ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပြည်မြေပဲဆန် ဈေးဆက်လက်မြင့်တက်

            ပြည်ဈေးကွက်တွင် ဩဂုတ်လ ဒုတိယပတ်တွင်  မြေပဲဆန်ဈေးများ ဆက်လက် မြင့်တက်လာခဲ့ပါသည်။ မြေပဲဆန်များလည်း ဈေးကွက်သို့  ဝင်ရောက်မှု အနည်းငယ်သာရှိပြီး ဝယ်လိုအားများလာသဖြင့် ဈေးများဆက်လက်မြင့်တက်လာသည်ဟုသိရပါသည်။  ပြည်ခရိုင်၊ ရွှေတောင် ဘက်နှင့် ပေါက်ခေါင်းဘက်မှ မြေပဲဆန်များတစ်နေ့လျှင် အိတ် ၂၀၀/၃၀၀ ခန့် ဝင်ရောက်မှု့ရှိနေသော်လည်း ဆီစက်သမားများကလည်းဆီကြိတ်ရန်အဝယ်ရှိသလို မြေပဲလှော်ဖို၊ မြေပဲကြော်ဖိုများမှလည်း နေ့စဉ်အဝယ်ရှိသဖြင့် အရောင်းအဝယ်နေ့စဉ်ဖြစ်လျှက်ရှိပါသည်။

          မြေပဲဆန်ဈေးများမှ ဩဂုတ်လ ဒုတိယပတ်တွင် မြေပဲဆီဆန် တစ်ပိဿာလျှင် ၅၉၀၀ ကျပ်၊ ဖြင့် ယခင် ဇူလိုင်လနောက်ဆုံးပတ်ထက်စာလျှင်  ဈေးများမြင့်တက်လာခဲ့ပါသည်။ မြေပဲလုံးဆန် တစ်ပိဿာလျှင် ၆၂၀၀ကျပ်ဖြင့် ဇူလိုင်လနောက်ဆုံးပတ်ထက်စာလျှင် ဈေးများဆက်လက် မြင့်တက် လာခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

ရွှေတောင်မြို့နယ်တွင် မိုးနှမ်းများ စတင်ရိတ်သိမ်း

        ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ၊ ရွှေတောင်မြို့နယ် ဝါးတောအုပ်စု၊ ဖားအိုင့်ကျေးရွာတွင် မိုးနှမ်းများစတင်ထွက်ပေါ်နေပြီဖြစ်သဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ ရွှေတောင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၁၁.၈.၂၀၂၂)နေ့ နံနက်ပိုင်းတွင် သွားရောက်၍ မိုးနှမ်းများစိုက်ပျိုးထွက်ရှိမှုနှင့် ဈေးနှုန်းဈေးကွက်အခြေများအား သိရှိနိုင်ပါရန် ကွင်းဆင်းလေ့လာခဲ့ပါသည်။

         ရွှေတောင်မြို့နယ်တွင် ယခုနှစ် မိုးနှမ်းစိုက်ဧကမှာ (၂၅၈၉) ဧကရှိပြီး ဝါးတောအုပ်စုတွင် (၁၇)ဧက စိုက်ပျိုးထားကြောင်း သိရှိရပါသည်။ ရွှေတောင်မြို့နယ်၊ ဝါးတောအုပ်စု၊ ဖားအိုင့်ကျေးရွာရှိ မိုးနှမ်းစိုက်ပျိုးသူ တောင်သူ ဦးနေဝင်းနှင့် တွေ့ဆုံ၍ မေးမြန်းရာ နှမ်းနက် (၂)ဧကကို မေလဆန်းတွင် စတင်စိုက်ပျိုးပြီး ဇူလိုင်လကုန်တွင် စတင်ထွက်ရှိပါသည်။ မိုးနှမ်းစိုက်ပျိုး ထုတ်လုပ် ကုန်ကျစရိတ်အနေဖြင့် (၁၈၀၀၀၀)ကျပ်ခန့်ကုန်ကျ၍ တစ်ဧကအထွက်နှုန်းမှာ (၈)တင်း နှုန်းထွက်ရှိသည်ဟု သိရပါသည်။ နှမ်းနက်ဈေးမှာ သန့်ရင်သန့်သလို ဈေးရ၍ ယခုလက်ရှိ ပေါက်ဈေးမှာ တစ်တင်းလျှင် (၇၀၀၀၀)ကျပ်ခန့်ရရှိပါသည်။ တစ်ဧအကျိုးအမြတ်အနေဖြင့် ၃၈၀၀၀၀ကျပ်ခန့် အမြတ်ရှိ၍ (၂)ဧကစိုက်ပျိုးထားသဖြင့် ၇၆၀၀၀၀ကျပ် ရရှိသည်ဟုသိရပါသည်။ ယခင်နှစ်တွင် တစ်ဧကကုန်ကျစရိတ်မှာ (၁၆၀၀၀၀)ကျပ်ခန့်ကုန်ကျပြီး တစ်ဧကအထွက်မှာလည်း (၈)တင်းခန့်ထွက်ရှိ၍ တစ်ဧကအကျိုးအမြတ်မှာ ၂၄၀၀၀၀ကျပ်ခန့် ရရှိသဖြင့် ယခုနှစ်တွင် နှမ်းဈေးများ ကောင်းလာသောကြောင့် အကျိုးအမြတ်များပိုလာသည်ဟုသိရှိရပါသည်။

         မိုးနှမ်းစိုက်တောင်သူများအနေဖြင့် နှမ်းစိုက်ပျိုးရာတွင် ကုန်ကျစရိတ်သက်သာ၍ စိုက်ပျိုးရ လွယ်ကူပြီး အကျိုးအမြတ်လည်းရှိသည့်အတွက်ကြောင့် နောက်လာမည့်နှစ်များတွင် တိုးချဲ့စိုက်ပျိုးသွားမည်ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

DOCA(ပဲခူး)

 

ပေါက်ခေါင်းမြို့နယ်တွင် ဝါများ စတင်စိုက်ပျိုး

        ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ဝါများစတင်စိုက်ပျိုးနေပြီဖြစ်ပါသည်။ ပြည်ခရိုင်အနေဖြင့် ဝါကြီးစိုက်ဧကမှာ (၂၉၀၃)ဧကရှိပြီး ပေါက်ခေါင်းမြို့နယ်အနေဖြင့် (၁၅၇၈)ဧက စိုက်ပျိုးထားပြီး ဖြစ်ပါသည်။

         စားသုံးသူရေးရာဦးစီးဌာန၊ ပေါက်ခေါင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၁၀.၈.၂၀၂၂) နေ့ နံနက် (၁၀:၃၀) အချိန်တွင် ပေါက်ခေါင်းမြို့နယ်၊ လေးကြီးကျေးရွာရှိ ဝါစိုက်တောင်သူ ဦးဝင်းရွှေနှင့် တွေ့ဆုံပြီး ဝါစိုက်ပျိုးမှုနှင့် ကုန်ကျစရိတ်များအားမေးမြန်းခဲ့ပါသည်။ ဝါစိုက်ပျိုးသူ တောင်သူမှ ဝါကို ဇူလိုင်ဆန်းပိုင်းတွင် စတင်စိုက်ပျိုးပြီး၊ နိုဝင်ဘာလတွင် ခူးဆွတ်ရမည်ဖြစ်ပါသည်။ စိုက်ပျိုးသည့်မျိုးမှာ ဝါကြီးမျိုးဖြစ်ပြီး တစ်ဧကစိုက်ပျိုးသည့် မျိုးစေ့မှာ (၉)ပိဿာဖြစ်၍ ဈေးနှုန်းမှာ တစ်ပိဿာလျှင် ၃၅၀၀ကျပ်ဖြင့် ဝယ်ယူစိုက်ပျိုးရကြောင်း သိရှိရပါသည်။ ဝါစိုက်ပျိုးထုတ်လုပ် ကုန်ကျ စရိတ်မှာ ဝါမခူးဆွတ်မှီအချိန်အထိ (၃)သိန်းကျော်ကုန်ကျသည်ဟုသိရပါသည်။ ပေါက်ခေါင်း မြို့နယ်အနေဖြင့် ဝါစိုက်ပျိုးဧကမှာ ယခင်နှစ်တွင် ဧက(၈၀၀)ခန့် စိုက်ပျိုးခဲ့ပြီး ယခုနှစ်တွင် ဧက (၁၀၀၀)ကျော်စိုက်ပျိုးပြီးဖြစ်၍ ယခင်နှစ်ထက်စာရင် တိုးချဲ့စိုက်ပျိုးထားကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ကုန်စည်ဒိုင်၏ ဇွန်လနှင့်ဇူလိုင်လအရောင်းအဝယ်ဖြစ်မှုနှင့် ဈေးကွက်အခြေအနေ

            ပြည်ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျှက်ရှိသော ပဲများ၏ ယခင်လနှင့် ယခုလ အရောင်းအဝယ်ဖြစ်မှုနှင့် ဈေးနှုန်းဈေးကွက်အခြေအနေများမှာ အောက်ပါအတိုင်း တွေ့ရှိရပါသည်-

မတ်ပဲ

            ပြည်ကုန်စည်ဒိုင်သည် ဇွန်လပထမပတ်တွင် မတ်ပဲဈေးတက်လာပြီး ပဲတစ်တင်းကို ၄၈၀၀၀-၄၈၅၀၀ ကျပ်ဖြင့် အိတ် ၁၀၀/၂၀၀ခန့် ရန်ကုန်အဝယ်ရှိခဲ့ပါသည်။ ဒုတိယပတ်မှာ ပဲတစ်တင်းကို ၄၉၀၀၀-၄၉၅၀၀ကျပ်၊ တတိယပတ်တွင် မတ်ပဲတစ်တင်းကို ၅၂၅၀၀-၅၃၀၀၀ကျပ်ဖြင့် တခါ တရံမှသာ အရောင်းအဝယ်ရှိပြီး အဝယ်အေးလျှက်ရှိပါသည်။ စတုတ္ထပတ် တွင် မတ်ပဲတစ်တင်း ကို ၅၃၅၀၀-၅၄၀၀၀ ကျပ်ဖြင့်တစ်ရက်ကိုအိတ် ၁၀၀/၁၅၀ခန့်သာ ရန်ကုန် တင်ပို့မှုရှိခဲ့ပါသည်။ ဇူလိုင်ပထမပတ်တွင် မတ်ပဲဈေးတက်လာပြီး မတ်ပဲတစ်တင်းကို ၅၆၀၀၀-၅၆၅၀၀ကျပ်၊ ဒုတိယ ပတ်တွင်  မတ်ပဲဈေးကျလာပြီး ပဲတစ်တင်းကို ၅၂၀၀၀-၅၂၅၀၀ ကျပ်၊ တတိယပတတွင်  ပဲတစ်တင်းကို ၅၃၀၀၀-၅၄၀၀၀ ကျပ်ဖြင့် ရန်ကုန်အဝယ်တစ်ရက်ကို အိတ် ၁၅၀/၂၀၀ခန့် အဝယ်ရှိခဲ့ပါသည်။ စတုတ္ထပတ်တွင် မတ်ပဲတစ်တင်းကို ၅၄၀၀၀ကျပ်ဖြင့် တစ်ရက်ကို အိတ် ၁၀၀/၁၅၀ ခန့်သာ အဝယ်ရှိခဲ့ပါသည်။

ပဲစင်းငုံ

          ဇွန်လမှာတော့ ပဲစင်းငုံဈေးမှာ တစ်တင်းကို ၄၄၀၀၀-၄၄၅၀၀ကျပ်ဖြင့် အရောင်း အဝယ် ဖြစ်ခဲ့ပြီးဇူလိုင်လပထမပတ်မှာတော့ ပဲစင်းငုံတစ်တင်းကို ၄၆၅၀၀ကျပ်ဖြင့် တစ်ရက်ကို အိတ် ၂၀၀/၂၅၀ခန့် ရန်ကုန်အဝယ်ရှိခဲ့ပါသည်။ ဇူလိုင်လဒုတိယပတ်တွင် ပဲစင်းငုံတစ်တင်းကို ၄၆၀၀၀ ကျပ်ဖြင့် တစ်ရက်ကိုအိတ် ၂၀၀-၃၀၀ခန့် ရန်ကုန်တင်ပို့မှုရှိခဲ့ပြီး တတိယပတ်မှာ ပဲစင်းငုံဈေးကျ လာပြီး တစ်တင်းကို ၄၅၅၀၀-၄၆၀၀၀ ကျပ်၊ စတုတ္ထပတ်မှာတော့ ပဲစင်းငုံဈေးတက်လာပြီး ပဲတစ်တင်းကို ၄၆၅၀၀ကျပ်ဖြင့် တစ်ရက်ကိုအိတ် ၂၀၀/၃၀၀ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။

ကုလားပဲ

        ဇွန်လပထမပတ်တွင် ကုလားပဲသီးနှံဈေးမှာ ကုလားပဲ (ဟော်လန်)တစ်တင်းကို ၄၇၀၀၀-၄၇၅၀၀ ကျပ်၊ ကုလားပဲ(မြကြေးမှုံ) တစ်တင်းကို ၄၈၅၀၀-၄၉၀၀၀ ကျပ်ဖြင့် မြို့တွင်း ခွဲစက်သမား နှင့် ရန်ကုန်အဝယ်ရှိခဲ့ပြီး တစ်ရက်အိတ် ၂၀၀/၃၀၀ခန့် အဝယ်ရှိခဲ့ပါသည်။ ဇွန်လဒုတိယပတ်တွင် ကုလားပဲ (ဟော်လန်)တစ်တင်းကို ၄၉၀၀၀-၄၉၅၀၀ကျပ်၊ ကုလားပဲ (မြကြေးမှုံ)တစ်တင်းကို ၅၀၀၀၀-၅၀၅၀၀ ကျပ်၊ တတိယပတ်တွင် ကုလားပဲ (ဟော်လန်) တစ်တင်းကို ၄၉၅၀၀-၅၀၀၀၀ ကျပ်၊ ကုလားပဲ (မြကြေးမှုံ)တစ်တင်းကို ၅၀၅၀၀-၅၀၇၀၀ ကျပ်ဖြင့် မြို့တွင်းအဝယ်ရှိခဲ့ပြီး တစ်ရက်ကိုအိတ် ၂၅၀/၃၀၀ခန့် အဝယ်ရှိခဲ့ပါသည်။ စတုတ္ထပတ်တွင် ကုလားပဲ (ဟော်လန်) တစ်တင်းကို ၅၀၀၀၀ကျပ် ၊ ကုလားပဲ (မြကြေးမှုံ)တစ်တင်းကို အိတ် ၅၁၀၀၀-၅၁၃၀၀ ကျပ်ဖြင့် ခွဲစက်သမား ၊ ရန်ကုန်အဝယ်နှင့် နယ်စုံတင်ပို့မှုရှိပြီး တစ်ရက်ကိုအိတ် ၂၀၀/၃၀၀ခန့် အဝယ်ရှိခဲ့ ပါသည်။ ဇူလိုင်ပထမပတတွင် ကုလားပဲ(ဟော်လန်) တစ်တင်းကို ၅၀၅၀၀-၅၁၀၀၀ကျပ်၊ ကုလားပဲ(မြကြေးမှုံ) တစ်တင်းကို ၅၁၅၀၀ကျပ်ဖြင့် ဈေးတက်လာခဲ့ပြီး ဒုတိယပတ်တွင် ကုလားပဲ(ဟော်လန်)တစ်တင်းကို ၅၁၀၀၀ ကျပ်၊ ကုလားပဲ (မြကြေးမှုံ) တစ်တင်းကို ၅၁၅၀၀-၅၂၀၀၀ကျပ်ဖြင့် မြို့တွင်းခွဲစက်သမားနှင့် ရန်ကုန်အဝယ်တစ်ရက်ကို အိတ် ၃၀၀/၄၀၀ခန့် အဝယ် ရှိခဲ့ပါသည်။ ဇူလိုင်လတတိယပတ်တွင် ကုလားပဲ(ဟော်လန်)တစ်တင်းကို ၅၁၅၀၀-၅၁၇၀၀ကျပ်၊ ကုလားပဲ (မြကြေးမှုံ)တစ်တင်းကို ၅၂၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ရှိခဲ့ပြီး စတုတ္ထပတ်တွင် ကုလားပဲဈေးတက်လာပြီး ကုလားပဲ(ဟော်လန်)တစ်တင်းကို ၅၂၀၀၀ကျပ်၊ ကုလားပဲ (မြကြေးမှုံ) တစ်တင်းကို ၅၂၅၀၀ကျပ်ဖြင့် ခွဲစက်သမားနှင့် နယ်စုံတင်ပို့မှုရှိခဲ့ပြီး တစ်ရက်ကိုအိတ် ၃၀၀/၄၀၀ခန့် အဝယ်ရှိခဲ့ပါသည်။

ဘိုကိတ်ပဲ

        ဇွန်လပထမပတ်တွင် ဘိုကိတ်ပဲတစ်တင်းကို ၃၅၀၀၀ကျပ်ဖြင့် မြို့တွင်းနှင့် ရန်ကုန် အဝယ်ရှိ ခဲ့ပြီး တစ်ရက်ကိုအိတ် ၅၀/၁၀၀ခန့် အဝယ်ရှိပါသည်။ ဒုတိယပတ်တွင် ဘိုကိတ်ပဲတစ်တင်းကို ၃၅၀၀၀ကျပ်၊ တတိယပတ်တွင် ဘိုကိတ်ပဲတစ်တင်းကို ၃၅၀၀၀ကျပ်ဖြင့် ဈေးအေးပြီး မြို့တွင်းနှင့် ရန်ကုန်အဝယ် အနည်းငယ်ရှိခဲ့ပါသည်။ ဇူလိုင်လစတုတ္ထပတ်တွင် ဘိုကိတ်ဈေးအနည်းငယ်တက်ပြီး ပဲတစ်တင်းကို ၃၅၅၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ဇူလိုင်လပထမပတ်တွင် ဘိုကိတ်ပဲ တစ်တင်းကို ၃၅၀၀၀ကျပ်၊ ဒုတိယပတ်နှင့် တတိယပတ်တွင် ပဲဈေးအေးနေ၍ ပဲတစ်တင်း ကို ၃၅၀၀၀ကျပ်ဖြင့် အဝယ်ရှိပြီး ဇူလိုင်လစတုတ္ထပတ်တွင် ဘိုကိတ်ပဲဈေးတက်လာပြီး ပဲတစ်တင်းကို ၃၆၅၀၀ ကျပ်ဖြင့် တစ်ရက်ကိုမြို့တွင်း ဝယ်လက်နှင့် ရန်ကုန်ဝယ်လက် ၅၀/၁၀၀ခန့် အဝယ်ရှိခဲ့ပါသည်။

         ပြည်ကုန်စည်ဒိုင်တွင် ဇူလိုင်လ အရောင်းအဝယ် ဖြစ်မှုသည် ဇွန်လထက်ပိုကောင်းပြီး မြို့တွင်းအရောင်းအဝယ်ရှိသော ကုလားပဲ၊ ဘိုကိတ်ပဲ၊ ပဲစင်းငုံပဲတို့မှာ အခြားပဲများထက် အရောင်းအဝယ်ပိုကောင်းပြီး ဇူလိုင်လဈေးမှာ ဇွန်လကထက် ပိုကောင်းကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

 

ပြည်မြို့ရဲ့ ရာသီပေါ်ဝါးယောင်းမှို ဈေးကွက်

           ပြည်ခရိုင်၊ ပြည်မြို့ရှိ ဈေးများတွင် ဇူလိုင်လနောက်ဆုံးပတ်မှစတင်၍ ဝါးယောင်းမှိုများ ဈေးကွက်ထဲတွင် ရောင်းချလျှက်ရှိပါသည်။ သဘာဝအလျောက် အလေ့ကျပေါက်လေ့ရှိသည့် မှိုများ ထဲတွင် ဝါးယောင်းမှိုမှာအပါအဝင်ဖြစ်ပြီး ပေါ်ဦးပေါ်ဖျားတွင် ဈေးကောင်းလည်းရပြီး ရောင်းအား လည်းကောင်းလျှက်ရှိပါသည်။ ဝါးယောင်းမှိုကို ပြည်မြို့ အနောက်ဘက်ကမ်းရှိ ကျေးရွာများတွင် အလေ့ကျပေါက်ရောက်တက်သောမှိုတစ်မျိုးဖြစ်ပါသည်။ မှိုများစွာထဲတွင် အဆိပ်အတောက် အလွန် နည်းပါးသော မှိုတစ်မျိုးဖြစ်သဖြင့် စားသုံးသူများက ဝယ်ယူစားသုံးကြပါသည်။ ဝါးယောင်းမှိုကို ကြော်၍တစ်မျိုး၊ ငရုတ်သီးစီမ်းနှင့်ချက်၍တစ်မျိုး၊ မှိုချဉ်ပြုလုပ်၍တစ်ဖုံ စားသုံးကြပါသည်။ ဝါးယောင်းမှိုစားသုံးခြင်းဖြင့် လူကိုဘေးအန္တရာယ်မဖြစ်စေနိုင်သည့်အပြင် ဗီတာမင်ဓါတ် များကို လည်းရရှိနိုင်ပါသည်။ ပေါ်ဦးပေါ်စ ဝါးယောင်းမှိုဈေးများမှာ တစ်ပိဿာလျှင် ၇၀၀၀ကျပ်ဖြင့် ဈေးကောင်းရပြီး အရောင်းအဝယ်လည်းဖြစ်လျှက်ရှိပါသည်။ တချို့ခေါင်းရွက်ဈေးသည်များမှာ ဝါးယောင်းမှိုကို အင်ဖက်ဖြင့် ကတော့လေးများထိုး၍ ရောင်းခသည်ကိုလည်း တွေ့ရပါသည်။ ရာသီ ပေါ်ဖြစ်၍ စားသုံးသူများအနေဖြင့် ဈေးကောင်းပေး၍ ဝယ်ယူစားသုံးကြသလို ရောင်းချသူများ အနေဖြင့်လည်း တွက်ခြေကိုက်လျှက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

 

ပန်းတောင်းမြို့နယ်တွင် စားသုံးသူပြည်သူများသို့ စားအုန်းဆီများ သက်သာသောဈေးနှုန်းဖြင့် ရောင်းချ

           ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အတွင်းရှိ ပန်းတောင်းမြို့နယ် ကြခတ်ရပ်ကွက်အတွင်းရှိ အခြေခံလူတန်းစား စားသုံးသူပြည်သူများအား (၄.၈.၂၀၂၂)ရက်နေ့တွင်တစ်ကြိမ် ၊ ၉.၈.၂၀၂၂ရက်နေ့တွင် မင်းရပ် ရပ်ကွက် ၊ သူရဲဇီးကျေးရွာတွင် တစ်ကြိမ် စားအုန်းဆီများ အား သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးလျှက်ရှိပါသည်။

           ထိုသို့ စားအုန်းဆီများအား ပြည်ခရိုင်ဆီလုပ်ငန်းရှင်များအသင်းမှ ရောင်းချပေးလျှက်ရှိရာ တစ်ပိဿာလျှင် (၃၈၅၀)ကျပ်နှုန်းဖြင့် ပိဿာချိန် (၉၉၀)ကို ရောင်းချပေးခဲ့ရာ စားသုံးသူရေးရာ ဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး၊ ပန်းတောင်းမြို့နယ်တာဝန်ခံရုံးမှ မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများမှ စားအုန်းဆီရောင်းချနေမှုအား ပူးပေါင်းပါဝင် ကြီးကြပ် ဆောင်ရွက်ခဲ့ပါသည်။

DOCA(ပဲခူး)

 

ပန်းတောင်းမြို့နယ်တွင် နွေနှမ်းများ ရိတ်သိမ်းလျှက်ရှိ

           ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ၊ ပန်းတောင်းမြို့နယ်ရှိ သရက်လိန်ကျေးရွာအုပ်စု၊ သူရဲဇီးကျေးရွာတွင် ယခုအချိန်၌ နွေနှမ်းများစတင်ရိတ်သိမ်းနေပြီဖြစ်သဖြင့် နွေနှမ်းဈေးနှုန်း ဈေးကွက်အခြေအနေမျာအား သိရှိနိုင်ပါရန် ကွင်းဆင်းလေ့လာခဲ့ပါသည်။

        ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ သရက်လိန်ကျေးရွာအုပ်စု၊ သရဲဇီးကျေးရွာသို့ (၁၀.၈.၂၀၂၂) နေ့ နေ့လယ် (၁:၃၀) အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန ပန်းတောင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် နွေနှမ်းစိုက်ပျိုးသူတောင်သူ ဦးဌေးအောင်နှင့် တွေ့ဆုံပြီး ၎င်းတွင် နွေနှမ်း စိုက်ဧက (၁၀)ဧကရှိပြီး စိုက်ပျိုးထားသည့်မျိုးမှာ နှမ်နက်မျိုးဖြစ်ပါသည်။ စိုက်ပျိုးဧက (၁၀)ဧက တွင် ခန့်မှန်းအထွက်တင်းအနေဖြင့် (၄၅)တင်းခန့် ထွက်ရှိသည်ဟု သိရပါသည်။ တစ်ဧကလျှင် နွေနှမ်းအထွက်နှုန်းအနေဖြင့် (၄/၅)တင်းခန့်ထွက်ရှိပါသည်။ ပန်းတောင်းမြို့နယ်ရှိ နွေနှမ်းလက်ရှိ ပေါက်ဈေးအနေဖြင့် (၁၅)ပိဿာတစ်တင်းလျှင် (၆၅၀၀၀)ကျပ်ဈေးရှိပြီး ဈေးကွက်အနေဖြင့် ပြည်မြို့ရှိပဲနှမ်းပွဲရုံများသို့ တင်ပို့ရောင်းချကြကြောင်း သိရှိရပါသည်။

            နွေနှမ်းစိုက်ပျိုးသူတောင်သူများအနေဖြင့် နွေနှမ်းမှာ အထွက်နှုန်းအနေဖြင့် နည်းသော်လည်း ဈေးနှုန်းမှာ အမြင့်ရရှိသဖြင့် တောင်သူအကျိုးအမြတ်များသည်ဟု သိရှိရပါသည်။

DOCA(ပဲခူး)

ကယားပြည်နယ် ဒေသထွက်  ငှက်ပျောသီးတင်ပို့မှု

          လွိုင်ကော်မြို့နယ်အတွင်းမှာလည်း ငှက်ပျောသီးကို စီးပွားဖြစ်စိုက်ပျိုးကြပါသည်။ လွိုင်ကော်ခရိုင်တွင် ၂၀၂၀-၂၀၂၁ ခုနှစ် ငှက်ပျောစိုက်ဧက (၁၈၄၇ )ဧကနှင့်  ဘောလခဲခရိုင် (၄၄၀) ဧကစိုက်ပျိုးကြပြီး လွိုင်ကော်ခရိုင်တွင် မထောခူကျေးရွာ၊ လောပိတကျေးရွာ၊ ရှမ်းရွာ ၊ ကျောက်တောင် ၊ လေးမိုင် စံပြ ကျေးရွာတို့တွင် ရခိုင် ငှက်ပျော အဓိက စိုက်ပျိုးထွက်ကြပြီး၊ ရွှေနီသီးမွှေးငှက်ပျောကိုလည်း တပိုင်တနိုင်စိုက်ပျိုးကြပါသည်။             

         ယခု ဩဂုတ်လအတွင်း လွိုင်ကော်မှ အခြားဒေသများသို့ ငှက်ပျောအထွက်မှာ  ကားစီးရေ (၁၃) စီးဖြင့် တင်ပို့လျက်ရှိပြီး ရွှေနီသီးမွှေးငှက်ပျော အခိုင်ပြတ်ယူ တစ်ဖီးလျှင် ( ၂၄၀၀-၂၅၀၀)ကျပ် လက်လီ တစ်ဖီးလျှင်(၂၈၀၀-၃၀၀၀)ကျပ် ဖြင့်ရောင်းချလျက်ရှိကြောင်း၊ရခိုင်ငှက်ပျော ခြံပြတ်ခုတ်ပေး ငှက်ပျော တစ်ခိုင်လျှင် အနည်း ဆုံး(၈)ဖီး မှ (၁၂) ဖီးထိပါရှိကြောင်း၊ တစ်ဖီး(၄၀၀)ကျပ်နှုန်းဖြင့် (၈ )ဖီးပါ တစ်ခိုင် လျှင် (၃၂၀၀) ကျပ် ၊ငှက်ပျောအခိုင်ပေါ် မူတည်၍ ဈေးနှုန်းသတ်မှတ်ရောင်းချကြကြောင်း၊ ငှက်ပျောသီးကို စီးပွားဖြစ် စိုက်ပျိုးကြပြီး ဒေသတွင်းရှိဈေးကွက်တွင် လက်လီ တစ်ဖီးလျှင်ကျပ်(၇၀၀)၊ (၈၀၀) ဖြင့် အဖီးအကြီးအသေးပေါ် မူတည်၍ လည်း ရောင်းချလျက်ရှိကြောင်း ၊ လွိုင်ကော်မှထွက်ရှိသော ငှက်ပျောကို မိတ္ထီလာ၊ ကျောက်ပန်းတောင်းမြို့များသို့ အဓိကတင်ပို့လျက်ရှိကြောင်း ငှက်ပျောစိုက် တောင်သူတစ်ဦးထံမှ သိရှိရပါတယ်။

DOCA(ကယား)

ပြည်နယ်အတွင်းသို့ ကုန်စည်များ ပုံမှန်လည်ပတ်လျက်ရှိ

      ကယားပြည်နယ်သည် ကုန်စည်စီးဆင်းမှုမှာ ပုံမှန်ရောင်းဝယ်လည်ပတ်လျက်ရှိပြီး ဇူလိုင်လအတွင်း အခြားတိုင်းဒေသကြီး / ဒေသများမှ ပြည်နယ်အတွင်းသို့ အိမ်ဆောက်ပစ္စည်း အချို့ဘိလပ်မြေ (၇၀၄၀)အိတ် နှင့် လူသုံးကုန်ပစ္စည်းများ ၊ လယ်ယာထွက်ကုန်သီးနှံများ၊ စားဖိုဆောင်အသုံးပြု ကုန်စည် များ ဝင်ရောက်လျက်ရှိရာ ယခင်လ ဆန်တင်သွင်းမှုများမှာ (၁၉၅၀)အိတ်၊ (၉၈)တန်နှင့် ဆီတင်ပို့မှုမှာ (၁၀၇၅)ဗူး ၊  ကြက်သွန်နီ တင်သွင်းမှုမှာ (၁၉၆၅ )အိတ်၊ ကုန်မျိုးစုံကား (၆၁) စီး ၊ ကယားပြည်နယ်မှ အခြားဒေသများသို့ ဆန်တင်ပို့မှုမှာ (၁၀၉ )အိတ် (၅)တန်၊  ပဲအမျိုးမျိုးတင်ပို့မှုမှာ (၁၉၅၄) အိတ်၊ တင်ပို့ခဲ့ကြောင်းသိရှိရပါသည်။

         ယခုလဒုတိယပတ်အတွင်း ကုန်စည်စီးဝင်မှုမှာ ဆန်တင်သွင်းဝင်ရောက်မှုမှာ (၂၀၆၀) အိတ် (၁၀၃) တန်၊  ကုန်မျိုးစုံကား (၅၃) စီး ၊ ဆီ (၁၅၃) ပုံးနှင့် ဆီ( ၈၉၂)ဂျပ်ဖာ၊ဘိလပ်မြေ (၁၅၁၃၂)အိတ် ၊ ကြက်သွန်နီ တင်သွင်းမှုမှာ (၆၅၆) အိတ်၊ ပြည်နယ်မှ ဆန်အထွက် (၄၄၅)အိတ် (၂၂)တန် ၊ ပဲစဉ်းငုံ (၉၉၀)အိတ်၊ (၄၉.၅)တန်တင်ပို့ခဲ့ကြောင်း၊ ယခင်လနှင့် ယခုလနှိုင်းယှည်မည်ဆိုလျှင် ပြည်နယ်အတွင်းသို့ ဆန်တင်သွင်း ဝင်ရောက်မှုမှာ (၁၁၀)အိတ် ၊ ၅၅တန် ပိုလာကြောင်း ၊ ဘိလပ်မြေ (၈၀၉၂) အိတ်ပို ဝင်ရောက်လာကြောင်း၊ လွိုင်ကော်မှ အခြားမြို့များသို့ ဆန်တင်ပို့မှုမှာ (၃၃၆)အိတ် ၊(၁၇) တန်ပိုမို တင်ပို့လာနိုင်ကြောင်း မြို့ဦးဂိတ်စာရင်းများအရ သိရှိရပါတယ်။

DOCA(ကယား)

 

ကြက်သွန်နီဈေးကွက်

         ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင် အခြေခံစားသောက်ကုန်ဖြစ်သော စားဖိုဆောင် သီးနှံကြက်သွန်နီကို ကျိုင်းတုံမြို့တွင် ဆောင်းရာသီ၌ အမြိတ်စားကြက်သွန်အဖြစ်သာ အနည်းငယ် စိုက်ပျိုးမှုရှိပြီး ဥစားကြက်သွန်နီစိုက်ပျိုး ဖြစ်ထွန်းမှုမရှိသောကြောင့် စားသုံးမှုလိုအပ်ချက်အရ မကွေးတိုင်း၊ မန္တလေးတိုင်း၊ မိတ္ထီလာနှင့် တောင်ကြီးမြို့မှတဆင့် အများအပြားတင်သွင်းရပြီး ဇူလိုင်လအတွင်း ကျိုင်းတုံမြို့တွင် ကြက်သွန်နီဝင်ရောက်မှုမှာ အိတ် (၃၀၀) ခန့်၊ ပိဿာချိန် (တစ်သောင်းနှစ်ထောင်) ခန့်ရှိပြီး ဩဂုတ်လ ဒုတိယပတ်တွင် အိတ် (၁၆၀) ခန့်၊ ပိဿာချိန် (ခြောက်ထောင့်လေးရာ) ခန့်ရှိပါသည်။ ဈေးနှုန်းဈေးကွက်အခြေအနေမှာ ဇူလိုင်လ ဒုတိယပတ်တွင် ကြက်သွန်နီ(အလုံးကြီး) လက်ကားဈေးနှုန်း (၂၀၀၀) ကျပ်၊ လက်လီဈေးနှုန်း (၂၃၀၀) ကျပ်ရှိပြီး ယခုဩဂုတ်လ ဒုတိယပတ်တွင် လက်ကားဈေးနှုန်း (၂၅၀၀) ကျပ်၊ လက်လီဈေးနှုန်း (၂၈၀၀) ကျပ် အရောင်းအဝယ်ရှိပါသည်။ ယခင်ဇူလိုင်လ ဒုတိယပတ်နှင့် ယခုဩဂုတ်လ ဒုတိယပတ် ဈေးနှုန်းနှိုင်း ယှဉ်လျှင် ကြက်သွန်နီဈေးနှုန်းမှာ (၁) ပိဿာလျှင် (၅၀၀) ကျပ်ခန့် ဈေးနှုန်းမြှင့်တက်လာကြောင်း သိရှိရပါသည်။

          ဈေးနှုန်းမြှင့်တက်လာရခြင်းမှာ  စက်သုံးဆီဈေးနှုန်းမြင့်တက်ခြင်း၊ လမ်းပန်းဆက်သွယ်ရေး ဝေးကွာခြင်းတို့ကြောင့် သယ်ယူစရိတ်များမြင့်မားလာခြင်းဖြစ်သည်ဟု ကြက်သွန်နီ ရောင်းချသူများ ထံမှ သိရှိရပါသည်။

DOCA(ရှမ်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း