ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

စက်သုံးဆီဈေးကွက်တွင် ဓာတ်ဆီဈေးနှုန်းမြှင့်တက်ပြီး ဒီဇယ်ဆီဈေးနှုန်းကျဆင်းလျက်ရှိ

          လွိုင်ကော်မြို့တွင် စက်သုံးဆီအရောင်းဆိုင်များ ပုံမှန်ရောင်းချလျှက်ရှိပြီး စက်သုံးဆီလက်လီ ဈေးနှုန်းများမှာ နိုဝင်ဘာလတတိယပတ်အတွင်း ဒီဇယ်ရိုးရိုးတစ် လီတာကို (၂၆၈၀) ကျပ်၊ ဒီဇယ် (ပရီမီယမ်) တစ်လီတာကို (၂၇၅၅) ကျပ်၊ ဓါတ်ဆီ 92 တစ်လီတာ ကို(၂၁၆၅)ကျပ်နှင့် ဓါတ်ဆီ 95 တစ်လီတာကို (၂၂၆၅)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိပြီး ယခင် အောက်တိုဘာလတတိယပတ်အတွင်း ဒီဇယ်ရိုးရိုး တစ်လီတာကို (၂၈၀၅) ကျပ်၊ ဒီဇယ် (ပရီမီယမ်) တစ်လီတာကို(၂၈၈၀) ကျပ်၊ ဓါတ်ဆီ 92 တစ်လီတာကို (၂၀၇၀)ကျပ်နှင့် ဓါတ်ဆီ 95 တစ်လီတာကို (၂၁၃၅) ကျပ်သာရှိခဲ့ပြီး ယခု နိုဝင်ဘာ လတတိယပတ် နှင့် ယခင် အောက်တိုဘာလတတိယပတ်အတွင်း ဖြစ်ပေါ်နေသော ဈေးနှုန်းများကို နှိုင်းယှဉ်ကြည့်လျှင် ဓါတ်ဆီ 92 တစ်လီတာကို (၉၅)ကျပ်နှင့် ဓါတ်ဆီ (95) တစ်လီတာ ကို(၁၃၀)ကျပ် ဈေးနှုန်းမြှင့်တက်လျက်ရှိပြီး၊ ဒီဇယ်ရိုးရိုး တစ်လီတာကို (၁၂၅) ကျပ်၊ ဒီဇယ် (ပရီမီယမ်) တစ်လီတာကို (၁၂၅) ကျပ်ခန့် ဈေးနှုန်းကျဆင်းလျက်ရှိကြောင်းသိရှိရပါတယ်။

DOCA(ကယား)

ပြည်ကြက်သွန်နီဈေးမြင့်တက်နေ

           ပြည်ဈေးကွက်သို့ ကျောက်ပန်းတောင်းဘက်မှ ကြက်သွန်နီ (၂၅) ပိဿာဝင်ဆံ့ အိတ် ၁၅၀ ခန့်၊ ဆိပ်ဖြူဘက်မှ ကြက်သွန်နီအိတ် ၃၀၀ ခန့် အဝင်ရှိပြီး ဈေးနှုန်းမှာ ပွဲရုံလက်ကားဈေး (ကြီး/လတ်/ သေး) ကျပ် ၄၁၀၀-၃၉၀၀-၃၆၀၀ တို့ဖြင့် ရောင်းဝယ်မှုရှိနေပါသည်။ အရောင်းအဝယ်အနေဖြင့် ဝင်ရောက်မှု၏ ထက်ဝက်ခန့်ကို ပုံမှန်ဝယ်လက်များဖြင့် ရောင်းဝယ်မှုရှိနေပြီး ပြည်မြို့ဒေသတွင်း လက်လီဈေးများတွင် (ကြီး/လတ်/သေး)ကျပ် ၄၆၀၀-၄၄၀၀-၄၂၀၀ တို့ ရှိသဖြင့် ယခင်နိုဝင်ဘာ လဆန်းကာလများထက် တစ်ပိဿာလျှင် ပျမ်းမျှ ကျပ် ၅၀၀ ခန့် ဈေးနှုန်းများမြင့်တက်သွားကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ဒေသ၏ ပန်းဂေါ်ဖီဈေးကွက်

         ဟင်းသီးဟင်းရွက်အုပ်စုဝင်ဖြစ်သော ပန်းဂေါ်ဖီသည် စားသုံးသူများက ရာသီပေါ် အစားအစာအဖြစ် စားသုံးမှုများကြပါသည်။ ပန်းဂေါ်ဖီသည်  ပြည်မြို့ရှိ ဈေးကြီးအပါအဝင် ကျန်ဈေးများတွင် အောက်တိုဘာလကုန်နှင့် နိုဝင်ဘာလဆန်းပိုင်းမှစ၍ ဝင်ရောက်လာပြီး စတင်ရောင်းချလျက်ရှိပါသည်။ ပန်းဂေါ်ဖီသည် အေး၍စိုစွက်သောရာသီဥတုကို ကြိုက်နှစ်သက်သဖြင့် မြေပြန့်ဒေသများတွင် စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင်စိုက်ပျိုးပြီး၊ တောင်ပေါ်ဒေသများတွင် တစ်နှစ်ပတ်လုံးစိုက်ပျိုးကြပါသည်။ ယခုအချိန် ပြည်ဈေးကွက်သို့ဝင်ရောက်လာသော ပန်းဂေါ်ဖီများမှာ ရှမ်းပြည် တောင်ကြီးနှင့် အောင်ပန်းမြို့တို့မှ  ဝင်ရောက်လာသည်ဟု သိရှိရပါသည်။

       မြေပြန့်ဒေသများတွင် ယခုအချိန်သည် ပန်းဂေါ်ဖီများစိုက်ပျိုးနေချိန်ဖြစ်ပြီး စိုက်ပျိုးပြီး ရက် (၉၀) အကြာတွင် အပွင့်များကိုခူးဆွတ်ရမည်ဖြစ်သဖြင့် နိုဝင်ဘာလကုန်နှင့် ဒီဇင်ဘာလတွင် စတင်ခူးဆွတ်ရမည်ဖြစ်ကြောင်း သိရှိရပါသည်။ ပန်းဂေါ်ဖီစိုက်ပျိုးရာတွင် တစ်ဧကလျှင် အစေ့ပေါင်ဝက်ခန့်လိုအပ်ပြီး အပင်ပေါက်နှုန်းမှာ တစ်ဧကလျှင် အပင်ရေ ၁၂၀၀၀ ခန့်အထိစိုက်ပျိုးနိုင်ကြောင်း သိရှိရပါသည်။ ပြည်မြို့နယ်အနေဖြင့် ပန်းဂေါ်ဖီကို စီးပွားဖြစ်စိုက်ပျိုးကြသလို စိုက်ပျိုးသည့်ကျေးရွာများမှာ မှော်ဇာကျေးရွာ၊ ပြည်မြို့အနီးတဝိုက်ရှိကျေးရွာများနှင့် ပေါင်းတလည်မြို့ရှိ ခွေးရဲကျေးရွာတို့တွင် စိုက်ပျိုးကြပြီး ထွက်ရှိလာသောပန်းဂေါ်ဖီများကို ပြည်မြို့အတွင်းရှိ ဈေးများအပြင် ရန်ကုန်မြို့သို့လည်း တင်ပို့ရောင်းချကြပါသည်။ မြေပြန့်ဒေသများတွင် ပန်းဂေါ်ဖီများ လှိုင်လှိုင်ထွက်ပေါ်ချိန် ဆောင်းရာသီဖြစ်သော ဒီဇင်ဘာလနှင့် ဇန်နဝါရီလတို့တွင် ပုတီးကုန်း၊ သဲကုန်းနှင့်ရွှေတောင်ဘက်မှ ပန်းဂေါ်ဖီများ ဝင်ရောက်လာပြီး ဈေးပေါပေါဖြင့်ရောင်းချသဖြင့် စားသုံးသူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးကြပါသည်။

       ပန်းဂေါ်ဖီဈေးများမှာ ယခုအချိန်တွင် ပေါ်ဦးပေါ်ဖျားဖြစ်၍ ပန်းအပွင့်ကြီးတစ်ပွင့်လျှင် ၁၀၀၀-၁၂၀၀ ကျပ်၊ ပန်းပွင့်အလတ်တစ်ပွင့်လျှင် ၆၀၀-၇၀၀ ကျပ် နှင့် ပန်းပွင့်အသေးတစ်ပွင့်လျှင် ၄၀၀-၅၀၀ ကျပ်ဖြင့် ဈေးကောင်းရပြီး ရှမ်းပြည်ဘက်မှဝင်ရောက်လာသော ပန်းဂေါ်ဖီများဖြစ်သည်ဟု သိရှိိရပါသည်။ ပြည်မြို့ရှိဈေးများမှတစ်ဆင့် ရန်ကုန်မြို့နှင့် အခြားနယ်မြို့များသို့ ပြန်လည်တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။ စားသုံးသူများအနေဖြင့် ပန်းဂေါ်ဖီအပါအဝင် အခြားဟင်းသီးဟင်းရွက်များကို များများစားပေးခြင်းဖြင့် အဝလွန်ရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါ အပါအဝင် နာတာရှည်ရောဂါအမျိုးမျိုးလည်း သက်သာပျောက်ကင်းသည်ဟု သိရှိရပါသည်။

DOCA(ပဲခူး)

ကွမ်းဈေးကွက်ကောင်းမွန်သဖြင့် ကွမ်းစိုက်တောင်သူများအဆင်ပြေ

    မုံရွာခရိုင်၊ မုံရွာမြို့နယ်တွင် ကွမ်းကို မိမိတို့အိမ်ခြံဝင်းအတွင်း တစ်နိုင်တပိုင် အနေဖြင့်လည်းကောင်း၊ အပိုဝင်ငွေရရှိရန်အတွက်လည်းကောင်း စိုက်ပျိုးကြသည်။ ကွမ်းကို ဆောင်းစိုက်နှင့် မိုးစိုက်ဟူ၍ (၂)မျိုးခွဲ စိုက်ပျိုးကြပြီး မိုးစိုက်သည် ပိုးကျလွယ်သည့် အတွက် အစိုက်နည်းပြီး ဆောင်းစိုက်ကိုသာ ပိုမိုစိုက်ပျိုးကြသည်။

    ကွမ်းပင်များကို  ဝါဆိုလ(ဇွန်လ)တွင် စိုက်ပျိုးကြသည်။ ကွမ်းပျိုးပင်(၁)ပင်လျှင် (၄၀၀-၅၀၀) ကျပ်ပေးဝယ်ရပြီး တစ်ဧကလျှင် ကွမ်းပင် (၃၀၀၀)ခန့်စိုက်ပျိုးနိုင်ပါသည်။ စိုက်ပျိုးပြီး(၄)လခန့် အရွယ်တွင် ခူးဆွတ်နိုင်ပြီး အစမ်းခူးသည့် အချိန်တွင် ပိဿာ(၄၅-၅၀)ထွက်ရှိပြီး တစ်နှစ်ကျော်လျှင် အထွက်နှုန်းတိုးလာပြီး ပိဿာ(၂၀၀-၂၅၀)အထိထွက်ရှိပါသည်။ မြေပြုပြင်ခြင်း၊ မျိုး၊ စိုက်ပျိုးခြင်း၊ သွင်းအားစုနှင့် လုပ်သားခများအပါအဝင် ကွမ်းအပင်ရေ(၁၀၀၀)ခန့် စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ် မှာ ကျပ်(၁၅)သိန်းခန့်ကုန်ကျပြီး မြေဆီမြေသားကောင်းမွန်မှုနှင့် ဂရုစိုက်မှုပေါ်မူတည်၍ ကွမ်းသက်တမ်း ( ၃နှစ်မှ ၇နှစ်ထိ )ကြာမြင့်သောကြောင့် အကျိုးအမြတ်အနေဖြင့် ကျပ်(၃၀)သိန်းနှင့်အထက် ရရှိကြောင်း သိရှိရပါသည်။         

    မုံရွာမြို့နယ်ကွမ်းဈေးကွက်အနေဖြင့် နိုဝင်ဘာ ဒုတိယအပတ်တွင် ကွမ်းတစ် ပိဿာလျှင် (၅၀၀၀-၇၀၀၀)ကျပ် ဈေးရရှိပြီး နိုဝင်ဘာ တတိယအပတ်တွင် အရည်အသွေးပေါ် မူတည်ပြီး တစ်ပိဿာလျှင်အနိမ့်ဆုံးဈေး (၈၀၀၀)ကျပ်မှ အမြင့်ဆုံးဈေး (၁၀၀၀၀) ကျပ်အထိ ရောင်းချရပြီး အရောင်းအဝယ်သွက်ကာ ဈေးကောင်းရရှိနေသဖြင့် ကွမ်းစိုက်တောင်သူများ အဆင်ပြေနေကြောင်း တောင်သူများထံမှ စုံစမ်းသိရှိရပါသည်။  

DOCA(စစ်ကိုင်း)

                                 

ပြည်ခရိုင်တွင် နေကြာများစိုက်ပျိုးထုတ်လုပ်မှုနှင့်ဈေးနှုန်းဈေးကွက်

        ပြည်ခရိုင်အနေဖြင့် နေကြာကို မိုးနေကြာနှင့်ဆောင်းနေကြာဟူ၍ စိုက်ပျိုးကြပါသည်။ လူသားတို့အတွက် အဓိကကျသောအခြေခံစားကုန်မှာ ဆန်ဖြစ်ပြီး စားသုံးဆီမှာ ဒုတိယအရေးပါသော စားသောက်ကုန်ဖြစ်ပါသည်။ စားသုံးဆီဖူလှုံရန်အတွက် ဆီထွက်သီးနှံဖြစ်သော မြေပဲ၊ နှမ်းတို့ကို စိုက်ပျိုးကြသလို နေကြာသီးနှံသည်လည်း စားသုံးဆီဖူလှုံရေးအတွက် စိုက်ပျိုးသင့်သော ဆီထွက်သီးနှံတစ်မျိုးဖြစ်ပါသည်။ နေကြာသီးနှံကို စိုက်ပျိုးမည်ဆိုလျှင် မျိုးကောင်းမျိုးသန့်ဖြစ်သော ရေဆင်းစပ်မျိုးနေကြာနှင့် ဆင်းရွှေကြာ-၂ တို့ကို ရွေးချယ်၍ စိုက်ပျိုးသင့်ပါသည်။ နေကြာကို သီးသန့်ဖြစ်စေ၊ သီးညှပ်ဖြစ်စေ စိုက်ပျိုးကြပြီး လယ်မြေများတွင် စပါးစိုက်ပျိုးပြီးချိန်တွင် စိုက်ပျိုးကြသလို ယာမြေနှင့်ကိုင်းကျွန်းမြေများတွင် မိုးသီးနှံရိတ်သိမ်းပြီးချိန်တွင် စိုက်ပျိုးကြပါသည်။ နေကြာကို စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် စိုက်ပျိုးကြသလို၊ မြေအစိုဓါတ်ရရှိသော နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင်လည်း စိုက်ပျိုးကြပါသည်။ ပြည်ခရိုင်တွင် မိုးနေကြာစိုက်ဧကမှာ ၄၈၄ ဧကရှိပြီး ရိတ်သိမ်းဧကမှာ ၃၉၀ ဧက ရိတ်သိမ်းနိုင်ခဲ့ပါသည်။ အထွက်နှုန်းအနေဖြင့် ၁၁.၃၈ တင်းခန့်ထွက်ရှိပြီး အထွက်တင်းအနေဖြင့် ၄၄၃၇ တင်းထွက်ရှိသည်ဟု သိရှိရပါသည်။ ယခုအချိန်တွင် ဆောင်းနေကြာများ စတင်စိုက်ပျိုးနေပြီဖြစ်သဖြင့် ပေါက်ခေါင်းမြို့နယ်တွင် ၂၂ ဧက၊ ပန်းတောင်းမြို့နယ်တွင် ၁၁၇ ဧကနှင့် ရွှေတောင်မြို့နယ်တို့တွင် ၈၀ ဧက စိုက်ပျိုးပြီးဖြစ်ပါသည်။ ပြည်ခရိုင်အနေဖြင့် နေကြာစိုက်ပျိုးထုတ်လုပ်မှုနှင့် နေကြာဆီစိုက်ပျိုးထုတ်လုပ်နိုင်ရန် ဧကများထပ်မံတိုးချဲ့ စိုက်ပျိုးရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

     နေကြာသည် ရာသီဥတု၊ ရေ/မြေသဘာဝနှင့် အထူးသင့်လျော်ပြီး၊ စိုက်ပျိုးထုတ်လုပ်ကုန်ကျစရိတ်နည်းပါးခြင်း၊ အထွက်နှုန်းကောင်းမွန်ခြင်းနှင့် ဆီအထွက်နှုန်းကောင်းမွန်ခြင်းတို့ကြောင့် ပြည်တွင်းစားသုံးဆီဖူလှုံရေးအတွက် အထောက်အကူပြုသောသီးနှံဖြစ်ပါသည်။ ထွက်ရှိလာသောနေကြာစေ့များကို နီးစပ်ရာပွဲရုံများသို့လည်းကောင်း၊ ဆီစက်များသို့လည်းကောင်း တစ်တင်းလျှင် ၂၅၀၀၀ ကျပ်ဖြင့် ရောင်းချကြောင်း သိရှိရပါသည်။ ယခင်က ပြည်ပမှစားအုန်းဆီများ ဈေးနှုန်းချိုသာစွာဖြင့်တင်သွင်းလာသောကြောင့် နေကြာဆီကို စားသုံးမှုလျော့နည်းလာသဖြင့် နေကြာစိုက်ပျိုးထုတ်လုပ်သူ၊ နေကြာဆီကြိတ်ခွဲထုတ်လုပ်သူများ မရှိသလောက်နည်းပါးသွားကြောင်း သိရှိိရပါသည်။ ယခုနှစ်ပိုင်းတွင် ပြည်ပမှတင်သွင်းလာသော စားအုန်းဆီဈေးများမြင့်တက်လာသဖြင့် မြေပဲ၊ နှမ်းနှင့် နေကြာများသည် ဆီကြိတ်ခွဲထုတ်လုပ်မှုများလာခဲ့ပါသည်။ နေကြာဆီကြိတ်ခွဲထုတ်လုပ်ရာတွင် နေကြာတစ်တင်းကို ဆီကြိတ်ခွဲထုတ်လုပ်လျှင် နေကြာဆီ (၃) ပိဿာခန့် ထွက်ရှိပြီး၊ နေကြာကြိတ်ဖတ် (၅) ပိဿာခန့် ထွက်ရှိပါသည်။ နေကြာဆီတစ်ပိဿာလျှင် ၁၁၀၀၀ ကျပ်ဖြင့် ပြည်ဈေးကွက်တွင် ရောင်းချပြီး တစ်ချို့သောကျန်းမာရေးလိုက်စားသူများနှင့် ဆီးချို၊ သွေးချို၊ သွေးတိုးသမားများက ဝယ်ယူစားသုံးကြသဖြင့် မြေပဲဆီ၊ နှမ်းဆီတို့နှင့် ဈေးတန်း းတူနေကြောင်း သိရှိရပါသည်။ ထွက်ရှိလာနေကြာစေ့များကို နေကြာအစုအဖွဲ့များဖွဲ့စည်းပြီး ဆီစက်လုပ်ငန်းရှင်များနှင့် ကုန်သည်များထံသို့ ဒေသပေါက်ဈေးဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

တောင်သူများဝင်ငွေတိုးဖို့ နေကြာသီးနှံ စိုက်ပျိုးစို့

         မြန်မာနိုင်ငံသည် စိုက်ပျိုးရေးအခြေခံ နိုင်ငံတစ်နိုင်ငံဖြစ်သည့် အားလျော်စွာ စပါး၊  ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများအား အဓိကထား စိုက်ပျိုးလျက်ရှိသည်။ ဆီထွက်သီးနှံများအနက် နေကြာသည် မြန်မာ့ဆီ ဖူလုံရေးအတွက် တစ်ဖက်တစ်လမ်းက ပံ့ပိုးပေးသည့် သီးနှံလည်းဖြစ်သည်။ နေကြာသီးနှံသည် စားသုံးဆီအဖြစ်သော်လည်းကောင်း၊ မုန့်ပဲသရေစာအဖြစ်သော်လည်းကောင်း၊ ဆေးဝါးနှင့်‌ဆေးဝါးအထောက်ကူပြု ပစ္စည်းများအဖြစ်လည်းကောင်း၊ နိုင်ငံခြားတင်ပို့မှုတွင်လည်းကောင်း အရေးကြီးကဏ္ဍတွင် ပါဝင်လျက်ရှိသည်။ နေကြာသီးနှံသည် ကမ္ဘာ့စားသုံးဆီ အများဆုံးထုတ်လုပ်နိုင်သော သီးနှံများတွင်တစ်ခု အပါအဝင်ဖြစ်ပါသည်။

      နေကြာသီးနှံတွင် အဓိကအားဖြင့် အစေ့စားနေကြာနှင့် ဆီစားနေကြာဟူ၍ နှစ်မျိုးရှိပါသည်။ မြန်မာနိုင်ငံတွင် ဆီထွက်သီးနှံများအနက် နေကြာသီးနှံသည် စိုက်ပျိုးရသော မျိုးစေ့ပမာဏနှင့် ထွက်ရှိသော မျိုးစေ့ပမာဏ အချိုးအစား( Seed to Seed ) မြင့်မားခြင်း၊ စိုက်ပျိုးစရိတ်သက်သာခြင်း၊ တစ်ဧကအထွက်နှုန်းကောင်းခြင်း၊ ပိုးမွှားရောဂါနှင့် ရာသီဥတုဖောက်ပြန်သည့်အခါတွင်မူ ပျက်စီးမှုနည်းခြင်းတို့ကြောင့် တောင်သူများ ကြိုက်နှစ်သက်သည့် သီးနှံတစ်မျိုးဖြစ်ပါသည်။

   စစ်ကိုင်းတိုင်းဒေသကြီးတွင် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းအရ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် မိုးစိုက်ဧက(၄၂၄၄၇)ဧကနှင့် ဆောင်းစိုက်ဧက(၃၁၄၄၆၈)ဧက၊ စုစုပေါင်း(၃၅၆၉၁၅)ဧက စိုက်ပျိုးခဲ့ပါကြောင်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် အောက်တိုဘာလကုန်အထိ မိုးစိုက်ဧက (၄၃၇၉၃)ဧက စိုက်ပျိုးပါကြောင်း၊ စစ်ကိုင်းခရိုင်၊ ယင်းမာပင်ခရိုင်၊ မုံရွာခရိုင်နှင့် ရွှေဘိုခရိုင်တို့တွင် အများဆုံးစိုက်ပျိုးပြီး ယခုနှစ်တွင် မိုးစပါး မစိုက်ပျိုးနိုင်သည့်ဒေသများသည် နေကြာသီးနှံနှင့်  နှမ်းသီးနှံများ ပိုမိုစိုက်ပျိုးလာကြ ကြောင်း၊ မိုးနှောင်းကောင်းမွန်သောကြောင့် မိုးရေရရှိသဖြင့်  ကုန်ကျစရိတ်သက်သာသောကြောင့် တစ် ဧက စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်မှာ ကျပ်(၃)သိန်းခန့်သာကုန်ကျပါကြောင်း၊ ပေါက်ဈေးအနေဖြင့် ယခင်နှစ် အောက်တိုဘာလက တစ်တင်းလျှင် (၁၈၅၀၀)ကျပ်၊ ယခုနှစ် တစ်တင်းလျှင် (၄၃၂၀၀)ကျပ် ရရှိပါသဖြင့် ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်လျှင် (၂၄၇၀၀)ကျပ် ပိုမိုရရှိပါကြောင်း၊ တစ်ဧက ပျှမ်းမျှ အထွက်နှုန်းအနေဖြင့် (၁၈)တင်းထွက်ရှိပါသဖြင့် တစ်ဧကဝင်ငွေအနေဖြင့် ကျပ်(၈)သိန်းခန့် ရရှိပါသဖြင့် တစ်ဧကအကျိုးအမြတ်အနေဖြင့် ကျပ်(၅)သိန့်ခန့် ရရှိကြောင်း၊ တောင်သူများအတွက် တွက်ချေကိုက်သည့်သီးနှံဖြစ်ကြောင်း ဆူးလေကုန်း၊ ဘုမ္မနိုးနှင့် ကျွန်းသာယာကျေးရွာရှိ တောင်သူများထံမှ လေ့လာသိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

                                                                  

ပြည်မတ်ပဲသီးနှံဈေးလျော့သွားသော်လည်း ယခင်နှစ်ထက်ဈေးပိုရလျက်ရှိ

           ပြည်ပဲဈေးကွက်အတွင်း နိုဝင်ဘာလ ပဲဈေးနှုန်းအနေဖြင့် ပြည်ပဝယ်လိုအား ပဲသီးနှံဖြစ်သော မတ်ပဲသီးနှံဈေးလျော့နည်းလာခဲ့ကြောင်း သိရှိရပါသည်။  ပဲအသစ်အဝင်မရှိသော်လည်း လက်ကျန်ပဲအချို့ဖြင့် ရန်ကုန်ဝယ်လက်သမားဝယ်ယူမှုအပေါ်  အိတ် ၂၀၀/၃၀၀ ကျော် နေ့စဉ်ရောင်းဝယ်ခဲ့ကြရပြီး ပဲဈေးမှာ တစ်တင်း ၅၈၀၀၀ ကျပ်ဖြင့် ကျပ် ၆သောင်းအောက် လျော့နည်းရောင်းဝယ်နေခဲ့ကြရပါသည်။ မျိုးပဲဝယ်ယူသည့်ကာလ အောက်တိုဘာလအတွင်း မတ်ပဲသီးနှံတစ်တင်း ကျပ် ၆ သောင်းကျော်ရရှိနေခဲ့သော်လည်း ယခုကာလတွင် မျိုးပဲအဝယ်များလည်းပါးသွားပြီး ပုံမှန်ဝယ်လက်သာ အဝယ်ရှိခဲ့ကြကြောင်း  သိရှိရပါသည်။  ယခင်နှစ်က နိုဝင်ဘာလအတွင်း ပဲတစ်တင်း ၄၅၀၀၀ ကျပ် ရရှိခဲ့သည့်အတွက် ယခုနှစ်ဈေးလျော့သွားသည်ဆိုသော်လည်း ယခင်နှစ်ကာလတူ ဈေးထက်စာလျှင်  ဈေးပိုရလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ပဲတီစိမ်းသစ် ပဲအထွက်လှိုင်ချိန်ဖြစ်လို့ ဝင်ရောက်မှုများလာ

          ပြည်ပဲဈေးကွက်အတွင်း ပဲတီစိမ်းသစ်များ အဝင်များလာသောကြောင့် တစ်ရက်လျှင် အိတ် ၄၀၀/၅၀၀ ကျော် ပြည်အနီးတဝိုက်ဒေသများအပြင် ကံမမြို့နယ်ဘက်မှလည်း ဝင်ရောက်လျက်ရှိခဲ့ပါသည်။ ပဲအထွက်လှိုင်ချိန်ဖြစ်၍ ပဲဝင်ရောက်မှုများနေသလို ဝယ်လိုအားအနေဖြင့် မန္တလေးလိုင်း သမားများအပြင် ရန်ကုန်ဖက်မှလည်း နေ့စဉ် အဝယ်ရှိနေကြောင်း  သိရှိရပါသည်။  ပဲဈေးနှုန်းမှာ တစ်တင်း ၄၈၀၀၀ ကျပ်မှ ၄၉၅၀၀ ကျပ်အထိ ပဲအရည်အသွေးပေါ်မူတည်၍ အရောင်းအဝယ်ဖြစ်ခဲ့ကြကြောင်း သိရှိရပါသည်။  ပဲသစ်ပေါ်စမှာ တစ်တင်း ၄၅၀၀၀ ကျပ်သာ ရရှိခဲ့သည့်အတွက် ပဲအထွက်လှိုင်ချိန် ပဲဈေးနှုန်းဆက်လက်မြင့်တက်လာခဲ့သလို ယခင်နှစ်ကဈေးနှုန်းထက်လည်း ဈေးပိုရနေကြောင်း သိရှိရပါသည် ။

DOCA(ပဲခူး)

“ချည်မျှင်ရှည်ဝါများစတင်ထွက်ရှိ”

       ကျောက်ဆည်ခရိုင်အတွင်းမိုးကြိုဝါစိုက်ဧက(၁၈၉၇)ဧက၊ မိုး(ဝါ)စိုက်ဧက(၅၃၂၅)ဧက နှင့် ့်မိုးနှောင်းဝါစိုက်ဧက(၂၃၃၂၇)ဧက စိုက်ပျိုးထားရှိပြီး အများဆုံး စိုက်ပျိုးသောမြို့နယ်မှာ မြစ်သား မြို့နယ်ဖြစ်ပြီး မိုး/မိုးကြို(ဝါ)စိုက်ဧက(၁၇၈၆) နှင့် မိုးနှောင်း ချည်မျှင်ရှည်ဝါ(၅၀၈၀)ဧကစိုက်ပျိုး ထားရှိပါသည်။ အများဆုံးစိုက်ပျိုးသောရွာများမှာ ဒိုင်းရွာ၊ မြနဒီရွာ၊ ခင်လည်ရွာ၊ ကျီတိုင်ရွာနှင့်လွန်ကျော်များတွင်ဝါသီးနှံကိုအဓိကစိုက်ပျိုးသောရွာများဖြစ်ကြောင်း၊ အများအား ဖြင့်ငွေချည်(၆)၊ငွေချည်(၉)၊ရွှေတောင်(၈)၊ ရွှေတောင်(၁၀)မျိုးများကိုအများဆုံးစိုက်ပျိုးကြပါသည်။ စတင်စိုက်ပျိုးချိန်မှ ပန်းပွင့်ပြီးရက်(၅၀-၆၀) ကြားတွင် ဝါပေါက် များ စတင်ကောက်ယူရပါသည်။ ဝါပေါက်ရန်အတွက် မျိုးပေါ်မူတည်၍ဝါပေါက်ကြာနိုင်ကြောင်း ၊ရင့်မှည့်ပြီးသီးခွံခြောက်မှသာလျှင် ဝါကိုကောက်ပါက အရည်အသွေးကောင်းသော ဝါများရရှိမည်ဖြစ် ပြီးဝါပေါက်ခါစကို ကောက်ယူယူလျှင် အရည်အသွေးညံ့နိုင်သည်။တောင်သူများမှဝါကိုစနစ်တကျ ကောက်ယူရန် လိုအပ်ပါသည်။မျိုးကောင်းမျိုးသန့်များလည်းရွေးချယ်စိုက်ပျိုးရန်လို အပ်ပါသည်။ ယခင်နှစ်ဝါ ဈေးနှုန်းမှာ တစ်ပိသာလျှင်(၂၅၀ဝိ/-)ကျပ်၊ ဝါဂွမ်းရိုးရိုး တစ်ပိသာလျှင် (၅၀၀ဝိ/-)ကျပ်၊ ပါမစ်ဂွမ်းတစ်ပိသာလျှင်(၅၈၀ဝိ/-)ကျပ်၊ဝါစေ့တစ်ပိသာလျှင်(၆၀ဝိ/-)ကျပ်တို့ဖြစ်ပြီး ယခုနှစ် ဝါတစ်ပိသာလျှင်(၂၆၅ဝိ/-၂၇၀ဝိ/-)ကျပ်၊ ဝါဂွမ်းရိုးရိုးတစ်ပိသာလျှင်(၆၄၀ဝိ/-)ကျပ်၊ပါမစ်ဂွမ်းတစ်ပိသာလျှင်(၇၀၀ဝိ/-)ကျပ်၊ ဝါစေ့တစ်ပိသာလျှင် (၁၀၀ဝိ/-) ကျပ် အထိရရှိကြောင်း၊ မြန်မာ့ရေမြေ သဘာဝနှင့်ကိုက်ညီသောမျိုးများလည်း လိုအပ်လျှက်ရှိကြောင်း ဝါစိုက်တောင် သူတစ်ဦး၏ ပြောကြားချက် အရသိရှိရပါသည်။

DOCA(မန္တလေး)

 

ပြည်ပဲကြီးသီးနှံဈေးအမြင့်ဖြင့် ပဲကြော်ဖိုသမားများ ပုံမှန်အဝယ်ရှိနေ

         ပြည်ပဲဈေးကွက်အနေဖြင့် ပြည်တွင်းစားသုံးမှုများသလို ပြည်တွင်းဈေးကွက်ဖြင့် အရောင်းအဝယ်ဖြစ်နေသည့်ပဲထဲတွင် ပဲကြီးသီးနှံမှာ  ဈေးအမြင့်ဖြင့် ပုံမှန်ရောင်းဝယ်လျက်ရှိခဲ့ပါသည်။ ပဲလက်ကျန်များရှိနေသည့်အတွက် နေ့စဉ်အိတ် ၂၀၀/၃၀၀ ကျော် ဒေသတွင်း ပဲကြော်ဖိုသမားများ ပုံမှန် ဝယ်ယူနေခဲ့ကြပါသည်။ ပဲကြီးသီးနှံမှာ ဈေးနှုန်းအတက်အကျ သိပ်ပြောင်းလဲမှုမဖြစ်ဘဲ ရောင်းဝယ်နေခဲ့ကြသောကြောင့် (ရွှေကျွန်း)တစ်တင်း ၇၅၀၀၀ ကျပ် မှ ၇၆၀၀၀ ကျပ်၊ (ကမ်းနား) တစ်တင်း ၇၂၀၀၀ ကျပ်မှ ၇၃၀၀၀ ကျပ်တို့ဖြင့် အသီးသီးရောင်းဝယ်နေခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း