ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဇမ္ဗူသီရိမြို့နယ်၊ အ.ထ.က(၂၂)၊ အခြေခံပညာအထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ၂၀၂၂ခုနှစ်၊ ဩဂုတ်လ ပထမပတ်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို (၅-၈-၂၀၂၂) ရက်နေ့တွင် ဇမ္ဗူသီရိမြို့နယ်၊ အ.ထ.က(၂၂)၊ အခြေခံပညာအထက်တန်းကျောင်း၌ နံနက် (၁၀း၀၀)နာရီအချိန်တွင် ပြုလုပ်ခဲ့ရာ အခမ်းအနားအစီအစဥ်(၄)ရပ်ဖြင့် ကျင်းပခဲ့ပါသည်။ ပထမဦးစွာ ကျောင်းအုပ်ဆရာမကြီးဒေါ်စန်းစန်းမော်မှ အဖွင့်အမှာစကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ခရိုင်ဦးစီးမှူးရုံးမှ  ဦးမြင့်နိုင်၊ ဦးစီးမှူးကစားသုံးသူကာကွယ်‌ရေး ဥပဒေပေါ်ပေါက်လာပုံနှင့် ဥပဒေတွင်ပါဝင်သောစားသုံးသူအဓိပ္ပာယ်နှင့် စားသုံးသူအခွင့်အရေး၊ တာဝန်များအကြောင်း၊ ဖြေရှင်းဆောင်ရွက်ပြီးစီးခဲ့သော တိုင်ကြားမှုများအကြောင်းတို့ကို ရှင်းလင်းပြောကြားပြီး ဦးစိန်ဝင်း၊ ဒု-ကြီးကြပ်ရေးမှူးက စားသုံးသူများနစ်နာဆုံးရှုံးမှုများနှင့်ပတ်သက်၍ စားသုံးသူရေးရာဦးစီးဌာနတွင် တိုင်ကြားနိုင်သောဖုန်းနံပါတ်များ၊ Call Center ဖုန်းနံပါတ်နှင့် Website လိပ်စာတို့ကိုအသိပေးပြောကြားခဲ့ပါသည်။ ထို့နောက်တက်ရောက်လာကြသော ကျောင်းသား/သူ၊ဆရာ/ ဆရာမများအနေဖြင့် သိလိုသည်များကို ဆွေးနွေးမေးမြန်းနိုင်ပါကြောင်း ဖိတ်ခေါ်ခဲ့ရာ ဆွေးနွေးမေးမြန်းခြင်းမရှိပါသဖြင့် ဟောပြောပွဲအား(၁၂း၀၀)နာရီအချိန်တွင် ပြီးဆုံးခဲ့ပြီးတက်ရောက် အင်အား (၁၅၀)ဦးခန့်ရှိကြောင်းသတင်းရရှိပါသည်။

DOCA (ပြည်ထောင်စုနယ်မြေ)

အောင်လံကုန်စည်ဒိုင်၏ သီးနှံရောင်းဝယ်ဖြစ်မှုအခြေအနေ

        အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် ယခင်အပတ်(၂၈.၇.၂၀၂၂)ရက်နေ့နှင့် ယခုအပတ်(၃.၈.၂၀၂၂)ရက်နေ့အတွင်း နှမ်းဖြူနှင့်နှမ်းနီမှာ (၄၅)ပိဿာ(၁)အိတ်လျှင် ယခင်အပတ် (၁၈၀၀၀ဝိ/-) ယခုအပတ် (၁၈၀၀၀ဝိ/-)ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိကြောင်း သိရှိရပါသည်။

    ပဲမျိုးစုံဈေးကွက်တွင် ကုလားပဲ(H.L)နှင့် ကုလားပဲ(မြကြေး) (၂၀)ပိဿာ(၁)တင်းလျှင်(၅၂၀၀ဝိ/-) ယခုအပတ် (၅၂၀၀ဝိ/-)ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိသော်လည်း မတ်ပဲမှာ ယခင်အပတ် (၅၀၀၀ဝိ/-) ယခုအပတ် (၅၃၀၀ဝိ/-)ဖြစ်၍ (၃၀၀ဝိ/-)ဈေးမြင့်၊ ဘိုကိတ်ပြာ ယခင်အပတ်(၃၃၀၀ဝိ/-) ယခုအပတ် (၃၄၀၀ဝိ/-)ဖြစ်၍ (၁၀၀ဝိ/-)ဈေးမြင့်၊ ပဲတီစိမ်း ယခင်အပတ် (၄၆၀၀ဝိ/-) ယခုအပတ် (၄၃၀၀ဝိ/-)ဖြစ်၍ (၃၀၀ဝိ/-)ဈေးလျော့၊ ပဲစဉ်းငုံနီ ယခင်အပတ် (၄၆၆၀ဝိ/-) ယခုအပတ် (၄၉၁၀ဝိ/-)ဖြစ်၍(၂၅၀ဝိ/-)ဈေးမြင့်၊ ပဲကြီး ယခင်အပတ် (၇၀၀၀ဝိ/-) ယခုအပတ် (၇၁၀၀ဝိ/-)ဖြစ်၍ (၁၀၀ဝိ/-)ဈေးမြင့်ကာ မြေပဲလုံးဆံ(နီ)နှင့် မြေပဲလုံး(ဖြူ)မှာ (၁)ပိဿာလျှင် ယခင်အပတ် (၅၁၀ဝိ/-) ယခုအပတ် (၅၉၀ဝိ/-)ဖြစ်၍ (၈၀ဝိ/-)ဈေးမြင့်ပြီး အရောင်းအဝယ်ပမာဏအနေဖြင့် နှမ်းဖြူ(၉၅)အိတ်၊ နှမ်းနီ(၉၀)အိတ်၊ ပဲတီစိမ်း(၂၇၀၀)အိတ်၊ ပဲစဉ်းငုံနီ(၉၅၀)အိတ်၊ မတ်ပဲ(၁၃၅)အိတ်၊ ကုလားပဲ(HL)(၉၀၀)အိတ်၊ ကုလားပဲ(မြကြေး) (၁၁၀၀)အိတ်၊ ဘိုကိတ်ပြာ(၂၈၀)အိတ်၊ ပဲကြီး(၄၇၀)အိတ်၊ မြေပဲလုံးဆံ(နီ) (၂၀၀)အိတ်၊ မြေပဲလုံးဆံဖြူ (၁၈၀)အိတ်တို့ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ဌာနဆိုင်ရာနှင့်ကျေးရွာများသို့ သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီရောင်းချနေမှုများ

       နေပြည်‌တော်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်မှဆောင်ရွက်နေသည့် သက်သာသော ဈေးနှုန်းဖြင့် တစ်ပိဿာလျှင် ၃၉၀၀ ကျပ်နှုန်းဖြင့် စားသုံးသူပြည်သူများလက်ဝယ်အရောက် ရောင်းချနေမှုကို ယနေ့ ၅-၈-၂၀၂၂ ရက်နေ့တွင် ဌာနဆိုင်ရာနှင့် ကျေးရွာများသို့ ရောင်းချမှုများ ဆက်လက်ဆောင်ရွက်နေကြောင်း သိရှိရပါသည်။

  “ ဆီလုပ်ငန်းရှင် ဒေါ်နန်းခရေဝင်း (မနန်းကုန်မျိုးစုံရောင်းဝယ်ရေး)နှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ ဒေါ်စောမာလာနွယ်တို့ဦးဆောင်၍ ရင်းနှီးမြုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနတွင် ဝန်ထမ်းတစ်ဦးကို တစ်ပိဿာလျှင် ၃၉၀၀ ကျပ်နှုန်းဖြင့် ပိဿာချိန် ၆၆၀ ကိုရောင်းချပေးခဲ့ကြောင်း၊ ဆက်လက်၍ ဆီလုပ်ငန်းရှင်ဒေါ်ခင်ဥမ္မာအောင် (မမြတ်ကုန်မျိုးစုံရောင်းဝယ်ရေး)မှ ဒက္ခိဏသီရိမြို့နယ်၊ ဆယ်စုကျေးရွာ၊ ညောင်ကုန်းကျေးရွာတို့တွင် ပိဿာချိန် ၆၆၀ ကို တစ်ဦးလျှင် တစ်ပိဿာနှုန်းဖြင့် စားသုံးသူပြည်သူများ လက်ဝယ်အရောက် ဈေးကားဖြင့်လှည့်လည်ရောင်းချပေးခဲ့ကြောင်း” သိရှိရပါသည်။

      ထို့နောက် “တပ်ကုန်းမြို့နယ်၊ မကျီးပင်ကျေးရွာ၊ ပျော်ရွာ၊ မြောက်ရွေးစုကျေးရွာတို့တွင် ဆီလုပ်ငန်းရှင် ဒေါဖြိုးဖြိုးထိုက်နှင့် စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဦးခင်မောင်ဆွေတို့ ဦးဆောင်၍ ဆီပိဿာချိန် ၆၆၀ ကို ဈေးကားဖြင့်လှည့်လည်ရောင်းချပေးခဲ့ကြောင်းနှင့် တပ်ကုန်းမြို့နယ် နွယ်ရစ်ကျေးရွာနှင့် ကျားသေအိုင်ကျေးရွာတို့တွင် ဆီလုပ်ငန်းရှင် ဒေါ်သာယာနုဝေစံမှ ဆီပိဿာချိန် ၆၆၀ ကို ဈေးကားဖြင့် တစ်ပိဿာလျှင် ၃၉၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း” သတင်းရရှိပါသည်။

DOCA (ပြည်ထောင်စုနယ်မြေ)

သရက်မြို့နယ် ပဲတီစိမ်းနှင့် နှမ်းသီးနှံ ဈေးနှုန်းဈေးကွက်အခြေအနေ

         သရက်မြို့နယ် ပတ်ဝန်းကျင်ကျေးရွာများမှ ထွက်ရှိသည့် ပဲမျိုးစုံသီးနှံများအနက် ပဲတီစိမ်းသီးနှံသည် နေ့စဉ်ဈေးကွက်အတွင်းသို့ ဝင်ရောက်လျက်ရှိပါသည်။ ဇွန်လ စတုတ္ထပတ်တွင် ပဲတီစိမ်းသီးနှံ တစ်တင်းလျှင် (၄၆၀၀ဝိ/) ရှိခဲ့ရာမှ၊ ယခုဇူလိုင်လ ပထမပတ်တွင် ပဲတီစိမ်း(၁)တင်းလျှင် (၄၀၀၀ဝိ/)နှုန်းဖြင့် အရောင်းအဝယ်အေးလျက်ရှိကြောင်း သိရှိရပါသည်။

          နှမ်းသီးနှံမှာလည်း စတင်ပေါ်ထွက်လျက်ရှိရာ နှမ်းနက်တစ်တင်းလျှင်(၆၅၀၀ဝိ/)၊ နှမ်းနီတစ်တင်းလျှင်(၆၀၀၀ဝိ/)ဖြင့်လည်းကောင်း အောင်လံဝယ်လက်သမားများမှစတင်၍ ဝယ်ယူလျက်ရှိပြီး နေ့စဉ်တစ်နေ့လျှင် အိတ်ရေ (၄၀-၄၅)ခန့် အ‌ရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

ချောက်မြို့တွင် ကုမ္ပဏီများမှဝယ်ယူရရှိသည့်ဆီများအားပြည်သူများသို့ ရောင်းချပေးလျက်ရှိ

             စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် စားသုံးဆီတင်သွင်း၊ သိုလှောင် ၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကို ဖွဲ့စည်းပြီး ပြည်ပမှတင်သွင်းလာသည့် စားသုံးဆီများ သတ်မှတ်အရည်အသွေး ၊ စံချိန်စံညွှန်းများနှင့်ပြည့်မှီစေရေး၊ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့်ညီညွှတ်သော စားသုံးဆီများကို သုံးစွဲနိုင်ရေး၊ စျေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူစားသုံးနိုင်ရေး ၊ စားအုန်းဆီ ကမ္ဘာ့စျေးနှုန်း ဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် စျေးနှုန်းများဖြစ်ပေါ် စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာန၊  တိုင်းဒေသကြီးဦးစီးမှူးနှင့် မကွေးခရိုင်၊ ချောက်ခရိုင်ဦးစီးမှူးတို့၏လမ်းညွှန်မှုဖြင့် (၂.၈.၂၀၂၂)ရက်နေ့တွင် ချောက်မြို့ လမ်းမတော်ရှိ ဦးရဲမြင့် (ပခုက္ကူသား ဆီ/ဆန်/ဆား ရောင်းဝယ်ရေး)သည် ပြည့်ဖြိုးအောင်ကုမ္ပဏီမှ ဝယ်ယူရရှိသောစားအုန်းဆီများကို (၁)ပိဿာလျှင် (၆၃၀ဝိ/-)နှုန်းဖြင့် လူတစ်ဦး(၁)ပိဿာဖြင့် ရောင်းချပေးနေမှုအား စားသုံးသူရေးရာဦးစီးဌာန၊ ချောက်မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးနှင့် ဒေါ်ချိုဝေလွင်(ဒု-ဦးစီးမှူး)တို့မှ ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ခဲ့ပါသည်။

            ထိုသို့ ကွင်းဆင်းစစ်ဆေးကြီးကြပ်ဆောင်ရွက်ရာ၌ ဦးရဲမြင့်မှ၎င်းဝယ်ယူရရှိခဲ့သော စားအုန်းဆီ (၅၀)ပေပါ (၅၅၀၀)ပိဿာအား (၂.၈.၂၀၂၂)ရက်နေ့မှ စတင်ပြီး နေ့စဉ် စားသုံးသူပြည်သူများ သက်သာအဆင်ပြေစေရေးအတွက်(၂%)သာအမြတ်အစွန်းယူပြီး ရောင်းချပေးခြင်းဖြစ်ကြောင်း သိရှိရပြီး ဌာနမှစားသုံးသူပြည်သူများ ဈေးနှုန်းသက်သာစွာဝယ်ယူစားသုံးနိုင်ရေး ရန်ကုန်ရှိကုမ္ပဏီများနှင့် ချိတ်ဆက်ဝယ်ယူနိုင်မှုအပေါ် အသိအမှတ်ပြုပါကြောင်း၊ ချောက်မြို့နယ် စားသုံးသူပြည်သူများကိုယ်စား  ကျေးဇူးတင်ရှိပါကြောင်း၊ နေ့စဉ် ရောင်းချမှုစာရင်းများအားလည်းပြုစုပေးပါရန်နှင့် အတ္တပရမျှတစွာ ဆောင်ရွက်ခြင်းဖြင့် လုပ်ငန်းရှင်အနေဖြင့်  တိုးတက်အောင်မြင်မှုများရရှိပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးခဲ့ပါသည်။

DOCA(မကွေး)

မကွေးမြို့နယ်တွင် မိုးနှမ်းများ စတင်ရိတ်သိမ်း

            စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်ဦးစီးမှူး ဒေါ်တင်တင်လှ (လက်ထောက်ညွှန်ကြားရေးမှူး)နှင့်ဝန်ထမ်းများသည် (၁.၈.၂၀၂၂) နေ့တွင် ပြည်တွင်းကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မကွေးမြို့၊ ဘုရားပြိုကျေးရွာရှိ မိုးနှမ်း (၅) ဧက စိုက်ပျိုးသော တောင်သူဦးထွန်းမြင့်နှင့်တွေ့ဆုံပြီး မိုးနှမ်းများစတင်ရိတ်သိမ်းမှု၊ ထွက်ရှိမှုနှင့် စျေးနှုန်းစျေးကွက်အခြေအနေများအား ကွင်းဆင်းလေ့လာမေးမြန်းခဲ့ပါသည်။

            မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်တွင် မေလဆန်းမှစတင်ကာ မိုးများရွာသွန်းခဲ့၍ တောင်သူများအနေဖြင့် မိုးနှမ်းများစတင်စိုက်ပျိုးခဲ့ရာ ယခုအချိန်တွင် မိုးနှမ်းများ စတင်ရိတ်သိမ်းလျက်ရှိကြောင်း သိရှိရပါသည်။ယခင်နှစ်တွင် မိုးရွာသွန်းမှုအနေဖြင့် ဇွန်လမှသာ မိုးစတင်ရွာသွန်းခဲ့သောလည်း ယခုနှစ်တွင် မေလဆန်းမှစတင်ကာ မိုးများစတင်ရွာသွန်းခဲ့သည့်အတွက် တောင်သူများအနေဖြင့် ယခုနှစ်တွင် မေလကုန်အတွင်း နှမ်းများကြဲပတ်စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ နှမ်းများပေါင်းထိုးပြီး ပွင့်ဖူးဝင်ချိန် ဇွန်၊ ဇူလိုင်လများတွင်  မိုးရွာသွန်းမှုနည်းပါးခဲ့သည့်အတွက်အထွက်နှုန်းလျော့နည်းနိုင်ကြောင်း၊ သို့ရာတွင် ယခုနှစ်နှမ်းဈေးမှာ ယခင်နှစ်ကထက် နှစ်ဆနီးပါးဖြစ်၍ တောင်သူများ အထိုက်အလျောက်အမြတ်အစွန်းရနိုင်မည်ဖြစ်ကြောင်း တောင်သူဦးထွန်းမြင့်၏ပြောပြချက်အရ သိရှိရပါသည်။

            ဘုရားပြိုကျေးရွာရှိ တောင်သူအများစုမှာ စမုံနက်၊ နှမ်းဖြူများဖြစ်သည့် ခြုံကျော်၊ ရင်မနိုင်၊ ဇုန်တက်မျိုးများနှင့် နှမ်းအနီမျိုးများဖြစ်သော ခွေးလေးနီ၊ ရက် (၆၀) နှမ်းမျိုးများကို စိုက်ပျိုးကြပါကြောင်း၊ ယခုစတင်ရိတ်သိမ်းသောနှမ်းမှာ ရက် (၆၀) မျိုးဖြစ်ပါကြောင်း၊ ထွက်နှုန်းအနေဖြင့် မိုးဦးမိုးမှာ မေလကုန်အထိသာရွာသွန်းပြီး ဇွန်လနှင့်ဇူလိုင်လမှာ မိုးရွာသွန်းမှုနည်းပါးတဲ့အတွက် မိုးနှမ်းအထွက်နှုန်းမှာ (၄.၅) တင်းခန့်သာရရှိကြောင်း၊ ယခင်နှစ်က မိုးနှမ်းအထွက်နှုန်းမှာ (၆.၅) တင်းနှုန်းရရှိကြောင်း၊ ယခုနှစ်နှမ်း (၁) တင်းစျေးနှုန်းမှာ စမုံနက် (၁) တင်းကို (၇၄၀၀ဝိ/-)၊ နှမ်းနီ (၁) တင်း း(၆၀၀၀ဝိ/-)၊ နှမ်းပြာ (၁) တင်း း(၆၀၀၀ဝိ/-) နှင့် နှမ်းဖြူ (၁ )တင်း (၇၀၀၀ဝိ/-)စျေး ရသည့်အတွက် အထွက်နှုန်းနည်းပေမယ့် စျေးကောင်းရရှိသဖြင့် အကျိုးအမြတ်ရှိကြောင်း တောင်သူ ဦးထွန်းမြင့်ထံမှ သိရှိရပါသည်။

DOCA(မကွေး)

တောင်တွင်းကြီးမြို့နယ်တွင် မိုးနှမ်းများ စတင်ရိတ်သိမ်းလျက်ရှိ

            မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် မေလဆန်းမှစတင်ကာ မိုများရွာသွန်းခဲ့၍ တောင်သူများအနေဖြင့် မိုးနှမ်းများစတင်စိုက်ပျိုးခဲ့ပြီး ယခုအချိန်တွင် ရိတ်သိမ်းလျက်ရှိကြောင်း သိရှိရပါသည်။

          ၂၀၂၁ ခုနှစ်တွင် မိုးရွာသွန်းမှုအနေဖြင့် ဇွန်လမှာ မိုးစတင်ရွာသွန်းခဲ့ပြီး ယခုနှစ်တွင် မေလဆန်းမှစ၍ မိုးများစတင်ရွာသွန်းခဲ့သည့်အတွက် တောင်သူများအနေဖြင့် မေလကုန်အတွင်း နှမ်းများကြဲပတ်စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ တောင်သူအများစုမှာ စမုံနက်(ခေါ်) နှမ်းနက်၊ နှမ်းအဖြူများဖြစ်သည့် ခြုံကျော်၊ ရင်မနိုင်၊ ဇုန်တက်မျိုးများနှင့် နှမ်းအနီမျိုးများဖြစ်သည့် ခွေးလေးနီ စသည့် ရက်ပေါင်း (၆၀) နှမ်းမျိုးများကို စိုက်ပျိုးကြကြောင်း၊ ယခုစတင်ရိတ်သိမ်းနေသောမျိုးမှာ ရက်ပေါင်း း(၆၀) မျိုးဖြစ်ပါကြောင်း၊ အထွက်နှုန်းအနေဖြင့် မိုးဦးမိုးမှာ မေလကုန်အထိသာ ရွာသွန်းပြီး ဇွန်လနှင့် ဇူလိုင်လမှာ မိုးရွာသွန်းမှုနည်းပါးသည့်အတွက် ခန့်မှန်းသလောက်ရမည်မထင်ပါကြောင်း၊ ယခု လတ်တ‌လောဈေးနှုန်းမှာ စမုံနက် (၁) တင်း း(၇၄၀၀ဝိ/)၊ နှမ်းနီ (၁) တင်း(၆၀၀၀ဝိ/)၊ နှမ်းပြာ (၁) တင်း (၆၀၀၀ဝိ/)နှင့် နှမ်းဖြူ (၁) တင်း (၇၀၀၀ဝိ/) ဈေးရှိပါကြောင်း၊ ရွာမနားကျေးရွာမှ တောင်သူ ဦးစိန်မောက်ထံမှ သိရှိရပါသည်။

          တောင်တွင်းကြီးမြို့နယ်တွင် မိုးနှမ်းစိုက်ပျိုးရန် လျာထားဧက (၉၉၃၉၅) ဧကရှိပြီး (၁၀၆၂၀၃) ဧကစိုက်ပျိုးနိုင်ခဲ့၍ လျာထားချက်ထက် (၆၈၀၈) ဧက ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မကွေး)

                   

မကွေးမြို့၊ ကန်သာစျေးတွင် ဆီကုန်သည်များအသင်းမှ စီစဉ်၍ စားအုန်းဆီများ သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးခဲ့

           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် စားသုံးဆီတင်သွင်း၊ သိုလှောင် ၊ ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီကို ဖွဲ့စည်းပြီး ပြည်ပမှ တင်သွင်းလာသည့် စားသုံးဆီများ သတ်မှတ် အရည်အသွေး ၊ စံချိန်စံညွှန်းများနှင့် ပြည့်မှီစေရေး၊ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့် ညီညွှတ်သော စားသုံးဆီများကို သုံးစွဲနိုင်ရေး၊ စျေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူစားသုံးနိုင်ရေး ၊ စားအုန်းဆီ ကမ္ဘာ့စျေးနှုန်း ဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ဖြစ်သင့်ဖြစ်ထိုက်သည့် စျေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျှက်ရှိရာ မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊  တိုင်းဒေသကြီး ဦးစီးမှူး၏လမ်းညွှန်မှုဖြင့်  (၃.၈.၂၀၂၂)ရက်နေ့နံနက် (၀၉:၀၀)နာရီတွင် မကွေးမြို့ကန်သာစျေး၌ ကုမ္ပဏီများမှ ဖြန့်ဖြူးရောင်းချပေးသောဆီများကို မကွေးမြို့ ဆီကုန်သည်များနှင့် လုပ်ငန်းရှင်များအသင်းမှ  စျေးကားဖြင့် စားအုန်းဆီ(၁)ပိဿာ (၄၀၀ဝိ/-)ကျပ်ဖြင့် လူတစ်ဦးလျှင် (၁)ပိဿာနှုန်း ရောင်းချနေမှုအား မကွေးခရိုင်ဦးစီးမှူး ဒေါ်တင်တင်လှ (လက်ထောက်ညွှန်ကြားရေးမှူး)၊ ဦးဆောင်သောအဖွဲ့မှ သွားရောက် စစ်ဆေးကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးကြီးကြပ်ရာ၌ စားသုံးသူပြည်သူများ အဆင်ပြေချောမွေ့စွာ ဝယ်ယူနိုင်ရေး စားအုန်းဆီစျေးနှုန်းနှင့် အရည်အသွေးမှန်ကန်မှုရှိစေရေး အလေးချိန်ပြည့်ဝ မှန်ကန်မှုရှိစေရေး၊ စားအုန်းဆီ ဝယ်ယူရာတွင် စနစ်တကျရှိစေရေး ကြပ်မတ်ဆောင်ရွက်ခဲ့ပါသည်။ မကွေးမြို့၊ ဆီကုန်သည်များနှင့် လုပ်ငန်းရှင်များအသင်းမှ ပြည်သူများသက်သာသောဈေးနှုန်းဖြင့် ဝယ်ယူနိုင်ရေး (၁၈.၇.၂၀၂၂)ရက်နေ့မှ (၂၃.၇.၂၀၂၂)ရက်နေ့အထိ ဈေးကားများဖြင့် ချမ်းမြေ့သာယာ၊ အေးမြသာယာ၊ ဘူတာရပ်ကွက်၊ ရန်ပယ်ဈေး၊ ရန်ကင်းဈေး၊ ဝါးတောချောင်း၊ မြင်းကင်း၊ ချောင်းဖြူ၊ သန်းတောကုန်း ကျေးရွာများတွင် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။ ပြင်ပတွင်စားအုန်းဆီဈေးနှုန်းကြီးမြင့်နေချိန် နိုင်ငံတော်အစိုးရနှင့် ဆီလုပ်ငန်းရှင်တို့၏ ပူးပေါင်းစီစဉ်မှုဖြင့် စားအုန်းဆီများကို သက်သာသောဈေးနှုန်း ဖြင့် ရောင်းချပေးခဲ့မှုအပေါ် မကွေးမြို့ပြည်သူများမှ အထူးကျေးဇူးတင် ဝမ်းမြှောက်လျှက်ရှိကြကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ကသာမြို့တွင် ခရမ်းချဉ်သီးဈေးနှုန်း ကျဆင်းလျက်ရှိ

            ဩဂုတ်လပထမပတ်တွင် ကသာမြို့အတွင်း ရောင်းချလျက်ရှိသော  ခရမ်းချဉ်သီးဈေးနှုန်းများ  အနည်းငယ် ကျဆင်းခဲ့ကြောင်းသိရသည်။ လတ်တလော ဈေးကွက်အတွင်းဖြစ်ပေါ်နေသော ခရမ်း ချဉ်သီးဈေးနှုန်းများမှာ လက်လီတစ်ပိဿာလျှင် (၁၂၀၀)ကျပ်မှ (၁၅၀၀)ကျပ်၊ လက်ကား တစ်ပိဿာ လျှင် (၁၀၀၀)ကျပ်မှ (၁၃၀၀)ကျပ် ရှိပြီး ယခင်တစ်ပတ်အတွင်း လက်လီ တစ်ပိဿာ (၁၅၀၀)ကျပ်မှ (၂၀၀၀)ကျပ်၊ လက်ကားတစ်ပိဿာ (၁၂၀၀)ကျပ်မှ (၁၅၀၀)ကျပ်ဖြစ်သည့်အတွက် ကာလတူဈေးနှုန်း နှိုင်းယှဉ်ကြည့်ပါက ယခုတစ်ပတ် ခရမ်းချဉ်သီးဈေးနှုန်းမှာ (၃၀၀)ကျပ်မှ (၅၀၀)ကျပ်ထိ ကျဆင်းလျက် ရှိကြောင်း ခရမ်းချဉ်သီးရောင်းချသူများထံမှ သိရှိရသည်။

            မြို့နယ်အတွင်းသို့ ခရမ်းချဉ်သီး ဝင်ရောက်မှုအနေဖြင့် ယခုတစ်ပတ်အတွင်း ကသာမြို့တွင်းသို့ မန္တလေး၊ မုံရွာဘက်မှ ပိဿာ(၂၀)ပါ သေတ္တာအလုံး (၅၀)ခန့် ဝင်ရောက်ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

တမူးမြို့နယ်စပ်စခန်း၏ ကုန်သွယ်မှုအခြေအနေ

          စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ တမူးမြို့၊ နယ်စပ်ကုန်သွယ်ရေးစခန်းမှ ( ၇/၂၀၂၂ ) လ အတွင်း ပို့ကုန် အမေရိကန်ဒေါ်လာသန်း ( .၇၇၅ ) သွင်းကုန် အမေရိကန်ဒေါ်လာသန်း ( .၈၁၂ ) စုစုပေါင်း အမေရိကန် ဒေါ်လာသန်း ( .၅၈၇ ) အမေရိကန်ဒေါ်လာ ရှိခဲ့ပြီး၊ ပို့ကုန်ပစ္စည်းများ အနေဖြင့် စီးကရက်၊ နန်းဖာလုံကုန်စုံများ၊ ကွမ်းသီးနှင့် မက်မွန်သီးများဖြစ်ကြပြီး သွင်းကုန် အနေဖြင့် ဓါတ်မြေသြဇာ၊ ဂျုံမှုန့်၊ ဆံပင်များ ဖြစ်ပါသည်။ ဇူလိုင်လအတွင်း နယ်စပ်ကုန်သွယ်ရေး စခန်းမှ ပို့ကုန်လျာထားချက်အနေဖြင့် အမေရိကန်ဒေါ်လာ ၄.၃၀၀ သန်း ဖြစ်ပြီး အမှန်တကယ် ပို့ကုန်အနေဖြင့် အမေရိကန်ဒေါ်လာ ၀.၇၇၅ သန်း တင်ပို့နိုင်ခဲ့သည့်အတွက် လျာထားချက်ထက် အမှန်တင်ပို့နိုင်မှုမှာ ရာခိုင်နှုန်းအနေဖြင့် ၁၈.၀၂ % သာ ရှိခဲ့ပါသည်။ သွင်းကုန်လျာထားချက်အနေဖြင့် အမေရိကန်ဒေါ်လာ ၀.၂၀၀ သန်း ဖြစ်ပြီး အမှန်တကယ် တင်သွင်းနိုင်မှုအနေဖြင့် အမေရိကန်ဒေါ်လာ ၀.၈၁၂ သန်း အမှန်တင်သွင်း နိုင်ခဲ့ပြီး ရာခိုင်နှုန်းအနေဖြင့် ၄၀၆.၀၀%  ရှိခဲ့ပါသည်။ ဇူလိုင်လအတွင်း ပို့ကုန်ပမာဏထက် သွင်းကုန်ပမာဏပိုမိုခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း