အုတ်တွင်းမြို့နယ် မတ်ပဲနှင့်ပဲတီစိမ်းစိုက်ပျိုးထွက်ရှိမှုနှင့် ဒေသပေါက်ဈေးအခြေအနေ
ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်အုတ်တွင်းမြို့နယ်တွင် ယခုနှစ်မိုးစပါးအပြီး ဆောင်းသီးနှံအဖြစ် မတ်ပဲ ၁၉၃၉ ဧက စိုက်ပျိုးရန် လျာထားလျက်ရှိရာ လျာထားချက်အတိုင်း စိုက်ပျိုး နိုင်ခဲ့ပါသည်။ ယခုအခါတွင် စိုက်ဧကများအားလုံး ရိတ်သိမ်းပြီးစီးပြီးဖြစ်ပါသည်။ တောင်သူဦးကြီးများ၏ ပြောပြချက်အရ တစ်ဧကလျှင် ပျှမ်းမျှ ၁၅ တင်းနှုန်းခန့်ထွက်ရှိကြောင်း၊ ယခင်နှစ်ကထက် အထွက်နှုန်းအနည်းငယ် ကျဆင်းကြောင်းသိရှိရပါသည်။
ယခုနှစ် မတ်ပဲအထွက်နှုန်းကျဆင်းရခြင်းမှာ သွင်းအားစုများ ဈေးကြီးမြင့်သဖြင့် တောင်သူများက သွင်းအားစုများကို လျှော့ချသုံးစွဲကြခြင်းကြောင့်ဖြစ်ပါသည်။ ထွက်ရှိသောမတ်ပဲများကို ပွဲရုံများသို့ ရောင်းချကြပါသည်။ ယခင်နှစ်က မတ်ပဲတစ်တင်းလျှင် ၄၆၀၀၀ ကျပ်ရောင်းချရပြီး ယခုနှစ်တွင် မတ်ပဲတစ်တင်းလျှင် ၆၀၀၀၀ ကျပ် ဈေးရှိပါသည်။
ပဲတီစိမ်းကို ၂၅၇ ဧက စိုက်ပျိုးပြီး မြေအမျိုးအစားပေါ်မူတည်၍ တစ်ဧကလျှင် ၁၅ တင်းမှ ၂၂ တင်းအထိ ထွက်ရှိကြောင်း အထွက်နှုန်းမှာ ယခင်နှစ်ကထက် ကွာခြားမှုမရှိကြောင်း သိရှိရပါသည်။ ယခင်နှစ်ကပဲတီစိမ်းတစ်တင်းလျှင် ၅၈၀၀၀ ကျပ်ရှိပြီး ယခုနှစ်တွင် ၆၇၀၀၀ ကျပ် ရောင်းချရကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)