ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ရွှေတောင်မြို့၏ တိုင်ထောင်ပဲ

           ဟင်းသီးဟင်းရွက်အုပ်စုဝင်ဖြစ်သော တိုင်ထောင်ပဲကို ရွှေတောင်မြို့နယ်ရှိ မီးလောင်အုပ်စု၊ ဝါးလည်ကျေးရွာတွင် စိုက်ပျိုးထားသဖြင့် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်း များသည် (၂၄.၅.၂၀၂၃) နေ့၊ နံနက်(၁၀:၃၀) အချိန်တွင် ကွင်းဆင်း၍ သွားရောက် လေ့လာခဲ့ ပါသည်။

           ရွှေတောင်မြို့နယ်၊ မီးလောင်အုပ်စု၊ ဝါးလည်ကျေးရွာရှိ တိုင်ထောင်ပဲစိုက်ပျိုးသော တောင်သူ ဦးစိုးလေးနှင့်တွေ့ဆုံပြီး မေးမြန်းရာ စိုက်ပျိုးသောတိုင်ထောင်ပဲမျိုးမှာ (၇၇၇) မျိုးဖြစ်ပြီး မျိုးတစ်ထုပ်လျှင် (၇၅၀၀)ကျပ်ဖြင့် ဝယ်ယူစိုက်ပျိုးရကြောင်း သိရပါသည်။ တိုင်ထောင်ပဲကို တန်ခူး လတွင် စတင်စိုက်ပျိုးပြီး (၄၅)ရက်ကြာလျှင် ခူးဆွတ်၍ ရောင်းချရကြောင်း၊ ခူးဆွတ်ရာတွင် တစ်ခါခူးဆွတ်လျှင် အတောင့်ရေ (၃၀၀၀)ခန့် ရရှိကြောင်း သိရပါသည်။ တိုင်ထောင်ပဲသီးကို တစ်ရက်ခြားတစ်ခါခူးဆွတ်ရပြီး ရောင်းဈေးမှာ တစ်တောင့်လျှင် (၁၅)ကျပ်နှင့်ရောင်းချကြောင်း သိရပါသည်။ ခူးဆွတ်ရရှိသော ပဲသီးများကို ရွှေတောင်မြို့ရှိ ကုန်စိမ်းဒိုင်များနှင့် ပြည်ဈေးကွက်သို့ တင်ပို့ရောင်းချသလို ရန်ကုန်မြို့ရှိ ကုန်စိမ်းဈေးကွက်သို့လည်း တင်ပို့ ရောင်းချကြောင်းသိရပါသည်။

          တိုင်ထောင်ပဲစိုက်ပျိုးသူတောင်သူများအနေဖြင့် စိုက်ဧကမများသော်လည်း အမြတ်အစွန်း များရရှိသဖြင့် ပိုမိုတိုးချဲ့စိုက်ပျိုးသင့်ကြောင်း လေ့လာသိရှိရပါသည်။

DOCA(ပဲခူး)

လွိုင်ကော်မြို့ဈေးကွက်အတွင်းရှိ ဂေါ်ဖီထုပ်နှင့် ပန်းဂေါ်ဖီဈေးနှုန်းများ

    ကယားပြည်နယ်တွင် ဂေါ်ဖီထုပ်များကို လွိုင်ကော်မြို့နယ်ရှိ လင်ဖုံလေးကျေးရွာနှင့် ကုန်းသာကျေးရွာတို့တွင် အများဆုံးစိုက်ပျိုးလျက်ရှိပြီး၊ ရှမ်းပြည်နယ် ပင်လောင်း၊ တီဂျစ်၊ နောင်တရား ဒေသတို့မှလည်း မှာယူရောင်းချလျက်ရှိပါသည်။

   ယခုလက်ရှိဖြစ်ပေါ်နေသော ပန်းဂေါ်ဖီပွင့်ဈေးနှုန်းမှာ ပန်းဂေါ်ဖီပွင့်(ဖြူ)တစ်ပွင့်လျှင် အကြီး (၁၀၀၀)ကျပ်၊ အလတ်(၈၀၀)ကျပ်၊ အငယ်(၅၀၀)ကျပ်၊ ပန်းဂေါ်ဖီ(စိမ်း)တစ်ပွင့်လျှင် အကြီး (၁၂၀၀)ကျပ်၊ အလတ်(၁၀၀၀)ကျပ်၊ အငယ်(၇၀၀)ကျပ်နှင့် ဂေါ်ဖီထုပ်ဈေးနှုန်းများမှာ ဂေါ်ဖီထုပ် အကြီးတစ်လုံး လျှင်(၁၀၀၀)ကျပ်၊ အလတ်တစ်လုံးလျှင်(၇၀၀)ကျပ်နှင့် အသေးတစ်လုံးလျှင်(၅၀၀) ကျပ်ဈေးဖြင့် အရောင်းအဝယ် ဖြစ်လျှက်ရှိပါသည်။

    ယခင် ဧပြီလတတိယပတ်တွင် ပန်းဂေါ်ဖီပွင့်(ဖြူ)တစ်ပွင့်လျှင် အကြီး(၈၀၀)ကျပ်၊ အလတ် (၆၀၀) ကျပ်၊ အငယ်(၃၀၀)ကျပ်၊ ပန်းဂေါ်ဖီ(စိမ်း) တစ်ပွင့်လျှင် အကြီး(၁၀၀၀)ကျပ်၊ အလတ် (၈၀၀) ကျပ်၊ အငယ်(၅၀၀)ကျပ်နှင့် ဂေါ်ဖီထုပ်ဈေးနှုန်းများမှာ ဂေါ်ဖီထုပ်အကြီးတစ်လုံး လျှင်(၈၀၀) ကျပ်၊ အလတ်တစ်လုံးလျှင်(၅၀၀)ကျပ်နှင့် အသေးတစ်လုံးလျှင်(၃၀၀)ကျပ်ဈေးရှိခဲ့ပါသည်။

   ယခု မေလတတိယပတ်နှင့် ယခင် ဧပြီလတတိယပတ် ဈေးနှုန်းနှိုင်းယှဉ်ကြည့်လျှင် ပန်းဂေါ် ဖီပွင့်(ဖြူ)တစ်ပွင့်လျှင် အကြီး(၂၀၀)ကျပ် ၊အလတ်(၂၀၀)ကျပ်၊ အငယ်(၂၀၀)ကျပ်၊ ပန်းဂေါ်ဖီပွင့် (စိမ်း)တစ်ပွင့်လျှင် အကြီး(၂၀၀)ကျပ် ၊ အလတ်(၂၀၀)ကျပ်၊ အငယ်(၂၀၀)ကျပ်နှင့် ဂေါ်ဖီထုပ်အကြီး တစ်လုံးလျှင် (၂၀၀)ကျပ်၊အလတ်တစ်လုံးလျှင် (၂၀၀)ကျပ်နှင့် အသေးတစ်လုံးလျှင် (၂၀၀)ကျပ်ခန့် ဈေးနှုန်းမြင့်တက်လျှက်ရှိကြောင်း ဈေးနှုန်းမြင့်တက်ရခြင်းမှာ ဈေးကွက်အတွင်း ပန်းဂေါ်ဖီနှင့် ဂေါ်ဖီထုပ်များဝင်ရောက်မှု နည်းလာသောကြောင့်ဖြစ်သည်ဟု သီရိမင်္ဂလာဈေးအတွင်း ရောင်းချနေ သော ကုန်စိမ်းသည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(ကယား)

 

 

နွားထိုးကြီးမြို့နယ်၌ ကွမ်းစိုက်တောင်သူများ ဈေးကောင်းရရှိ

 မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်တွင် ကွမ်းကို ကိုယ်ပိုင်တစ်နိုင်တစ်ပိုင်အနေဖြင့်လည်းကောင်း၊ အပိုဝင်ငွေရရှိရန်အတွက် လည်းကောင်း စိုက်ပျိုးကြကြောင်း၊ ကွမ်းကို ဆောင်းစိုက်နှင့်မိုးစိုက်ဟူ၍ နှစ်မျိုးခွဲစိုက်ပျိုးကြပြီး မိုးစိုက်သည် ပိုးကျလွယ်သည့်အတွက် အစိုက်နည်းပြီး ဆောင်းစိုက်ကိုသာ ပိုမိုစိုက်ပျိုးကြကြောင်း သိရှိရပါသည်။

  ကွမ်းရွက်ပင်စိုက်ပျိုးမှုတွင် ပြည်နယ်/တိုင်းဒေသအများစုတွင် စိုက်ပျိုးကြသည်။ ကွမ်းရွက်ပင်အား အပူချိန်နိမ့်သောဒေသများမှလွဲ၍ ကျန်နေရာများတွင် စိုက်ပျိုးနိုင်သည်။ ကွမ်းပင်သည် စိုစွတ်ခြင်းအားနှစ်သက်သော်လည်း ရေဝပ်ခြင်းအား မနှစ်သက်ချေ။ ထို့ကြောင့် ကွမ်းစိုက်တောင်သူများသည် မြောင်းတူးစိုက်ပျိုးနည်းဖြင့် စိုက်ပျိုးကြသည်။ ကွမ်းစင်အား အများအားဖြင့် ဝါးများ၊ ဝါးခြမ်းနှင့် ထန်းသားတိုင်များဖြင့် တည်ဆောက်ကြသည်။ ဝါးတိုင်များအား (၆)ပေ၊(၇)ပေခန့်ရှိသောအမြင့်တိုင်များပြုလုပ်ပြီး အမိုး၊ အကာအရံများဖြင့် တည်ဆောက်ကြသည်။ ရှေးယခင်ကပင်မူ ကွမ်းပင်များအား ရေလောင်းစိုက်ပျိုးကြသော်လည်း ယခုအခါတွင် ရေအစက်ချနည်းများအသုံးပြု၍ စိုက်ပျိုးလာကြသည်။ အစက်ချရေသွင်းနည်းစနစ်ကို နွေရာသီနှင့်ဆောင်းရာသီတို့တွင် အကျိုးရှိစွားအသုံးချနိုင်သည်။ တောင်သူများ၏ပြောပြချက်အရ ရေအစက်ချစိုက်ပျိုးနည်းအသုံးပြုခြင်းဖြင့် ရေများအလေအလွင့်နည်းခြင်း၊ လုပ်အားသက်သာစေခြင်း၊ စိုက်ပင်များအစိုဓာတ်အမြဲရှိစေခြင်း၊ ကွမ်းခြံအတွင်း လူအဝင်အထွက်နည်းစေခြင်း၊ အကျိုးအမြတ်ပိုမိုရရှိခြင်း စသည့်အကျိုးကျေးဇူးများရရှိစေသည်။ ကွမ်းရွက်တွင် ကျန်းမာရေးအတွက် အထောက်အကူပြုပေးနိုင်သောဓာတ်များလည်းပါဝင်သည်။

   နွားထိုးကြီးမြို့နယ်တွင် ကွမ်းဈေးကွက်အနေဖြင့် ခြံအရောက်ဒိုင်များလာကောက်ဈေးနှုန်းမှာ  ယခင်ဧပြီလတွင် ကွမ်းတစ်ပိသာလျှင် ကျပ်(၅၀၀၀-၇၅၀၀)ဈေးရရှိပြီး ယခုမေလတွင် အရည်အသွေးပေါ်မူတည်ပြီး တစ်ပိသာလျှင် ကျပ်(၁၀၀၀၀-၁၄၀၀၀)ရောင်းချရပြီး ဈေးနှုန်းအဆမတန်မြင့်တက်လျက်ရှိသော်လည်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။ “ဈေးကွက်ကောင်းတော့ ကွမ်းစိုက်တောင်သူတွေ ပိုအဆင်ပြေတာပေါ့၊ ကွမ်းတိုးချဲ့စိုက်ပျိုးသူပိုများလာတယ်လို့”  ကွမ်းစိုက်တောင်သူတစ်ဦးထံမှ စုံစမ်းသိရှိရပါသည်။

DOCA(မန္တလေး)

မိုးမြေပဲများ စတင်စိုက်ပျိုး

    မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် (၁၈-၅-၂၀၂၃) ရက်နေ့၌ ရွာသွန်းခဲ့သောမုန်တိုင်းမိုးရွာသွန်းပြီးနောက် မိုးမျှော်နေသောတောင်သူများမှာ မိုးမြေပဲများကို စတင်စိုက်ပျိုးနိုင်ခဲ့ကြပါသည်။ ငါန်းဇွန်မြို့နယ်အနေဖြင့် ယခင်နှစ်မိုးမြေပဲကို စိုက်ပျိုးရန် လျာထားမှုအနေဖြင့် (၁၈၂၆၀) ဧကရှိခဲ့ပြီး စိုက်ပျိုးမှုအနေဖြင့် (၁၈၃၁၈) ဧကစိုက်ပျိုးနိုင်ခဲ့ပြီး တစ်ဧကလျှင် ပျမ်းမျှအထွက်နှုန်းမှာ (၄၇) တင်းနှုန်းထွက်ရှိခဲ့ကြောင်းနှင့် ယခုနှစ်တွင် စိုက်ပျိုးရန်လျာထားဧက (၁၈၂၆၅) ဧကရှိကြောင်း သိရှိရပါသည်။ တောင်သူများမှာ မိမိတို့၏ မြေယာဖြစ်ထွန်းမှု၊ ရာသီဥတုအခြေအနေနှင့် တိရစ္ဆာန်များဖျက်စီးစားသောက်မှုအခြေအနေများပေါ်မူတည်၍ တစ်ဧကလျှင် မြေပဲဆံတစ်ပြည်မှ တစ်ပြည်နှင့်နို့ဆီဘူး(၂)လုံးနှုန်း စသည့်နှုန်းတို့ဖြင့် စိုက်ပျိုးကြပါသည်။ နေရာဒေသနှင့် မြေအခြေအနေပေါ်မူတည်၍ တစ်ချို့မှာ ပင်ပြားပဲမျိုးကို စိုက်ကျင်းဖော်၍ စိုက်ပင်တစ်ကျင်းလျှင် မြေပဲဆံစေ့(၄၊ ၅)စေ့နှုန်းဖြင့် ထည့်သွင်းစိုက်ပျိုးကြပြီး တစ်ချို့မှာလည်း ပင်ထောင်မျိုးကို တန်းဆွဲ၍ စိုက်ပျိုးမှုများလည်းရှိပါသည်။

   ယခင်နှစ် ပဲစိုက်ရာသီတွင် မျိုးပဲဈေးနှုန်းအနေဖြင့် ပဲဆံတစ်ပြည်လျှင် (၅၀၀၀) ကျပ်၊ အတောင့်တစ်တင်းလျှင် (၂၅၀၀၀) ကျပ်ခန့်သာရှိခဲ့ပြီး ယခုနှစ်တွင် မျိုးပဲဆံတစ်ပြည်လျှင် (၇၀၀၀) ကျပ်၊ အတောင့်တစ်တင်းလျှင် (၄၀၀၀၀) ကျပ်ခန့်ရှိကြောင်း သရက္ကန်အုပ်စု၊ အောင်ချမ်းသာ ကျေးရွာမှ ပဲစိုက်တောင်သူများထံမှ သိရှိရပါသည်။ အုပ်စုအတွင်းရှိ ကျေးရွာများအနေဖြင့် ပင်ထောင်မျိုးများကို အတန်းဆွဲ၍ အတန်းချစိုက်ပျိုးကြပြီး မိုးမြေပဲနှင့်အတူ ပဲစင်းငုံသီးနှံကိုလည်း မြေပဲစိုက်တန်း(၄)တန်းလျှင် ပဲစင်းငုံ(၁)တန်းဖြင့် သီးညှပ် ထည့်သွင်းစိုက်ပျိုးကြပါသည်။ မိုးမြေပဲကို နှစ်စဉ် မေလနှင့် ဇွန်လများတွင် စတင်စိုက်ပျိုးကြပြီး စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် ရိတ်သိမ်းထွက်ပေါ်ပါသည်။ တောင်သူများအနေဖြင့် မိုးသီးနှံများစိုက်ပျိုးချိန်ရောက်လျှင် မိုးကိုမျှော်လင့်နေရပါကြောင်း၊ ယခုလို မုန်တိုင်းမိုးရွာသွန်းခဲ့၍ မိမိတို့ဒေသတွင် တောင်သူများလုပ်ငန်းခွင်စတင်နိုင်သော်လည်း မုန်တိုင်းတိုက်ရိုက်ကျရောက်ခဲ့သည့်ဒေသများအတွက် လည်း စိတ်မကောင်းဖြစ်မိပါကြောင်း၊ ယခင်နှစ်တွင် တောင်သူစိုက်ကွက်တစ်ဧကလျှင် အထွက်နှုန်းအနေဖြင့် (၃၀)နှင့်(၄၀)တင်းနှုန်းခန့် ထွက်ရှိကြောင်း၊ စိုက်ပျိုးသည့် ယာမြေ၊ ရာသီဥတုနှင့် အပင်ပြုစုမှုအပေါ်မူတည်၍ အထွက်နှုန်းများပြောင်းလဲကွာခြားမှုရှိပါကြောင်း၊ ယခင်နှစ်မြေပဲပေါ်ချိန် အဖွင့်၊ အပိတ်ရွာဈေးအနေဖြင့် တစ်တင်းလျှင် (၂၅၀၀၀) ကျပ်ခန့်ရှိခဲ့ကြောင်း၊ အစစအရာရာဈေးနှုန်းများမြင့်တက်နေပြီး စိုက်ပျိုးမှုတွင်လည်း ထည့်သွင်းရသည့်သွင်းအားစုဈေးနှုန်းများ ကြီးမားသည့်အတွက် ရာသီဥတုကောင်းမွန်စေရန်နှင့် သီးနှံပေါ်ချိန်မှာလည်း ဈေးနှုန်းဈေးကွက်များကောင်းရန် မျှော်လင့်ပါကြောင်း အောင်ချမ်းသာကျေးရွာနေ မြေပဲစိုက်တောင်သူ ဦးသဲဇော်ထံမှ သိရှိရပါသည်။

DOCA(မန္တလေး)

 

မြင်းခြံခရိုင်၏ နွေစပါးစိုက်ပျိုးထားရှိမှုအခြေအနေ

     မြင်းခြံခရိုင်သည် ပူပြင်းခြောက်သွေ့သောရာသီဥတုဖြစ်ပြီး အရှေ့ဘက်တွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်နှင့် တံတားဦးမြို့နယ်၊ တောင်ဘက်တွင် မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်တို့နှင့် နယ်နိမိတ်ချင်းထိစပ်လျက် ရှိပြီး ဧရာဝတီမြစ်သည် မြင်းခြံခရိုင်၏ အနောက်ဘက်၌ တည်ရှိပြီး မြောက်မှတောင်သို့ စီးဆင်းလျက်ရှိပါသည်။

   မြင်းခြံခရိုင်တွင် နွေစပါးများကို ဇန်ဝါရီလနှင့် ဖေဖော်ဝါရီလကုန်များတွင် စတင်စိုက်ပျိုးကြပြီး မေလ၊ ဇွန်လနှင့် ဇူလိုင်လများတွင် ရိတ်သိမ်းထွက်ပေါ်လေ့ရှိပါသည်။ ယခင်နှစ်ကာလတူ နွေစပါးစိုက်ပျိုးမှုခရိုင်ချုပ်အနေဖြင့် စိုက်ဧကပေါင်း (၂၁၈၇) ဧကစိုက်ပျိုးခဲ့ပြီး ယခုနှစ်တွင် စိုက်ဧကပေါင်း (၂၀၂၇) ဧကသာစိုက်ပျိုးနိုင်ခဲ့၍ ယခင်နှစ်ကာလတူစိုက်ပျိုးမှုနှင့်နှိုင်းယှဉ်လျှင် (၁၆၀) ဧကစိုက်ပျိုးမှုလျော့နည်းခဲ့ပါသည်။ မြို့နယ်အလိုက်စိုက်ပျိုးမှုအနေဖြင့် မြင်းခြံမြို့နယ်တွင် (၁၂၀၉) ဧက၊ တောင်သာမြို့နယ်တွင် (၇၀၂) ဧက၊ နွားထိုးကြီးမြို့နယ်တွင် (၁၁၆) ဧက တိုစိုက်ပျိုးခဲ့ပြီး စိုက်ပျိုးမှုလျော့နည်းရခြင်းမှာ ပူးပြင်းခြောက်သွေ့ကာ မိုးနည်းခြင်းကြောင့်ဖြစ်ကြောင်းနှင့် မကြာမီ နွေစပါးများရိတ်သိမ်း ထွက်ပေါ်တော့မည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

 

ပဲစင်းငုံ(မိုး)စိုက်ပျိုးထွက်ရှိမှု၊ ဈေးနှုန်းဈေးကွက်နှင့် တောင်သူအကျိုးအမြတ်ရရှိမှု

   မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ပဲစင်းငုံကို မိုးနှမ်းသီးနှံစိုက်ပျိုးရာ၌ ကြားညှပ်သီးနှံအဖြစ် စိုက်ပျိုးလေ့ရှိကြရာ ပဲစင်းငုံသီးနှံစိုက်ပျိုးမှုအလွန်နည်းပါးပါသည်။ (၂၀၂၀-၂၀၂၁) ခုနှစ်တွင် ပဲစင်းငုံ(မိုး)စိုက်ဧက (၇၅၂၇၇) ဧကစိုက်ပျိုးခဲ့ပြီး အထွက်နှုန်း (၁၁.၅၂) တင်းထွက်ရှိ၍ အထွက်စုစုပေါင်း (၈၆၇၁၉၁) တင်းထွက်ရှိခဲ့ပါသည်။ (၂၀၂၁-၂၀၂၂) ခုနှစ်တွင် ပဲစင်းငုံ(မိုး)စိုက်ဧက (၇၈၃၁၂) ဧကစိုက်ပျိုးခဲ့ပြီး အထွက်နှုန်း (၁၁.၅၀) တင်းထွက်ရှိ၍ အထွက်စုစုပေါင်း (၉၀၀၅၈၈) တင်းထွက်ရှိခဲ့ပါသည်။ ပဲစင်းငုံ(မိုး)ကို ဇွန်လ၏ မိုးဦးကျချိန်တွင် စတင်စိုက်ပျိုး၍  နိုဝင်ဘာလ(နောက်ဆုံးပတ်)နှင်ပ ဒီဇင်ဘာလ(ပထမပတ်)တို့တွင် စတင်ထွက်ရှိ၍ ဒီဇင်ဘာလ(တတိယ ပတ်)တွင် လှိုင်လှိုင်ထွက်ရှိပါသည်။ ကျောက်ပန်းတောင်းမြို့နှင့်ထိဆက်လျက်ရှိသောကျေးရွာများနှင့် မြို့နယ်တွင်းကျေးရွာများရှိ တောင်သူများ က မြို့ပေါ်ရှိ ပွဲရုံများသို့လာရောက်၍ အရောင်းအဝယ်ပြုလုပ်ကြပါသည်။

   ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ(ပထမပတ်)တွင် ပဲစင်းငုံ(မိုး)၁တင်းလျှင် ၅၄၀၀၀/-ကျပ်ဖြင့် စတင်အရောင်းအဝယ်ပြုလုပ်ခဲ့ကြပြီး ဧပြီလတွင် ပဲစင်းငုံ(မိုး)၁တင်းလျှင် ၇၆၀၀၀/-ကျပ်ထိဈေးမြှင့်တက်လာခဲ့ရာ ယခု ပဲစင်းငုံ(မိုး)၁တင်းလျှင် ၈၀၀၀၀/-ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ် ပြုလုပ်လျက်ရှိပါသည်။

   ကျောက်ပန်းတောင်းမြို့နယ်တွင် (၂၀၂၁-၂၀၂၂) ခုနှစ်၌ ပဲစင်းငုံ(မိုး)စိုက်ဧက (၁) ဧကလျှင် ၂၂၂၀၀၀ကျပ်ကျသင့်ပြီး (၁) ဧကလျှင် ပျမ်းမျှ အထွက်တင်း (၁၁.၅၀) တင်းထွက်ရှိခဲ့ပါသည်။ပဲစင်းငုံ(မိုး)၁တင်းလျှင် ၅၄၀၀၀/-ကျပ်ဖြင့်ရောင်းချခဲ့ရာ (၁)ဧကလျှင် (၆၂၁၀၀၀၀/-) ကျပ်ရရှိ၍ တောင်သူအကျိုးအမြတ် (၃၉၉၀၀ဝိ/-) ကျပ်ရရှိစေပါသည်။ ဒေသထွက်ပဲစင်းငုံ(မိုး)များကို ရန်ကုန်သို့ အဓိက တင်ပို့ရောင်းချလျက်ရှိပါသည်။

   ထို့ကြောင့် တောင်သူအကျိုးအမြတ်ရှိစေသည့်အပြင် ထွက်ရှိလာသောပဲစင်းငုံအခွံ၊ အမှော်များကို တိစ္ဆာန်အစာအဖြစ်အသုံးပြုကြခြင်း၊ ပဲစင်းငုံအရိုးများကို လှောင်စာအဖြစ် အသုံးပြုလျက်ရှိကြခြင်း၊ ပရိုတင်းဓာတ်ကြွယ်ဝသောပဲစင်းငုံ(မိုး)ကို ဒေသတွင်းစားသုံးမှုလည်း ပြုလုပ်ကြ ပါသည်။ ပဲစင်းငုံ(မိုး)အား ပြည်ပတင်ပို့မှုပိုမိုပြုလုပ်မည်ဆိုပါက တောင်သူ၊ ကုန်သည်၊ ပွဲစားများအတွက် အကျိုးအမြတ်ရရှိစေခြင်း၊ နိုင်ငံခြားဝင်ငွေပိုမိုရရှိစေခြင်း၊ ဒေသတွင်းလုပ်သားများ အလုပ်အကိုင်အခွင့်အလမ်းပိုမိုရရှိစေခြင်းစသည့် အကျိုးကျေးဇူးများရရှိစေသည့် အတွက် ပဲစင်းငုံ(မိုး)သီးနှံအား ပိုမိုတိုးချဲ့စိုက်ပျိုးမည်ဆိုပါက စိုက်ပျိုးသင့်ပါကြောင်း လေ့လာသိရှိရပါသည်။

DOCA(မန္တလေး)

 

ဆက်လက်မြင့်တက်လျက်ရှိသောရွှေဈေးနှုန်း

    ကယားပြည်နယ်သည်   ကုန်စည်ရောင်းဝယ်သော စီးပွားရေးလုပ်ငန်းများအပြင် ရွှေထည်ရောင်းဝယ်ရေးလုပ်ငန်းများလည်း ပုံမှန်ရောင်းဝယ်လျက်ရှိရာ ရွှေထည်လက်ဝတ်ရတနာများကိုကိုယ်ပိုင်ပန်း တိမ်လုပ်ငန်းများဖြင့် ပြုလုပ်ရောင်းချခြင်း နှင့် မန္တလေး၊ တောင်ကြီးဘက်မှလည်း ရွှေထည်များမှာ ယူရောင်းချလျက်ရှိပါသည်။ ယခုလက်ရှိ မေလတတိယပတ်အတွင်း ဈေးကွက်တွင် ဖြစ်ပေါ် နေသော ရွှေ ဈေးနှုန်းမှာ ၁၆ ပဲရည် တစ်ကျပ်သားလျှင် (၃၀၂၃၀၀၀) ကျပ်၊ ၁၅ ပဲရည် တစ်ကျပ်သားလျှင် (၂၈၃၄၀၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်မေလ ဒုတိယပတ် အတွင်း ဈေးကွက်တွင် ဖြစ်ပေါ်ခဲ့သော ရွှေဈေးနှုန်းမှာ ၁၆ ပဲရည် တစ်ကျပ်သားလျှင် (၃၀၁၇၀၀၀) ကျပ်၊ ၁၅ ပဲရည် တစ်ကျပ်သားလျှင် (၂၈၂၈၀၀၀) ကျပ် ရှိခဲ့ပြီး ယခင် မေလဒုတိယပတ်နှင့် ယခုမေလတတိယပတ်နှိုင်းယှဉ်လျှင် ၁၆ ပဲရည် တစ်ကျပ်သားလျှင် (၆၀၀၀)ကျပ်၊ ၁၅ ပဲရည် တစ်ကျပ် သားလျှင် (၆၀၀၀)ကျပ်ခန့် ဈေးနှုန်းများပြန်လည်မြင့်တက် လာကြောင်း၊ ဈေးနှုန်းမြှင့်တက်လာ ရခြင်းမှာ နိုင်ငံခြားငွေလဲနှုန်းတိုးမြင့်လာခြင်းကြောင့်ဖြစ်သည်ဟု ရွှေဆိုင်လုပ်ငန်းရှင်တစ်ဦးထံမှ သိရပါသည်။

DOCA(ကယား)

 

ရွှေတောင်မြို့၏ ကန်စွန်းရွက်စိုက်ခင်းသို့ ကွင်းဆင်းလေ့လာ

        စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်မှ ရွှေတောင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၃.၅.၂၀၂၃) နေ့ နံနက်ပိုင်းတွင် ရွှေတောင်မြို့နယ်ရှိ မီးလောင်အုပ်စု၊ မီးလောင်ကျေးရွာတွင် စိုက်ပျိုးလျက်ရှိသည့် ကန်စွန်းရွက် (ရွက်ချွန်းမျိုး) စိုက်ခင်းသို့ သွားရောက်၍ ကွင်းဆင်းလေ့လာခဲ့ပါသည်။

    ရွှေတောင်မြို့နယ်တွင် ရွက်ချွန်းကန်စွန်းရွက် စိုက်ပျိုးသူတောင်သူ ဒေါ်လဲ့လဲ့ကြည်နှင့် တွေ့ဆုံမေးမြန်းခဲ့မှုအရ ကန်စွန်းရွက် စိုက်ပျိုးရာတွင် မျိုးစေ့ချပြီး ဘောင်တင်၍ စိုက်ပျိုးရကြောင်း၊ ကန်စွန်းရွက် စတင်စိုက်ပျိုးပြီး (၁၅)ရက်အကြာတွင် မြေဆွခြင်း၊ မြေဩဇာကျွေးခြင်းများပြုလုပ်ရကြောင်း၊ ကန်စွန်းရွက် စိုက်ပျိုးကုန်ကျစရိတ်မှာ ကန်စွန်းမျိုးစေ့တစ်ထုတ်လျှင် (၁၃၀၀၀)ကျပ်ဖြင့် ဝယ်ယူစိုက်ပျိုးရပြီး မြေဩဇာ နှင့်မြေဆွခများ အပါအဝင် စုစုပေါင်း ကုန်ကျစရိတ်မှာ (၅၀၀၀၀-၆၀၀၀၀)ကျပ် အထိ ကုန်ကျကြောင်း၊ ကန်စွန်းရွက်စတင်စိုက်ပျိုးပြီး (၁)လအကြာတွင် စတင်ခူးယူ၍ ရောင်းချကြောင်းသိရပါသည်။ ခူးဆွတ်ရရှိထားသော ကန်စွန်းညွှန့် (၁၀)ညွှန့်ကို တစ်စည်း စည်း၍ တစ်စည်းလျှင် (၂၀)ကျပ်နှုန်းဖြင့်ရောင်းချကြောင်း သိရပါသည်။ ကန်စွန်းရွက်များကို အခင်းထဲအထိ ကုန်စိမ်းဒိုင်မှ လာရောက်ဝယ်ယူကြသဖြင့် တစ်ခါခူးယူလျှင် (၅၀၀၀၀)ကျပ်ခန့် ရရှိကြောင်း သိရပါသည်။ အညွှန့်ဖြတ်ပြီး (၁၀)ရက်ကြာလျှင် အညွှန့်များကို ပြန်ခူး၍ရောင်းချရပါသည်။ ထို့ကြောင့် ကန်စွန်းရွက်တစ်ခါစိုက်ပျိုးလျှင် ရေလောင်းလိုက်၊ အစာကျွေးလိုက်ဖြင့် မိုးမကျမခြင်း ခူးယူ၍ ရောင်းချကြောင်းသိရပါသည်။

DOCA(ပဲခူး)

ကွမ်းသီးပင်အကြောင်းသိကောင်းစရာ

     ကွမ်းသီးပင်သည် အရှေ့တိုင်းနိုင်ငံများနှင့် ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ ကျွန်းများကဲသို့ ပူ၍ စိုထိုင်းသောဒေသများ၌ စိုက်ပျိုးဖြစ်ထွန်းပါသည်။ မြန်မာနိုင်ငံတွင် ကွမ်းသီးပင်စိုက်ပျိုး ဖြစ်ထွန်းသော ဒေသများမှာ တောင်ငူ၊ ကျိုက္ခမီ၊ သထုံ၊ ထားဝယ်၊ မြိတ်၊ ဖျာပုံ၊ မန္တလေးနှင့် စစ်တွခရိုင်များ ဖြစ်ကြသည်။ ကွမ်းသီးပင်သည် ပင်လယ်မိုင်၂၀၀ခန့်အတွင်း အမြင့်ပေ၃၀၀၀ အောက်ရှိပြီး ရေဖောဖောသီသီရရှိ၍ ရေမဝပ်သည့် အရပ်ဒေသတို့တွင် အထူးဖြစ်ထွန်းသည်။

    နုန်းမြေသည် ကွမ်းသီးပင်စိုက်ပျိုးရန် အထူးသင့်လျော်သည်။ ထို့ကြောင့်ကွမ်းသီးပင် စိုက်ခင်းများကို မြစ်ချောင်းကမ်းပါးတစ်လျှောက်နှင့် တောင်ချိုင့်ဝှမ်းများ၊ ကိုင်းကျွန်းများ၌ တွေ့ရသည်။တောင်ငူခရိုင်တွင ကွမ်းသီးပင်များကို သီးသန့်စိုက်ပျိုးကြသည်။ မြစ်ဝကျွန်းပေါ်ဒေသ များနှင့် ပင်လယ်ကမ်းမြောင်ဒေသများတို့၌ ကွမ်းသီးပင်ကို အခြားသီးစားပင်များဖြစ်ကြသော သရက်၊ ပိန္နဲပင်၊ မရန်းပင်၊ အုန်းပင် စသည်တို့နှင့် ရောစိုက်လေ့ရှိပါသည်။ ကွမ်းသီးပင်စိုက် ပျိုးရာတွင် အရေးကြီးသောအချက်မှာ မိုးအခါ၌ ရေမဝပ်စေရန်နှင့် နွေအခါတွင်ရေလုံလုံ လောက်လောက်ပေးနိုင်ရန်ဖြစ်သည်။ ပျိုးထောင်ရန်ပျိုးခင်းများကို နွေရာသီကပင်စတင်၍  ပြုပြင်ပေးရသည်။ ကျင်းများတူးဖော်ပြီးနောက် ကျင်းထဲတွင် ကောက်ရိုးဖြစ်စေ၊ မြေဆွေးဖြစ်စေ ခံထားရပါသည်။ ထို့နောက် ရင့်မှည့်၍ မျိုးကောင်း၊ အလုံးကောင်းဖြစ်သော ကွမ်းသီးများကို ကျင်းထဲ၌ တစ်ပေခွဲ၊ နှစ်ပေစီခွာလျက် စိုက်ပျိုးရပါသည်။ ထိုမျိုးကွမ်းသီးများကို ကောက်ရိုး သို့မဟုတ် မြေဆွေးတို့ဖြင့် တစ်ဖန်ဖုံးပြီးသော် အပေါ်ယံ၌ မြေကြီးထပ်၍ အုပ်ထားရသည်။ ထိုသို့ စိုက်ပျိုးပြီးနောက် မျိုးကွမ်းသီးများ အစို့ပေါက်စေရန် မိုးဖြိုင်ဖြိုင်ကျသည့် အချိန်ကာလအထိ ရေလောင်းပေးရသည်။ ၁လ မှ ၃လကြာသည့် အချိန်၌ အစို့ကလေးများ ထွက်လာကြပြီးလျှင် တစ်နှစ်ခန့်ကြာသော် ပြောင်းရွေ့စိုက်ရန် အရွယ်ဖြစ်လာသည်။ ပျိုးခင်းတွင် ပျိုးပင်ကလေးများ ကြီးပျင်းနေစဉ်အတောအတွင်း၌ စိုက်ခင်းများပြုပြင်ကြရမည်။ တောချုံတိုကို စိုက်ခင်းမြေပြင်ပေါ်မှ ရှင်းလင်းလျက် ရေသွင်းမြောင်းများကို တူးဖော်သွယ်တန်းပေးရသည်။ မိုးဦးကျစအချိန်သည် ပြောင်းရွှေ့စိုက်ပျိုးရန်  အကောင်းဆုံးအချိန်ဖြစ်သဖြင့် မိုးမကျမှီ တစ်လခန့်က ကြိုတင်ပြင်ဆင်လျက် ကျင်းများကို တူးဖော်ပြင်ဆင်ထားရသည်။ ကျင်းများသည် တစ်ပေခွဲခန့်နက်၍ တစ်ပေခန့်ကျယ်ရသည်။ ကွမ်းသီးပင်ချည်း စိုက်ပျိုးထားပါက ကျင်းများသည် တစ်ခုနှင့်တစ်ခု ၆ပေထက်မနည်း ကွာဝေးစေရသည်။ အကောင်း ဆုံးအကွာအဝေးမှာ ၈ပေဖြစ်သည်။ အခြားအသီးစားပင်များကို ရောစိုက်လျှင် သင့်လျော်သ လိုကြည့်၍ အကွာအဝေးကိုပြုပြင်ရသည်။ ကွမ်းသီးပင်များသည် တပို့တွဲ၊တပေါင်းလများ တွင် စပွင့်ကြပြီးလျှင် သီတင်းကျွတ်၊ တန်ဆောင်မုန်း၊ နတ်တော်လများ၌ အသီးများရင့်မှည့်၍ ဆွတ်သိမ်းရန် အချိန်ကျရောက်ပါသည်။

     ကွမ်းသီးပင်များကို ၃ကြိမ် ၃ခါဆွတ်ခူးရသည့်အနက် ပထမအကြိမ်မှာ အများဆုံးဆွတ်ခူးရလေသည်။ အသီးများသည် အမှည့်လွန်ပါက အခွန်နွှာရန် မလွယ်ကူသဖြင့် မမှည့်တမှည့် အနေအထားလောက်တွင် ဆွတ်သိမ်းရန် အကောင်းဆုံးဖြစ်သည်။ သီးစအပင်များသည် တစ်ပင်လျှင်အသီး ၃၀ခန့်သာသီးပြီး အပင်ကြီးများသည် တစ်ပင်လျှင်အသီး၂၅၀အထိ သီးတတ်ကြသည်။ကွမ်းသီးပင်သည် အသက် ၂၀၊ ၂၅နှစ်အကြာတွင် အများဆုံးသီးလျက် နောက်ပိုင်းတွင်အသီးဆုတ်သွားပြီးလျှင် အနှစ်၄၀၊၅၀အကြာတွင် သေတတ်ကြသည်။ ကွမ်းသီးပင်များကို ဆွတ်သိမ်းပြီးလျှင်ပြီးခြင်း ကွမ်းသီးခင်းထဲ၌ အခွံများကို ဓားဖြင့်ခွာပစ်ရသည်။ အခွံခွာပြီးနောက် ကွမ်းသီးပြုပြင်ယူကြရသည်။ မြန်မာနိုင်ငံအောက်ပိုင်း၌ ကွမ်းသီးပြုပြင်ယူပုံမှာ အခွံချွတ်ပြီးသောကွမ်းသီးများကို ထုံးရည်တွင် ၃နာရီ ၄နာရီခန့် ကျိုပြီးနောက်အခြောက်လှန်းရသည်။ထုံးရည်၌ ကျိုခြင်းသည် အဖန်ဓာတ်ထွက်၍ အနံ့အရသာ ကောင်းမွန်စေသည်ဟု မှတ်ယူကြသည်။ ကွမ်းသီးသည် ဖန်သည်၊ချုပ်သည်၊မမှည့်သေးသော ကွမ်းသီးသည် ဝမ်းသက်စေသည်။ မှည့်ပြီးကွမ်းသီးကို သံချဆေးအဖြစ် အသုံးပြုကြသည်။ ကွမ်းသီးပြာသည် သွားတိုက်ဆေး၊ သွားနာဆေး အဖြစ်ကောင်းသည်။ ကွမ်းသီးပင်၏အသားမှာ အလွန်မာကျောသဖြင့် ယင်းတို့ကိုလေးကိုင်း၊ လှံရိုး၊ ထမ်းပိုးများပြုလုပ်ကြသည်။ မြန်မာနိုင်ငံ၌ ပြည်တွင်းစားကုန်ပစ္စည်းများဖူလုံစေရန် အတွက် ကွမ်းသီးပင်စိုက်ပျိုးရေး စီမံကိန်းများကို နိုင်ငံတော်အစိုးရက အကောင်အထည်ဖော်လျက်ရှိသည်။ ၁၉၅၃ ခုနှစ်မှ စတင်၍ ထိုစီမံကိန်းကိုဆောင်ရွက်ရာ ထိုနှစ်အတွင်း ကွမ်းသီးပင်ပေါင်း   ၅၀၀,၀၀၀  ခန့်စိုက်ပျိုးခဲ့ကြသည်။ ထို့အပြင် ပြည်သူများ ကွမ်းသီးပင်ပေါက်များကို အလွယ်တကူဝယ် ယူစိုက်ပျိုးနိုင်ကြစေရန် ရည်ရွယ်၍ ဖျာပုံ၊မြောင်းမြ၊ပုသိမ်၊မော်လမြိုင်၊ထားဝယ်၊မြိတ်၊စစ်တွေ၊ တောင်ငူ၊ကျောက်ဖြူ၊မတ္တရာ စသောမြို့များတွင် စိုက်ပျိုးရေးဌာနများဖွင့်လှစ်၍ ကွမ်းသီးပင်ပေါက်များကို ရောင်းချပေးလျက်ရှိခဲ့သည်။ ထိုကဲ့သို့ စိုက်ပျိုးကြရာ၌ ၆၀ရာခိုင်နှုန်းမျှလောက်သော ကွမ်းသီးပင်များသည် ကောင်းစွာဖြစ်ထွန်းခဲ့သည်ကို တွေ့ရှိရသဖြင့် အနာဂတ်တွင် ထိုထက်  တိုးတက်၍ စိုက်ပျိုးသွားကြမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ကယား)

 

 

                                                                            

နေကြာ(မိုးကြို)များအောင်မြင်ဖြစ်ထွန်းမှုနှင့် စျေးနှုန်းအခြေအနေ”

    မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် နေကြာ(မိုးကြို)ကို (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်တွင် (၁၁၉၉) ဧကလျာထားခဲ့သော်လည်း  စဉ့်ကိုင်မြို့နယ်တွင် (၁၃၃၅) ဧကနှင့် မြစ်သားမြို့နယ်တွင် (၂၀၁) ဧက၊ စုစုပေါင်း (၁၅၃၆) ဧကစိုက်ပျိုးနိုင်ခဲ့ကြောင်း သက်ဆိုင်ရာဌာန၏စာရင်း များအရ သိရှိရပါသည်။နေကြာ(မိုးကြို)ကို မတ်လနှင့်ဧပြီလများတွင် စတင်စိုက်ပျိုးကြပြီး ဇွန်လနှင့်ဇူလိုင်လများတွင် စတင်ရိတ်သိမ်းကြောင်း သိရှိရပါသည်။ နေကြာတစ်ဧကကုန်ကျစရိတ်မှာ (၂၇၀၀၀၀-/) ကျပ်ခန့်ကုန်ကျကြောင်း၊ နေကြာဈေးနှုန်းများအနေဖြင့် ယခင်နှစ်၌ နေကြာ တစ်တင်းလျှင် (၁၈၀၀၀) ကျပ်၊ နေကြာဆီ(၁)ပိဿာလျှင် (၉၀၀၀) ကျပ်ခန့်ရှိပြီး ယခုနှစ်တွင် နေကြာတစ်တင်းလျှင် (၃၄၀၀၀/) ကျပ်၊ နေကြာဆီ တစ်ပိသာလျှင် (၁၂၀၀၀) ကျပ်ဈေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ ယခုနှစ် နေကြာ(မိုးကြို)စိုက်ပျိုးချိန်တွင် တောင်သူများသည် မိုးရွာသွန်းမှုမရှိသေးသော်လည်း ဆည်ရေသောက်ရေတင်စနစ်ဖြင့် စိုက်ပျိုးခဲ့ပြီး ယခုအချိန်တွင် မိုးရွာသွန်းမှုကောင်းသောကြောင့် နေကြာ(မိုးကြို)များမှာ ကောင်းမွန်စွာအောင်မြင်ဖြစ်ထွန်း လျက်ရှိပါသည်။ နေကြာသီးနှံသည် သက်တမ်းတိုမျိုးဖြစ်ပြီး ကုန်ကျစရိတ်လည်း သက်သာကာ မိသားစုအတွက်လည်း စားသုံးဆီဖူလုံမှုရရှိသဖြင့်  သီးထပ်၊သီးညှပ်အပြင် သီးသန့်အနေဖြင့်ပါ အများဆုံးစိုက်ပျိုးသင့်သော သီးနှံတစ်မျိုးဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း