ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ရွှေတောင်မြို့နယ်ရှိ ရွှေဖရုံသီး (လက်ရိုက်သီး)စိုက်ပျိုးထုတ်လုပ်မှုနှင့် ဈေးနှုန်းဈေးကွက်အခြေအနေ

          ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်ရှိ မီးလောင်အုပ်စု၊ ဝါးလည်ကျေးရွာတွင် ရွှေဖရုံသီး (လက်ရိုက်သီး)ကို စိုက်ပျိုးထားသဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးအောင်နိုင်ဦး နှင့်ဝန်ထမ်းများသည် (၂၂.၅.၂၀၂၃) နေ့ နံနက် (၁၀:၀၀)အချိန်တွင် ကွင်းဆင်း လေ့လာခဲ့ပါသည်။

        ရွှေတောင်မြို့နယ်၊ မီးလောင်အုပ်စုတွင် ရွှေဖရုံသီး (လက်ရိုက်သီး) စိုက်ပျိုးသူ တောင်သူ (၁၂)ဦးရှိပြီး စိုက်ပျိုးသည့် စင်ပေါင်း (၁၂)စင် စိုက်ပျိုးထားကြောင်း သိရပါသည်။ ရွှေဖရုံသီး (လက်ရိုက်သီး) ဆိုသည်မှာ တစ်ခါစား အလုံးသေးမျိုးဖြစ်ပြီး မျိုးမှာ ထိုင်ဝမ်မျိုးဖြစ်ပါသည်။ ရွှေဖရုံသီးကို တန်ခူးလဆန်းတွင် စတင်စိုက်ပျိုးပြီး၊ ဝါဆိုလဆန်းတွင် အသီးများစတင်ထွက်ပေါ်၍ ခူးဆွတ်ရောင်းချရကြောင်း သိရပါသည်။ ရွှေဖရုံစိုက်ပျိုးရာ စင်ထိုး၍ စိုက်ပျိုးရပြီး တစ်စင်လျှင် ကုန်ကျစရိတ်အနေဖြင့် စင်ဖိုးအပါအဝင် (၂)သိန်းကျပ်ခန့် ကုန်ကျကြောင်းသိရပါသည်။ ထိုရွှေဖရုံစင်ကို (၂)နှစ် အသုံးပြု၍ရပြီး ရွှေဖရုံ တုံးပါက အခြားနွယ်ပင်များဖြစ်သည့် ကျောက်ဖရုံ၊ ပဲပင် များကို ဆက်လက်စိုက်ပျိုးကြောင်း သိရပါသည်။ ရွှေဖရုံသီး ခူးဆွတ်ချိန်တွင် တစ်ပတ်လျှင် တစ်ကြိမ်ခူးဆွတ်ရပြီး (၂)လခန့် ခူးဆွတ်ရကြောင်းသိရပါသည်။ ရွှေဖရုံတစ်ခင်းတွင် (လက်ရိုက်သီး) အလုံးပေါင်း (၁၄၀၀)ခန့် ရရှိကြောင်း သိရှိရပါသည်။ ဈေးနှုန်းအနေဖြင့် ယခင်နှစ်တွင် အထိုင်ဈေး တစ်လုံးလျှင် (၅၀၀)ကျပ်ဖြင့် ရောင်းချကြောင်းသိရပါသည်။ ယခုနှစ်ရွှေဖရုံသီး ထွက်ပေါ်ချိန်တွင် ယခင်နှစ်ကဈေးအတိုင်း ရရှိနိုင်ကြောင်း တောင်သူထံမှ သိရှိရပါသည်။ ယခုအချိန်တွင် ရွှေဖရုံသီး စိုက်ပျိုးနေချိန်ဖြစ်ပြီး လာမည့် ဝါဆိုလတွင် စတင်ထွက်ပေါ် လာမည် ဖြစ်သဖြင့် ယခင်နှစ်ကအတိုင်း အသီးတင်မည်ဆိုလျှင် ဝင်ငွေရရှိမှုမှာ (၇)သိန်းကျပ်ခန့်ရရှိမှာဖြစ်ပြီး အကျိုးအမြတ်အနေဖြင့် ရွှေဖရုံစင်တစ်စင်လျှင် (၅)သိန်းကျပ်ခန့် ရရှိနိုင်မည်ဖြစ်ကြောင်း သိရပါ သည်။

ရွှေဖရုံသီးကို လူအများက ရာသီစာအသီးအနှံအဖြစ် စားသုံးကြသဖြင့် ယခုလို တစ်ခါစား လက်ရိုက်သီးများသည် အလေအလွင့်မရှိဘဲ ဈေးနှုန်းအနေဖြင့်လည်းသက်သာသဖြင့် ဝယ်ယူ စားသုံးကြပါသည်။ စိုက်ပျိုးသူတောင်သူများအနေဖြင့်လည်း ရာသီချိန်တစ်နှစ်လျှင် အမြတ်အစွန်း များစွာရရှိသဖြင့်  ပိုမိုတိုးချဲ့ စိုက်ပျိုးသင့်ကြောင်း ကွင်းဆင်းလေ့လာ သုံးသပ်တင်ပြလိုက်ရပါသည်။

DOCA(ပဲခူး)

“စိုက်ပျိုးသင့်သောခရမ်းချဉ်သီး”

    ကျောက်ဆည်မြို့နယ်အတွင်းရှိ တောင်သူများသည် စပါး၊ ပဲ၊ ပြောင်း၊ နှမ်း စသည့်သီးနှံများအပြင် ခရမ်းချဉ်သီးကိုလည်း စီးပွားဖြစ် တိုးချဲ့စိုက်ပျိုးထားကြပါသည်။ ခရမ်းချဉ်သီးအား ယာမြေများတွင် အဓိကစိုက်ပျိုးကြောင်း၊ စိုက်ပျိူးရာတွင် ပျိုးထောင်ပြီး ပျိုးပင်(၄၅)ရက်သား အရွယ်၌ ဘောင်ဖြင့်စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးပြီး(၂)လကျော်အချိန်တွင် အသီးများစတင်ရင့်မှည့်လာပြီး  စတင်ခူးဆွတ်ချိန်တွင် တစ်ဧကလျှင် ပိဿာချိန်(၂၅-၃၀)ထွက်ရှိပြီး (၄)ရက်ခြားတစ်ကြိမ်ခူးဆွတ်နိုင်ကြောင်း သိရှိရပါသည်။ စတင်ခူးဆွတ်သည်မှစ၍ နှစ်လခွဲသုံးလအထိ ခူးဆွတ်နိုင်ကြောင်း၊ အထွက်နှုန်းအများဆုံးအချိန်တွင် တစ်ဧကလျှင် ပိဿာချိန်(၂၅၀-၃၀၀)ခန့်ထွက်ရှိကြောင်း သိရှိရပါသည်။ ကုန်ကျစရိတ် အနေဖြင့် တစ်ဧကလျှင် ပျိုးထောင်၊ မြေပြင်၊ စိုက်ပျိုးစရိတ်၊ သွင်းအားစုစုစုပေါင်း (၆-၇)သိန်းဝန်းကျင်ကုန်ကြကြောင်း သိရှိရပါသည်။ ထွက်ရှိလာသောခရမ်းချဉ်သီးများကို မန္တလေးမြို့ရှိ ကုန်စိမ်းဆိုင်များသို့ သွားရောက်ရောင်းချကြောင်း၊ ယခင်ဧပြီလတွင် တစ်ပိဿာလျှင် (၁၅၀၀-၁၈၀၀)ကျပ်ဈေးနှုန်းဖြင့် ဈေးကောင်းရရှိပြီး ယခုမေလတွင် တစ်ပိဿာလျှင် (၈၀၀-၁၀၀၀) ကျပ်ဈေးနှုန်းဖြင့် ရောင်းချ၍ ဈေးနှုန်း အနည်းငယ်ကျဆင်းကြောင်း၊ ကုန်စိမ်းဖြစ်သည့်အတွက် ဈေးအတက်အကျရှိသော်လည်း ယခုအချိန်တွင် (၈၀၀-၁၀၀၀)ကျပ် ဈေးဖြင့်ပင်လျှင် အကျိုးအမြတ်များစွာရရှိပြီး တိုးချဲ့စိုက်ပျိုးသင့်ကြောင်း တောင်သူတစ်ဦး၏ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

 

 

 

 

 

ပေါ်ဦးပေါ်ဖျား ဈေးကောင်းရနေသော တောင်ပို့မှို

         တောင်ပို့မှိုကို အချို့က ခြမှိုဟုလည်းခေါ်ကြပါသည်။ တောင်ပို့မှိုဟု ဆိုသည့်အတိုင်း တောင်ပို့မှိုရှိရာမြေအောက် ခြကောင်ရှိသောနေရာတွင် နွေအကုန်မိုးဦးအစ မိုးတစ်ပြိုက် နှစ်ပြိုက်ရွာအပြီးတွင် ပေါက်ရောက်တတ်ပါသည်။ တောင်ပို့မှိုသည်ဈေးကောင်းသော အစားအစာ တစ်မျိုး ဖြစ်ပါသည်။ တောင်ပို့မှိုကို သဘာဝအတိုင်း တူးယူ၍ရသလို သဘာဝနည်းဖြင့်လည်း စိုက်ပျိုး၍ ရကြောင်းလည်း သိရှိရပါသည်။ စိုက်ပျိုးနည်းမှာ ပါဝင်ပစ္စည်း(၃)မျိုးသာရှိပြီး မိမိ ပတ်ဝန်းကျင်တွင် အလွယ်တကူရှာဖွေရသော ပစ္စည်းများဖြစ်ပါသည်။ ခြတောင်ပို့အတွင်းပိုင်းမှ မြေသား (၂၀)ကျပ်သားခန့်၊ ထမင်းဖြူ (၆၅)ကျပ်သား နှင့် ရေ(၂)လီတာတို့ဖြစ်ပါသည်။ ပထမဦးစွာ တောင်ပို့ မြေနှင့် ထမင်းဖြူကို ဇလုံတစ်ခုထဲတွင် သမအောင်မွှေပေးရပါမည်။ ထို့နောက် ရေကိုဖြန်းလိုက် မွှေလိုက်ဖြင့် ရေသန့်ဘူး(၂)ဘူး ကုန်သည်အထိမွှေပေးရပါမည်။ ထို့နောက် ဇလုံကိုနေရောင်ခြည် တိုက်ရိုက်မကျသော မပူလွန်း၊ မအေးလွန်းသော နေရာတွင် ရွေ့ပြောင်းခြင်း မပြုဘဲ (၇)ရက်ခန့် ထားရပါမည်။ (၇)ရက်ကျော်သောအခါ ဇလုံ၏မျက်နှာပြင်ပေါ်တွင် အမြုပ်အဖတ်ဖြူဖြူမဲမဲလေးများ တက်လာသည်ကို တွေ့ရပါသည်။ ထိုအဖတ်များသည် မှိုဖေါက်ရန် ကျူလ္လင်ဆီ (မှိုမျိုးစေ့) များ ဖြစ်ပါသည်။ ထိုမှိုမျိုးများကို ခပ်ယူ၍ အစိုဓါတ်ရှိသော မြေဆွေးပုံ၊ ကောက်ရိုးဆွေးပုံ၊ သစ်ပင်အောက်ရှိမြေဆွေးပုံအပေါ် နှံစပ်အောင်ချထားပေးရပါမည်။ မှိုမျိုးစေ့များ ချထားသော နေရာအား (၇)ရက်၊ (၈)ရက် တစ်ကြိမ်ရေစိုရုံသာ ဖျန်းပေးရုံဖြင့် မှိုဖူးလေးများ ထွက်လာမှာ ဖြစ်ပါသည်။ ယခုအချိန်ပေါ်ဦးပေါ်ဖျား တောင်ပို့မှိုများဈေးကွက်တွင် ရောင်းချနေပြီဖြစ်ပါသည်။ အဖူးများဖြစ်သောကြောင့် ပိုချို၊ ပိုနု၍ စားလို့အလွန်ကောင်းပါသည်။ တောင်ပို့မှု (၅၀)ကျပ်သား လျှင် (၁၅၀၀၀)ကျပ်၊ တစ်ပိဿာလျှင် (၃)သောင်းကျပ်ဖြင့် ရောင်းချကြောင်း သိရပါသည်။ တောင်ပို့မှိုကို သဘာဝနည်းဖြင့် အလွယ်ကူဆုံးနှင့် ကုန်ကျစရိတ်နည်းနည်းဖြင့် မြေအများကြီးရှိဖို့ မလိုဘဲ အိမ်တွင်းတိုက်ခန်း၊ ကွန်ဒိုနေသူများပါ ပန်းအိုးအတွင်း မြေဆွေးထည့်၍ စိုက်ပျိုးနိုင်ပါသည်။

        ထို့ကြောင့် တောင်ပို့မှိုသည် စီးပွားဖြစ်ထုတ်လုပ်ရောင်းချနိုင်သလို၊ တစ်နိုင်တစ်ပိုင် စိုက်ပျိုး၍ မိသားစုဝင်ငွေရရှိအောင် စိုက်ပျိုးထုတ်လုပ်ရောင်းချနိုင်သဖြင့် စိုက်ပျိုးသင့်သော ဟင်းအမယ်တစ်မျိုးဖြစ်ကြောင်း လေ့လာတင်ပြလိုက်ရပါသည်။

DOCA(ပဲခူး)

တောင်ငူခရိုင်၊ ဖြူးမြို့တွင် အခြေခံစားသောက်ကုန်အချို့ ဈေးနှုန်းအတက်အကျရှိ

              တောင်ငူခရိုင် ၊ ဖြူးမြို့တွင် ရွှေဘိုပေါ်ဆန်းမှာ တစ်အိတ်လျှင် ၁၀၀၀၀၀ ကျပ်ဖြင့် ယခင် အပတ်ကအတိုင်း ဈေးနှုန်းတည်ငြိမ်နေပြီး ဧည့်မထမှာ ယခင်အပတ်က တစ်အိတ်လျှင် ၆၅၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်အိတ်လျှင် ၇၀၀၀၀ ကျပ်ဖြင့် ဈေးအနည်းငယ်မြင့်တက်ပါသည်။

              မြေပဲဆီမှာ တစ်ပိဿာလျှင် ၁၄၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး စားအုန်းဆီမှာ ယခင် အပတ်က တစ်ပိဿာလျှင် ၆၃၀၀ ကျပ်မှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၆၅၀၀ ကျပ်ဖြင့် ဈေးနှုန်း အနည်းငယ် မြင့်တက်ပါသည်။

              ကြက်သွန်နီမှာ တစ်ပိဿာလျှင် ယခင်အပတ်က အသေး ၂၃၀၀ ကျပ်၊ အလတ် ၂၄၀၀ ကျပ်နှင့် အကြီး ၂၅၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် အသေး ၂၀၀၀ ကျပ်၊ အလတ် ၂၁၀၀ ကျပ်နှင့် အကြီး ၂၂၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ် ကျဆင်းပါသည်။

              ကြက်သွန်ဖြူမှာ တစ်ပိဿာလျှင် အသေး ၅၅၀၀ ကျပ်၊ အလတ် ၆၀၀၀ ကျပ်နှင့် အကြီး ၆၅၀၀ ကျပ်၊ ငရုပ်သီးခြောက် အရှည်မှာ တစ်ပိဿာလျှင် ၁၄၀၀၀ ကျပ်၊ အာလူးမှာ တစ်ပိဿာလျှင် ယခင်အပတ်က ၁၈၀၀ ကျပ်မှ ၂၀၀၀ ကျပ်အထိဖြင့် ယခင်အပတ်ကအတိုင်း ဈေးနှုန်းတည်ငြိမ် နေပါ သည်။

              ကုလားပဲခြမ်းမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၅၂၀၀ ကျပ်မှ ယခုအပတ်တွင် ၅၆၀၀ ကျပ်၊ ကုလားပဲလုံးမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၄၄၀၀ ကျပ်မှ ယခုအပတ်တွင် ၅၀၀၀ ကျပ်၊  မြေပဲဆံ(အဖြူ)မှာ ယခင်အပတ်က တစ်ပိဿာလျှင် ၇၄၀၀ ကျပ်မှ ယခုအပတ်တွင် ၇၅၀၀ ကျပ်၊ မြေပဲဆံ(အနီ)မှာ ယခင်အပတ်က တစ်ပိဿာလျှင် ၈၀၀၀ ကျပ်မှ ယခုအပတ်တွင် ၈၅၀၀ ကျပ်ဖြင့် ဈေးနှုန်း အနည်းငယ်မြင့်တက်ကြောင်း သိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့တွင် အသားငါးအချို့ ဈေးအနည်းငယ်အတက်အကျရှိ

           တောင်ငူမြို့ ညောင်ပင်ဈေးတွင် ကြက်သား(အိမ်မွေးကြက်)မှာ ယခင်အပတ်က တစ် ပိဿာလျှင် ၂၀၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၈၀၀၀ ကျပ်ဖြင့် ဈေးနှုန်း အနည်းငယ်ကျပါသည်။ မွေးမြူးရေးကြက်(စီပီကြက်)မှာ အသားသီးသန့် တစ်ပိဿာလျှင် ၁၂၀၀၀ ကျပ်ဖြင့် ယခင်အပတ်ကအတိုင်း ဈေးနှုန်းတည်ငြိမ်နေပြီး အခြမ်းလိုက်ဈေးမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၈၀၀၀ ကျပ်မှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်း ငယ်မြင့်တက်ပါသည်။

              ဝက်သား(ရေလွတ်သား)မှာ သုံးထပ်သား တစ်ပိဿာလျှင် ၁၆၀၀၀ ကျပ်၊ ပေါင်သား တစ် ပိဿာလျှင် ၁၈၀၀၀ ကျပ်၊ အသားသီးသန့် တစ်ပိဿာလျှင် ၂၀၀၀၀ ကျပ်ဖြင့် ယခင်ကအပတ်က အတိုင်း ဈေးနှုန်းတည်ငြိမ်နေပါသည်။

              ငါးကြင်းမှာ ယခင်အပတ်က အကောင်လိုက်ဈေးမှာ တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၂၀၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်တက်ခဲ့ပြီး အသားသီးသန့် တစ်ပိဿာလျှင် ၁၄၀၀၀ ကျပ်ဖြင့် ယခင်အပတ်ကအတိုင်း ဈေးနှုန်းတည်ငြိမ်နေပါသည်။

              ငါးကြင်းဖြူမှာ ယခင်လက အကောင်လိုက်ဈေး တစ်ပိဿာလျှင် ၁၆၀၀၀ ကျပ်၊ အမြီး လွတ်ခေါင်းလွတ် တစ်ပိဿာလျှင် ၁၈၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် အကောင်လိုက်ဈေး ၁၈၀၀၀ ကျပ်၊ အမြီးလွတ်ခေါင်းလွတ် တစ်ပိဿာလျှင် ၂၀၀၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ် မြင့်တက်ပါသည်။

              ငါးရံ့ တစ်ပိဿာလျှင် အသေး ၁၅၀၀၀ ကျပ်၊ အလတ် ၁၈၀၀၀ ကျပ်နှင့် အကြီး ၂၀၀၀၀ ကျပ်၊ ငါးခူ တစ်ပိဿာလျှင် အသေး ၁၈၀၀၀ ကျပ်၊ အလတ် ၂၀၀၀၀ ကျပ်နှင့် အကြီး ၂၂၀၀၀ ကျပ်ဖြင့် ယခင် အပတ်ကအတိုင်း ဈေးနှုန်းတည်ငြိမ်နေပါသည်။

              ပုဇွန်ဆိတ်မှာ တစ်ပိဿာလျှင် ၈၀၀၀ ကျပ်၊ ပုဇွန်အသေး တစ်ပိဿာလျှင် ၂၄၀၀၀ ကျပ် ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး ပုဇွန်အလတ်မှာ ယခင်အပတ်က ၂၆၀၀၀ ကျပ်မှ ယခုအပတ်တွင် ၂၈၀၀၀ ကျပ်နှင့် ပုဇွန်အကြီးမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၂၈၀၀၀ ကျပ်မှ ယခုအပတ်တွင် တစ်ပိဿာ လျှင် ၃၀၀၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်ကြောင်း  သိရပါသည်။

DOCA(ပဲခူး)

အောင်လံကုန်စည်ဒိုင်၏ သီးနှံရောင်းဝယ်ဖြစ်မှုအခြေအနေ

    အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် (၄၅)ပိဿာဝင်(၁)အိတ်လျှင် ယခင်အပတ်(၁၇-၅-၂၀၂၃)ရက်နေ့တွင် နှမ်းနက်(စမုံ)မှာ ကျပ်(၂၈၀၀၀၀ မှ ၃၀၀၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်(၂၃-၅-၂၀၂၃)ရက်နေ့တွင် ကျပ်(၂၈၅၀၀၀ မှ ၃၀၀၀၀၀)ရှိ၍ ကျပ်(၅၀၀၀)ဈေးမြင့်တက်လာပြီး (၁၁၀၀)အိတ်ခန့်အရောင်းအဝယ်ရှိပါကြောင်းနှင့် နှမ်းပြာ၊ နှမ်းဖြူ၊ နှမ်းနီတို့မှာ အရောင်းအဝယ်နည်းပါးလျက်ရှိပါကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရှိရပါသည်။

      ပဲမျိုးစုံဈေးကွက်တွင် ပဲစင်းငုံနီ(၂၀)ပိဿာဝင်(၁)တင်းလျှင် ယခင်အပတ်တွင် ကျပ်(၈၁၈၀၀) ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၈၅၂၀၀)ဖြစ်၍ ကျပ်(၃၄၀၀)ဈေးမြင့်လာကြောင်း၊ မတ်ပဲတစ်တင်းလျှင် ယခင်အပတ်တွင် ကျပ်(၆၉၅၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၇၂၀၀၀)ဖြစ်၍ ကျပ်(၂၅၀၀)ဈေးမြင့်လာကြောင်း၊ ကုလားပဲ (H-L) တစ်တင်းလျှင် ယခင်အပတ်တွင် ကျပ်(၇၈၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၈၀၀၀၀)ဖြစ်၍ ကျပ်(၂၀၀၀) ဈေးမြင့်လာကြောင်း၊ ကုလားပဲ(မြကြေး)တစ်တင်းလျှင် ယခင်အပတ်တွင် ကျပ်(၇၈၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၈၁၅၀၀)ဖြစ်၍ ကျပ်(၃၅၀၀)ဈေးမြင့်လာကြောင်း၊ ပဲကြီးတစ်တင်းလျှင် ယခင်အပတ်တွင် ကျပ်(၈၈၀၀၀ မှ ၉၀၀၀၀)ထိဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၉၀၀၀၀ မှ ၉၅၀၀၀)ထိဖြစ်၍ ကျပ်(၂၀၀၀မှ ၅၀၀၀) ထိ စသည်ဖြင့် အသီးသီးဈေးမြင့်လာခဲ့ပါသည်။ ဘိုကိတ်ပြာတစ်တင်းလျှင် ယခင်အပတ်တွင် ကျပ်(၄၅၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင်လည်း ကျပ်(၄၅၀၀၀)ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ အရောင်းအဝယ်ပမာဏအနေဖြင့် (၃၀)ပိဿာဝင်အိတ်များဖြင့် ပဲစင်းငုံ(နီ) (၁၀၀၀)အိတ်၊ မတ်ပဲ(၃၆၀)အိတ်၊ ကုလားပဲ (H-L) (၁၂၀၀)အိတ်၊ ကုလားပဲ(မြကြေး)(၉၅၀)အိတ်၊ ဘိုကိတ်ပြာ(၂၂၅)အိတ်နှင့်   ပဲကြီး(၁၃၅၀)အိတ်တို့ အရောင်းအဝယ်ရှိခဲ့ပါသည်။

      မြေပဲလုံးဆံ(ဖြူ)(၁)ပိဿာလျှင်  ယခင်အပတ်တွင် ကျပ်(၆၈၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၆၇၀၀)ဖြစ်၍ ကျပ်(၁၀၀)ဈေးနိမ့် လာခဲ့ပါသည်။ မြေပဲလုံးဆံ(နီ)မှာ မြို့နယ်အတွင်း ပဲကြော်လုပ်ငန်းရှင်များနှင့် အရောင်းအဝယ်လုပ်ငန်းရှင်များတွင် အနည်းငယ်မျှသာ အရောင်းအဝယ်ရှိနေပြီး အရောင်းအဝယ်ပမာဏအနေဖြင့် မြေပဲလုံးဆံ(ဖြူ)(၁၈၀)အိတ်တို့ အရောင်းအဝယ်ရှိခဲ့ပါကြောင်း အောင်လံကုန်စည်ဒိုင် မှ သိရှိရပါသည်။

   ဝါသီးနှံဈေးကွက်တွင် ဝါ(၁)ပိဿာလျှင် ယခင်အပတ်တွင် ကျပ်(၂၉၀၀မှ ၃၀၀၀)ထိဖြစ်ခဲ့ပြီး ယခုအပတ်တွင်လည်း ကျပ်(၂၉၀၀ မှ ၃၀၀၀)ထိဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ ဝါပိဿာချိန်(၁၀၀၀)ခန့် အရောင်းအဝယ်ရှိခဲ့ပါကြောင်းနှင့် ယခုအချိန်၌ အရောင်းအဝယ် လုပ်ငန်းရှင်များတွင် လက်ကျန်နည်းပါးနေမှုနှင့် သီးနှံမပေါ်သေးသည့်အတွက် အရောင်းအဝယ်နည်းပါးမှုရှိပါကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရှိရပါသည်။

DOCA(မကွေး)

 

တောင်ငူမြို့တွင် စက်သုံးဆီဈေးတက်

              ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တွင် ယခင်အပတ်က 92 RON တစ်လီတာလျှင် ၁၉၅၀ ကျပ်၊ 95 RON တစ်လီတာလျှင် ၂၀၄၀ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၁၉၀၀ ကျပ်နှင့် ပရီမီယံ ဒီဇယ် တစ်လီတာလျှင် ၁၉၈၀ ကျပ် ရှိခဲ့ပါသည်။

              ယခုအပတ်တွင် 92 RON တစ်လီတာလျှင် ၂၀၂၅ ကျပ်၊ 95 RON တစ်လီတာလျှင် ၂၁၂၀ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၁၉၃၅ ကျပ်နှင့် ပရီမီယံ ဒီဇယ် တစ်လီတာလျှင် ၂၀၁၅ ကျပ် ရှိခဲ့ပါသည်။

              သို့ဖြစ်ပါ၍ စက်သုံးဆီဈေးမှာ ယခင်အပတ်ကထက် 92 RON တစ်လီတာလျှင် ၇၅ ကျပ်၊ 95 RON တစ်လီတာလျှင် ၈၀ ကျပ်၊ ဒီဇယ် တစ်လီတာ လျှင် ၃၅ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာလျှင် ၃၅ ကျပ် ဈေးတက်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ချောက်မြို့မဈေး၌ ရောင်းချလျက်ရှိသော ရေထွက်ကုန်ပစ္စည်းဈေးနှုန်းအခြေအနေ

    မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်ရှိ မြို့မဈေးသည် ပတ်ဝန်းကျင်ကျေးရွာများအပြင် ဆိပ်ဖြူနှင့် ယောဒေသမှ စားသုံးသူများက လည်း လာရောက်ရောင်းဝယ်ဖောက်ကားရာဈေးဖြစ်ပါသည်။

      ချောက်မြို့မဈေး၌ ရောင်းချလျက်ရှိသော ၂၀၂၃ခုနှစ်၊ မေလ(စတုတ္ထပတ်)အတွင်း ရေထွက်ပစ္စည်းဈေးနှုန်းများမှာ ပုစွန်ခြောက်(မြိတ်)(၁)ပိဿာလျှင် ကျပ် (၇၂၀၀၀)၊ ရွှေခြောက်ပုစွန်(၁)ပိဿာလျှင် ကျပ် (၇၀၀၀၀)၊ ငါးရံ့လုံး(၁)ပိဿာလျှင် ကျပ် (၄၈၀၀၀)၊ ငါးအသားမျှင်(၁)ပိဿာလျှင် ကျပ် (၂၃၀၀၀)၊ ငါးပုတ်သင်လုံး(၁)ပိဿာလျှင် ကျပ် (၁၈၀၀၀)၊ ငါးပုတ်သင်ပြား(၁)ပိဿာလျှင် ကျပ် (၂၅၀၀၀)၊ ငါးနီတူခြောက်(၁)ပိဿာလျှင် ကျပ် (၁၃၀၀၀)၊ ငါးမဲလုံး(၁)ပိဿာလျှင် ကျပ် (၁၅၀၀၀)၊ ငါးတံခွန်(၁)ပိဿာလျှင် ကျပ် (၁၃၀၀၀)၊ ငါးပြေမခြောက်(၁)ပိဿာလျှင် ကျပ် (၁၆၀၀၀)နှင့် ငါးကြင်းငါးပိကောင်(၁)ပိဿာလျှင် ကျပ် (၁၃၀၀၀)ဈေးတို့ဖြစ်ပြီး ရေထွက်ကုန်များကို ရန်ကုန်မြို့၊ ဘုရင့်နောင်ဈေးမှ ဝယ်ယူရောင်းချကြောင်း သိရှိရပါသည်။

DOCA(မကွေး)

တောင်ငူမြို့တွင် ဟင်းသီးဟင်းရွက်အချို့ ဈေးနှုန်းမြင့်တက်

              ၂၀၂၃ ခုနှစ်၊ မေလ (စတုတ္ထပတ်)အတွင်း၌ တောင်ငူမြို့ ညောင်ပင်လေးဈေးရှိ ဟင်းသီးဟင်းရွက်ဈေးတွင် ငရုတ်သီးစိမ်း (မိုးထောင်သီး) တစ်ပိဿာလျှင် ၉၀၀၀ ကျပ်၊ ကုလားအော်သီး တစ်ပိဿာလျှင် ၂၀၀၀၀ ကျပ်၊ ခရမ်းသီး (အဖြူ)  တစ်ပိဿာလျှင် ၁၅၀၀ ကျပ်၊ ခရမ်းသီး(အညို) တစ်ပိဿာလျှင် ၂၀၀၀ ကျပ်ဖြင့် ယခင်အပတ်ကအတိုင်း ဈေးနှုန်းတည်ငြိမ်နေပါသည်။

              ဒေသသခွားသီးမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၈၀၀ ကျပ်အထိရှိရာမှ ယခု အပတ်တွင် တစ်ပိဿာလျှင် ၁၀၀၀ ကျပ်၊ ရှမ်းပြည်သခွားသီးမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၁၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၂၀၀ ကျပ်၊ ဂေါ်ဖီမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၁၅၀၀ ကျပ် အထိ ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၆၀၀ ကျပ်သို့ ဈေးနှုန်း အနည်းငယ် မြင့်တက်ပါသည်။

              ခရမ်းချဉ်သီး တစ်ပိဿာလျှင် ၁၃၀၀ ကျပ်မှ ၁၅၀၀ ကျပ်၊ ပြောင်းဖူး အကြီး တစ်ဖူးလျှင် ၂၀၀ ကျပ်မှ ၂၅၀ ကျပ်အထိ၊ ပြောင်းဖူးအသေး တစ်ဖူးလျှင် ၁၃၀ ကျပ်မှ ၁၅၀ ကျပ်အထိဖြင့် ယခင် အပတ် ကအတိုင်း ဈေးနှုန်းတည်ငြိမ်နေပါသည်။

              နံနံပင်မှာ ယခင်အပတ်က တစ်ဆယ်ကျပ်သားလျှင် ၅၀၀ ကျပ်မှ ယခုအပတ်တွင် တစ်ဆယ် ကျပ်သားလျှင် ၆၀၀ ဖြင့် ဈေးနှုန်းအနည်းငယ် မြင့်တက်ပါသည်။ ကန်စွန်းရွက်မှာ တစ်စည်း ၁၀၀ ကျပ်၊ ၁၀ စည်းယူလျှင် ၇၀၀ ကျပ်၊ ချဉ်ပေါင်ရွက်မှာ တစ်စည်း ၁၀၀ ကျပ်၊ ၁၀ စည်းယူလျှင် ၇၀၀ ကျပ်ရှိ ကြောင်း သိရပါသည်။

DOCA(ပဲခူး)

ချောက်မြို့၊ မြို့မဈေး၌ အရောင်းအဝယ်ဖြစ်ပေါ်နေသော ဈေးနှုန်းအခြေအနေ

     ချောက်မြို့နယ်ရှိ စားသုံးသူပြည်သူများအတွက် အဓိကလိုအပ်သောစားဖိုဆောင်သီးနှံများကို နီးစပ်ရာမြို့များဖြစ်သည့် ဆိပ်ဖြူ၊ တညောင်၊ စလင်း၊ ဆင်ဖြူကျွန်းမြို့များနှင့် ရှမ်းပြည်နယ်အောင်ပန်း၊ တောင်ကြီးတို့မှ အဓိကမှာယူရောင်းဝယ်စားသုံးကြကြောင်း သိရှိရပါသည်။

    ချောက်မြို့မဈေး၌ ၂၀၂၃ခုနှစ်၊ မေလ (တတိယပတ်) အတွင်း ရောင်းချလျက်ရှိသောဈေးနှုန်းများမှာ ခရမ်းချဉ်သီး(၁)ပိဿာလျှင် ကျပ်(၁၆၀၀)၊ အာလူး(၁)ပိဿာလျှင် ကျပ်(၂၄၀၀)၊ ခရမ်းသီး(၁)ပိဿာလျှင် ကျပ်(၂၄၀၀)၊ ခါကြက်ဥ(၁)ပိဿာလျှင် ကျပ်(၂၅၀၀)၊ ပဲသီး(၁)ပိဿာလျှင် ကျပ်(၄၀၀၀)၊ မန်ကျီးသီးမှည့်(၁)ပိဿာလျှင် ကျပ်(၄၀၀၀)၊ ကြက်သွန်နီ(၁)ပိဿာလျှင် ကျပ်(၂၀၀၀)၊ ကြက်သွန်ဖြူ(ဗမာ) (၁)ပိဿာလျှင် ကျပ်(၆၀၀၀)၊ ကြက်သွန်ဖြူ (ရှမ်း)(၁)ပိဿာလျှင် ကျပ်(၈၀၀၀)၊ ပဲပင်ပေါက်(၁)ပိဿာလျှင် ကျပ်(၁၈၀၀)၊ ငရုတ်သီးစိမ်း(၁)ပိဿာလျှင် ကျပ်(၁၀၀၀၀)၊ ပန်းဂေါ်ဖီပွင့်(၁)ပွင့်လျှင် ကျပ်(၁၃၀၀)၊ မုန်လာဥ(၁)ဥလျှင် ကျပ်(၂၀၀)၊ မျှစ်ပေါက်(၁)ပိဿာလျှင် ကျပ်(၂၀၀၀)၊ ကြက်ဟင်းခါးသီး(၁)ပိဿာလျှင် ကျပ်(၂၄၀၀)၊ ဆလပ်ရွက် (၁)ပင်လျှင် ကျပ်(၂၀၀)၊ ရွှေဖရုံသီး(၁)ပိဿာလျှင် ကျပ်(၁၃၀၀)၊ ဘူးသီး(၁)လုံးလျှင် ကျပ်(၁၅၀၀)၊ ဘူးရွက်(၁)စည်းလျှင် ကျပ်(၂၀၀)၊ ဂေါ်ဖီထုပ်(၁) ထုပ်လျှင် ကျပ်(၁၅၀၀)၊ မုန်ညှင်းထုပ်(၁)ပိဿာလျှင် ကျပ်(၂၅၀၀)၊ မုန်ညှင်းဝါ(၁)စည်းလျှင် ကျပ်(၃၀၀)၊ ကင်းမုန်သီး(၁)ပြည်လျှင် ကျပ်(၂၀၀၀)၊ ကန်စွန်းရွက်(၁)စည်းလျှင် ကျပ်(၅၀)၊ ချဉ်ပေါင်ရွက်(၁)စည်းလျှင် ကျပ်(၇၀)၊ သခွားသီး(၁)လုံးလျှင် ကျပ်(၄၀၀)၊ ကင်ပွန်းချဉ်(၁)စည်းလျှင် ကျပ်(၁၀၀)၊ ပြောင်းဖူး(၁)ဖူးလျှင် ကျပ်(၄၀၀)၊ ရုံးပတီသီး(၁)ပိဿာလျှင် ကျပ်(၂၆၀၀)၊ ဗိုလ်စားပဲသီး(၁)ပိဿာလျှင် ကျပ်(၅၀၀၀)၊ မာလကာသီး(၁)ပိဿာလျှင် ကျပ်(၂၅၀၀)၊ စိန်တလုံးသရက်သီး(၁)လုံးလျှင် ကျပ်(၃၅၀-၅၀၀)၊ ရှောက်သီး(၁)လုံးလျှင် ကျပ်(၂၀၀-၃၀၀)၊ သံပရာသီး(၁)လုံးလျှင် ကျပ်(၁၀၀-၁၅၀)၊ ငရုတ်ကြမ်းမှုန့်(၁)ပိဿာလျှင် ကျပ်(၂၀၀၀၀)၊ ငရုတ်လှော်မှုန့်(၁)ပိဿာလျှင် ကျပ်(၂၃၀၀၀)၊ အရောင်တင်မှုန့်(၁)ပိဿာလျှင် ကျပ်(၂၀၀၀၀)ဈေးနှုန်း များဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း