ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ခရိုင်အတွင်းရှိ စားသုံးသူပြည်သူများဈေးနှုန်းသက်သာစွာဖြင့် စားသုံးဆီများရောင်းချ

         စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်တွင်းသို့ တင်သွင်းလာသည့် စားအုန်းဆီများ သတ်မှတ်အရည်အသွေးများပြည့်မီရေး၊ ကျန်းမာရေးနှင့် ညီညွှတ်ပြီး ဘေးအန္တရာယ် ကင်းရှင်းသည့် စားသုံးဆီများကို သုံးစွဲနိုင်‌ရေး၊ ဈေးကွက်အတွင်း ဖြစ်သင့် ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေးတို့အတွက် လုပ်ငန်းစဉ်များချမှတ်၍ ကြီးကြပ်လျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီး ကြပ်ရေးကော်မတီနှင့် “မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း”တို့နှင့် ပူးပေါင်း၍ 8.8. 2022 မှ 9.8.2022 ရက်နေ့တို့တွင် အရှေ့ပိုင်း ခရိုင်အတွင်းရှိ စားသုံးသူပြည်သူများလက်ဝယ်အရောက် ဈေးနှုနးသက်သာစွာဖြင့် ရာသက်ပန် ကုန်အမှတ်တံဆိပ်ဆီဘူးများ ရောင်းချပေးလျက်ရှိပါသည်။

          ထိုသို့ရောင်းချရာတွင် အရှေ့ပိုင်းခရိုင်အတွင်းရှိ သာကေတမြို့နယ်၊ ဒေါပုံမြို့နယ်နှင့် မင်္ဂလာတောင်ညွှန်မြို့နယ်ရှိ စက်ဆန်းရပ်ကွက်၊ ကူးတို့ဆိပ်ရပ်ကွက်တို့တွင် စားသုံးသူများ လက်ဝယ်အရောက်ကားဖြင့် လိုက်လံရောင်းချပေးလျက်ရှိပြီး စားသုံးဆီ ၅၀ ကျပ်သား တစ်ဘူးလျှင် 2100 ကျပ် နှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ကျပ် ၄၁၄၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

နေပြည်တော် ဩဂုတ် ၁၄ 

           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိက ထုတ်လုပ်တင်ပို့သည့် မလေးရှား နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံ လက်ကား ရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိပါသည်။

      ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့်ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်နေ့မှ ၂၁ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်း ဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၄၁၄၀ ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါသည်။

       ထို့အပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

    အဆိုပါ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။                                                                                

ရန်ကုန်မြို့ပြနှင့် ကောက်ရိုးမှိုဈေးကွက်

            “ကောက်ရိုးမှို”ဆိုတာနဲ့ ကန်စွန်းရွက်စိမ်းစိမ်းလေးတွေကြားမှာ ဖြူဖြူမှိုလေးတွေနဲ့ ရောကြော်ထားတဲ့မှိုကန်စွန်းဟင်းလျာတစ်ပွဲကို ပြေးမြင်မိကြမှာအမှန်ပါဘဲ။ စားရေးသူတို့ မြန်မာလူမျိုးအများစုဟာ မှိုကိုကန်စွန်းရွက်နဲ့ရောကြော်ပြီး မှိုကန်စွန်းလုပ်စားကြတာများကြပါတယ်။ ခုနောက်ပိုင်း ခေတ်အခြေအနေအရ ဟော့ပေါ့ထဲမှာ မှိုကိုထည့်သွင်းစားသောက်လာကြတော့ ဟော့ပေါ့ဆိုင်တွေဖွင့်တာများလာလေ မှိုကိုစားသုံးမှု သိသိသာသာမြင့်တက်လာတာကိုလည်း သတိထားမိပါတယ်။  မြန်မာလူမျိုးများသည် ရှေးယခင်ကတည်းကမှိုနှင့်ရင်းနှီးပြီးသား ဖြစ်သည်ကို စကားပုံအသုံးအနှုန်းလေးတွေကို ကြည့်ခြင်းအားဖြင့်လည်း သိနိုင်ပါတယ်။ မြန်မာစကားမှာ တစ်ခုခုအဆင်ပြေလို့ ပြုံးရွှင်မြူးတူးနေတဲ့မျက်နှာတွေ့ရင် “မှိုရတဲ့မျက်နှာကြီးနဲ့”လို့ ပြောလေ့ရှိကြပါတယ်။ ရှေး‌ခေတ်က မှိုကိုစိုက်ပျိုးလေ့မရှိတာကြောင့် တောတောင်တွေထဲမှာ ဟိုတစ်စုဒီတစ်စုပေါက်နေတာမျိုး ခူးဆွတ်ကြရပြီး အလွန်ရှားပါးပြီး မှိုရဖို့တော်တော်ခက်တာမို့ မှိုရတာနဲ့ အဲ့ဒီလောက်တောင်ပျော်ကြတယ်လို့ စာပေတွေထဲမှာ ဖတ်သားဖူးခဲ့ပါတယ်။ မှိုတွေမှာ အဟာရဓါတ်တွေကြွယ်ဝစွာပါဝင်ပါတယ်။ မှိုတွေဟာဘက်တီးရီးယားကို တန်ပြန်တိုက်ခိုက် နိုင်တဲ့ အစွမ်း လည်း ရှိသလို ကိုယ်တွင်းကိုလက်စရောကိုလည်း လျှော့ချပေးနိုင်ပါတယ်။ ခန္ဓာကိုယ်ရဲ့ ခုခံအား စနစ် ကိုလည်း မြင့်တက်စေပါတယ်။ လေ့လာမှုအသစ်အရဆိုရင် အာရုံကြော ရာဂါတွေဖြစ်တဲ့ အယ်လ်ဇိုင်းမား ရောဂါနဲ့ ပါကင်ဆန်ရောဂါတွေကို ကာကွယ်ရာမှာတောင်အသုံးပြုတယ်လို့ဆိုကြပါတယ်။ မှိုကိုယ်အလေးချိန်လျှော့ချတဲ့နေရာမှာလည်း အသုံးပြုနိုင်ပါတယ်။ မှိုတွေမှာတိုက်ရိုက်ဝိတ်ကျစေတဲ့အစွမ်းတော့မရှိပေမဲ့ ကိုယ်စားနေကျအသားဟင်းတွေနေရာမှာ မှိုကိုအစားထိုးပြီး ဝိတ်မတက်အောင်လုပ်လို့ရပါသေးတယ်။ မှိုကို စားရ ကောင်းမှန်းရှေးဦးစွာသိရှိသူများကတော့ ရောမလူမျိုးနှင့်တရုတ်လူမျိုးများ ဖြစ်ကြပါတယ်။ ရောမနှင့်ဂရိမှာတော့ မှိုကို ဘုရားသခင်ကပေးသောအစားအသောက်အဖြစ် အထွဋ်အမြတ်ထား၍ မင်းမျိုးမင်းနွယ်ဝင်များသာ စားသောက်ခွင့်ရရှိခဲ့ကြပါတယ်။

             မှိုသည် ရာသီကူးပြောင်းကာလများတွင် ဖြိုင်ဖြိုင်ပေါက်လေ့ရှိပြီး ယခင်နှစ်က ပေါက်ခဲ့သောနေရာတွင် ထပ်မံပေါက်လေ့ရှိသောကြောင့် တစ်ကြိမ်တစ်ခါရှာတွေ့ထားသောမှိုကျင်းမှာ နှစ်စဉ်မှိုခူးနေရမည်သာ ဖြစ်ပါသည်။ ယခင်က မှိုကိုစိုက်ပျိုးလေ့မရှိဘဲ ရှာတွေ့ထားသောမှိုကျင်းကိုသာ မပျက်စီးစေရန် ပြုပြင်ဖန်တီး၍ စားသုံးနေကြရာမှ (၁၈)ရာစုအလယ်ပိုင်းတွင်ပြင်သစ်၌ မှိုကိုစတင် စမ်းသပ်မွေးမြူစိုက်ပျိုးခဲ့ရာမှ (၁၉)ရာစုတွင် မှိုစိုက်ပျိုးခြင်းသည် ကမ္ဘာတစ်ဝှမ်းလုံးသို့ပျံ့နှံ့သွားခဲ့ပါတယ်။ တိုးတက်ခေတ်မီသော နည်းစနစ်များကြောင့် ဥရောပ၊ အမေရိက ၊ တရုတ်၊ ဂျပန်၊ ထိုင်ဝမ်၊ တောင်ကိုးရီးယား၊ ထိုင်း၊ ဖိလစ်ပိုင်နှင့် အိန္ဒိယတို့တွင် မှိုကို‌ခေါတ်မီသောနည်းစနစ်များ အသုံးပြု၍ စိုက်ပျိုးထုတ်လုပ်ရောင်းချနိုင်သောအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ပါ တယ်။

            မြန်မာလူမျိုးတွေဟာ မှိုကို မှိုပေါက်တဲ့နေရာ၊ မှိုပေါ်ကတဲ့လက်ခံပစ္စည်း၊ မှိုရဲ့ပုံသဏ္ဍန်၊ မှိုရဲ့အရောင်အဆင်းတို့ကိုကြည့်ပြီး းနာမည်ပေးလေ့ရှိကြပါတယ်။ (ဥပမာ-ကောက်ရိုးမှို၊ ပဲမှို၊ သရက်မှို၊ မှိုခြေတံရှည်၊ သင်္ဃန်းမှို၊ ကြက်တူရွေးမှို၊ မှိုစုန်း)အဆိပ်ရှိသောမှိုများကို နာမည်ပေးထားလေ့မရှိတာလည်း တွေ့ရပြန်ပါတယ်။ မှိုကို သဘာဝအလျောက်ခူးဆွတ်စားသောက်နေရာမှ အသိအမြင်ကြွယ်ဝလာတဲ့အခါ မိမိတို့ခြံဝင်းအတွင်း စိုက်ပျိုးစားသောက်တက်လာကြပါတယ်။ မြန်မာလူမျိုးတွေခြံဝန်းတွေမှာ စတင်စိုက်ပျိုးခဲ့တာကတော့ ကောက်ရိုးမှိုပါ။ ကောက်ရိုးမှိုကို မိုးဦးကျတွင်ရွာအပြင်ထွက်၍ သွားရောက်ရှာဖွေစားသောက်ရာမှ မိမိခြံဝန်းအတွင်း ကောက်ရိုးများကိုသယ်ယူလာကြကာ ဆန်ကွဲ၊ဆန်ဆေးရည်ပက်ဖျန်း၍ မှိုစိုက်တက်လာကြပါတယ်။ နည်းစနစ်ကျတဲ့ကောက်ရိုးမှိုစိုက်ပျိုးနည်းကိုတော့ ထိုင်းနိုင်ငံမှရှိပညာရှင်များမှ လက်ဆင့်ကမ်း ရရှိ၍ စနစ်တကျစိုက်ပျိုးခဲ့ကြပါတယ်။ ရန်ကုန်တိုင်းဒေသကြီးတွင် ကော့မှူး၊ ကွမ်းခြံကုန်းနှင့် တွံတေးတို့တွင် ကောက်ရိုးမှိုများကို အများဆုံးစိုက်ပျိုးကြပါတယ်။

            ကောက်ရိုးမှိုသည် လယ်ယာထွက်ဘေးထွက်ပစ္စည်းဖြစ်သည့် ရိုးပြတ်များကိုအသုံးပြုကာ မြေဘောင်စနစ်၊ စင်တင်စနစ်များဖြင့် စိုက်ပျိုးကြရပါတယ်။  ကောက်ရိုးမှိုသည်အပူချိန်များ၍ စိုထိုင်းဆများရန်လိုအပ်သဖြင့် ပလတ်စတစ်ဖြင့်ဖုံးကာ၍ စိုက်ပျိုးကြရပါတယ်။ ကောက်ရိုးမှိုအား စိုက်ပျိုးပါက စတင်စိုက်ပျိုးပြီး (၅)ရက်မှ (၈)ရက်အတွင်း ပြောင်းဖူးစေ့အရွယ်မှိုပွင့်များ စတင်ဖွင့်ဖူးပွင့်လာကာ (၉)ရက်မှ  (၁၅)ရက်အတွင်း ခူးဆွတ်နိုင်သဖြင့် ဝင်ငွေအမြန်ဆုံးရရှိတဲ့ စိုက်ပျိုးသီးနှံလည်း ဖြစ်ပါတယ်။ ကောက်ရိုးမှိုသည် အစိုဓါတ်ကျန်ရှိနေသော ကောက်ရိုးများနှင့်စိုက်ပျိုးပါက ဖြစ်ထွန်းအောင်မြင်မှုမရှိပါ။  နွေစပါး (သို့မဟုတ်) မတ်ပဲ၊ ပဲတီစိမ်းစသည့် သီးထပ်စိုက်ပျိုးသောဒေသရှိ ရိုးပြတ်များမှာ အစိုဓါတ်ကျန်ရှိနေတတ်ပါသည်။ ကောက်ရိုးမှိုအများဆုံးစိုက်ပျိုးသည့် ကော့မှူး၊ ကွမ်းခြံကုန်းနှင့် တွံ့တေးဒေသများသည် မိုးစပါးတစ်သီးသာ စိုက်ပျိုးနိုင်သောဒေသများဖြစ်သောကြောင့် မိုးစပါးရိတ်သိမ်းပြီးမှရရှိသော ရိုးပြတ်များအသုံးပြု၍ စိုက်ပျိုးကြခြင်းကြောင့် ကောက်ရိုးမှိုဖြစ်ထွန်းကြခြင်း ဖြစ်ပါတယ်။ ကောက်ရိုးမှိုစိုက်ပျိုးရန်အတွက် အဓိကကုန်ကြမ်းမှာ ကောက်ရိုးဖြစ်သည့်အတွက် စပါးရိတ်သိမ်းပြီးချိန် ဆောင်းနှင့် နွေတို့တွင် စိုက်ပျိုးကြသော်လည်း မိုးရာသီတွင် ဗေဒါရိုးများအသုံးပြု၍ စိုက်ပျိုးကြသည်ကိုလည်း တွေ့ရပါသည်။ ကောက်ရိုးကိုအသုံးပြု၍ ထွက်ရှိလာသောမှိုနှင့်ဗေဒါကို အသုံးပြု၍ ထွက်ရှိလာသောမှိုများမှာ ကျစ်လစ်သိပ်သည်းမှုနှင့် အရသာအနည်းငယ် ကွာပါတယ်။

             ကောက်ရိုးမှိုစိုက်ပျိုးရေးလုပ်ငန်းများကို နွေ၊ မိုး၊ ဆောင်း သုံးရာသီလုံးတွင် စီးပွားဖြစ်စိုက်ပျိုးလာကြသည့်အတွက် ကော့မှူးမြို့ပေါ်တွင် မှိုဒိုင်ကြီး (၈) ခုရှိပြီး မှိုဒိုင်မှ မှိုမျိုးထုတ်များယူ၍ စိုက်ပျိုးသည့်မှိုစိုက် တောင်သူ (၂၆၂)ဦး ခန့်ရှိနေပြီ ဖြစ်ပါတယ်။  ဒလ၊ ကွမ်းခြံကုန်းနှင့် ဒေးဒရဲဘက်များမှ မှိုမျိုးစေ့ဝယ်ယူစိုက်ပျိုးသည့်တောင်သူ (၄၅၉)ဦးခန့် ရှိနေပြီဖြစ်ပါတယ်။ ကောက်ရိုးမှိုကို စားသုံးမှုများလာကြသည့်အတွက် စားသောက်ဆိုင်အသေးများမှ ဟိုတယ်ကြီးများထိ ဈေးအသင့်သင့်မှ ဈေးကြီးပေး၍စားသုံးကြသည့် ဈေးကွက်ရရှိနေခြင်းကြောင့် ရန်ကုန်မြို့ပြဈေးကွက်နှင့် လက်လှမ်းမီသည့် ကော့မှူး၊ ကွမ်းခြံကုန်းနှင့် တွံ့တေးဒေသအတွင်းရှိ ဒေသခံတောင်သူများက အများဆုံးစိုက်ပျိုးကြခြင်းဖြစ်ပါတယ်။ စိုက်ပျိုးတောင်သူများစိုက်ပျိုး၍ ထွက်ရှိလာသောမှိုများကို မှိုဒိုင်များမှဝယ်ယူ၍ သရီမင်္ဂလာဈေး၊ ဓညင်းကုန်းဈေးနှင့် ထောက်ကြန့်ဈေးများသို့ နေ့စဉ်ကုန်ချိန်ပိဿာ (၁၀၀၀) မှ (၂၀၀၀)နီးပါးအထိ တင်ပို့ကြပြီး ၎င်းဈေးများမှတစ်ဆင့် ရန်ကုန်တိုင်းတစ်တိုင်းလုံးရှိ ဈေးကွက်များသို့ ဆက်လက်ဖြန့်ဖြူးရောင်းချနေကြပါတယ်။ ဒေသရှိမှိုဒိုင်များမှ ဒိုင်ကောက်ဈေးမှာ ကောက်ရိုးမှို (၁)ပိဿာ လျှင်(၅၀၀၀)ကိပ်ဖြစ်ပြီး ဒိုင်မှ ဈေးကြီးများတွင် (၁)ပိဿာလျှင်(၆၀၀၀)ဖြင့် ပြန်ရောင်းချလျက်ရှိပါတယ်။ အဆိုပါဒေသများရှိ မှိုစိုက်ပျိုးသူတွေဟာ ကောက်ရိုးမှိုကို မြေပြင်တွင် စိုက်ဘောင်များဖြင့် (Outdoor System) ဖြင့် စိုက်ပျိုးခြင်း၊ တဲအိမ်များဖြင့် (Indoor System) စိုက်ပျိုးခြင်းတို့အပြင် စက်ရုံပုံစံ (Industrial Type) ဖြင့် စိုက်ပျိုးနိုင်အောင်လည်း စတင်စမ်းသပ်၍ စိုက်ပျိုးနေကြပြီ ဖြစ်ပါတယ်။ ကောက်ရိုးမှိုသည် သာမာန်အပူချိန်တွင် (၂၄)ရီသာ အထားခံသည့်အတွက် အအေးခန်းသိုလှောင်ရုံများဖြင့် သိမ်းဆည်း၍ Supermarket များ အထိရောင်းချနိုင်စေရန်အတွက် ဈေးကွက်ဖော်ဆောင်ရန်၊ ကောက်ရိုးမှိုအား Valued Added လုပ်ကာ မှိုဆီကြော်၊ မှိုခြောက်အပြင် မှိုကို ကြာရှည်ခံစွာထားရှိနိုင်အောင် စည်သွပ်ဘူး ပြုလုပ်နိုင်သည်အထိ သက်ဆိုင်ရာဌာနများ၊ အသင်းအဖွဲ့ အစည်းများ ၊ နည်းပညာရှင်များနှင့် ဒေသခံများ တို့ပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်နေပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။

DOCA(ရန်ကုန်)                      

ရွှေဘိုမြို့တွင်ရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

           ၂၀၂၂ခုနှစ် ဩဂုတ်လ ဒုတိယပတ်အတွင်း ရွှေဘိုမြို့နယ်တွင် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်း ဆန်တစ်ပြည်လျှင် ၃၄၀၀ကျပ်၊ ဧရာမင်းဆန် တစ်ပြည်လျှင် ၂၄၀၀ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ကြက်သွန်နီ လက်လီဈေးမှာ (ကြီး)တစ်ပိဿာလျှင် ၂၃၀၀ကျပ်၊ (လတ်) တစ်ပိဿာလျှင် ၂၀၀၀ကျပ်၊ (သေး)တစ်ပိဿာလျှင် ၁၈၀၀ကျပ်နှုန်းဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ကြက်သွန်ဖြူ လက်လီဈေးမှာ (ဗမာ)တစ်ပိဿာလျှင် ၃၅၀၀ကျပ်မှ ၄၀၀၀ကျပ်ထိ၊ ရှမ်း ကြက်သွန်ဖြူ တစ်ပိဿာလျှင် ၃၀၀၀ကျပ်မှ ၃၅၀၀ကျပ်ထိ ၊ (ကြူကုပ်) တစ်ပိဿာလျှင် ၄၀၀၀ကျပ်မှ ၄၅၀၀ကျပ်ထိ၊ ချင်းတစ်ပိဿာလျှင် ၁၃၀၀ကျပ်မှ ၁၅၀၀ကျပ်ထိ ၊ ငရုတ်သီးခြောက် အမျိုးအစားအလိုက် ၁၈၀၀၀ကျပ်မှ ၂၀၀၀၀ကျပ်ထိ အာလူး တစ်ပိဿာလျှင် ၁၅၀၀ကျပ်မှ ၂၆၀၀ကျပ်ထိ ၊ခရမ်းချဉ်သီး တစ်ပိဿာလျှင် ၈၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေပါသည်။

          ကြက်ဥ လက်လီဈေးနှုန်းမှာ (ကြီး)တစ်လုံးလျှင် ၂၀၀ကျပ်၊ (သေး) တစ်လုံးလျှင် ၁၈၀ကျပ် ၊ ဘဲဥ (ကြီး) တစ်လုံးလျှင် (၂၅၀)ကျပ်၊ (သေး)တစ်လုံးလျှင် (၂၂၀)ကျပ်ရှိသည်။ ရွှေဘိုမြို့၏ အသား/ငါး ဈေးနှုန်းများမှာ ကြက်သား(CP)  တစ်ပိဿာလျှင် ၇၀၀၀ကျပ်မှ ၈၀၀၀ကျပ်ထိ ၊ကြက်သား (ဗမာ) တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်မှ ၁၃၀၀၀ကျပ်ထိ၊  ဝက်သား တစ်ပိဿာလျှင် ၁၄၀၀၀ကျပ်မှ ၁၈၀၀၀ကျပ်ထိ၊ အမဲသားတစ်ပိဿာလျှင် ၁၄၀၀၀ကျပ်မှ ၁၆၀၀၀ကျပ်ထိ၊  ငါးမြစ်ချင်း တစ်ပိဿာလျှင် ၅၅၀၀ကျပ်၊ ငါးကြင်း တစ်ပိဿာလျှင် ၅၀၀၀ကျပ်ဖြင့် ရောင်းဝယ်နေကြောင်း သိရသည်။

          စားသုံးဆီ ဈေးနှုန်းများမှာ ပဲဆီသန့် တစ်ပိဿာလျှင် ၁၁၀၀၀ကျပ်မှ ၁၂၀၀၀ကျပ်ထိ၊  စားအုန်းဆီ တစ်ပိဿာလျှင် ၈၇၀၀ကျပ်နှင့် နှမ်းဆီ တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်းသိရသည်။

DOCA(စစ်ကိုင်း)

         

တောင်ငူမြို့တွင် သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီရောင်းချနေမှုအား စစ်ဆေးကြည့်ရှု

              စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် တောင်ငူမြို့နယ် တာဝန်ခံ ဦးမြင့်သူတို့နှင့်အတူ ဩဂုတ်လ ၁၀ ရက်နေ့ နံနက်ပိုင်းက တောင်ငူမြို့ ဘုရင့်နောင်ဈေး အနီး ရန်ကုန်-မန္တလေးလမ်းနှင့် စာတိုက်လမ်းဆုံရာ၌ Six Winner Brother Co.,Ltd မှ အခြေခံ လူတန်းစားများအား သက်သာသောနှုန်းထားဖြင့် စားအုန်းဆီများအား မော်တော်ယာဉ်ဖြင့် လှည့်လည်ရောင်းချနေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

              စားအုန်းဆီတင်သွင်းသည့် ကုမ္ပဏီများမှ စားအုန်းဆီများကို ဖြန့်ဖြူးရောင်းချခဲ့ရာ ဝယ်ယူရရှိသည့် လက်ကားကုန်သည်များအနေဖြင့် စားအုန်းဆီများကို ရန်ကုန်အထိုင်ဈေး ရည်ညွှန်း လက်ကားဈေးနှုန်းအပေါ် သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များထပ်ပေါင်း၍ ၂ ရာခိုင်နှုန်း အမြတ် ထက်မပိုသော ဈေးနှုန်းဖြင့် ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ဖြူးရောင်းချလျှက်ရှိရာ ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ကုမ္ပဏီ ၅ ခုမှ တောင်ငူမြို့အတွင်း အခြေခံလူတန်းစားများသို့ စားအုန်းဆီ ပိဿာ ၅၅၀၀၀ ရောင်းချခဲ့ပြီးဖြစ်ပါသည်။

              သက်သာသောနှုန်းထားဖြင့် စားအုန်းဆီများရောင်းချရာတွင် ဆိုင်ထိုင်၍ရောင်းချခြင်း၊ အခြေခံလူတန်းစားများရာအရပ်တွင် လှည့်လည်ရောင်းချခြင်းများ ဆောင်ရွက်လျက်ရှိရာ ဩဂုတ်လ ၁၀ ရက်နေ့တွင် Six Winner Brother Co.,Ltd မှ ဘုရင့်နောင်ဈေးအနီးတွင် စားအုန်ဆီ တစ်ပိဿာလျှင် ၃၉၀၀ ကျပ်နှုန်းဖြင့် လူတစ်ဦးလျှင် တစ်ပိဿာရောင်းချပေးကြောင်းနှင့် လက်ကား ဝယ်ယူခွင့်ရရှိသည့် ကုန်သည်များက ဆိုင်ထိုင်အနေဖြင့်လည်းကောင်း၊ အခြေခံလူတန်းစားများရာ ရပ်ကွက်များတွင် မော်တော်ယာဉ်ဖြင့် လှည့်လည်ရောင်းချခြင်းကိုလည်းကောင်း ဆက်လက် ရောင်းချပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

တစ်နိုင်တစ်ပိုင်မှ ဈေးကောင်းရလာတဲ့ ကွမ်းသီးစိမ်း

              ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များတွင် ကွမ်းသီးစိမ်း အနုများ အရောင်းအဝယ် ကောင်းလျက်ရှိပါသည် ။ ကွမ်းသီးပင်များကို ဧကနှင့် စီးပွားဖြစ် မစိုက်ပျိုးသော်လည်း အိမ်ခြံဝန်းအတွင်း၌ တစ်ပိုင်တစ်နိုင် စိုက်ပျိုးပြီး ထွက်ရှိသော အသီးများ ရင့်မှည့်ချိန်ရောက်ခါမှ ခူးဆွတ်ရောင်းချလျက်ရှိပါသည်။ ယခုအချိန်တွင် ကွမ်းသီးစိမ်း (အနု)များကို ကွမ်းသီးအရေသောက်ဟုခေါ်ကာ ရန်ကုန်မြို့မှ လာရောက်ဝယ်ယူနေပြီး တရုတ်ပြည်မှ ဆေးဖော်ရန် ဝယ်ယူနေကြောင်း သိရှိရပါသည်။ ရန်ကုန်ဝယ်လက်အနေဖြင့် ကွမ်းသီးစိမ်းအနုများကို အပင်တက်ပြီးခူးကာ (၂၀)ဂရမ် ပြည့်မီမှသာ ၁လုံးကို ၂၀ကျပ်နှုန်းပေးပြီး ဝယ်ယူပါသည်။ ခြံပိုင်ရှင်မှ ခူးပေးလျှင် ၁လုံးကို ၅၀ကျပ်နှုန်းဖြင့် အခိုင်မပျက် ဝယ်ယူပါသည်  ။ ယခင်က ရင့်မှည့်ချိန်ရောက်ခါမှ ခူးဆွတ်ရောင်းချရသဖြင့် အလေအလွင့် များကြောင်း စျေးနှုန်းမှာလည်း ၁လုံးလျှင် (၃၀)ကျပ်ခန့်သာရှိပြီး ယခုကွမ်းသီးစိမ်း (အနု)ဈေးနှင့် သိပ်မကွာခြားသဖြင့် ကွမ်းသီးစိမ်း (အနု)များကိုသာ အလွယ်တကူ ခူးဆွတ်ရောင်းချနေကြောင်း သိရှိရပါသည် ။

DOCA(ပဲခူး)

စားသုံးသူပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် စားအုံးဆီများရောင်းချပေးလျက်ရှိ

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူး ခြင်းလုပ်ငန်းကော်မတီကိုဖွဲ့စည်းကာ ပြည်ပမှတင်သွင်းလာသည့် စားသုံးဆီများ သတ်မှတ်အရည်အသွေး စံချိန်စံညွန်းများနှင့် ပြည့်မီစေရေး၊ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများ ဝယ်ယူသုံးစွဲနိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူစားသုံးနိုင်စေရေးအတွက် ကြီးကြပ်ထိန်းကျောင်း ဆောင်ရွက်လျက်ရှိသည့်အပြင် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကိုလည်းအပတ်စဉ်ထုတ်ပြန်ပေးလျက် ရှိပါသည်။

        စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးရုံးနှင့် မြို့နယ်တာဝန်ခံများအနေဖြင့်လည်း စားသုံးဆီ တင်သွင်းသည့်ကုမ္ပဏီများမှ စားအုန်းဆီများကိုဖြန့်ဖြူးရောင်းချခဲ့သည့်အပေါ် မိမိတို့ခရိုင်၊ မြို့နယ်အတွင်း ဝယ်ယူရရှိသည့် လက်ကားကုန်သည်များအနေဖြင့် စားအုန်းဆီများကို ရန်ကုန်အထိုင်ဈေး ရည်ညွှန်း လက်ကားဈေးနှုန်းအပေါ် သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များ ထပ်ပေါင်း၍ ၂ရာခိုင်နှုန်းအမြတ်ထက် မပိုသောဈေးနှုန်းဖြင့် ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ဖြူးရောင်းချသွားရမည်ဖြစ်ပြီး လက်လီဈေးကွက် အတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများဖြင့် ရောင်းချစေရေး၊ ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချ ခြင်းများမပြုလုပ်စေရေးတို့အတွက် ရွှေဘိုခရိုင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းနှင့် ချိတ်ဆက်၍ စားသုံးဆီရောင်းချမှုများကို ပူးပေါင်းကွင်းဆင်း စိစစ်ကြပ်မတ်ဆောင်ရွက်လျက်ရှိပါသည်။

        ရွှေဘိုခရိုင်၊ ရွှေဘိုမြို့တွင် စားအုံးဆီဒေသတွင်းတိုက်ရိုက်ရောင်းချမှု အစီအစဉ်အနေဖြင့် ဩဂုတ်လ (၉)ရက် နေ့မှ(၁၃)ရက်နေ့အထိ ဆီကုန်သည်(၈)ဦးမှ အလှည့်ကျဖြင့် တစ်ရက်လျှင်ဈေးကား(၄)စီးဖြင့် ရွှေဘိုမြို့ပေါ်ရှိ ကုန်းဘောင်ဈေးအနီး၊ အောင်ဇေယျဈေးအနီး၊ အောင်ချမ်းသာဈေးအနီး၊ ထိပ်တန်းဈေး အနီးတွင်လည်းကောင်း၊ (၁၄)ရက်နေ့တွင် ဆီကုန်သည်(၈)ဦးမှ ဈေးကား(၂)စီးဖြင့် ကုန်းဘောင်ဈေးအနီး နှင့်အောင်ချမ်းသာဈေးအနီးတွင်လည်းကောင်း  နေ့စဉ်နံနက်(၇:၃၀)နာရီခန့်မှတင်၍ စားသုံးသူများ အလွယ်တကူဝယ်ယူနိုင်ရန်အတွက် “မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ဦးဆောင် ပြုလုပ်သော သက်ဆိုင်ရာဒေသအလိုက် စားသုံးဆီဈေးနှုန်းတည်ငြိမ်ရေးနှင့် သက်သာစွာဝယ်ယူနိုင်ရေး အတွက်ရွှေဘိုမြို့နယ်ဆီကုန်သည်အသင်းမှ မိမိဒေသတွင်းတိုက်ရိုက်ရောင်းချမှုအစီအစဉ် တစ်ပိဿာ ရောင်းဈေးနှုန်း(၄၀၀၀)ကျပ်” ဟူ၍ဗီနိုင်းကပ်ပြီး ဆီအရောင်းကားများဖြင့် နေရာအရောက် သွားရောက် ရောင်းချလျက်ရှိပြီး စားအုန်းဆီတစ်ပိဿာလျှင် (၄၀၀ဝိ/-)နှုန်းဖြင့် စားသုံးသူတစ်ဦးလျှင် တစ်ပိဿာ နှုန်းရောင်းချပေးသဖြင့် နေရာအလိုက် စားသုံးသူပြည်သူများ စည်ကားသိုက်မြိုက်စွာ တန်းစီ၍ဝယ်ယူလျက်ရှိပြီး ဝယ်ယူသည့်စားသုံးသူများကို မေးမြန်းကြည့်ရာ ယခုအချိန်တွင် စားသုံးဆီအမျိုးအစား အလိုက်ဈေးနှုန်းများ မြင့်မားနေသည့်အတွက် ယခုကဲ့သို့ ရောင်းချပေး၍ အခြေခံလူတန်းစားများအတွက် များစွာအဆင်ပြေသဖြင့် ရောင်းချရန် စီးစဉ်ဆောင်ရွက်ပေးသော တာဝန်ရှိသူများနှင့် ရောင်းချပေးသည့်သူများ၊ ကြီးကြပ်ဆောင်ရွက်ပေးသူများအား များစွာကျေးဇူးတင်လျက်ရှိပါကြောင်းနှင့် ဆက်လက်၍ လည်းရောင်းချပေးစေလိုသည်ဟု ပြောကြားခဲ့ကြောင်း သတင်း ရရှိပါသည်။

DOCA(စစ်ကိုင်း)

သစ်သီးများရဲ့ဘုရင်ဒူးရင်းသီး နှင့် ဒူးရင်းသီးအစေ့ဈေးကွက်

           “အသီးမှာသရက်၊ အသားမှာဝက်၊ အရွက်မှာလက်ဖက်” ဆိုတဲ့ မြန်မာစကားပုံအရ မြန်မာလူမျိုးအများစုအရသာအတွေ့ဆုံးက သရက်သီးဖြစ်တယ်လို့ ဆိုနိုင်ပေမဲ့ အရှေ့တောင်အာရှတခွင်မှာတော့ ဒူးရင်းသီးကို သစ်သီးများရဲ့ဘုရင် (King of Fruits)တင်စား ခေါ်ဝေါ် ကြပါတယ်။ ဒူးရင်း(Durian)ဆိုသည့်အမည်ဟာ မလေးဘာသာ(Duri)မှဆိုသည့်စကားရပ်မှ ဆင်းသက်လာတာဖြစ်ပြီး (Duri) ဆိုတာကတော့ “ဆူး” ဆိုတဲ့အဓိပ္ပါယ်ပါ။ ထားဝယ်ရာဇဝင်သမိုင်းဖော်ပြချက်မှာတော့ မြတ်စွာဘုရားရှင်အား “ဒူရကနတ်သား”မှ နတ်ပြည်မှပါလာသည့် နတ်သစ် သီးအား ဆပ်ကပ်လှူဒါန်းခဲ့သည့် နတ်သစ်သီးမျိုးစေ့ကို လူတို့စိုက်ပျိုးကြရာမှ ထိုအသီးကို “ဒူရကသီး”ဟု ခေါ်တွင်ခဲ့ရာမှ နောက်ပိုင်းတွင် “ဒူးရင်းသီး”ဟု အမည်တွင်ခဲ့တယ်လို့ ဖတ်ရှု့ လေ့လာဖူးပါတယ်။ 

           “ဆူးတွေထောင်လို့ ဒေါသကြီးကိုကိုဒူးရင်းသီး” လို့ပြောရလောက်အောင် သူရဲ့ ပုံသဏ္ဍန်ကိုက အခြားသောသစ်သီးများနှင့် မတူပဲ အခွံပေါ်မှာ ဆူးချွန်တွေပါရှိနေကာ အနံ့စူးပြီး အခွံကလည်းထူပါတယ်။ ဒူးရင်းသီးရဲ့အနံ့ဟာ အလွန်စူးရှလှသည့်အတွက် ထိုသစ်သီးမျိုးကို လုံ အောင်ဖွက်ထားဖို့ဆိုတာ မလွယ်ကူလှပါဘူး။ ဒူးရင်းသီးဟာ အပူပိုင်းရာသီဥတုစစ်စစ်ကိုသာ ကြိုက်နှစ်သက်တဲ့အသီးမျိုးဖြစ်တာကြောင့် နေ့အပူချိန် ၂၂ ဒီဂရီ စင်တီဂရိတ်အောက်ရောက်သောဒေသမှာ စိုက်ပျိုး၍ မဖြစ်ထွန်းပါဘူး။ မြန်မာနိုင်ငံတွင် ဒူးရင်းသီးများကို မိုးဦးကျချိန် ဇွန်လပိုင်းလောက်တွင် စတင်စိုက်ပျိုးကြပြီး အရည်အသွေးကောင်းမျိုးများဖြစ်ကြသော ကန်ကလေး၊ ရွှေဒင်္ဂါးနှင့် မိချောင်းခေါင်းမျိုးများကို စိုက်ပျိုးလေ့ရှိကြပါတယ်။ မျိုးအပေါ်လိုက်၍ စပွင့်သည်မှ မှည့်သည်အထိ (၅ လခွဲ မှ ၆ လ အထိ) ကြာမြင့်တက်ပါသည်။ အရောင် ပြောင်း၍ ဆူးကျဲလာလျှင် ကောင်းစွာရင့်၍ ခူးဆွတ်နိုင်ပြီဖြစ်သော်လည်း အပင်မှည့်ကြွေသီးက အရသာပိုကောင်းပါတယ်။ ဒူးရင်းသီးဟာ အလျား(၁)ပေနှင့် အလေးချိန် (၇)ပေါင် လောက်ထိ ကြီးထွားနိုင်ကြပါတယ်။ ဆွတ်ခူးထားသည့် ဒူးရင်းသီးများကို သာမာန်အခန်းအပူချိန်တွင် (၁၀) ရက်ခန့် ထားရှိနိုင်သော်လည်း ကြွေသီးမှာ (၂ ရက်မှ ၃ ရက်အတွင်း)သာ အထားခံပါတယ်။ 

          ဒူးရင်းသီးဟာ အရှေ့တောင်အာရှသားစစ်စစ်ဖြစ်ပြီး ဘရူးနိုင်း၊ မလေးရှားနှင့် အင်ဒိုနီးရှားတို့ဟာ ကိုကိုဒူးရင်းသီးရဲ့ဇာတိပဲ ဖြစ်ပါတယ်။ ဒူးရင်းသီးအများဆုံးထွက်ရှိရာဒေသများကတော့ မြန်မာနိုင်ငံတွင် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ထိုင်းနိုင်ငံ၊ ကမ္ဘောဒီးယား နိုင်ငံ၊ ဗီယက်နမ်နိုင်ငံတောင်ပိုင်း၊ လာအိုနိုင်ငံတောင်ပိုင်း၊ တရုတ်နိုင်ငံတောင်ပိုင်း၊ ဖိလစ်ပိုင်နိုင်ငံ၊ မလေးရှားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ဘရူးနိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံတွေမှာ အများဆုံးစိုက်ပျိုးကြပါတယ်။ ထိုင်းနိုင်ငံကတော့ ဒူးရင်းသီးစိုက်ပျိုးရာဇာတိနိုင်ငံ မဟုတ်ပေမဲ့ အိမ်နီးချင်းနိုင်ငံတွေက တစ်ဆင့်ဝင်ရောက်လာပြီး အခုဆိုရင် ထိုင်းနိုင်ငံဟာ ဒူးရင်းသီးအများဆုံး တင်ပို့ရောင်းချနေတဲ့ နိုင်ငံဖြစ်နေပါပြီ။ တစ်ကမ္ဘာလုံးအနေနဲ့ ထွက်ရှိတဲ့ဒူးရင်းသီးတန်ချိန် (၁၄၀၀၀၀၀) အနက် တန်ချိန်(၇၈၁၀၀၀)ဟာ ထိုင်းနိုင်ငံမှာ စိုက်ပျိုးထွက်ရှိ တာဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာရှိတဲ့ ဒူးရင်းသီးတန်ချိန်စုစုပေါင်းရဲ့တစ်ဝက်လောက်ကို ချန်တာဘူရီ (Chantaburi)ခရိုင်မှာ စိုက်ပျိုးတာဖြစ်ပါတယ်။ နှစ်စဉ်မေလစောစောပိုင်းတွင် ကမ္ဘာ့ဒူးရင်းသီးပွဲတော် (World Durian Festival)ကို ချန်တာဘူရီမှာ ကျင်းပကြပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာလည်း ဒူးရင်းသီးအဓိကစိုက်ပျိုးတဲ့ Davao မြို့တော်မှာလည်း နှစ်စဉ်ဒူးရင်းသီးအထိမ်းအမှတ် (Kadayawan Festival)ကို  ကျင်းပကြပါသေးတယ်။

          မြန်မာနိုင်ငံမှာတော့ ဒူးရင်းသီးအဓိကစိုက်ပျိုးသောဒေသများတွင် ဒူးရင်းသီး (၁)လုံးတွင် အနည်းဆုံး(၂၀၀၀)မှ အများဆုံး (၅၀၀၀)အထိ ရောင်းချသော်လည်း ရန်ကုန်တွင် ဒူးရင်းသီးပေါက်ဈေးမှာ (၁)လုံးလျှင် အနည်းဆုံး (၅၀၀၀)မှ အများဆုံး (၁၅၀၀၀) ထိ ပေါက်ဈေးရှိပါတယ်။ စင်္ကာပူနိုင်ငံသားတွေဟာ ဒူးရင်းသီးကို အလွန်ကြိုက်နှစ်သက်ကြပြီး စင်္ကာပူမှာအရသာရှိတဲ့ အမျိုးအစားဆိုရင် (၁)ကီလိုအထက် လက်လီရောင်းဈေး စင်္ကာပူဒေါ်လာ (၁၀ ဒေါ်လာမှ ၂၅ ဒေါ်လာအထိ) ဈေးပေါက်ပါတယ်။ ဒူးရင်းသီးပတ်သက်ပြီး ဒေသအလိုက် နှင့် လူမျိုးအလိုက် ယုံကြည်မှုအမျိုးမျိုးရှိပါတယ်။ မြန်မာလူမျိုးတို့ရဲ့ အယူအရ အပူကန်တက်သည်ဟု ယူဆသောကြောင့် ဒူးရင်းသီး၏အပူကိုတန်ပြန်တိုက်ခိုက်ဖို့ မင်းကွတ်သီး စားကြပါတယ်။ မင်းကွတ်သီးကို အအေးစာလို့ယူဆကြတယ်တဲ့အတွက် ဒူးရင်းသီးပေါ်ချိန်တွင် မင်းကွတ်သီးများလည်း တွဲဖက်ရောင်းချကြပါသေးတယ်။ အချို့ကလည်း အပူမကန်စေရန် နာနတ်သီးကို တွဲဖက်စားသုံးကြပါသေးတယ်။

           ဒူးရင်းသီးဟာ အခြားအသီးများကဲ့သို့ တစ်နှစ်ပတ်လုံး စားသုံးလို့ရသည့် အသီးမျိုးမဟုတ်ဘဲ ရာသီချိန်မှသာ စားခွင့်ရသည့်အသီးမျိုး ဖြစ်ပါတယ်။ ဒူးရင်းသီးကြိုက်နှစ်သက်ကြတဲ့ မြန်မာလူမျိုးများအနေနဲ့ ဒူးရင်းသီကို တစ်နှစ်ပတ်လုံးမရရှိနိုင်သည့်အတွက် Value Added ပြုလုပ်ကာ ဒူးရင်းယို၊ ဒူးရင်းသီးအနံ့ဝေဖာ၊ ရေခဲမုန့်၊ သကြားလုံး၊ ဘီစကွတ်၊ ရေခဲချောင်း စသဖြင့် စားစရာအမျိုးမျိုးတွင်လည်း ထည့်သွင်းစားသောက်လာကြပါတယ်။ ဒူးရင်းသီးဟာ အခြားသစ်သီးများထက် အဆီရော ကာဗွန်ဟိုက်ဒရိတ်ပါ ကြွယ်ဝသည့်အတွက် ကယ်လိုရီ အများဆုံးအသီးလည်းဖြစ်ပါတယ်။ အဝလွန်နေသူများနှင့် ကိုယ်အလေးချိန်လျော့ချနေသူများအဖို့ ဆင်ခြင်စားသုံးသင့်တဲ့အသီးမျိုး ဖြစ်ပါတယ်။ သို့သော် ဒူးရင်းသီးမှာပါဝင်တဲ့အဆီဟာ မပြည့်ဝဆီ( Trans Fatty Acid)မျိုး မဟုတ်သကဲ့သို့ ကျန်းမာရေးအတွက် အထောက်အကူပြုသည့်အစာမျှင် အဟာရတွေလည်း ပါရှိနေပြန်ပါသေးတယ်။

         ဒူးရင်းသီးဟာအသားချိုချိုအောက်မှာရှိနေတဲ့ ဒူးရင်းသီးအစေ့မှာပါ အဟာရဓါတ်တွေ များစွာပါရှိပါတယ်။ ဒူးရင်းသီးအစေ့ထဲတွင် ကစီဓါတ်၊ အမျှင်ဓါတ်၊ ဇင့် ၊အဆီဓါတ်နှင့် ကယ်စီယမ်ဓါတ်များပေါကြွယ်ဝစွာပါရှိသည့်အတွက် လူ၏အင်အားကို ပြည့်ဝစေခြင်း၊ အစာခြေ စနစ်ကိုကျန်းမာစေခြင်း၊ ကိုယ်ခံအားကောင်းစေခြင်း၊ နှလုံးကိုကျန်းမာစေခြင်း၊ သွေးတွင်း ကိုလက်စထရောကိုကျစေခြင်း၊ အရိုးနှင့်သွားများကိုသန်မာစေခြင်းနှင့် သန်များကိုလည်း ကျစေနိုင်တဲ့ အစွမ်းသတ္တိတွေ ရှိနေပြန်ပါသေးတယ်။ ဒါပေမဲ့ ဒူးရင်းသီးအစေ့ကို အစိမ်းစားမယ်ဆိုရင်တော့ အန္တရာယ်ရှိစေနိုင်ပါတယ်။ ဒီလိုအစွမ်းသတ္တိတွေရှိသော ဒူးရင်းသီးအစေ့ကို ဆေးဖော်စပ်ရာတွင် အသုံးပြုရန်နှင့် အစေ့ပျောက်ဒူးရင်းသီးများစိုက်ပျိုးရာတွင် မျိုးအဖြစ်ပြန်လည် အသုံးပြုရန်အတွက် အိမ်နီးချင်းတရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံများမှ ဒူးရင်းသီးစေ့ (၁)ပိဿာလျှင်  အနည်းဆုံး း(၃၀၀၀)မှ အများဆုံး း(၇၅၀၀)အထိဈေးပေး၍ တနင်္သာရီနှင့် မြိတ်ဘက်တို့တွင် လာရောက်ဝယ်ယူနေကြပါတယ်။ ပိဿာအလိုက်ဝယ်ယူသည့် ဒိုင်များရှိသကဲ့သို့ အစေ့ချင်းလိုက်ဝယ်ယူသည့်ဒိုင်များလည်းရှိနေပြီး ဈေးနှုန်းမှာလည်း နေ့စဉ် အတက်အကျ ရှိနေပြန်ပါ သေးတယ်။ ထိုင်းဘက်မှဝယ်လိုအားအများဆုံးဖြစ်နေပြီး ဒူးရင်းသီးအစေ့များကို အဝယ်ဒိုင်ဖြင့်ဝယ်ယူသူများရှိသကဲ့သို့ ရပ်ကွက်အတွင်း လှည့်လည်ဝယ်ယူနေကြသည့်အထိ ဒူးရင်းသီးပေါ်ချိန်နှင့်အတူ ထွက်ပေါ်လာသည့် ရာသီပေါ်ဈေးကွက်တစ်ခုအဖြစ် ရပ်တည်နေခဲ့ပါတယ်။ သို့သော် ဒူးရင်းသီးအစေ့များ ပေါများလာချိန်တွင် ဒူးရင်းသီးအစေ့မှာ ဈေးကျသွားလေ့ရှိပါတယ်။

            နောက်ဆုံးအနေနဲ့ ဒူးရင်းသီးဟာ အသားနှင့်အစေ့အပြင် ဒူးရင်းသီးအခွံဟာလည်း အသုံးဝင်နေပြန်ပါသေးတယ်။ ဒူးရင်းသီးရဲ့ ထူးခြားပြီးပြင်းထန်တဲ့အနံ့ကို ကြမ်းပိုးများကကြောက်ကြတဲ့အတွက် ကြမ်းပိုးရှိသောနေရာများတွင် ဒူးရင်းသီးအခွံထားပေးပါက ကြမ်းပိုးများကို သုတ်သင်ရှင်းလင်းပေးနိုင်သကဲ့သို့ အိမ်ပြန်နောက်ကျတက်သော အမျိုးသားများ ၊ လစာအကုန်မအပ်ပဲ ဖွက်ထားတက်သောအမျိုးသားများအတွက် ဒူးရင်းသီးအခွံပေါ်တွင် ဒူးထောက်၍ မိမိတို့၏အမျိုးသားများအား ဆုံးမသည့်နေရာတွင် အသုံးချနိုင်ပါသေးကြောင်း ဒူးရင်းသီး အကြောင်း တစ်စေ့တစ်စောင်းစုဆောင်းရင်း ရေးသားတင်ပြလိုက်ရပါတယ်။

DOCA(ရန်ကုန်)

အစဉ်အလာမပျက် ရပ်တည်နေတဲ့ ချင်းရိုးရာအထည်

         မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများ ( ၁၀၀ ) ကျော် ရှိရာ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ဘာသာစကားများဖြင့် တန်ဘိုးထားစွာ နေထိုင်ကြသည်ကိုတွေ့ရှိရမည် ဖြစ်သည်။ နေထိုင်ရာဒေသ မတူညီကြသည်နှင့် ကိုးကွယ်ယုံကြည်မှုများလည်း မတူညီကြပေ။ ဝတ်စားဆင်ယင်မှုများမှာလည်း မိမိတို့၏ ရိုးရာသင်္ကတများအလိုက် ကွဲပြားသွားကြပါသည်။

        တိုင်းရင်းသားလူမျိုးများအနက် ချင်းတိုင်းရင်းသား လူမျိုးများက လူမျိုးစု ( ၅၃ ) မျိုးဖြင့်နိုင်ငံ၏အနောက်ဘက်ပိုင်းတွင် နေထိုင်ကြသည်ကိုတွေ့ရသည်။ ချင်းတိုင်းရင်းသားများ အနက်နာမည်ကြီးသော တိုင်းရင်းသားဝတ်စုံများမှာ ဖလမ်းလူမျိုးတို့၏ ရိုးရာဝတ်စုံ၊ တီးတိန် လူမျိုးတို့၏ ရိုးရာဝတ်စုံ၊ ဇိုမီးလူမျိုးတို့၏ ရိုးရာဝတ်စုံ၊ ဟားခါးလူမျိုးတို့၏ ရိုးရာဝန်စုံများမှာ ချင်းတိုင်းရင်းသား ရိုးရာဝတ်စုံများအနက် လူသိများနာမည်ကြီးသော ရိုးရာဝတ်စုံများ ဖြစ်ကြသည်။

       ချင်းတိုင်းရင်းသားရိုးရာဝတ်စုံများကို အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံများမှ တင်သွင်းသော ချည်များဖြင့် ရက်လုပ်ကြသည်ကိုတွေ့ရသည်။ လက်ကောက်နှင့် ဒီဇိုင်းပေါ်မူတည်၍ဈေးနှုန်း များကလည်း ကွားခြားသွားကြပါသည်။ ရိုးရာဝတ်စုံများတွင် ချည်သားစစ်စစ်ဖြင့် ရက်လုပ်သောရိုးရာ ဝတ်စုံများရှိသကဲ့သို့ ပိုးချည်ဖြင့် ရက်လုပ်သော ရိုးရာဝတ်စုံများလည်း ရှိသည်။

      ချင်းအမျိုးသမီးများသည် ဆယ်စုနှစ်များစွာ ရိုးရာဂျပ်ခုတ်ရက်ကန်းလုပ်ငန်းသည် လူသိများပြီးထင်ရှားကြသည် ချင်းအမျိုးသမီးများသည် ဝါပင်များကို စိုက်ပျိုးကြပြီး ရရှိလာသည့် ဝါဂွမ်းများကို ဗိုင်းငင်၊ ချည်လုံး၊ ချည်ဆေးဆိုးနှင့် အဆင့်အဆင့်ပြုလုပ်ကြပြီး ချည်ထည်များကို လက်ရက်ကန်းစင်ဖြင့် အဆင်ဒီဇိုင်းမျိုးစုံဖြင့် တဘတ်၊ စောင်၊ လုံချည် ( ကွင်းပြည့် ) နှင့် ပတ်လုံချည် အမျိုးမျိုးကို ရက်လုပ်ကြပါသည်။

        ချင်းရိုးရာဝတ်စုံများသည် အလွန်လှပပြီး မြန်မာနိုင်ငံတစ်ဝှမ်းတွင်သာမက ပြည်ပ နိုင်ငံများကပါ ရိုးရာဝတ်စုံများကို နှစ်သက်မြတ်နိုးကြပါသည်။ ချင်းအမျိုးသမီးများသည် ရက်ကန်း ရက်ရာတွင် လူမျိုးစုပေါ်မူတည်၍ အလျားလိုက်သော်လည်းကောင်း၊ အစင်း၊ အကွက် ( သို့မဟုတ် ) ပန်းပွင့်ပုံများအပြင် ချင်းလူမျိုးတို့၏ သင်္ကေတဖြစ်သည့် အောက်ချင်းငှက် ပုံဖော်ထားသည့် ဒီဇိုင်းသည် အခြားဒီဇိုင်းများနှင့်မတူဘဲ ပေါ်လွင်လှပါသည်။

       ယခုအခါတွင် ချင်းတိုင်းရင်းသားရိုးရာဝတ်စုံများအပြင် တဘက်၊ စောင်၊ ဦးထုပ်၊ လက်ကိုင်အိတ်၊ ဆံထိုး၊ နားကပ်၊ ရောင်စုံလည်ဆွဲရှည်၊ လက်ကောက်၊ ဆံအုပ်၊ ကလစ်၊ အပေါ်ဝတ် စွယ်တာ၊ ပိုက်ဆံအိတ်နှင့် လွယ်အိတ်  စသည်ဖြင့် အမြတ်တနိုးဖြင့် လက်ဆောင်ပေးခြင်း၊ အမှတ်တရ ဝယ်ယူကြခြင်း၊ အခါကြီးရက်ကြီးများတွင် မိမိထက်သက်ကြီးရွယ်အိုများကို ကန်တော့ပစ္စည်းများ အဖြစ် ဒေသထွက်အမှတ်တရပစ္စည်းများအဖြစ် တန်ဖိုးထားလျက်ရှိကြပါသည်။

        ချင်းတိုင်းရင်းသားများအနေဖြင့် မိမိတို့၏ ရိုးရာဝတ်စုံပြည့်များကို ယင်းလူမျိုးတို့၏ ရိုးရာဓလေ့ထုံးစံများကို မေ့ပျောက်မသွားစေရန်အတွက် ရိုးရာဝတ်စုံများကို ဘုရားကျောင်းတက်၊ ဆုတောင်းပွဲများ၊ မင်္ဂလာဆောင်အခမ်းအနားများတွင် တူညီဝတ်စုံများကို ဝတ်ဆုံပြည့် ဝတ်ဆင်လေ့ ရှိကြပြီး ဖေဖော်ဝါရီလ ( ၂၀ ) ရက်နေ့ ချင်းအမျိုးသားနေ့များတွင် ရိုးရာအကများနှင့် မြိုင်မြိုင် ဆိုင်ဆိုင်ကျင်းပလေ့ ရှိကြပါသည်။

          ချင်းရိုးရာဝတ်စုံတစ်ထည်လျင် ဈေးနှုန်းအနိမ့်ဆုံး ( ၆၀၀၀ ) ကျပ်မှသည် သိန်း ( ၁၀ ) ဂဏန်းထိရှိကြောင်း သိရှိရပါသည်။ ချင်းလုံချည်များရက်လုပ်ရာတွင် အဓိကအနေဖြင့် အိန္ဒိယ ချည်ကိုသာ အသုံးပြုမှုများပြီး အရောင်လိုအပ်ချက်များအရ ဒီဇိုင်းများဖော်ရန်အတွက် တရုတ်ချည် များကို အသုံးပြုပါကြောင်း သိရှိရပါသည်။ ချင်းရိုးရာအဝတ်အထည်ရက်လုပ်ရန်အတွက် ကုန်ကြမ်း ပစ္စည်းများဖြစ်သည့် အိန္ဒိယနိုင်ငံထုတ် ချည်တစ်ထုပ်လျင် ( ၃၈၀၀၀ ) ကျပ်၊ တရုတ် နိုင်ငံထုတ် ချည်တစ်ထုပ်လျင် ( ၄၂၀၀၀ ) ကျပ် ဈေးနှုန်းဖြင့် ပေး၍ ဝယ်ယူရက်လုပ် ကြရပါသည်။ ယခင်နှစ်များ ထက် ယခုနှစ်တွင် အိန္ဒိယချည်တစ်ထုပ်လျင် ( ၈၀၀၀ ) ကျပ်နှင့် တရုတ်ချည်တစ်ထုပ်လျင် (၁၆၀၀၀) ကျပ်ခန့် ဈေးနှုန်း မြှင့်တက်ခဲ့ပါသည်။

       ယခုအခါတွင် ရက်ကန်းရက်လုပ်ခြင်းသည် အမြတ်အနည်း/အများ ကွာဟမှုရှိပြီး အလုပ်သမားများမွေးမြူရာတွင်လည်း အလုပ်အကိုင်အခွင့်အလမ်းပေးနိုင်ရန်အတွက် ကြိုတင်ငွေများ ထုတ်ပေးရပါကြောင်း၊ ရက်ကန်းရက်လုပ်ခြင်းအတတ်ပညာများ သင်ကြားလိုသူများအနေဖြင့်လည်း ပညာသင်ကြားပေးလျက်ရှိပါကြောင်း၊ မိမိကျွမ်းကျင်စွာ ရက်လုပ်နိုင်လျင် အဖိုးအခများပြန်လည် ပေး၍ ရက်ကန်းသမများ မွေးမြူရပါကြောင်း ဦးမြင့်ဦးဝင်းထံမှ မေးမြန်းသိရှိရပါသည်။

        ရက်ကန်းရက်လုပ်သူများအနေဖြင့် မိမိရက်လုပ်သော အထည်အမျိုးအစား ပေါ်မူတည်၍ လုပ်အားခရရှိပြီး၊ ရိုးရာဝတ်စုံ၊ ရိုးရိုးအထည်များ ရက်လုပ်မည်ဆိုပါက တစ်ရက်လျင်(၂ ) ထည်ခန့်ရက်လုပ်ပြီးစီး၍ ဒီဇိုင်းဆန်း၍ လက်ကောက်များသည့် လုံချည်ရက်လုပ်မည်ဆိုပါက တစ်ထည်လျင် ( ၂ ) ရက်ခန့် ရက်လုပ်ရပါကြောင်း သိရှိရပါသည်။

        အရောင်းအဝယ်များအနေဖြင့် ပုံမှန်ရောင်းဝယ်မှုရှိပါသည်။ ချင်းလုံချည်များအား မြို့နယ်တွင်း၊ ချင်းပြည်နယ်၊ ရန်ကုန်မြို့၊ မန္တလေးမြို့၊ မုံရွာမြို့များအပြင် ယခုအခါတွင်ချင်းတိုင်းရင်း သားများသည် နိုင်ငံအနှံ့အပြားတွင်နေထိုင်လျက်ရှိပြီး ကနေဒါ၊ ဩစတေးလျ၊ မလေးရှား၊ စင်္ကာပူ နိုင်ငံများသို့လည်း ရန်ကုန်မြို့မှတဆင့် ချင်းရိုးရာလုံချည်အပါအဝင် လွယ်အိတ်၊ တဘက်၊ ပတ်ထမိန် များကို တင်ပို့ရောင်းချလျက်ရှိပါသည်။

    ချင်းလူမျိုးတို့သည့် မိမိတို့၏ နေရပ်ကိုစွန့်ခွါ၍ ပြည်ပနိုင်ငံများသို့ ပြောင်းရွှေ့နေထိုင်မှုများရှိသော်လည်း မိမိတို့၏ ရိုးရာဓလေ့များကို တန်ဘိုးထား မြတ်နိုးကြသည့်အတွက် မည်သည့် အရပ်ဒေသသို့ရောက်ရှိစေကာမူ မိမိတို့၏ ရိုးရာဝတ်စုံများကို ဝတ်ဆင်၍ဘုရားကျောင်းတက်ခြင်း၊ ဆုတောင်းပွဲအခမ်းအနား၊ မင်္ဂလာပွဲအခမ်းအနားတွင် တူညီဝတ်စုံများဝတ်ဆင်သည့်ဓလေ့များကို တန်ဘိုးထားကြသည့်အတွက် ရိုးရာဝတ်စုံများ ပျောက်ကွယ်မသွားနိုင်ဘဲ တင့်သင့်မျှတသည့် ဈေးနှုန်းဖြင့် ဝယ်ယူအသုံးပြုနိုင်ကာ ခေတ်နောက်မကျစေဘဲ လှပတင့်တယ်မှုရှိကာ “ ဘယ်တော့မှ မရိုးတာ ရိုးရာပါဆိုသည့် ” စကားပုံနှင့်အညီ ချင်းရိုးရာဝတ်စုံများသည်လည်း ရေရှည်ရပ်တည်နိုင်မည့် ရိုးရာချည်ထည် ရက်ကန်းလုပ်ငန်း တစ်မျိုးဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။        

DOCA(စစ်ကိုင်း)

 

တောင်ငူမြို့နယ်အတွင်း စားအုန်းဆီရောင်းချမှုအခြေအနေ

             တောင်ငူမြို့နယ်အတွင်းတွင် ရပ်ကွက်ဈေးများအလိုက် စားအုန်းဆီးများကို သက်သာ သော ဈေးနှုန်းဖြင့် လှည့်လည်ရောင်းချလျက်ရှိပါသည်။ တောင်ငူမြို့နယ်အတွင်းရှိ ကုန်စုံဆိုင်များ တွင် ယခုကာလဈေးနှုန်း စားအုန်းဆီ ၁ ပိဿာ လျှင် ၈၅၀၀ ကျပ်၊ ပဲစပ်ဆီ ၁ ပိဿာလျှင် ၉၅၀၀ ကျပ် နှင့် ပဲဆီ ၁ ပိဿာလျှင် ၁၀၀၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိပါသည်။

               တောင်ငူခရိုင် ဦးစီးမှူး ဦးမျိုးအောင် နှင့် တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူတို့သည့် ဩဂုတ်လ ၅ ရက် နေ့ နံနက်ပိုင်းက တောင်ငူမြို့ အမှတ်(၁၈) ရပ်ကွက် ၊ ပြည်တော်သာလမ်း၊ ဝက်ကုန်းဈေးတွင် စားအုန်းဆီးများ အခြေခံလူတန်းစားများအား သက်သာသော ဈေးနှုန်းဖြင့် ရောင်းချနေမှုအား ကြည့်ရှု့စစ်ဆေးခဲ့ပါသည်။

              ရပ်ကွက်များရှိဈေးများအလိုက် စားအုန်းဆီရောင်းချရာတွင် လူ(၁)ဦးလျှင် (၁)ပိဿာနှုန်း အား တန်းစီမှုပုံစံဖြင့် ရောင်းချလျက်ရှိပြီး စားအုန်းဆီ (၁)ပိဿာလျှင် (၅၄၀၀) ကျပ်နှုန်းဖြင့် အခြေခံ လူတန်းစားများအား ရောင်းချပေးလျက်ရှိပါသည်။ ဤကဲ့သို့ ဈေးအလိုက် လှည့်လည်ရောင်းချမှု ကြောင့် အခြေခံလူတန်းစားများ စားအုန်းဆီကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူရရှိမှုရှိသဖြင့် အဆင်ပြေမှုများရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း