ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

အရောင်းအဝယ်သမားတို့ လက်ဝယ်ရှိ ပြည်မန်ကျည်းမှည့်နှင့် ပြည်ချင်းပွဲရုံသို့ ချင်းအိတ်ဝင်ရောက်မှုနည်းလာ

          ပြည်မန်ကျည်းမှည့် (ပွဲရုံ)များတွင် ဒေသထွက် မန်ကျည်းမှည့်များဝင်ရောက်မှုမရှိတော့ဘဲ လှောင်မန်ကျည်းမှည့်များကိုသာ အရောင်းအဝယ်ပြုလုပ်နေကြောင်း သိရပါသည်။ လက်ကျန် မန်ကျည်းမှည့်ကို ဒေသတွင်းလက်လီအရောင်းသမားများသာ အဝယ်ရှိနေပါသည်။ ယခုအပတ် မန်ကျည်းမှည့် (ပွဲရုံ) တစ်ပိဿာဈေး ၃၈၀၀ကျပ်နှင့် လက်လီဈေး ၄၅၀၀ကျပ်တို့ဖြင့် ရောင်းဝယ်လျှက် ရှိနေပါသည်။ မန်ကျည်းသီးစိမ်း တစ်ပိဿာလျှင် (လက်ကား)ဈေး ၃၂၀၀ကျပ်နှင့် လက်လီဈေး ၃၅၀၀ကျပ်တို့ဖြင့် ရောင်းချလျှက်ရှိကြောင်းလည်း တွေ့ရှိရပါသည်။

        ပြည်ဈေးကွက်တွင် ဩဂုတ်လ ဒုတိယပတ်တွင်  ချင်းပွဲရုံများသို့ ချင်းဝင်ရောက်မှု ပုံမှန်ရှိနေသော်လည်း ချင်းအိတ်အဝင်နည်းလာသည်ဟု လို့သိရပါသည်။ ယခင်အပတ်တွင် အဝင်လှိုင်နေပြီး၊ ယခုအပတ်အဝင်နည်းလာသောကြောင့် ချင်းဈေးလည်း တစ်ပိဿာပေါ်တွင် ၂၀၀/၃၀၀ကျပ် ထိုးတက် လာသည်ကို တွေ့ရပါသည်။ ယခုအပတ် ချင်းပွဲရုံဈေး ၁၂၀၀-၁၃၀၀ကျပ်နှင့် လက်လီ ဈေးမှာ ၂၀၀၀-၂၂၀၀ကျပ်ဈေးတို့ဖြင့် ရောင်းချနေသည်ကို တွေ့ရပါသည်။ ဒါးလှီးချင်း(ဖတ်) တစ်ပိဿာလျှင် ၂၃၀၀-၂၅၀၀ကျပ်ဈေးဖြင့် ရောင်းချလျှက်ရှိနေပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

ပြည်ကြက်သွန်နီဈေး ဆက်လက်မြင့်တက်ပြီး

             ယခုတစ်ပတ်တွင် ပြည်ဈေးကွက်၌ ကြက်သွန်နီဈေးနှုန်းများ တစ်ပိဿာလျှင် ယခင် အပတ်ထက် ကျပ်၂၀၀ခန့် ဆက်လက်မြင့်တက်သွားကြောင်းသိရှိရပါသည်။ ကျောက်ပန်းတောင်း၊ အောင်လံ၊ ဆိပ်ဖြူဘက်မှ ကြက်သွန်နီအိတ် ၄၀၀ခန့် ရက်ခြားအဝင်ရှိနေပါသည်။ အရောင်း အဝယ်အနေဖြင့် ဝင်ရောက်မှု၏ ထက်ဝက်အိတ် ၂၀၀ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရပြီး ပန်းတောင်း(ဥသျှစ်ပင်)၊ ဧရာဝတီ(ကြံခင်း)နှင့် သာယာဝတီခရိုင်တို့သို့ စီးဆင်း၍ ရောင်းဝယ်မှုရှိနေပါသည်။ ပြည်ဈေးကွက်တွင် ပွဲရုံဈေး တစ်ပိဿာလျှင် (ကြီး/လတ်/သေး) ကျပ် ၁၈၀၀-၁၉၅၀-၂၁၅၀ တို့ရှိပြီး လက်လီဈေးအသေးများတွင် ကြီး/လတ်/သေး ကျပ် ၂၀၀၀-၂၂၀၀-၂၄၀၀ နှုန်းတို့ဖြင့် အသီးသီးရောင်းဝယ်မှုရှိနေပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ပဝယ်လိုအားပဲသီးနှံများ ဈေးနှုန်းမြင့်တက်လာခဲ့

       ပဲခူးတိုင်းဒေသကြီး၊ ပဲဈေးကွက်အတွင်း ပြည်ပဝယ်လက်ပဲများဖြစ်သော မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံသီးနှံများမြင့်တက်ရောင်းဝယ်လျှက်ရှိခဲ့ကြပါသည်။ မတ်ပဲသီးနှံမှာ ယခုရက်ပိုင်းဈေးများ တရိပ်ရိပ်မြင့်လျှက်ရှိသောကြောင့် ယခုရက်တွင် တစ်တင်း ၆၀၀၀၀ကျပ်နှုန်းဖြင့် အချို့ လှောင်ပဲ သမားများက ထုတ်ရောင်းချခဲ့ကြသောကြောင့် အိတ် ၂၀၀/၃၀၀ကျော် ရန်ကုန်ဝယ်လက် အဝယ်လိုက်သည့်ရက်တွင် အရောင်းအဝယ်ပိုသွက်ခဲ့ကြောင်းသိရပါသည်။ ပဲတီစိမ်းသီးနှံသစ် များမှာဖြင့် ပဲသစ်ဝင်ရောက်မှုအပေါ်မူတည်၍ မန္တလေးလိုင်းသမားများဝယ်ယူမှု ရှိခဲ့ကြပါသည်။ ပဲတီစိမ်းသီးနှံ ဈေးမှာ တစ်တင်း ၄၆၈၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သောကြောင့် မတ်ပဲသီးနှံဈေးကို မမှီသော်လည်း ယခင်နှစ်ဈေးထက်စာလျှင် ဈေးပိုရလျှက်ရှိခဲ့ပါသည်။ ပဲစင်းငုံသီးနှံမှာလည်း ပဲအဝင် နေ့စဉ်မရှိသော်လည်း လှောင်ပဲလက်ကျန်များရှိခဲ့၍ ရန်ကုန်ဝယ်လက် အဝယ်ရှိသည့်အခါ အိတ် ၂၀၀/၃၀၀ကျော် ရောင်းချခဲ့ကြရပြီး ပဲဈေးမှာ တစ်တင်း ၅၇၀၀၀ကျပ်ဖြင့် ရောင်းဝယ်နေသည့်အတွက် ပြည်ပဝယ်လိုအားရှိသော ပဲဈေးကွက်တွင် မတ်ပဲသီးနှံပြီးလျှင် ပဲစင်းငုံသီးနှံဈေးကောင်း ရခဲ့သော  နှစ်ဖြစ်ခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

“မိုးကြိုနေကြာရိတ်သိမ်းမှုနှင့် စျေးနှုန်းစျေးကွက်အခြေအနေ”

            မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်သည် စပါး၊ ပဲမျိုးစုံနှင့်ဆီထွက်သီးနှံများအား အဓိကထားစိုက်ပျိုးလျှက်ရှိရာ ကျောက်ဆည်ခရိုင်အတွင်းရှိ မြို့နယ်များအနက်မှ စဉ့်ကိုင်မြို့နယ် သည်ဆီထွက်သီးနှံတစ်မျိုးဖြစ်သော (မိုးကြို)နေကြာကိုလည်း အဓိကအားထား စိုက်ပျိုးကြပါသည်။ စဉ့်ကိုင်မြို့နယ်တွင် (မိုးကြို)နေကြာစိုက်ဧကမှာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင်(၁၁၉၉)ဧက စိုက်ပျိုး နိုင်ခဲ့ပြီး နေကြာစိုက်ပျိုးမှုအနေဖြင့် ဧပြီလနှင့်မေလများတွင်စိုက်ပျိုးကြပြီး (မိုးကြို)နေကြာတစ်ဧက လျှင်မျိုးစေ့မှာ(၄-၅)ပြည်ခန့်ကုန်ကျကြောင်း၊မျိုးစေ့စျေးနှုန်းအနေဖြင့်တစ်ပြည်လျှင်(၆၀၀၀/-)ကျပ် စျေးနှုန်းပေးရကြောင်း၊နေကြာစိုက်တောင်သူများသည်မျိုးအနေဖြင့် အထွက်နှုန်းကောင်းမျိုး များဖြစ် သည့်ရေဆင်းစပ်မျိုးနေကြာ ၊ ဆင်းရွှေကြာ(၂)(၃)မျိုးများကိုသာအဓိကထား အများဆုံး စိုက်ပျိုးကြ  ကြောင်း၊၄င်းမျိုးများစိုက်ပျိုးရာတွင် ထုတ်လုပ်မှုစရိတ်နည်းပါးခြင်း၊ အပျက်အစီးနည်းခြင်း၊ အထွက် နှုန်းကောင်းမွန်ခြင်းတို့ကြောင့် တစ်ဧကကုန်ကျစရိတ်အနေဖြင့် သွင်းအားစု၊ လုပ်သားခ၊မျိုး၊ စုစုပေါင်း (၂၅၀၀၀၀/-)ကျပ်ကုန်ကျကြောင်း ၊ (မိုးကြို)နေကြာကို ဇွန်လကုန်မှစတင်၍ ရိတ်သိမ်း လျှက်ရှိရာ (၃၆၂)ဧကရိတ်သိမ်းပြီးဖြစ်ကြောင်း၊ တစ်ဧက အထွက်နှုန်းအနေဖြင့်(၃၆)တင်းခန့် ထွက်ရှိပြီး နေကြာ စျေးနှုန်းအနေဖြင့် ယခင်နှစ်တွင်တစ်တင်းလျှင်(၁၄၀၀၀/-)ကျပ်၊ယခုနှစ်တွင် တစ်တင်းလျှင်(၂၃၀၀၀) ကျပ်စျေးနှုန်းဖြစ်၍ ယခင်နှစ်နှင့်နှိုင်းယှဉ်လျှင် စျေးနှုန်းမြင့်တက်လျှက်ရှိကြောင်း ၊ တောင်သူများအနေဖြင့်နေကြာဆီကြိတ်ပြီးရောင်းချလျှင်နေကြာတစ်တင်းလျှင်ဆီ        (၃-၄)ပိဿာခန့်ထွက်ရှိကြောင်း၊ နေကြာဆီစျေးနှုန်းအနေဖြင့် (၁)ပိဿာလျှင်(၉၀၀၀/-)ကျပ်ရှိပြီး နေကြာဖတ်(၁)ပိဿာလျှင်(၁၃၀၀-၁၅၀၀)ကျပ်စျေးနှုန်းများဖြင့်ရောင်းချရကြောင်း ၊ တောင်သူများအနေဖြင့် ဆီထွက်နေကြာဖြစ်သော (မိုးကြို)နေကြာစိုက်ပျိုးခြင်းဖြင့် ပြည်တွင်းစားသုံးဆီဖူလုံရေး အတွက် အထောက်အကူပြုနိုင်သည့် သီးနှံဖြစ်ပြီးနေကြာဆီစားသုံးခြင်းဖြင့်လည်း ကျန်းမာရေးအတွက်ကောင်းမွန်သောကြောင့် တောင်သူများအကျိုးအမြတ်ရရှိသောသီးနှံဖြစ်သော (မိုးကြို) နေကြာ ကို တိုးချဲ့စိုက်ပျိုးသင့်ပါကြောင်းရေးသား တင်ပြလိုက်ပါသည်။

DOCA(မန္တလေး)

 

 

ရွှေဈေးနှုန်းများဆက်လက် မြှင့်တက်လျက်ရှိ

          လွိုင်ကော်မြို့သည် ကယားပြည်နယ်၏ လူနေထိုင်မှုအများဆုံးမြို့ဖြစ်ပြီး  ကုန်စည်ကူးသန်းရောင်းဝယ်မှုလည်း အဓိက အချက်အခြာကျသော မြို့မြို့ဖြစ်ပါသည်။ ကုန်စည်ရောင်းဝယ်သော စီးပွားရေးလုပ်ငန်းများအပြင် စိန်၊ ရွှေ၊ ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းများရှိ၍ လိုချင် သည့် စိန်၊ရွှေ၊ကျောက်မျက်ရတနာများ စိတ်တိုင်းကြဝယ်ယူရရှိနိုင်ပြီး ရွှေထည်လက်ဝတ်ရတနာများကို ကိုယ်ပိုင် ပန်းတိမ်လုပ်ငန်းများဖြင့် ပြုလုပ်ရောင်းချခြင်း၊ မန္တလေး၊တောင်ကြီးဘက်မှလည်း ရွှေထည်များမှာယူရောင်းချလျက်ရှိပါသည်။ ယခုလက်ရှိ ဩဂုတ်လအတွင်း ဈေးကွက်တွင်ဖြစ်ပေါ် နေသော ရွှေဈေးနှုန်းမှာ ၁၆ ပဲရည် တစ်ကျပ်သားလျှင် (၂၅၇၀၀၀၀)ကျပ်၊ ၁၅ ပဲရည် တစ်ကျပ်သားလျှင် (၂၃၀၀၀၀၀)ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်လျက် ရှိပြီး ယခင်ဇူလိုင် ဒုတိယပတ်တွင်  ၁၆ ပဲရည်တစ်ကျပ်သားလျှင် (၂၀၅၈၀၀၀)ကျပ်၊ ၁၅ ပဲရည် တစ်ကျပ်သားလျှင် (၁၉၅၀၀၀၀) ကျပ်သာ ရှိခဲ့ပြီး ယခု ဩဂုတ်လဒုတိယပတ်နှင့် ယခင်ဇူလိုင် ဒုတိယပတ်နှိုင်းယှဉ်လျှင် ၁၆ ပဲရည် တစ်ကျပ်သားလျှင် (၅၁၂၀၀၀)ကျပ်၊ ၁၅ ပဲရည် တစ်ကျပ်သားလျှင် (၃၅၀၀၀၀)ကျပ်ခန့်ဈေးနှုန်းများ မြှင့်တက်လာကြောင်း၊ဈေးနှုန်းမြှင့်တက်လာရခြင်းမှာ နိုင်ငံခြားငွေလဲနှုန်းတိုးမြင့်လာခြင်းကြောင့်ဖြစ်သည့်ဟု သိရပါသည်။

DOCA(ကယား)

 

လက်လီပဲဈေးကွက်တွင်  ပြည်စားတော်ပဲဈေးကောင်းရ

          ပြည်ပဲဈေးကွက်အတွင်း လက်လီ/လက်ကား ပဲမျိုးစုံရောင်းဝယ်လျှက်ရှိရာ ပြည်ပဝယ်လက်ပဲများ ဈေးကောင်းရသလို ပြည်တွင်းလက်လီ/လက်ကားရောင်းဝယ်မှုဖြစ်တဲ့ ပဲသီးနှံများကလည်း ဈေးကောင်းရနေခဲ့ပါသည်။ ပြည်ဈေးကွက်၌ လက်လီရောင်းဝယ်နေသော ပဲသီးနှံထဲတွင် စားတော်ပဲ သီးနှံဟာဆိုလျှင် တစ်တင်း ၁သိန်းကျပ်ဖြင့် ဈေးအမြင့်ဆုံးရောင်းဝယ်လျှက်ရှိခဲ့ပါသည်။ နှစ်စဉ်လိုလို စားတော်ပဲသီးနှံဈေးကောင်းရခဲ့သော်လည်း ယခင်နှစ်က တစ်တင်း ၅သောင်းကျပ်သာ ရခဲ့၍ ယခုနှစ် ဈေးမှာဖြင့် ယခင်နှစ်ဈေးထက် တစ်ဆထပ်မြင့်တက်ခဲ့ပါသည်။ စားတော်ပဲ သီးနှံအနေဖြင့် ပဲဈေးကွက်သို့ နေ့စဉ်ဝင်ရောက်မှု မရသော်လည်း  လှောင်ပဲများရှိသောကြောင့် လက်လီအဝယ်သမားရှိမှုအပေါ် အိတ် ၂၀ကျော် ရောင်းချခဲ့ကြရကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

         

ပန်းတောင်းမြို့နယ်တွင် နွေနှမ်းများ ရိတ်သိမ်းလျှက်ရှိ

        ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ၊ ပန်းတောင်းမြို့နယ်ရှိ သရက်လိန်ကျေးရွာအုပ်စု၊ သူရဲဇီး ကျေးရွာတွင် ယခုအချိန်၌ နွေနှမ်းများစတင်ရိတ်သိမ်းနေပြီဖြစ်သဖြင့် နွေနှမ်းဈေးနှုန်း ဈေးကွက် အခြေအနေမျာအား သိရှိနိုင်ပါရန် ကွင်းဆင်းလေ့လာခဲ့ပါသည်။

       ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ သရက်လိန်ကျေးရွာအုပ်စု၊ သရဲဇီးကျေးရွာသို့ (၁၀.၈.၂၀၂၂) နေ့ ၊ နေ့လယ်  (၁:၃၀) အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန ၊ ပန်းတောင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် နွေနှမ်းစိုက်ပျိုးသူတောင်သူ ဦးဌေးအောင်နှင့် တွေ့ဆုံပြီး ၎င်းတွင် နွေနှမ်း စိုက်ဧက (၁၀)ဧကရှိပြီး စိုက်ပျိုးထားသည့်မျိုးမှာ နှမ်းနက်မျိုးဖြစ်ပါသည်။ စိုက်ပျိုးဧက (၁၀)ဧက တွင် ခန့်မှန်းအထွက်တင်းအနေဖြင့် (၄၅)တင်းခန့် ထွက်ရှိသည်ဟု သိရပါသည်။ တစ်ဧကလျှင် နွေနှမ်းအထွက်နှုန်းအနေဖြင့် (၄/၅)တင်းခန့်ထွက်ရှိပါသည်။ ပန်းတောင်းမြို့နယ်တွင် နွေနှမ်းလက်ရှိ ပေါက်ဈေးအနေဖြင့် (၁၅)ပိဿာတစ်တင်းလျှင် (၆၅၀၀၀)ကျပ်ဈေးရှိပြီး ဈေးကွက်အနေဖြင့် ပြည်မြို့ရှိ  ပဲနှမ်းပွဲရုံများသို့ တင်ပို့ရောင်းချကြကြောင်း သိရှိရပါသည်။

         နွေနှမ်းစိုက်ပျိုးသူတောင်သူများအနေဖြင့် နွေနှမ်းမှာ အထွက်နှုန်းအနေဖြင့် နည်းသော်လည်း ဈေးနှုန်းမှာ အမြင့်ရရှိသဖြင့် တောင်သူအကျိုးအမြတ်များသည်ဟု သိရှိရပါသည်။

DOCA(ပဲခူး)

“ဝင်ငွေတိုးသော အသားတိုးဝက်မွေးမြူရေးလုပ်ငန်း”

             မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် တံတားဦးမြို့နယ်၊ စကားအင်းကျေးရွာ၌ အသားတိုးဝက်မွေးမြူရေးလုပ်ငန်းအား လုပ်ကိုင်ဆောင်ရွက်နေသော မွေးမြူရေးဝက်ခြံပိုင်ရှင်နှင့်တွေ့ဆုံ၍ အသားတိုးဝက်မွေးမြူခြင်းဖြင့် ကျေးလက်ဒေသနေပြည်သူများ ပုံမှန်ဝင်ငွေရရှိနေမှုနှင့်ပတ်သက်၍ ကွင်းဆင်းလေ့လာခဲ့ပါသည်။

          တံတားဦးမြို့နယ်၊စကားအင်းကျေးရွာတွင် အသားတိုးဝက်မွေးမြူရေးလုပ်ငန်းကို ယခင်(၂) နှစ်ခန့်မှစတင်မွေးမြူခဲ့ရာ လက်ရှိအချိန်တွင် (၃)နှစ်တာကာလအတွင်း ရောက်ရှိပြီးဖြစ်ကြောင်း၊ ဝက်များအားမွေးမြူရာတွင် ဝက်ခြံများကို ကွန်ကရစ်အခင်းများဖြင့် သန့်ရှင်းသပ်ရပ်စွာ မွေးမြူ ဆောင်ရွက်ထားကြောင်း၊ ဝက်ခြံတစ်ခြံလျှင် ဝက်ကောင်ရေ(၁၀-၁၅)ကောင်အထိ တစ်ပိုင်တစ်နိုင် မွေးမြူထားရှိပြီး ဝက်စာကျွေးခွက်များကိုလည်း ကွန်ကရစ်ဖြင့်ပြုလုပ်ထားပြီး အစာကျွေးခွက်တစ်ခုလျှင် (၅)ကောင်ကျွေးနိုင်ကြောင်း၊အသားတိုးဝက်မွေးမြူရာတွင် မိခင်နို့ခွဲကာစ(၁)လခွဲမှစတင်ဝယ်ယူ ပြီးမွေးမြူရကြောင်း၊ (၁)လခွဲသားဝက်ပေါက်တစ်ကောင်လျှင် (၈၀၀၀၀-၈၅၀၀၀)ကျပ် ဝန်းကျင်ခန့် ဝယ်ယူရပါသည်။ စတင်မွေးမြူရာတွင် (CP-950)အငယ်စာ နှင့်ဖွဲနုရော၍ ကျွေးရကြောင်း၊ ဝက် တစ်ကောင်လျှင်(CP-950)နို့ဆီဗူးတစ်ဝက်နှင့်ဖွဲနု(၃)ဗူးရောပြီး အခြောက်ကျွေးရကြောင်း ၊ နေ့စဉ် ရေ(၂)ကြိမ်ချိုးပေးရပြီး ပုံမှန်ကျွေး၍မွေးမြူလာပြီးနောက် (၂)လခွဲသား ရောက်သည့်အခါ အကြီးစာကျွေးရပါသည်။အကြီးစာကျွေးသည့်အခါ (CP-7512)နှင့် ဖွဲ့နုရောပြီး အခြောက်ကျွေးရပြီးလိုအပ်လျှင် (၁)လတစ်ကြိမ်ဆေးထိုးပေးရပြီး (၄)လပြည့်သောအခါ ရောင်းတန်းဝင် ဝက်တစ်ကောင်သို့ ရောက်ရှိပြီး အရောင်းအဝယ်ပြုလုပ်ကြပါသည်။ (၄)လပြည့်ပြီး ဝက်တစ်ကောင်လျှင်(၄၀၀၀၀၀- ၄၅၀၀၀၀)ကျပ်စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်ပြီး ဝက်တစ်ကောင်လျှင် အစာဘိုးနှင့်ကျွေးမွေးစရိတ်နှုတ်ပြီး ဝက်တစ်ကောင်အကျိုးအမြတ်မှာ(၂၀၀၀၀၀-၃၀၀၀၀၀)ကျပ်နီးပါး အကျိုးအမြတ်ရရှိမည်ဖြစ်ပါသောကြောင့် ကျေးလက်နေ ပြည်သူများအနေဖြင့် အသားတိုးဝက်မွေးမြူရေးလုပ်ငန်းများကို တစ်ပိုင်တစ်နိုင်စီးပွားဖြစ် မွေးမြူသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)

စက်သုံးဆီဈေးနှုန်းများ မြှင့်တက်လျှက်ရှိ

            လွိုင်ကော်မြို့တွင် စက်သုံးဆီအရောင်းဆိုင်များမှ ( ၁၄ )ဆိုင်ဖွင့်လှစ်ရောင်းချလျှက်ရှိပြီး စက်သုံးဆီလက်လီဈေးနှုန်းများမှာ ယခုဩဂုတ်လဒုတိယပတ်အတွင်း ဒီဇယ်ရိုးရိုးတစ် လီတာကို (၂၆၃၅) ကျပ်၊ ဒီဇယ် (ပရီမီယမ်) တစ်လီတာကို (၂၇၁၀) ကျပ်၊ ဓါတ်ဆီ 92 တစ်လီတာ ကို(၂၃၃၀)ကျပ်နှင့် ဓါတ်ဆီ 95 တစ်လီတာကို (၂၃၉၅)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိပြီး ယခင် ဩဂုတ်လပထမပတ်တွင် ဒီဇယ်ရိုးရိုး တစ်လီတာကို (၂၂၂၀) ကျပ်၊ ဒီဇယ် (ပရီမီယမ်) တစ်လီတာကို(၂၂၈၀) ကျပ်၊ ဓါတ်ဆီ 92 တစ်လီတာကို (၁၉၀၅)ကျပ် နှင့် ဓါတ်ဆီ 95 တစ်လီတာကို (၁၉၇၅) ကျပ်ရှိခဲ့ပြီး ယခင်အပတ်နှင့်ယခုအပတ်အတွင်း ဖြစ်ပေါ်နေသော ဈေးနှုန်းများကို နှိုင်းယှဉ် ကြည့်လျှင် ဒီဇယ်ရိုးရိုး တစ်လီတာကို (၄၁၅) ကျပ်၊ ဒီဇယ် (ပရီမီယမ်) တစ်လီတာကို (၄၃၀) ကျပ်၊ ဓါတ်ဆီ 92 တစ်လီတာ ကို(၄၂၅) ကျပ်နှင့်ဓါတ်ဆီ (95) တစ်လီတာ ကို(၄၂၀)ကျပ် ထိ ဈေးနှုန်း များမြှင့်တက်လာကြောင်း ၊ ဈေးနှုန်းမြှင့်တက်လာရခြင်းမှာ နိုင်ငံခြားငွေလဲနှုန်း တိုးမြင့်လာခြင်း၊ သယ်ယူသည့်စရိတ်စကများ  ကြောင့်ဖြစ်သည် ဟုသိရှိရ ပါသည်။

DOCA(ကယား)

ပြည်ဈေးကွက်တွင် နှမ်းနီဈေးမြင့်တက်လာ

        ပြည်ဈေးကွက်တွင် ဩဂုတ်လဒုတိယပတ်တွင် နှမ်းနီဈေးများ ဆက်လက်မြင့်တက်လာခဲ့ပြီး နှမ်းနက်နှင့်စမုံနက်နှမ်းမှာ ဇူလိုင်လနောက်ဆုံးပတ်ထက်စာရင် ဈေးကျလာခဲ့ပါသည်။ ပြည်ဈေး ကွက်သို့ ပန်းတောင်းဘက်မှ နွေနှမ်းများအဝင်ရှိသလို ရွှေတောင်ဘက်မှလည်း မိုးနှမ်းများနေ့စဉ် ဝင်ရောက်လျှက်ရှိပါသည်။ ဆီစက်လုပ်ငန်းရှင်များက နှမ်းနီကိုအဝယ်ရှိသဖြင့် နှမ်းနီဈေးမြင့် တက်လာသည်ဟု သိရပါသည်။ နှမ်းနက်နှင့် စမုံနက်နှမ်းကို မန္တလေး၊ အောင်လံနှင့် ရှမ်းပြည်နယ် လားရှိုးဘက်မှ အဝယ်ရှိသဖြင့် တစ်နေ့လျှင် အိတ် ၁၀၀/၁၅၀ ခန့် အရောင်းအဝယ် ဖြစ်နေသော်လည်း  ဈေးကျလာသည်ကို တွေ့ရှိရပါသည်။ ယခုဩဂုတ်လ ဒုတိယပတ်တွင် နှမ်းနီ(၃)တင်းတစ်အိတ်လျှင် ၁၉၅၀၀၀ကျပ်၊ နှမ်းနက် (၃)တင်းတစ်အိတ်လျှင် ၂၀၀၀၀၀ကျပ်နှင့် စမုံနက်နှမ်း(၃)တင်း တစ်အိတ်လျှင် ၂၂၀၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။

DOCA(ပဲခူး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း