ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပေါ်ဦးပေါ်ဖျား မြေပဲစို့များ

မြေပဲပင်ပေါက်(ခေါ်) မြေပဲစို့မှာ မြေပဲပင်များ နှုတ်ယူပြီးသည့်အခါ မြေကြီးထဲမှာ ကျန်နေသော မြေပဲတောင့်မှ မိုးရေကြောင့် အစို့ပေါက်လာသော အပင်ပေါက်ဖြစ်ပါသည်။ ယခုလို မိုးဦးကျအချိန်တွင် ပြည်ဈေးကွက်၌ မြေပဲပင်ပေါက်များကို ကျေးရွာများမှ လာရောက် ရောင်းချကြကြောင်းသိရပါသည်။ မြေပဲပင်ပေါက်မှာ ဖြူဖြူတုတ်တုတ်သန်သန်မာမာနှင့် ဈေးကွက်တွင် ရောင်းချနေသဖြင့် စားသုံးသူများ ရာသီပေါ်စားစရာ ဟင်းရန်တစ်ခွက်အဖြစ် ဝယ်ယူစားသောက်ကြပါသည်။

မြေပဲပင်ပေါက်များကို ရေနွေးဖျောပြီး သုတ်စားကြသလို ကင်းပုံညွှန့်၊ ဆူးပုတ်ရွက်များနှင့် ကြော်ချက်, ချက်စားကြပါသည်။ မိုးတဖွဲဖွဲရွာနေချိန်တွင် မြေပဲပင်ပေါက်များ ထွက်ပေါ်လာသဖြင့် တောရွာများတွင် သဘာဝကပေးသော ဟင်းတစ်မျိုးအဖြစ် စားသုံးကြပါသည်။ မြို့များတွင်ဈေးမှ ရောင်းချသော မြေပဲပင်ပေါက်များကို ဝယ်ယူစားသုံးခြင်းဖြင့် ယခုအချိန် ပြည်မြို့ရှိ ဈေးများတွင် ပေါ်ခါစဖြစ်၍ မြေပဲပင်ပေါက် တစ်ပိဿာလျှင် (၅၀၀၀)ကျပ်ဖြစ်ပြီး တစ်ဆယ်ကျပ်သားလျှင် (၅၀၀)ကျပ်ဖြင့် ရောင်းချကြောင်း သိရပါသည်။

DOCA (ပဲခူး)

မိသားစု ဝင်ငွေတိုးဖို့ အသားတိုးဘဲနှင့် ဥစားဘဲများမွေးမြူစို့

ပဲခူးတိုင်းဒေသကြီးအတွင်း အသားတိုးဘဲ၊ ဥစားဘဲ၊ အသားတိုးကြက်၊ ဥစားကြက် မွေးမြူသည့် လုပ်ငန်းများ ပိုမိုလုပ်ကိုင်လာကြကြောင်း သိရှိရပါသည်။ အသားတိုးဘဲ ဖောက်ရာတွင် ထိုင်းနိုင်ငံမှ တင်သွင်းသည့် ဘဲမျိုးဖြစ်သည့် ဘဲထီး (ချယ်ရီမယ်လီ)မျိုးနှင့် မေ (လီးဂတ်)မျိုးများကို အသုံးပြု၍ မျိုးစပ်ပြီး ထုတ်လုပ်ရောင်းချကြောင်း သိရပါသည်။ အသက် (၄၅)ရက်သားတွင် ဈေးကွက်သို့ တင်ပို့ ရောင်းချရန် ပျမ်းမျှကိုယ်အလေးချိန် (၁.၇)ပိဿာခန့်ရှိပြီး ကြီးထွားနှုန်း ကောင်းမွန်၍ ရာသီဥတုဒဏ်ခံနိုင်ပြီး ရှင်သန်နိုင်မှု (၉၀%)ကျော်အထိ ရှိကြောင်း သိရပါသည်။

ဥစားဘဲပေါက်ကိုလည်း ထိုင်းနိုင်ငံမှ တင်သွင်းထားသည့် ကာကီကမ်ဆဲလ်ဘဲမျိုးဖြင့် စနစ်တကျ မျိုးစပ်ထုတ်လုပ်ထားသဖြင့် ဥ,ဥနှုန်းကောင်းပြီး ဥသက်တမ်းကြာရှည်ကြောင်း သိရပါသည်။ ဥစားဘဲမွေးမြူရာတွင် ဥစမ်းသည့် အသက်အရွယ်မှာ (၁၂၀)ရက်၊ ဥနှုန်း (၅၀%) ရရှိသည့်အသက်မှာ (၁၄၆)ရက်၊ တစ်နှစ်ပတ်လုံး ဘဲဥ ထုတ်လုပ်နိုင်မှု (၂၅၀)လုံး၊ ဥတုံးကာလတွင် ဘဲတစ်ကောင်၏ ကိုယ်အလေးချိန်မှာ တစ်ပိဿာကျော်ခန့် ရှိနိုင်ကြောင်း သိရပါသည်။ အသားတိုးဘဲနှင့် ဥစားဘဲ မျိုးပေါက်များကို မှာယူလိုပါက ရွာသာကြီး သရုပ်ပြ ဘဲမွေးမြူရေးခြံသို့ ဆက်သွယ်ဝယ်ယူနိုင်ကြောင်း သိရှိရပါသည်။

DOCA (ပဲခူး)

ပြည်ကုန်စည်ဒိုင်၏ ပဲအမျိုးအစားဈေးနှုန်းပြောင်းလဲမှု

ပြည်ခရိုင်အတွင်းရှိ ပြည်ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျှက်ရှိသော မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ကုလားပဲ၊ ပဲကြီး၊ ဘိုကိတ်၊ စားတော်ပဲများမှာ အောက်ပါအတိုင်း အရောင်းအဝယ်ဖြစ်လျက်ရှိပါသည် -

မတ်ပဲ

          ၂၀၂၃ ခုနှစ်၊ မေလအစတွင် ပိဿာ(၂၀)ဝင် မတ်ပဲတစ်တင်းဈေးမှာ (၇၀၀၀၀-၇၀၅၀၀-၇၁၀၀၀)ကျပ်ဖြင့် ရန်ကုန်အဝယ်တစ်ရက်ကို အိတ် (၃၀၀)ခန့် အဝယ်ရှိပါသည်။ ဒုတိယပတ်မှာ မတ်ပဲဈေးတက်လာပြီး (၇၁၀၀၀-၇၁၅၀၀)ကျပ်မှ (၇၂၀၀၀-၇၃၀၀၀-၇၃၅၀၀)ကျပ်ထိ ဈေးတက်လာခဲ့ပါသည်။ တစ်ရက်ကို ရန်ကုန်အဝယ် အိတ်(၂၀၀/၃၀၀)ခန့် ရှိခဲ့ပါသည်။

ပဲစင်းငုံ

          မေလပထမပတ်တွင် ပဲစင်းငုံတစ်တင်းကို (၇၇၀၀၀-၇၇၅၀၀) ကျပ်ဖြင့် တစ်ရက်ကို အိတ် (၂၀၀/ ၃၀၀)ခန့် အဝယ်ရှိခဲ့ပါသည်။ မေလဒုတိယပတ်တွင် ပဲစင်းငုံတစ်တင်းကို (၇၉၀၀၀-၇၉၃၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ဈေးတက်လာခဲ့ကာ ပဲစင်းငုံတစ်တင်းကို (၈၁၀၀၀-၈၁၅၀၀) ကျပ်ဖြင့် တစ်ရက်ကို အိတ် (၃၀၀)ခန့် ရန်ကုန်အဝယ်ရှိခဲ့ပါသည်။

ကုလားပဲ

          မေလပထမပတ်တွင် ကုလားပဲ (Hl) တစ်တင်းကို (၇၅၀၀၀-၇၅၅၀၀)ကျပ်၊ ကုလားပဲ (မြကြေးမှုံ) တစ်တင်းကို (၇၅၀၀၀-၇၆၀၀၀)ကျပ်ဖြင့် ခွဲစက်သမားများ မြို့တွင်းအဝယ်နှင့် ရန်ကုန် အဝယ် တစ်ရက်ကိုအိတ် (၂၀၀/၃၀၀)ခန့် အဝယ်ရှိခဲ့ပါသည်။ မေလ ဒုတိယပတ်မှာ ကုလားပဲ (Hl) တစ်တင်းကို (၇၆၀၀၀-၇၆၅၀၀-၇၇၀၀၀)ကျပ်၊ ကုလားပဲ (မြကြေးမှုံ) တစ်တင်းကို (၇၇၅၀၀-၇၈၀၀၀) ကျပ်ဖြင့် လှောင်ပဲများကို တစ်ရက်လျှင်အိတ် (၃၀၀)ခန့် မြို့တွင်းခွဲစက်သမားများနှင့် ရန်ကုန် အဝယ် ရှိခဲ့ပါသည်။

ပဲကြီး

          မေလပထမပတ် ပြည်ကုန်စည်ဒိုင်တွင် ပဲကြီး(ရွှေကျွန်း)တစ်တင်းကို (၈၈၀၀၀-၉၀၀၀၀) ကျပ်ဖြင့် မြို့တွင်းပဲကြော်သမားများ တစ်ရက်ကိုအိတ် (၂၀၀/၃၀၀)ခန့် အဝယ်ရှိခဲ့ပါသည်။ မေဒုတိယ ပတ်တွင် ပဲကြီး(ရွှေကျွန်း)တစ်တင်းကို (၉၀၀၀၀)ကျပ်ဖြင့် ဈေးအေးနေပြီး တစ်ရက်ကို အိတ် (၃၀၀)ခန့် မြို့တွင်းနှင့် ရန်ကုန်အဝယ်ရှိခဲ့ပါသည်။

စားတော်ပဲ

          ပြည်ကုန်စည်ဒိုင်တွင် မေလအစ၌ စားတော်ပဲ(ကျွန်း)တစ်တင်းကို (၁၁၀၀၀-၁၁၃၀၀) ကျပ်ဖြင့် မြို့တွင်း လက်လီသမားများ တစ်ရက်ကိုအိတ် (၁၀/၁၅)အိတ်ခန့် အဝယ်ရှိခဲ့ပါသည်။ မေဒုတိယ ပတ်တွင် စားတော်ပဲဈေးအေးနေပြီး တစ်တင်းကို (၁၁၀၀၀၀-၁၁၃၀၀၀)ကျပ်ဖြင့် ဈေးအေးနေခဲ့ပြီး လက်လီသာ အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။

ဘိုကိတ်

          မေလပထမပတ်တွင် ဘိုကိတ်တစ်တင်းကို (၄၇၀၀၀)ကျပ်ဖြင့် မြို့တွင်းလက်လီသမားများ အဝယ် တစ်ရက်ကိုအိတ် (၁၅/၂၀)ခန့် ရန်ကုန်အဝယ် တစ်ရက်ကိုအိတ် (၄၀/၅၀)ခန့် အဝယ်ရှိခဲ့ပါသည် ။ ဒုတိယပတ်တွင် ဘိုကိတ်ဈေးအေးနေခဲ့ပြီး ပဲတစ်တင်းကို (၄၇၀၀၀)ကျပ်ဖြင့် အရောင်းအဝယ် ရှိခဲ့ပါသည်။

          ပြည်ကုန်စည်ဒိုင်၏ အရောင်းအဝယ်ဖြစ်လျက်ရှိသော မတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲ ဈေးများမှာ မြင့်လျှက်ရှိပြီး စားတော်ပဲ၊ ဘိုကိတ်ပဲ၊ ပဲကြီးတို့မှာ ဈေးအေးလျက်ရှိကြောင်း သိရပါသည်။

ပြည် ချင်း(ဂျင်း) ဝင်ရောက်မှုမရှိ၍ ဈေးနှုန်းမြင့်တက်

ပြည်ချင်းပွဲရုံများသို့ ချင်းထွက်ရှိရာဒေသဖြစ်သော အောင်ပန်းချင်း(ဂျင်း)များ မုန်တိုင်းကြောင့် ပြည်ဈေးကွက်သို့ ချင်းများဝင်ရောက်မှုမရှိကာ ပြည်ပွဲရုံများရှိ လက်ကျန်ချင်းများဖြင့် အရောင်းအဝယ် အနည်းငယ်ဖြစ်လျက်ရှိပါသည်။ အရောင်းအဝယ် နည်းသော်လည်း ဈေးနှုန်းမှာ ကျဆင်းမသွားဘဲ ဆက်လက်မြင့်တက်လျက်ရှိပါသည်။ ယခင်အပတ်ကထက် ဈေးနှုန်း (၅၀၀)ကျပ် မြင့်တက်လာသည်ဟု ချင်းပွဲရုံ ပိုင်ရှင်တစ်ဦးထံမှ သိရှိရပါသည်။

၂၀၂၃ ခုနှစ်၊ မေလတတိယအပတ်တွင် ချင်းတစ်ပိဿာလျှင် ပွဲရုံဈေး(၄၀၀၀-၄၅၀၀)ကျပ် ဖြစ်ပြီး လက်ကားဈေး (၅၀၀၀-၅၅၀၀) ကျပ်ဈေးဖြင့် တစ်နေ့လျှင် ပိဿာချိန် ()ပိဿာ မျှသာ အရောင်းအဝယ်ရှိပြီး အရောင်းအဝယ် အေးလျက်ရှိကြောင်း သိရှိရသည်။

DOCA (ပဲခူး)

ပြည်ဈေးကွက်တွင် ဆီထွက်သီးနှံဈေးများ မြင့်တက်လာ

ပြည်ဈေးကွက်တွင် ၂၀၂၃ခုနှစ်၊ မေလ(ဒုတိယပတ်)တွင် နှမ်းဈေးများ အမြင့်ဆုံးသို့ မြင့်တက်လာခဲ့ပါသည်။ နွေနှမ်းများထွက်ပေါ်ချိန် ဖြစ်သော်လည်း ဈေးကွက်သို့ အနည်းငယ်သာရောက်ရှိပြီး အရောင်းအဝယ်ဖြစ်သော နှမ်းများမှာ ယခင်လှောင်ထား သော မိုးနှမ်းနှင့် ဆောင်းနှမ်းများသာ အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ မုန်တိုင်းပြီးချိန်ဖြစ်၍ ပွင့်လင်းချိန်တွင် အရောင်းအဝယ် ဖြစ်လာသဖြင့် ဈေးကွက်တွင် နှမ်းဈေးများမြင့်တက်လာခဲ့ပါသည်။ ပြည်ဈေးကွက်သို့ ပန်းတောင်းဘက်မှ ဝင်ရောက်လာပြီး မကွေး၊ မန္တလေးနှင့် အောင်လံဘက်မှ ပြန်လည်အရောင်းအဝယ်ရှိသည်ကို တွေ့ရပါသည်။ နှမ်းဈေးနှုန်းများမှာ နှမ်းနီ(၃)တင်း တစ်အိတ်လျှင် (၂၆၅၀၀၀)ကျပ်၊ နှမ်းနက်(၃) တင်းတစ်အိတ်လျှင် (၂၉၀၀၀၀)ကျပ်နှင့် စမုံနက်နှမ်း (၃)တင်း တစ်အိတ်လျှင် (၃၂၅၀၀၀)ကျပ်ဖြင့် တစ်နေ့လျှင် အိတ် (၄၀၀)ခန့် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ နှမ်းဈေးများမှာ ဧပြီလကုန်တွင် နှမ်းနီ(၃)တင်း တစ်အိတ်လျှင် (၂၅၅၀၀၀) ကျပ်၊ နှမ်းနက် (၃)တင်း တစ်အိတ်လျှင် (၂၈၀၀၀၀)ကျပ်နှင့် စမုံနက်နှမ်း (၃)တင်း တစ်အိတ်လျှင် (၂၉၅၀၀၀) ကျပ် ဖြစ်ခဲ့သဖြင့် ယခု မေလဒုတိယပတ်တွင် နှမ်းနီ(၃)တင်းတစ်အိတ်လျှင် (၁၀၀၀၀)ကျပ်၊ နှမ်းနက် (၃)တင်း တစ်အိတ်လျှင် (၁၀၀၀၀)ကျပ်နှင့် စမုံနက်နှမ်း (၃)တင်း တစ်အိတ်လျှင် (၃၀၀၀၀)ကျပ် ဖြင့် ဈေးနှုန်းများ မြင့်တက်လာခဲ့ပါသည်။

မြေပဲဆန်ဈေးမှာလည်း ပြည်ဈေးကွက်တွင် ဆက်လက်မြင့်တက်လာခဲ့လာပါသည်။ မြေပဲဆံကို ဆီကြိတ်ရန်နှင့် အခြားတိုင်းများသို့တင်ပို့ရန်အတွက် အဝယ်ရှိသဖြင့် ဈေးများမြင့်တက်လာသည်ဟု သိရပါသည်။ မုန်တိုင်းပြီးစတွင် အရောင်းအဝယ် များဖြစ်လာပြီး အညာဘက်မှ ဝယ်ယူမှုရှိသဖြင့် ယခု မေလဒုတိယပတ်တွင် မြေပဲဆီဆံ (အဖြူ)တစ်ပိဿာလျှင် (၆၅၀၀)ကျပ်၊ ဆီဆံ(အနီ) တစ်ပိဿာလျှင် (၇၅၀၀)ကျပ် နှင့် မြေပဲလုံးဆံ(အဖြူ)တစ်ပိဿာလျှင် (၇၈၀၀)ကျပ်၊ လုံးဆံ(အနီ) တစ်ပိဿာလျှင် (၈၀၀၀)ကျပ်ဖြင့် ဈေးများ ဆက်လက်မြင့်တက်လာခဲ့ပါသည်။ အရောင်းအဝယ်မှာလည်း တစ်နေ့လျှင် မြေပဲဆန်အိတ် (၅၀၀)ခန့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)

ပြည်ဈေးကွက်တွင် အရောင်းအဝယ်ဖြစ်နေသော ရှမ်းဒေသထွက် ဟင်းသီးဟင်းရွက်

ဟင်းသီးဟင်းရွက်များတွင် ဗီတာမင်၊ သတ္တုဓာတ်များနှင့် အခြားအရေးကြီးသော အာဟာရဓာတ်များ ပါဝင်၍ ခန္ခာကိုယ်ကျန်းမာဖို့အတွက် အထူးလိုအပ်သဖြင့် ဟင်းသီးဟင်းရွက်များကို စားသုံးပေးခြင်းဖြင့် ထိုအာဟာရဓာတ်များ ရရှိလာမှာဖြစ်ပါ သည်။

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့ရှိ ဟင်းသီးဟင်းရွက်ဈေးကွက်တွင် ရှမ်းပြည်ဒေသထွက် ဟင်းသီးဟင်းရွက်များ အများအပြား တင်သွင်းရောင်းချလျက်ရှိကြရာ မုန်ညှင်းဖြူတစ်ပိဿာလျှင် (၂၀၀၀)ကျပ်၊ ကြာစွယ်တစ်ပိဿာလျှင် (၉၀၀၀)ကျပ်၊ ထိုင်ဝမ်မုန်ညှင်း (၁၀) စည်းလျှင် (၂၅၀၀)ကျပ်၊ ဂေါ်ရခါးညွှန့် (၁၀)စည်းလျှင် (၇၀၀၀)ကျပ်၊ မုန်လာဥနီ တစ်ပိဿာလျှင် (၄၅၀၀)ကျပ်၊ ဂေါ်ဖီထုပ် (၂)ပိဿာ ဝန်းကျင်တစ်ထုပ်လျှင် (၂၅၀၀)ကျပ်၊ ဂေါ်ရခါးသီးတစ်လုံးလျှင် (၂၀၀)ကျပ်၊ ခရမ်းချဉ်သီး ရှမ်းသီး (ခေါ်)ထိုင်ဝမ်သီး တစ်ပိဿာလျှင် (၁၅၀၀)ကျပ်၊ ဘိုစားပဲ(ရှမ်းပဲ) တစ်ပိဿာလျှင် (၂၀၀၀)ကျပ်၊ ရွှေပဲသီးတစ်ပိဿာလျှင် (၆၀၀၀)ကျပ်၊ ငရုတ်ပွစိမ်း(ကြီး) တစ်ပိဿာလျှင် (၃၅၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)

ပြည်မြို့တွင် ဖြစ်ပေါ်လျက်ရှိသော စပါး/ဆန်ဈေးနှုန်း

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့တွင် ၂၀၂၃ခုနှစ်၊ ဧပြီလဆန်းပိုင်း၌ စပါး/ဆန်ဈေးများမှာ ငြိမ်နေပြီး မေလဆန်းတွင် ဈေးအနည်းငယ်မြင့်တက်ခဲ့ပါသည်။ ဧပြီလဆန်းပိုင်းတွင်း ဧည့်မထ အုပ်စု ဖြစ်သည့် ကရင်မစပါး တင်း(၁၀၀)လျှင် (၁၄၅၀၀၀၀)ကျပ်၊ ဆန်တစ်အိတ်လျှင် (၅၂၀၀၀)ကျပ်ရှိပြီး၊ မှော်ဘီစပါးဈေးမှာ (၁၅၀၀၀၀၀)ကျပ်၊ ဆန်တစ်အိတ်လျှင် (၅၅၀၀၀)ကျပ်၊ ဧည့်မထအုပ်စုများ ဖြစ်သည့် ရတနာတိုးဆန်တစ်အိတ်လျှင် (၅၀၀၀၀)ကျပ်၊ မနောသုခတစ်အိတ်လျှင် (၅၂၀၀၀)ကျပ်၊ ကျော်ဇေယျ တစ်အိတ်လျှင် (၅၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိပါသည်။

ဧပြီလ နောက်ဆုံးပတ်တွင် စပါးဈေးမှာ စပါးဈေးတင်း(၁၀၀)လျှင် (၁၅၀၀၀၀၀)ကျပ် ရှိခဲ့ရာ ဧပြီလဆန်းပိုင်းနှင့်ယှဉ်လျှင် (၅၀၀၀၀) ကျပ်ခန့် ဈေးမြင့်တက်ခဲ့ပါသည်။ မေလဆန်းတွင် ဧည့်မထ (၄၆)ပေါင်တင်း(၁၀၀)လျှင် (၁၅၅၀၀၀၀) ကျပ်ဖြင့် ဈေးဆက်လက် မြင့်တက်ခဲ့ပြီး ကရင်မဆန်တစ်အိတ်လျှင် (၅၅၀၀၀)ကျပ်၊ ရတနာတိုးဆန်တစ်အိတ်လျှင် (၅၂၀၀၀)ကျပ်၊ ကျော်ဇေယျဆန်တစ်အိတ်လျှင် (၅၅၀၀၀)ကျပ်၊ ရိုးနီဆန်တစ်အိတ်လျှင် (၅၇၀၀၀)ကျပ်ဖြင့် ဈေးအနည်းငယ်မြင့်တက်ခဲ့ပါသည်။ မေလဒုတိယပတ် စပါးဈေးမှာ (၄၆)ပေါင် တင်း(၁၀၀) လျှင် (၁၆၅၀၀၀၀)ကျပ်အထိ မြင့်တက်ခဲ့ပြီး မှော်ဘီဆန် တစ်အိတ်လျှင် (၆၃၀၀၀)ကျပ် ကရင်မဆန်တစ်အိတ်လျှင် (၅၈၀၀၀)ကျပ်၊ ရတနာတိုးဆန်တစ်အိတ်လျှင် (၅၇၀၀၀)ကျပ်၊ ကျော်ဇေယျ ဆန်တစ်အိတ်လျှင် (၅၈၀၀၀)ကျပ်၊ ရိုးနီဆန်တစ်အိတ်လျှင် (၅၇၀၀၀) ကျပ်ဖြင့် ဈေးမြင့်တက်ခဲ့ပါသည်။

စပါး/ဆန်ဈေးများမြင့်တက်ရခြင်းမှာ မိုးစပါးလက်ကျန်နည်းပါးခြင်း၊ ဓါတ်မြေဩဇာဈေးများ မြင့်တက်လာခြင်းတို့ကြောင့် တောင်သူများအနေဖြင့် သွင်းအားစုများအား လျော့နည်းသုံးစွဲရသည့်အတွက်ကြောင့်လည်းကောင်း၊ ယခုနှစ်မိုးစပါးတွင်လည်း စပါးအထွက်နည်းခဲ့ခြင်း၊ ဆန်ထွက်အောက်တန်းမရှိခြင်းနှင့် နွေစပါးစတင်ထွက်ပေါ်နေပြီဖြစ်သော်လည်း အရည်အသွေးမကောင်းခြင်းတို့ကြောင့် ဧည့်မထ(အဟောင်း) စပါးဈေးများမှာ ဈေးဆက်လက်မြင့်တက်ခဲ့ပြီး အရောင်းအဝယ်အနေဖြင့် အခြားတိုင်းဒေသကြီးများသို့ ကရင်မဆန်နှင့် မနောသုခဆန်များကိုသာ တင်ပို့ရောင်းချမှုရှိပြီး မှော်ဘီနှင့် ရတနာတိုး၊ ကျော်ဇေယျဆန်များကို ဒေသတွင်းစားသုံးရန်အတွက် အရောင်းအဝယ်ရှိကြောင်း သိရပါသည်။

 DOCA (ပဲခူး)

ပြည်သစ်သီးဝလံဈေးကွက်အတွင်းက ငှက်ပျောသီးဈေးကွက်အခြေအနေ

ပြည်ခရိုင်အတွင်းရှိ မြို့နယ်များတွင် ဖီးကြမ်းငှက်ပျောသီး၊ ရခိုင်ငှက်ပျောသီးများအား ဈေးကွက်များတွင် ဖြန့်ဖြူးရောင်းချရန် စီးပွားဖြစ်စိုက်ပျိုးကြသည့်အပြင် နေအိမ်များတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြသည်ကို တွေ့ရပါသည်။

ဖီးကြမ်းငှက်ပျောသီးတွင် အစိမ်းနှင့် အပြာ ဟူ၍ နှစ်မျိုးရှိရာ ငှက်ပျောသီး(အပြာ)က ဆေးဖက်ဝင်သည်ဟုလည်းသိရပါသည်။ ဖီးကြမ်းငှက်ပျောသီးကို စားသုံးပေးခြင်းဖြင့် အာဟာရဓါတ်များစွာရရှိနိုင်သလို အစာအိမ်ရောဂါ၊ လေပူရောဂါ၊ လည်ချောင်းနာခြင်း၊ သွေးတိုးရောဂါ စသည့်ရောဂါများအတွက် ကျန်းမာရေး ဓါတ်စာအဖြစ်လည်း စားသုံးနိုင်ပါသည်။ ထိုအပြင် ဖီးကြမ်းငှက်ပျောသီးအစိမ်းကို ဟင်းချက်၍ လည်းကောင်း၊ ရခိုင်ငှက်ပျောသီး အစိမ်းနုလေးများကို အတို့အမြုပ် အဖြစ်လည်းကောင်း စားသုံးကြပါသည်။

ဖီးကြမ်းငှက်ပျောသီးအမှည့်ကို မီးဖုတ်၍ စားသုံးပေးခြင်းဖြင့် ပါးစပ်နှင့် အစာအိမ်နာများကို သက်သာစေပါသည်။ ဖီးကြမ်းငှက်ပျောသီးများကို ဈေးကွက်များအတွင်းတွင် အလုံးအရေအတွက် အဖီး အကြီး/အသေးပေါ်မူတည်၍  တစ်ဖီးလျှင် (၁၅၀၀)ကျပ်မှ (၂၅၀၀)ကျပ် အထိ ရောင်းချပြီး၊ ရခိုင်ငှက်ပျောသီးတစ်ဖီးလျှင် (၅၀၀)ကျပ်မှ (၇၀၀)ကျပ်အထိ ရောင်းချကြောင်း သိရပါသည်။ ငှက်ပျောသီးများကို ပြည်ဈေးကွက်မှ တစ်ဆင့် ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချကြောင်းသိရပါသည်။

DOCA (ပဲခူး)

ပြည်စားတော်ပဲသီးနှံ ဈေးအမြင့်ဆုံးဖြင့် ပဲဈေးကွက်မှာအရောင်းအဝယ်ဖြစ်

ပြည်ပဲမျိုးစုံဈေးကွက်မှာ လက်လီ/လက်ကား ရောင်းဝယ်လျက်ရှိကြသည့် ပဲမျိုးစုံများတွင် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ သီးနှံများသာ လက်ကားရောင်းဝယ်မှုများသော်လည်း အခြားပဲများဖြစ်သည့် ဘိုကိတ်ပဲ၊ ပဲလွမ်းဖြူ၊ ပဲနီပြားနှင့် စားတော်ပဲ သီးနှံများသည် ဈေးကွက်မှာ လက်လီရောင်းဝယ်မှုသာ အဖြစ်များခဲ့ကြပါသည်။ အဆိုပါပဲများထဲတွင် စားတော်ပဲသီးနှံမှာ ပဲဈေးကွက်တွင် ဈေးအမြင့်ဆုံးဖြင့် စံချိန်တင်ရောင်းဝယ်လျက်ရှိခဲ့ကြပါသည်။

သို့သော်လည်း စားတော်ပဲသီးနှံမှာ လှောင်ပဲလက်ကျန်များဖြင့်သာ ရောင်းဝယ်နေကြရသော ကြောင့် လက်လီအိတ်အနည်းငယ်ဖြင့် နေ့စဉ်အရောင်းအဝယ် ဖြစ်နေခဲ့ပါသည်။ ပဲပြုတ် ရောင်းချသူများမှ ဝယ်ယူမှုရှိလ၍ တစ်ရက်အိတ်လျှင် (၁၀)အိတ် ခန့်မှ အိတ် (၂၀)ကျော်အထိ ရောင်းချရကာ ဈေးနှုန်းအနေဖြင့် ပိဿာ (၂၀)တစ်တင်း (၁၁၅၀၀၀)ကျပ်ဖြင့် ရောင်းချရသည့်အတွက် ပဲဈေးကွက်မှာ ဈေးအမြင့်ဆုံးရနေသော ပဲဖြစ်ခဲ့ပါသည်။

စားတော်ပဲသီးနှံသည် နှစ်စဉ်လိုလို ဈေးကွက်အတွင်း ဈေးအမြင့်ရလျက်ရှိသော ပဲဖြစ်သော်လည်း ပြည်ခရိုင်အတွင်း စိုက်ပျိုးမှုမရှိလို့ အခြားဒေသများမှ ဝယ်ယူတင်ပို့ရောင်းချရသည့် ပဲသီးနှံဖြစ်၍ ဈေးကွက်အတွင်း အခြားပဲများကဲ့သို့  အိတ်အရေ အတွက် များပြားစွာ ရောင်းချမှုမရှိဘဲ ပဲအထွက်လှိုင်ချိန် ပဲသစ်များဝင်ရောက်ချိန်မှာပင်လျှင် အိတ်(၁၀၀)အောက်သာ ရောင်းချနေကြရကြောင်း သိရပါသည်။

DOCA (ပဲခူး)

မုံရွာမြို့တွင်ရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

     ၂၀၂၃ ခုနှစ် မေလ တတိယအပတ်အတွင်း မုံရွာမြို့နယ်အတွင်း အခြေခံစားကုန်များ ဖြစ် သော ရွှေဘိုပေါ်ဆန်းဆန်တစ်ပြည် (၄၃၀၀) ကျပ်၊ ဧရာမင်းဆန်တစ်ပြည် (၄၁၀၀)  ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ စားအုန်းဆီ တစ်ပိဿာလျှင် (၆၄၄၅၀) ကျပ်၊ မြေပဲဆီတစ်ပိဿာလျှင် (၁၂၅၀၀) ကျပ်၊ နှမ်းဆီ တစ်ပိဿာလျှင် (၁၁၀၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါ သည်။ ကြက်သွန်နီ လက်လီတစ်ပိဿာလျှင် (၂၀၀၀) ကျပ်မှ (၂၂၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူ လက်လီ (ဗမာ) တစ်ပိဿာလျှင် (၉၀၀၀) ကျပ်မှ (၁၀၀၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူ (ရှမ်း) တစ်ပိဿာ လျှင် (၈၅၀၀) ကျပ်မှ (၉၀၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာလျှင် (၈၅၀၀) ကျပ်မှ (၉၀၀၀) ကျပ်ထိ၊ ချင်းတက် တစ်ပိဿာလျှင် (၁၉၀၀) ကျပ်မှ (၂၀၀၀) ကျပ်ထိ၊ ငရုတ်ခြောက် အမျိုးအစားအလိုက်  (၁၃၀၀၀)  ကျပ် မှ (၁၄၀၀၀) ကျပ်ထိ၊ အာလူး တစ်ပိဿာလျှင် (၂၄၀၀) ကျပ် မှ (၂၅၀၀) ကျပ်ထိ၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင် (၁၉၀၀) ကျပ်မှ (၂၀၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိပါသည်။

     ကြက်ဥ လက်လီဈေးနှုန်းမှကြီး တစ်လုံး (၂၅၀) ကျပ်၊ သေးတစ်လုံး (၂၀၀) ကျပ်၊ ဘဲဥ(ကြီး) တစ်လုံး (၃၅၀) ကျပ်၊ သေးတစ်လုံး (၃၀၀) ကျပ်ရှိသည်။ မုံရွာမြို့၏ သား/ ငါးဈေးနှုန်းမှ ကြက်သား (CP) တစ်ပိဿာလျှင် ( ၁၀၀၀၀) ကျပ်မှ  (၁၁၀၀၀) ကျပ်ထိ ၊ ကြက်သား (ဗမာ) တစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်၊ ဝက်သား တစ်ပိဿာလျှင် (၁၉၀၀၀) ကျပ်မှ (၂၀၀၀၀) ကျပ်ထိ၊ အမဲသား တစ်ပိဿာလျှင် (၁၈၀၀၀) ကျပ်မှ (၁၉၀၀၀)ကျပ်ထိ၊ ငါးမြစ်ချင်း တစ်ပိဿာလျှင် (၈၀၀၀) ကျပ်၊ ငါးကြင်း တစ်ပိဿာလျှင် (၁၀၀၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

     မေလ တတိယပတ်အတွင်း အခြေခံစားကုန်ဈေးနှုန်းများနှင့် ယခင်အပတ်ဈေးနှုန်းများနှိုင်းယှဉ်လျှင် ရွှေဘိုပေါ်ဆန်း ဆန်တစ်ပြည်(၅၀၀)ကျပ်၊ ဧရာမင်းဆန်တစ်ပြည်(၅၀၀)ဈေးနှုန်း မြင့်တက်ပြီး အခြားအခြေခံစားကုန်များ၏ ဈေးနှုန်းများမှာ ကွာဟမှုမရှိကြောင်း မုံရွာမြို့နေဈေးရောင်းချသူများ ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း