ငရုတ်သီးသည် အိမ်ရှင်မများဟင်းချက်ရာတွင် မပါမဖြစ်အသုံးပြုရသော စားဖိုဆောင်သီးနှံဖြစ်ပါသည်။ ဗီတာမင်စီကြွယ်ဝပြီး၊ ဗီတာမင် (အေ၊ ဘီ၊ အီး)၊ ကယ်လ်စီယမ်နှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများပါဝင်သော ာအသီးလည်းဖြစ်ပါသည်။ ကြိုက်နှစ်သက်သူများအနေဖြင့် အသုပ်များကို သုပ်စားသည့်အခါတိုင်းတွင် ငရုတ်သီးစိမ်းနှင့်တွဲစားတတ်ကြပြီး မကြိုက်သူများမှာ အစပ်ကိုကြောက်သောကြောင့် သေချာရွေးဖယ်၍ စားတတ်ကြပါသည်။ “တန်ဆေး လွန်ဘေး”ဆိုသကဲ့သို့ ချင့်ချိန်စားသုံးနိုင်မည်ဆိုပါက လူတို့အတွက် ကျန်းမာရေးနှင့်သင့်လျော်သည့် သီးနှံဖြစ်ပါသည်။
ဟင်္သာတခရိုင်၌ ငရုတ်သီးနှံကို ရှေးဘိုးစဉ်ဘောင်ဆက်တည်းက မိမိတို့အိမ်၌သာ စားသုံးဖို့စိုက်ပျိုးလာခဲ့ရာမှ ယခုအခါ ဒေသတွင်းရောင်းချရန်နှင့် ပြည်ပတင်ပို့ရန်အတွက်ပါ စိုက်ပျိုးလာကြပါသည်။ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်ရှိ မြေနုကျွန်းများသည် ကျောက်ရဲ၊သဲရိုး၊ ဘိုးလင်းကျွန်း၊ ပဲကြီးကျွန်း၊ သက္ကယ်ပြင်၊ အေးရွာ၊ ကြွက်ကျွန်း၊ နန်းတော်ကျွန်း၊ သာယာစု၊ သူဌေးကုန်း၊ လက်ပံလှ၊ သဲတော စသည့်ဒေသများတွင် အများဆုံးစိုက်ပျိုးကြပါသည်။ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်ရှိ ညောင်ကျိုးအုပ်စုထဲတွင်ပါဝင်သော ချင်းကုန်း၊ ညောင်ကုန်း၊ ကျောင်းကုန်း၊ ရဲဘော်ကျွန်း၊ စံပြ၊ ဘုရားကျွန်း၊ လက်ကြားကုန်းရွာများတွင် အများဆုံးစိုက်ပျိုးကြလေ့ရှိပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ငရုတ်စိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်း၏ အတွင်းရေးမှူးဖြစ်ပြီး ဟင်္သာတမြို့နယ်၊ ငရုတ်စိုက်ပျိုးထုတ်လုပ်သူများအသင်း၏ အတွင်းရေးမှူးလည်းဖြစ်သည့် ဦးကိုကိုအား (၂၈-၂-၂၀၂၃) နေ့တွင် တွေ့ဆုံပြီး ငရုတ်စိုက်ပျိုးထုတ်လုပ်မှုနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးမေးမြန်းခဲ့ရာ ယခုနှစ်တွင် ဟင်္သာတခရိုင်နှင့် မြန်အောင်ခရိုင်တို့တွင် စုစုပေါင်း ဧက ၁၀၀၀၀ခန့်ရှိကြောင်း၊ ယခုနှစ်ထူးခြားချက်အနေဖြင့် ကိုင်းစိုက်တောင်သူများအားလုံးမှာ ငရုတ်စိုက်ကြကြောင်း၊ သို့သော် ယခင် ၃ဧကစိုက်သူက ၂ဧကသာစိုက်ပျိုးကြောင်း၊ ယခင် ၁ဧကစိုက်သူက ယခုတွင် ဧကတစ်ဝက်သာလျှင် ပဲစိုက်ပါကြောင်းနှင့် ဈေးကောင်းသည့်ပဲတီစိမ်း(အနီ)နှင့် ပဲယင်းအနီများကို စိုက်ပျိုုးလာကြ၍ ငရုတ်စိုက်ဧကနည်းသွားပါကြောင်း ပြောကြားချက်အရ သိရှိရပါသည်။
ဟင်္သာတနှင့် အင်္ဂပူဒေသများ၌ ငရုတ်သီးကို စိုက်ပျိုးချိန်သည် မြေနုကျွန်းများတွင် မြစ်ရေကျချိန်ဖြစ်၍ စက်တင်ဘာလ၌ စတင်စိုက်ပျိုးပြီး နိုဝင်ဘာကုန်၌ စတင်ပေါ်ပါကြောင်း၊ မြေနုကျွန်းအား ရေပြန်မမြုပ်မချင်း အမြဲမပြတ်ခူးနိုင်ပါကြောင်း၊ စိုက်ပျိုးသည့်အမျိုးအစားမှာ သီးသည့်အခါတွင် အညှာမှစတင်၍ မိုးပေါ်သို့ထောင်သီးသော မိုးထောင်မျိုးနှင့် အညှာမှစတင်၍ အောက်သို့တွဲလဲသီးသည့် အောက်ဆွဲမျိုးများကို စိုက်ပျိုးကြပါကြောင်း၊ ယခင်က ဒေသမျိုးများကို စိုက်ပျိုးလာခဲ့ရာမှ ယခုအခါ Hybrid မျိုးများကိုပါ စိုက်ပျိုးလာကြပါကြောင်း၊ အောက်ဆွဲအမျိုးအစားတွင် မြှားနီပဒေသာ၊ သာမို ၁၅၊ အင်ဒီယမ်၊ စူပါရက် -၂ မျိုးများကို စိုက်ပျိုးပါကြောင်းနှင့် မိုးထောင်အမျိုးအစားတွင် 777၊ Sun Shine၊ Star Horse၊ 004၊ Spark မျိုးများကို စိုက်ပျိုးကြကြောင်း သိရှိရပါသည်။
ထုတ်လုပ်ရောင်းချသူများအနေဖြင့် အောက်ဆွဲငရုတ်မျိုးကို ငရုတ်သီးခြောက်အဖြစ်သာ ထုတ်လုပ်ရောင်းချပြီး၊ မိုးထောင်ငရုတ်မျိုးကို အစိမ်း၊ အမှည့်စို၊ ငရုတ်သီးခြောက်ဟူ၍ သုံးမျိုးထုတ်လုပ်ရောင်းချကြပါကြောင်း၊ မိုးထောင်စိုက်တောင်သူများသည် အစိမ်းဈေးကောင်းချိန်၌ အစိမ်းခူးရောင်းပြီး၊ အစိမ်းဈေးကျလာပါက အမှည့်စိုအဖြစ် ထုတ်လုပ်ရောင်းချကြပြီး၊ အမှည့်စိုဈေးကိုမကြိုက်ပါက အမှည့်ခြောက်အဖြစ် ထုတ်လုပ်ရောင်းချကြပါကြောင်း၊ ငရုတ်သည် စတင်စိုက်ပျိုးပြီး ရက်(၉၀) ခန့်တွင် စတင်သီးပါကြောင်း၊ အစိမ်းကို စတင်သီးပြီး ရက် ၃၀ မှ ၄၅ ရက်အတွင်း ရက်ပတ်အလိုက် ခူးပြီးရောင်းချပါကြောင်း၊ အမှည့်စိုကို စတင်မှည့်ချိန်၏ ၄၅ ရက်သားတွင် ခူး၍ရောင်းချကြပါကြောင်းနှင့် အမှည့်ခြောက်ကိုမူ စတင်မှည့်ချိန်၏ ၄၅ ရက် သားမှစတင်ခူးပြီး နေလှန်း၍ အသီးခြောက်အဖြစ် ရောင်းချကြပါကြောင်း သိရှိရပါသည်။
စိုက်ပျိုးထွက်ရှိမှုအနေဖြင့် အောက်ဆွဲငရုတ်တစ်ဧကလျှင် တစ်ရာသီ၌ အသီးခြောက်ပိဿာ ၇၀၀ မှ ၁၀၀၀ ကြား ထွက်ရှိပါကြောင်း၊ မိုးထောင်ငရုတ်မှာ အစိမ်းခူး၊ အမှည့်စိုနှင့် အသီးခြောက်တို့ကို ဈေးအးပေါ်လိုက်၍ ခူးဆွတ်ကြသည့်အတွက် အထွက်နှုန်းမှန်းချေပျမ်းမျှပိဿာမှာ ၇၀၀ မှ ၉၀၀ ကြားထွက်ရှိပါကြောင်း၊ ငရုတ်တစ်ဧကစိုက်ပျိုးရန်အတွက် မျိုးစေ့ ၅ ဂရမ် အထုပ် ၂၀ ခန့်ပျိုးရပြီး တစ်ထုပ်လျှင် ၁၂၀၀၀ ကျပ်ခန့်ရှိသည့်အတွက် မျိုးတန်ဖိုးမှာ ၂၄၀၀၀၀ ကျပ်ခန့်၊ မြေပြင်ရန်အတွက် ထယ် ၂ထပ် ၊ ဒါးကြမ်း ၁ထပ်ထွန်ပါက မြေပြင်ခမှာ တစ်ဧကလျှင် ၄၀၀၀၀၀ ကျပ်ခန့်၊ စိုက်ခအတွက်တစ်ဧကလျှင် လူ ၁၉ ယောက်ကို တစ်ယောက် ၆၀၀၀ ကျပ်နှုန်းဖြင့် ၁၁၄၀၀၀ ကျပ်ခန့်ရှိပါကြောင်း၊ ရေတင်ရန်အတွက် စက်တင်ဘာလ၊ အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် တစ်လလျှင် တစ်ကြိမ်၊ ဇန်နဝါရီလ၊ ဖေဖော်ဝါရီလ၊ မတ်လနှင့် ဧပြီလများတွင် တစ်လလျှင် သုံးကြိမ်ခန့်ရေတင်ရပါကြောင်း၊ တစ်ဧကအတွက် ဓာတ်ဆီဂါလံ ၅၀ ဖိုးမှာ ၅၀၀၀၀၀ ကျပ်ခန့်၊ တစ်ဧကလျှင် ကွန်းပေါင်းမြေဩဇာ ၂အိတ်နှင့် ပုလဲ ၃အိတ်ခန့် သုံးရပါကြောင်းနှင့် သွင်းအားစုအတွက် ၄၀၀၀၀၀ကျပ်ခန့်၊ ခူးခနှင့်ပိုးသတ်ဆေး၊ အပင်ရောဂါကာကွယ်ဆေးဖိုးများကိုထည့်တွက်ပါက ငရုတ်တစ်ဧကလျှင် ကုန်ကျစရိတ်မှာ ကျပ်သိန်းနှစ်ဆယ်ခန့်ကုန်ကျပါကြောင်း သိရှိရပါသည်။
ယခု ငရုတ်သီးအခြောက်တစ်ပိဿာဈေးမှာ ပျမ်းမျှအားဖြင့် ၁သောင်းကျပ်ခန့်ရှိသည့်အတွက် တစ်ဧကအထွက်နှုန်းတွင် ငရုတ်သီးခြောက်ပိဿာ ၇၀၀ ခန့်ဖြင့်တွက်ပါက ငရုတ်တစ်ဧကလျှင် ကျပ်သိန်း ၇၀ခန့်ရရှိပြီး တစ်ဧကကုန်ကျစရိတ်မှ ကျပ်သိန်း၂၀ကို နုတ်ပါက ကျပ်သိန်း၅၀ခန့် အကျိုးအမြတ်ရရှိနိုင်မည်ဖြစ်ပါသည်။ သို့သော် စတင်စိုက်ပျိုးချိန် စက်တင်ဘာလမှ နောက်ဆုံးခူးဆွတ်ချိန် ဧပြီလကုန်အထိ ရှစ်လအတွင်း ပြုစုဂရုစိုက်ရသည့် သီးနှံဖြစ်သည့်အပြင် ပိုးကျခြင်း၊ ဈေးကျခြင်းတို့ဖြင့် တွေ့ကြုံရပါက တောင်သူတို့အရှုံးပေါ်ခဲ့သော နှစ်များလည်းရှိပါကြောင်း အတွင်းရေးမှူး ဦးကိုကိုက ပြောကြားပါသည်။
အောက်ဆွဲငရုတ်မှာ ပြည်တွင်းသုံးစွဲမှုများပြားပြီး မိုးထောင်ငရုတ်မှာ ပြည်ပအဝယ်ရှိသောအမျိုးအစားဖြစ်ကာ ထိုင်း၊ မလေးရှားနှင့် တရုတ်နိုင်ငံတို့သို့ တင်ပို့ရောင်းချရကြောင်း၊ အထူးသဖြင့် ထိုင်း- မြန်မာ နယ်စပ်မြို့ဖြစ်သော မြဝတီမှတစ်ဆင့် ထိုင်းနိုင်ငံသို့ အများဆုံးတင်ပို့ရောင်းချကြပါကြောင်း၊ မြဝတီတွင် ငရုတ်ဒိုင်နှင့် အအေးခန်းများရှိကာ အစိမ်းနှင့်အမှည့်ခြောက်များကို အအေးခန်းကွန်တိန်နာများဖြင့် တင်ပို့ရောင်းချရပြီး ပြီးခဲ့သည့်နှစ်များက ဟင်္သာတခရိုင်မှထွက်ရှိသော မိုးထောင်ငရုတ်၏ ၇၅ ရာခိုင်နှုန်းခန့်ကို တင်ပို့ရောင်းချရပါကြောင်းနှင့် ယခုနှစ်များတွင် ၂၅ ရာခိုင်နှုန်းခန့်သာ တင်ပို့ရပါတော့ကြောင်းလည်း ပြောကြားပါသည်။ ဟင်္သာတခရိုင်မှ မိုးထောင်ငရုတ်များကို ညောင်းတုန်းမြို့နယ်၊ ဆားမလောက်ရှိ အအေးခန်များတွင်လည်း တစ်ဆင့်သိုလှောင်၍ ခြင်းသွပ်ပြီး မြဝတီသို့ တင်ပို့ရောင်းချခဲ့ကြောင်း သိရှိရပါသည်။ ပြည်ပအဝယ်များသောနှစ်များတွင် ငရုတ်ဈေးပိုကောင်းပြီး တောင်သူတို့အတွက် ပိုမိုအကျိုးရှိပါကြောင်းလည်း သိရှိရပါသည်။
ဟင်္သာတခရိုင်နှင့် မြန်အောင်ခရိုင်အတွင်းရှိ ငရုတ်စိုက်တောင်သူများအနေနှင့် ငရုတ်စတင်ပျိုးကတည်းက ကျတတ်သောစုပ်စားပိုးများဖြစ်သည့် ယင်ဖြူ၊ ပြ၊ မွှားပင့်ကူ၊ လှေး စသည့်ပိုးများကို စနစ်တကျနှိမ်နင်း၍ အပင်ရောဂါမကျစေရန် စနစ်တကျပုံမှန်ဂရုစိုက်ပြုပြင်ပြီး ကောင်းမွန်သောစိုက်ပျိုးရေးနည်းစနစ် (GAP) နည်းစဉ်များဖြင့် စိုက်ပျိုးနိုင်ပါက ဈေးကောင်းရရှိနိုင်မည်ဖြစ်ပါကြောင်း၊ ပြည်တွင်းရှိ City Mart များမှာ (GAP) စနစ်ဖြင့် စိုက်ပျိုးသော ငရုတ်သီးအမှည့်စိုများကို တင်ရောင်းလာကြသည့်အတွက် ငရုတ်စိုက်တောင်သူများအတွက် ဈေးကွက်ပိုမိုကျယ်ပြန့်လာပါကြောင်း၊ ပြည်ပသို့တင်ပို့ပါကလည်း (GAP) စနစ်သုံးသီးနှံများအနေဖြင့် ဈေးကွက်ယှဉ်ပြိုင်နိုင်ပြီး ဈေးကောင်းရနိုင်မည်ဖြစ်ပါကြောင်းတို့ကို ငရုတ်စိုက်တောင်သူလည်းဖြစ်၊ ဧရာဝတီ တိုင်းဒေသကြီး၏ ငရုတ်အသင်းအတွင်းရေးမှူးလည်းဖြစ်သူ ဦးကိုကို၏ပြောကြားချက်အရ ရေးသားလိုက်ရပါသည်။
DOCA(ဧရာဝတီ)