ငယ် မခွဲခြားဘဲ တန်းတူတန်ဖိုးထားပြီး ဝန်ဆောင်မှု ပေးလျက်ရှိသည့်အပြင် ပြန်လည်ရောင်းချပြီးသော သီးနှံ၏ အရည်အသွေးများ တွင်လည်း စစ်မှန်မှု၊ ကောင်းမွန်မှု၊ တိကျမှု၊ အာမခံမှုတို့ဖြင့် ဝယ်ယူသူများအား အစဉ်အမြဲစိတ် ကျေနပ်မှုရှိအောင် ဆောင်ရွက်ပေးနေသော ကုမ္ပဏီတစ်ခုဖြစ်ကြောင်း သိရသည်။
ထို့အပြင် အားလုံးအကျိုးခံစားခွင့်ရရှိနိုင်သော စီးပွားရေးပုံစံကိုကျင့်သုံးခြင်းဖြင့် ဆီထွက် သီးနှံနှင့် ပဲမျိုးစုံကဏ္ဍများတွင် ထိပ်တန်းကုမ္ပဏီဖြစ်လာရန် အနာဂတ်မျှော်မှန်းချက် ထားရှိပြီး တောင်သူ လယ်သမားများထံ စိုက်ပျိုးရေးနည်းပညာများနှင့် စီးပွားရေးဝန်ဆောင်မှုများ ရရှိနိုင်မှု သေချာစေခြင်းဖြင့် ပြည်တွင်းနှင့်ပြည်ပပို့ကုန်ဈေးကွက်တွင် အရည်အသွေးမြင့်ဆီထွက် သီးနှံနှင့် ပဲမျိုးစုံထုတ်လုပ်မှုများ ကိုမြှင့်တင်သွားရန် ရပ်တည်ချက်နှင့် လုပ်ငန်းတာဝန်များကိုလည်း ထားရှိကြောင်း သိရသည်။
ဝန်ဆောင်မှုများအနေဖြင့်လည်း တောင်သူအစုအဖွဲ့များ အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်ခိုင်မာ အားကောင်းလာစေရန် ပံ့ပိုးကူညီပေးခြင်း၊ စိုက်ပျိုးရေးနည်းပညာများပံ့ပိုးပေးခြင်း၊ မိတ်ဖက်အဖွဲ့ အစည်းများ၊ တောင်သူအဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး မှန်ကန်သောရောင်းဝယ်မှုစနစ်များဖြင့် ရာသီ
အလိုက်သီးနှံစုပေါင်းရောင်းချပွဲများကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ တောင်သူအစုအဖွဲ့ များ၊ မိတ်ဖက်ကုမ္ပဏီများ၊ INGOs များ၊ ပုဂ္ဂလိကဘဏ်များနှင့် ချိတ်ဆက်၍ သွင်းအားစုနှင့် ချေးငွေများ လက်လှမ်းမီစေရန် ပံ့ပိုးကူညီပေးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ ၎င်းအပြင် တောင်သူ များ၏ စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ တောင်သူအစုအဖွဲ့များအား ကောင်းလာစေရန်နှင့် အဖွဲ့အစည်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် NGOs, INGOs များနှင့် ပူးပေါင်း၍ ပံ့ပိုးကူညီဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
GAP၏ အခြေခံသဘောတရားများမှာ စားသုံးသူများ အမြဲတမ်းစိုးရိမ်နေကြသည့် မိမိတို့စား သုံးနေသော အစားအစာများသည် ဘေးကင်းစေရန်ထုတ်လုပ်သည့်လုပ်ငန်းစဉ်နှင့် နည်းလမ်းများသည် သဘာဝပတ်ဝန်းကျင်နှင့်လုပ်သားများ၏ ကျန်းမာသာယာဝပြောရေးကို စောင့်ရှောက်မွေးမြူသည့် စနစ်များဖြင့် ထုတ်လုပ်ရန်နှင့် ဤဒေသ ဤအခြေအနေအတွင်းမှာပဲ မွေးဖွားဖြစ်တည်လာခြင်း၊ လုပ်ရမည့်လုပ်ငန်းစဉ်များကို အကောင်းဆုံးလုပ်ဆောင်ခြင်းဖြစ်ပြီး ၎င်းတို့ကို လုပ်ဆောင်ထားပြီးဖြစ်ကြောင်း အာမခံနိုင်သည်ဟု အဓိပ္ပါယ်ဖွင့်ဆိုနိုင်ပါသည်။ GMP & GHP တို့သည် စိုက်ပျိုးထုတ်လုပ်ခြင်း၊ ကုန်ချောပြုလုပ်ခြင်း၊ သယ်ယူပို့ဆောင်ခြင်းတို့အပြင် လူတွေရဲ့ ကျန်းမာရေးကိုဂရုစိုက်ခြင်း၊ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ခြင်း၊ လုပ်သားများ၏ အခြေအနေနှင့် ၎င်းတို့ မိသားစုဝင်များ၏ ကျန်းမာသာယာဝပြောရေးတို့နှင့် သက်ဆိုင်သော နည်းပညာရပ်ဆိုင်ရာ ထောက်ခံချက်များဖြစ်ပါသည်။
တောင်သူများဘက်မှလည်း သီးနှံအမျိုးအစားအလိုက် သီးနှံကုန်ပစ္စည်းပိုင်းများကို အရည် အသွေးကောင်းစေရန် ရိတ်သိမ်းပြီးနောက်ပိုင်း နည်းစနစ်များကို စနစ်တကျလိုက်နာဆောင်ရွက်ရန်၊ ဓါတုဓါတ်ကြွင်းကင်းစေရန် ပိုးသတ်ဆေးများကို ဆေးဖြန်းပြီးနောက် သီးနှံရိတ်သိမ်းရမည့် ရက်များကို တိကျစွာလိုက်ရန်၊ သီးနှံအရည်အသွေးကောင်းစေရန် ကွင်းအတွင်းဆောင်ရွက်ရမည့် စိုက်ပျိုးနည်းစနစ်များကို လိုက်နာဆောင်ရွက်ရန်၊ ဖုန်သဲခဲ၊ အမှိုက်၊ အမှော်၊ အဖျင်း၊ အမှုန်၊ ပိုးကိုက်၊ အပဲ့၊ မျိုးကွဲ၊ အရောင်ကွဲ၊ အနံ့၊ အနာ၊ အအောက်များ ကင်းရှင်းစေရန် ဆောင်ရွက်၊ သတ်မှတ် အစိုဓါတ်ရာခိုင်နှုန်းအထိ ခြောက်သွေ့စေရန် အခြောက်ခံခြင်းများဆောင်ရွက်ရန်နှင့် ကွင်းမှတ်တမ်းများကို ပြည့်စုံစွာဖြည့်သွင်းခြင်းများ ဆောင်ရွက်လာရမည်ဖြစ်ပါသည်။ ထိုသို့တောင်သူများအနေ ဖြင့် အရည်အသွေးကောင်း သီးနှံများကို စုပေါင်းစိုက်ပျိုးထုတ်လုပ် ရောင်းချလာနိုင်ပါက ကောင်းမွန် ခိုင်မာသော ဈေးကွက်တစ်ခု ကိုဖော်ဆောင်နိုင်မည် ဖြစ်ပါသည်။
သီးနှံစုပေါင်းရောင်းချပွဲများမှ အလေးချိန်တွယ်(ကတ္တား) မှန်ကုန်စွာဖြင့် သီးနှံများကို ဝယ်ယူပေးခြင်း၊ ပွဲခ၊ အလုပ်သမားခ မယူခြင်း၊ အိတ်ခွံအလေးချိန်အား (၁၂.၅၀)ကျပ်သား ဖြင့် ဝယ်ယူပေးခြင်း၊ ငွေလက်ငင်းစနစ်ဖြင့် ပေးချေခြင်း၊ အရည်အသွေးပြည့်မီသော သီးနှံများ ထုတ်လုပ်လာနိုင်စေရန် ကွင်းဆင်း၍ နည်းပညာများဖြန့်ဝေပေးခြင်း၊ ပြည်ပပို့ကုန် လုပ်ငန်းရှင်များနှင့် တောင်သူများ တိုက်ရိုက်ရောင်းချနိုင်ရန် ချိတ်ဆက်ဆောင်ရွက်ပေးခြင်း၊ ဒေသပေါက်ဈေးအောက် မနိမ့်ကျသည့်ဈေးဖြင့် ဝယ်ယူပေးခြင်းစသည့်အကျိုးရလာဒ်များ ရရှိနိုင်မည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ မြင့်မြတ်တော်ဝင်ကုမ္ပဏီအနေဖြင့် တောင်သူများအတွက် လိုအပ်သော သွင်းအားစုများ၊ ချေးငွေများရရှိအောင် ပံ့ပိုးကူညီဆောင်ရွက်ပေးခြင်း၊ သီးနှံစုပေါင်းရောင်းချပွဲများကို ကျင်းပပြုလုပ်ပေးခြင်း၊ တောင်သူအစုအဖွဲ့များအားကောင်းလာစေရန် ပံ့ပိုးကူညီဆောင်ရွက်ပေးခြင်းများဖြင့် တောင်သူများ၏ဘဝ မြင့်မားတိုးတက်လာအောင် ဆောင်ရွက်ပေးလျက်ရှိကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
DOCA(မကွေး)

သဘာဝဘေးကြောင့် ပျက်စီးခဲ့သောလယ်ယာမြေများပြန်လည်ဖော်ထုတ်

           ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောခရိုင်၊ ကလောမြို့နယ်တွင် စက်တင်ဘာလအတွင်းရာသီ မုန်တိုင်း၏အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး သီးနှံစုံစိုက်ခင်းအချို့ ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်ခဲ့ပါသည်။ ဘော်နင်းကျေးရွာအုပ်စု၊ စကားအင်းကျေးရွာအုပ်စု၊ ဝါးရုံပင်ကျေးရွာအုပ်စုနှင့် တောင်လားကျေးရွာအုပ်စုများမှ မိုးစပါး၊ အစေ့ထုတ်ပြောင်း၊ ဖူးစားပြောင်း၊ ပဲပုတ်၊ နေကြာ၊ ဂေါ်ဖီ၊ ဟင်းသီးဟင်းရွက်နှင့် ပန်းအမျိုးမျိုးစိုက်ပျိုးဧက(၁၄၉၄)ဧက ရေကြီးနစ်မြုပ်ခဲ့ကြောင်း သိရှိရပါသည်။ ထိခိုက်ပျက်စီးမှု (၄၁၆) ဧကနှင့် လယ်ယာမြေပြန်လည်ဖော်ဆောင်ရန် (၃၀၄) ဧကရှိကြောင်း သိရှိရပြီးအဆိုပါဒေသခံတောင်သူများ၏ စိုက်ပျိုးမြေမဆုံးရှုံးစေရေး၊  ရာသီအလိုက်သီးနှံများ အမြန်ပြန်လည်စိုက်ပျိုးနိုင်ရေး လယ်မြေ၊ ယာမြေများပြန်လည်ဖော်ဆောင်မှုအား ကလောခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများမှ စက်ယန္တရားအင်အား၊ လူအင်အားတို့ဖြင့် ဆောင်ရွက်ပေးနေကြောင်းသတင်းရရှိပါသည်။

DOCA(ရှမ်း)

ကြို့ပင်ကောက်မြို့ထွက် ဩဇာသီးဈေးနှုန်းဈေးကွက်

          ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်ရှိ ဩဇာသီးများသည် ကျွန်းကုန်းကြီးကျေးရွာ၊ ရွာသာကုန်းကျေးရွာနှင့် နှစ်ရွာကျေးရွာများတွင် အများဆုံးစိုက်ပျိုးထွက်ရှိပါသည်။

          ဩဇာသီးပင်များသည် နှစ်ရှည်သီးနှံဖြစ်သဖြင့် ၎င်းကို အိမ်တိုင်းနီးပါး၏ ခြံထွက် အိမ်ခြံစည်းရိုးများတွင်လည်းစိုက်ပျိုးကြပါသည်။ ယခုလအချိန်မှာ ဩဇာသီးပေါ်ချိန်ဖြစ်သည့်အတွက် ပြန်ရောင်းသမားများက အပင်ပြတ်ဝယ်ယူကြသကဲ့သို့ ခြံများတွင် လိုက်လံကြည့်ရှုကာ အသီးများလိုက်ကောက်၍လည်း ဝယ်ယူကြကြောင်းသိရပါသည်။ ကြို့ပင်ကောက်မြို့တွင် ခွန်နှစ်ရွာဩဇာသီးဟုနာမည်ကြီးပြီး ၎င်းရွာမှ အများဆုံးထွက်ရှိပါသည်။ ခွန်နှစ်ရွာသည် ရန်ကုန်-ပြည် ကားလမ်းဘေး အရှေ့ဘက်၊ အနောက်ဘက်တို့တွင်တည်ရှိပြီး ဩဇာသီးပေါ်ချိန်၌  အိမ်ရှေ့ကားလမ်းဘေးများတွင် တဲဆိုင်များထိုး၍ ရောင်းချကြပါသည်။ (၁၀)လုံးတစ်ခြင်း၊ (၁၅)လုံးတစ်ခြင်းဖြင့် ခြင်းအလိုက်ရောင်းချကြပါသည်။

          ယခုစက်တင်ဘာလ၊ ဒုတိယအပတ်မှစ၍ ဩဇာသီးပေါ်ချိန်တွင် အလုံးအကြီးအသေးပေါ်မူတည်၍ (၁၂၀၀/ ၁၀၀၀/ ၉၀၀/ ၇၀၀) ကျပ်နှုန်းအထိဈေးရရှိကြောင်း၊ လက်ဆောင်ပေးရန်နှင့် စားသုံးရန်အတွက် ခရီးသွားကားများကလည်း ဝယ်ယူကြကြောင်းသိရှိရပါသည်။ ယခုအချိန်တွင် ဩဇာသီးများ လှိုင်လှိုင်မပေါ်သေးသဖြင့် ဈေးကောင်းရရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

“ ရာသီပေါ် ပဲမြစ်ညွန့်များ ဈေးကောင်းရရှိ”

           မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် သီးနှံမျိုးစုံ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိပြီး ရာသီအလိုက် သီးနှံမျိုးစုံကိုလည်း စိုက်ပျိုးကြပါသည်။ မိုးတွင်းကာလတွင် သီးနှံများလှိုင်လှိုင်ထွက်ပေါ်လျက်ရှိရာ အညာဒေသထွက် ပဲမြစ်ညွန့်များလည်း ထွက်ပေါ်လျက်ရှိပါသည်။ ပဲမြစ်ညွန့်များကို ဈေးထဲတွင် တစ်စီးလျှင် (၅၀၀)ကျပ်၊ အညွန့်သင်ပြီးသော ပဲမြစ်ညွန့် တစ်ဆယ်ကျပ်သားလျှင် (၇၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိပါသည်။ ပဲမြစ်ညွန့်ကို အသုပ်သုပ်၍စားသုံးသလို အတို့အမြုပ်အဖြစ်လည်း စားသုံးကြပါသည်။ အညာဒေသတွင် ပဲမြစ်ညွန့်ကို ကြော်၍လည်း စားသုံးကြပါသည်။ ပဲမြစ်ညွန့်အရသာသည် ချို၍အရသာရှိသောကြောင့် ခံတွင်းမြိန်စေပြီး စားကောင်းသဖြင့် စားသုံးသူများကြိုက်နှစ်သက်ကြပါသည်။ ပဲမြစ်စိုက်ပျိုးသော တောင်သူဦးကြီးများမှာ ပဲမြစ်အပင်မှ တစ်ပင်လုံးအသုံးဝင်သဖြင့် စိုက်ပျိုးမှုများလာကြောင်း ပဲမြစ်အပင်မှ ပဲမြစ်ညွန့်၊ ပဲမြစ်သားသီး(ခ) ပဲစောင်းခါးသီးများကိုလည်း ခူးဆွတ်ရောင်းချရသည့်အပြင် ပဲမြစ်အပင်မှလည်း နွားစာအဖြစ် အသုံးပြု၍ရသဖြင့် ကျွဲ၊ နွားစာပါ အထောက်အပံ့ဖြစ်ကြောင်း၊ ပဲမြစ်ညွန့်ကို နယ်လှည့်ဆိုင်ကယ်ဈေးသည်များမှ အခင်းထဲအရောက် လာရောက်ဝယ်ယူသူများရှိသလို အခင်းပိုင်ရှင်များမှကိုယ်တိုင်ခူး၍ မြို့ပေါ်ဈေးသို့ ဖောက်သည်သွင်း၍ ရောင်းချကြပါသည်။ ပဲမြစ်အညွန့်အနေတော် ဖောက်သည်ဈေး တစ်စီးလျှင် (၄၀၀) ကျပ်ဖြင့် ရောင်းချပေးကြောင်း၊ တစ်ဧက ပဲမြစ်ညွန့်ရောင်းရငွေ (၃၅၀၀၀-၄၀၀၀၀) ကျပ်အထိ ရရှိကြောင်း၊ ရာသီပေါ်ချိန်နှင့် ပဲမြစ်ပေါ်ချိန်များတွင် ဈေးကောင်းရရှိပါက ပဲမြစ်စိုက်တောင်သူများ အကျိုးအမြတ်ပိုမိုရရှိလာနိုင်မည်ဖြစ်ကြောင်း ပဲမြစ်စိုက်ပျိုးသော သိုတန်၊ မှိုင်းဝကျေးရွာများမှ တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

ပြည်ဈေးကွက်တွင်ရောင်းချနေသော ဂျူးမြစ်ဈေးကွက်

          ဂျူးမြစ်ကို တောင်ကြီးနှင့် ပင်းတယမြို့တို့တွင် အများဆုံးစိုက်ပျိုးကြပြီး ထိုမှတစ်ဆင့် မြို့များနှင့်နယ်များရှိ ဈေးများသို့ တင်ပို့ရောင်းချကြပါသည်။ ပြည်မြို့ရှိ ဈေးကွက်များသို့လည်း တင်ပို့ရောင်းချသဖြင့် စားသုံးသူများလည်း ဝယ်ယူစားသုံးကြပါသည်။ ဂျူးမြစ်ကို အတို့အမြုပ်အနေဖြင့်လည်းကောင်း၊ ချဉ်ရည်ဟင်းချက်၍သော်လည်းကောင်း စားသုံးကြပါသည်။ ရှမ်းပြည်ဘက်တွင် မြေပဲ၊ ပဲပုတ်တို့နှင့်ရော၍ကြော်ပြီး စားသုံးကြပြီး ရောင်းချသည်များလည်းရှိပါသည်။ ထိုဂျူးမြစ်ကြော်ကို မြေပြန့်ဒေသမှ စားသုံးသူပြည်သူများက ဝယ်ယူစားသုံးကြပါသည်။ ဂျူးမြစ်ကို ထိုသို့ တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်ရောင်းချသဖြင့် လူအများက ရှမ်းပြည်လက်ဆောင်အဖြစ် လက်ဆောင်များပေးခြင်း၊ မိမိဘာသာစားသုံးရန်အတွက် ဝယ်ယူကြပါသည်။ ဂျူးမြစ်မှထုတ်လုပ်နိုင်သော တန်ဖိုးမြှင့်ထုတ်ကုန်များမှာ အအေးခံဂျူးရွက်၊ ဂျူးမြစ်ရှာလကာရည်၊ သီးရွက်စုံဆလတ်၊ ငါးဂျူးမြစ် ခဲပတ်ကင်နှင့် အသင့်သုံးကျန်းမာရေး ဟင်းခတ်အမွှေးအကြိုင်တို့ဖြစ်ပါသည်။ ထိုသို့ ဂျူးမြစ်မှတစ်ဆင့် တန်ဖိုးမြှင့်ထုတ်ကုန်များကို ပြည်ခရိုင်အနေဖြင့် ထုတ်လုပ်ရောင်းချနိုင်မည်ဆိုလျှင် အမြစ်အတိုင်း အစိမ်းရောင်းချခြင်းထက် ပိုမိုအကျိုးအမြတ်များစွာရရှိနိုင်မည်ဟုခန့်မှန်းရပါသည်။ ဈေးကွက်အတွင်းရောင်းချသော ဂျူးမြစ်ဈေးမှာ ဂျူးမြစ်အစည်းတစ်စည်းလျှင် (၆၀၀-၇၀၀)ကျပ်ဖြင့်ရောင်းချကြောင်းသိရပါသည်။ ယခင်နှစ်ဖြစ်သော ၂၀၂၃ခုနှစ်တွင် ဂျူးမြစ်အစည်းတစ်စည်းလျှင် ၅၀၀ကျပ်ဖြင့်ရောင်းချခဲ့ပြီး ယခုနှစ်တွင် ဈေးအနည်းငယ်မြင့်တက်လာသည်ဟုသိရပါသည်။

DOCA(ပဲခူး)

 

“ရာသီပေါ်နနွင်းဖူးများစျေးကောင်းရ”

              မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် သီးနှံစိုက်ပျိုးလျှက်ရှိရာ စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သော နနွင်းကိုလည်းစိုက်ပျိုးကြပါသည်။ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် နနွင်းစိုက်ဧကအနေဖြင့် ကျောက်ဆည်မြို့နယ်တွင်(၈၄၃)ဧက၊ စဉ့်ကိုင်မြို့နယ်တွင်(၂၆)ဧက၊ မြစ်သားမြို့နယ်တွင် (၁၀၄၆)ဧက၊ စုစုပေါင်း(၁၉၁၅)ဧက စိုက်ပျိုးထားကြောင်း၊ ခရိုင်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရပါသည်။ နနွင်းတစ်ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း (၂၀၀၀၀၀၀/-)ကျပ် ခန့်ကုန်ကျကြောင်း၊ နနွင်းစျေးနှုန်းအနေဖြင့် နနွင်းတက် (၁)ပိဿာလျှင်(၁၁၅၀၀/-)ကျပ်၊ နနွင်းဂေါင်း(၁)ပိဿာလျှင်(၁၀၀၀၀/-)ကျပ်၊ နနွင်းမှုန့်နို့ဆီဗူး(၁)ဗူးလျှင်(၁၃၀၀/-)ကျပ် စျေးနှုန်းများဖြင့် ရောင်းဝယ်လျှက်ရှိပြီး ယခုအချိန်တွင် နနွင်းစိုက်ခင်များ အောင်မြင်စွာဖြစ်ထွန်းလျှက်ရှိပြီး နနွင်းဖူးများလည်း စတင်ထွက်ရှိနေပြီဖြစ်ရာ နနွင်းအဖူး(၁၀၀) လျှင်လက်လီစျေးအနေဖြင့်(၁၀၀၀၀/-)ကျပ်၊ ဖောက်သည်စျေးအနေဖြင့်(၈၀၀၀/-)ကျပ်စျေးနှုန်းများဖြင့် ရောင်းချလျှက်ရှိပါသည်။နနွင်းဖူးများကို လက်သုပ်အနေဖြင့်သုပ်စား၍ရသလို ငပိရည်၊ ငံပြာရည်တို့ဖြင့် တို့၍လည်းစားသုံးကြပါသည်။ နနွင်းဖူးစားသုံးခြင်းဖြင့် ခန္ဓာကိုယ်အတွင်းအပူကင်းပြီး ကျန်းမာရေးနှင့်ညီညွတ်သောနနွင်းဖူးများကို ဝယ်ယူစားသုံးသင့်ပါကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

“နဂါးမောက်သီးစျေးနှုန်းစျေးကွက်အခြေအနေ”

         နဂါးမောက်သီးပင်များကို မြန်မာနိုင်ငံအနှံ့အပြားတွင်စိုက်ပျိုးဖြစ်ထွန်းလျက်ရှိပါသည်။ယခုအခါပြင်ဦးလွင်ခရိုင်တွင်လည်း စိုက်ပျိုးဖြစ်ထွန်းလျက်ရှိပါသည်။ နဂါးမောက်ပင်ကို အတွင်းသားအဖြူနှင့် အနီမျိုးတို့ကို အဓိကစိုက်ပျိုးကြပါသည်။နဂါးမောက်ပင်ကို တိုင်စနစ်၊ စင်စနစ်၊ တန်းစနစ်ဖြင့် အများဆုံးစိုက်ပျိုးကြပါသည်။ နဂါးမောက်ပင်မျိုးကို တစ်ခါသာဝယ်ယူရပြီး ဆက်လက်စိုက်ပျိုးရန်အတွက် မိမိအပင်မှမျိုးကိုဖြတ်၍စိုက်ပျိုးနိုင်သောကြောင့် အလွယ်တကူစိုက်ပျိုးနိုင်သောအပင်များ ဖြစ်ပါသည်။ နဂါးမောက်အပင်သည် ဆူးပါပြီး အကြမ်းခံသောအပင်မျိုးဖြစ်ပါသည် ။ (၁)နှစ်သားအရွယ်ရောက်လျှင် အဖူး၊ အပွင့်များထွက်ကာ သီးကင်းစပြုလာပါသည်။ ဧပြီလနှင့်ဇူလိုင်လများတွင် ပန်းပွင့်ဖူးလေ့ရှိပါသည်။ ပင်ပျိုတွင် အသီးနည်း၍ နှစ်ကြာလာသည်နှင့်အမျှ အသီးပိုသီး၍ အသီးလည်းကြီးမားလာပါသည်။နဂါးမောက်သီးတွင် ဘီတာမင်စီ၊ အမျှင်ဓါတ်များကြွယ်ဝစွာပါဝင်ပြီး ကင်ဆာရောဂါ၊ နှလုံးရောဂါ၊ ဆီးချို၊သွေးတိုးရောဂါများကိုပျောက်ကင်းစေပါသည်။ကျန်းမာရေးနှင့် ညီညွတ်ပြီး အလွယ်တကူဝယ်ယူစားသောက်ရန်သင့်တော်သော အသီးမျိုးဖြစ်ပါသည်။ နဂါးမောက်သီးတွင်အတွင်းသား အဖြူ၊ အနီ၊ အဝါ ဟူ၍(၃)မျိုးရှိရာ ဝယ်ယူသူများအနေဖြင့် အနီသီးကိုပို၍ နှစ်သက်ကြောင်းသိရှိရပါသည်။ နဂါးမောက်သီးကို ဝိုင်အဖြစ်လည်း စမ်းသပ်ထုတ်လုပ်လျှက်ရှိပါသည်။နဂါးမောက်သီးတစ်လုံးလျှင် အကြီး(၁၀၀၀/-)ကျပ်၊ အလတ်(၇၀၀/-)ကျပ်၊ အသေး(၅၀၀/-) ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ယခုထွက်ရှိသော နဂါးမောက်သီးများကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်သို့တင်ပို့ရောင်းချလျှက်ရှိကြောင်း၊ နဂါးမောက်စိုက်ပျိုးရောင်းချသူများထံမှ သိရှိရပါသည်။ ဆေးဘက်ဝင်ပြီး အလွယ်တကူစိုက်ပျိုးဝင်ငွေရရှိနိုင်သော နဂါးမောက်ပင်အား စိုက်ပျိုးသင့်ပါကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

တိုင်ထောင်ပဲသီးဈေးနှုန်းဈေးကွက်

          နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဟင်းသီးဟင်ရွက်မျိုးစုံစိုက်ပျိုးလျက်ရှိရာ နတ်တလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိဝန်ထမ်းများသည် (၁၀-၁၀-၂၀၂၄) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် လေးဆယ်ကျော်ရွာသို့သွားရောက်၍ တိုင်ထောင်ပဲ .၅၀ဧကစိုက်ပျိုးထားသောတောင်သူနှင့် တွေ့စုံစမ်းမေးမြန်းရာတွင် တိုင်ထောင်ပဲကို ဝါခေါင်လဆန်းတွင် စတင်စိုက်ပျိုးပြီး ရက်(၅၀)၊ ရက်(၆၀)ကြာမှ စတင်ခူးဆွတ်ရပါသည်။ တိုင်ထောင် ပဲ .၅၀ဧကကို စတင်ပေါ်ချိန်တွင် အတောင့်ရေ (၅၀၀)မှစတင်ခူးရပြီး ဒုတိယပတ်မှစ၍ ပိုမိုထွက်ရှိလာကြောင်း တိုင်ထောင်ပဲသီး အသီးစတင်ထွက်ရှိချိန်မှ အသီးတုံးသည့်အချိန်အထိ အကြိမ် (၂၀)ခန့်ခူးဆွတ်ရပြီး စုစုပေါင်းပျှမ်းမျှ အတောင့်ရေ(၁၀၀၀၀၀)ခန့်ထွက်ရှိပါသည်။ တိုင်ထောင်ပဲ .၅၀ဧကစိုက်ပျိုးမည်ဆိုပါက ပဲမျိုးစေ့နို့ဆီဘူး (၁၅)ဘူးအသုံးပြုရပြီး ပဲမျိုးစေ့ နို့ဆီဘူးတစ်လုံးကို (၈၀၀၀)ကျပ်ဖြင့် (၁၅) လုံးကို (၁၂၀၀၀၀) ကျပ်၊ တိုင်ထောင်ဝါးတစ်လုံးကို (၄၀၀)ကျပ်နှုန်းဖြင့် .၅၀ ဧကလျှင် တိုင်ထောင်ဝါးအလုံးရေ (၁၀၀၀) အသုံးပြုရသည့်အတွက်  (၄၀၀၀၀၀)ကျပ်၊ ချည်လုံးတစ်လုံးကို (၃၂၀၀)ကျပ်နှုန်းဖြင့် ချည်လုံး အလုံး(၂၀) ကို (၆၄၀၀၀)ကျပ်၊ ဓာတ်ဆား၊ ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ အလုပ်သမားခ၊ ပေါင်းမြက်ရှင်းခအပါအဝင် စုစုပေါင်းကုန်ကျစရိတ် ငွေကျပ် (၈)သိန်းခန့်ကုန်ကျကြောင်း၊ ယခုအောက်တိုဘာလ ဒုတိယပတ်တွင် တိုင်ထောင်ပဲသီးတစ်တောင့်လျှင် (၁၈)ကျပ်မှ (၂၀)ကျပ်ဖြင့်ရောင်းချရသဖြင့် အကျိုးအမြတ် ကျပ်(၁၀) သိန်းကျော်ခန့်ရရှိကြောင်းနှင့် ထွက်ရှိလာသော တိုင်ထောင်ပဲသီးများကို ကုန်စိမ်းဒိုင်များမှတစ်ဆင့် ရန်ကုန်မြို့သို့ တင်ပို့ရောင်းချကြောင်း  စိုက်ပျိုးသူတောင်သူများထံမှ စုံစမ်းမေးမြန်းသိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ဈေးကွက်မှ ရာသီစာကိုင်းဥ

         တစ်နှစ်တွင် ပုံမှန် တစ်လ၊ နှစ်လသာ ရှားရှားပါးပါးပေါ်သော ရာသီစာကိုင်းဥကို ယခုကဲ့သို့သောအချိန် မြစ်ကမ်းနားဘေးနားရှိ ကိုင်းပင်များတွင် တွေ့ရတတ်ပါသည်။ ကိုင်းဥဟုခေါ်ဆိုသော်လည်း ဥလည်းမဟုတ်၊ မှိုလည်းမဟုတ်၊ အသီးလည်းမဟုတ်ကြောင်းသိရပါသည်။ ကိုင်းပင်၏ပင်စည်မှ အစေးများစုပြီး ဥကဲ့သို့ဖြစ်တည်နေသော အစားအစာတစ်မျိုးဖြစ်ကြောင်း လေ့လာသိရှိရပါသည်။ အင်ဥကဲ့သို့ ချောမွေ့မှုမရှိဘဲ ကြမ်းတမ်းတမ်းရှိပြီး အရသာမှာ စိမ့်သောအရသာရှိပါသည်။ ကိုင်းဥကို ဆားနှင့်ငရုတ်ကောင်းဖြူးပြီး ကင်စားကြသကဲ့သို့ တချို့မှာလည်း ကန်စွန်းရွက်နှင့်ရော၍ ကြော်စားတတ်ကြပါသည်။ ရာသီစာဖြစ်ပြီး လူကြိုက်များသော်လည်း ရှားပါးပြီး အနည်းငယ်သာထွက်ရှိသောကြောင့် ဈေးကွက်အတွင်း၌ အနည်းငယ်သာတွေ့ရတတ်ပါသည်။

       ပြည်ဈေးကွက်တွင် ရောင်းချနေသော ကိုင်းဥဈေးနှုန်းများမှာ ယခင်နှစ်တွင် နို့ဆီဘူးတစ်ဘူးလျှင် ၃၅၀၀ကျပ်ဈေးရှိခဲ့ပြီး ယခုနှစ်တွင် နို့ဆီဘူးတစ်ဘူးလျှင် ၈၀၀၀ကျပ်ဈေးဖြင့်ရောင်းချသဖြင့် ကိုင်းဥဈေးမှာ နို့ဆီဘူးတစ်ဘူးလျှင် ၄၅၀၀ကျပ်ခန့်ဈေးနှုန်းများမြင့်တက်လျက်ရှိကြောင်း လေ့လာသိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း