ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

သထုံမြို့၏ စပါး၊ ဆန်ဈေးနှုန်းနှင့် စီးဝင်စီးထွက်မှုအခြေအနေ

          ၂၀၂၀ ပြည့်နှစ် မတ်လ နောက်ဆုံးပတ်အတွင်း သထုံမြို့၏ ၄၆ ပေါင်ကိုက် စပါးတင်း ၁၀၀ ဈေးနှုန်းမှာ ဧည့်မထ ကျပ် (၅၆၀၀၀၀)၊ ပေါ်ဆန်း ကျပ် (၈၃၀၀၀၀) ဖြစ်ပြီး ၂၄ ပြည်ပါ ဆန်တစ်အိတ်ဈေးနှုန်းမှာ ဧည့်မထ ကျပ် (၂၂၀၀၀) နှင့် ပေါ်ဆန်း ကျပ် (၂၉၅၀၀) ဖြစ်ရာ မတ်လ ပထမ ပတ်နှင့် နှိုင်းယှဉ်လျှင် ဧည့်မထစပါးဈေးမှာ ကျပ် (၁၀၀၀၀) ခန့်၊ ပေါ်ဆန်းစပါးဈေးမှာ ကျပ် (၇၀၀၀၀) ခန့် ဈေးနှုန်း မြင့်တက်ပြီး ဆန်ဈေးနှုန်းမှာ ဧည့်မထ ကျပ် (၅၀၀) ခန့်၊ ပေါ်ဆန်း ကျပ် (၂၀၀၀) ခန့် ဈေးနှုန်း မြင့်တက်ကြောင်း သိရှိရသည်။

          စီးဝင်/စီးထွက်မှုအခြေအနေမှာ ရွှေဘို၊ ပဲခူး၊ ဧရာဝတီတိုင်းတို့မှ ဆန်ဝင်ရောက်မှုမှာ တစ်နေ့လျှင် အိတ် (၆၀၀/၇၀၀) ခန့်ရှိပြီး သထုံမှ ဘားအံသို့ တစ်နေ့လျှင် အိတ် (၂၅၀/၃၀၀) ခန့် ထွက်ရှိရာ ဆန်ဝင်ရောက်မှုမှာ ယခင်အပတ်များထက် အိတ် (၁၀၀) ခန့် လျော့နည်းသွားကြောင်း သိရှိရပါသည်။

မွန်ပြည်နယ်

စားသုံးသူရေးရာဦးစီးဌာန

သထုံမြို့နယ်အတွင်း စားသုံးရုံသာမက အခြားမြို့နယ်များသို့ပါ တင်ပို့ရောင်းချလျှက်ရှိသည့် သထုံဒူးရင်း

        သထုံမြို့နယ်၌ မျိုးကောင်းသည့် ကိုင်းကူးဒူးရင်းများကို မြို့နယ်အတွင်းရှိ ကျိုက္ကော်၊ နောင်ဘို၊ နောင်ကုလား စသည့် ကျေးရွာ ဥယျာဉ်ခြံမြေများတွင် စိုက်ပျိုးလျှက်ရှိကြောင်း သိရှိရသည်။ ဒူးရင်းသီးများသည် မိုးရာသီဝါဆိုလပတ်ဝန်းကျင်တွင် လှိုင်လှိုင်ပေါ်ပြီး ယခုအချိန်တွင် သထုံမြို့မဈေးတွင် ဒူးရင်းသီးတစ်လုံးလျှင် (၃၀၀၀) ကျပ်မှ (၁၅၀၀၀) ကျပ်တန်အထိ အရွယ် အစားအလိုက် ဈေးနှုန်းအမျိုးမျိုးရှိကြကြောင်း၊ တစ်ရက်လျှင် အလုံးရေ (၁၀၀) မှ (၁၅၀) ထိ ဒေသတွင်း စားသုံးသူများသို့ ရောင်းချလျှက်ရှိပြီး ယခင်နှစ်ဈေးနှုန်းများကဲ့သို့ပင် ယခုပေါ်ဦပေါ်စရာသီတွင် တစ်ကီလို (၄၀၀၀) ကျပ်နှုန်းရှိကြောင်းသိရှိရပြီး ရန်ကုန်မြို့ဘက်မှလည်း မှာယူကြ၍ တင်ပို့နေရကြောင်း သထုံမြို့မဈေးရှိ ဒေါ်စိန်မြင့် သစ်သီးဆိုင်မှ ပြောပြချက်အရ သိရှိရ ပါသည်။

မွန်ပြည်နယ်

စားသုံးသူရေးရာဦးစီးဌာန

လွိုင်ကော်တွင်စက်သုံးဆီဈေးနှုန်းကျဆင်းလျက်ရှိ

    ကယားပြည်နယ်၊ လွိုင်ကော်မြို့အတွင်း စက်သုံးဆီဈေးနှုန်းမှာ ဖေဖော်ဝါရီလ (၁၉) ရက် နေ့တွင် ဓါတ်ဆီ(ရိုးရိုး)တစ်ဂါလံလျှင်(၃၇၆၀)ကျပ်၊ ဒီဇယ်(ရိုးရိုး)တစ်ဂါလံလျှင် (၃၈၆၀) ကျပ် ဖြင့်ရောင်းချလျှက်ရှိပြီး၊ မတ် လ(၁၉)ရက်နေ့တွင် ဓါတ်ဆီ(ရိုးရိုး) တစ်ဂါလံလျှင် (၂၇၀၀) ကျပ်၊ ဒီဇယ် (ရိုးရိုး) တစ်ဂါလံလျှင်(၂၉၀၀)ကျပ်ဖြင့်ရောင်းချလျှက်ရှိရာ ယခင်လနှင့်ယခုလ နှိုင်းယှဉ် မည်ဆိုလျှင်ဓါတ်ဆီ(ရိုးရိုး)(၁၀၆၀)ကျပ်၊ ဒီဇယ်(ရိုးရိုး)(၉၆၀)ကျပ် ဈေးနှုန်း ကျဆင်းလျှက်ရှိ ကြောင်း ပြည်နယ်အတွင်းရှိ တော်ဝင်စက်သုံးဆီဆိုင်များမှ သိရှိရပါသည်။

ကယားပြည်နယ်

စားသုံးသူရေးရာဦးစီးဌာန

ကယားပြည်နယ်မှ ထိုင်းနိုင်ငံသို့ ကုန်စည်များတင်ပို့မှုနှင့်တင်သွင်းမှုအခြေအနေများ

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့အတွင်း မယ်စဲ့နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သော ကယားပြည်နယ်၊ လွိုင်ကော်မြို့မှ ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်သို့ ကုန်ပစ္စည်းတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၂၄၈၄၀ တန်ဖိုးရှိ ငရုတ်သီးခြောက် ၈ ဒဿမ ၉၈ တန် တင်ပို့နိုင်ခဲ့ပြီး ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ဘက်မှ တဆင့်ပြန်လည်တင်သွင်းမှုများမှာ အမေရိကန်ဒေါ် လာ ၁၂၀၀၀ တန်ဖိုးရှိ ဟင်းချိုမှုန့် ၉ ဒဿမ ၉၈ တန်သွင်းလာပါကြောင်း မယ်စဲ့နယ်စပ်ကုန် သွယ်ရေးစခန်းစာရင်းများအရ သိရှိရပါသည်။

ကယားပြည်နယ်
စားသုံးသူရေးရာဦးစီးဌာန

လွိုင်ကော် စပါး ဈေးနှုန်း အနည်းငယ်ကျဆင်းပြီး ဆန် ဈေးနှုန်း တည်ငြိမ်နေ

      လွိုင်ကော်မြို့၌ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ပထမပတ်တွင် စပါးဈေးနှုန်းမှာ ဧည့်မထ စပါး ၄၆ ပေါင် တင်း(၁၀၀)လျှင် ငွေကျပ် ၇၅၄၀၀၀/- ဖြစ်ပြီး တတိယပတ်တွင် ၇၄၁၅၀၀/- ကျပ် သို့ ကျဆင်းသွားပြီး ပြည်နယ်အတွင်း အရောင်းအဝယ် အေးနေကြောင်း စက်ပိုင်ရှင်တစ်ဦးထံမှ သိရှိရပါသည်။ ဧည့်မထ(ဒေသ) ရွှေရင်အေး(၁) ဆန်ဈေးနှုန်း မှာဖေဖော်ဝါရီလပထမပတ်တွင် တစ်အိတ်လျှင် ( ၃၅၀၀၀ )ကျပ်၊ တစ်ပြည်လျှင် (၁၆၀၀)ကျပ် ဖြစ်ပြီး ယနေ့ထိဆန်ဈေးနှုန်း တည်ငြိမ်နေကြောင်း သိရပါသည်။

ကယားပြည်နယ်

စားသုံးသူရေးရာဦးစီးဌာန

လွိုင်ကော်မြို့တွင် ကြက်သွန်(နီ/ဖြူ) ဈေးနှုန်းအနည်းငယ်ကျဆင်း

         ကယားပြည်နယ်အတွင်း ၂၀၂၀ ပြည့်နှစ် ဖော်ဖော်ဝါရီလ ပထမပတ်တွင်  ကြက်သွန်နီ တစ်ပိဿာလျှင် ၂၂၀၀ (ကျပ်) မှ တတိယပတ်တွင် ၂၀၀၀ (ကျပ်) ကျဆင်းသွားကြောင်း၊ ကြက်သွန်(ဖြူ) တစ်ပိဿာလျှင် ဖေဖော်ဝါရီ ပထမပတ်၌ ၅၀၀၀ (ကျပ်) မှ တတိယပတ်တွင်  (၄၅၀၀)ကျပ် ကျဆင်းသွားကြောင်းနှင့်  ကြက်သွန်ဈေးနှုန်းကျဆင်းရခြင်းမှာ ပြည်နယ်အတွင်း ကြက်သွန်(နီ/ဖြူ) အသစ်များ အနည်းငယ်ပေါ်သောကြောင့်ဖြစ်ကြောင်း ကုန်သည်တစ်ဦး ထံမှသိရှိရပါသည်။

ကယားပြည်နယ်
စားသုံးသူရေးရာဦးစီးဌာန

မကွေးတိုင်းဒေသကြီး၏ (၈)ခုမြောက် ကုန်စည်ဒိုင်ဖွင့်လှစ်ခြင်း အခမ်းအနားကျင်းပ

တောင်တွင်းကြီးကုန်စည်ဒိုင်ဖွင့်ပွဲကို (၈.၂.၂၀၂၀)နေ့တွင် တောင်တွင်းကြီးမြို ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းရုံး၌ ကျင်းပခဲ့ရာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဌ ဦးအောင်ကြည်ညွန့်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသိန်း၊ တိုင်းအဆင့် ဌာနဆိုင်ရာများဖြစ်သော မကွေးတိုင်း ဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြား မှုဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ တောင်တွင်းကြီးမြို့နယ် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မိတ်ဖက်ဌာနများ၊ မကွေး၊ အောင်လံကုန်စည်ဒိုင်မှ တာဝန် ရှိသူများ၊ တောင်တွင်းကြီးမြို့နယ် ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ အသင်းဝင် စုစုပေါင်း(၁၂၀)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါအခမ်းအနားတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်မှ လတ်တလောတက်ရောက်လာခဲ့သည့် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏(၁၂) ကြိမ်မြောက် အစည်းအဝေးတက်ရောက်ခဲ့မှုအခြေအနေများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့၊ ဖြေလျော့ ဆောင်ရွက်ပေးခဲ့ပြီး အခြေအနေများ၊ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လေ့လာရေး ခရီးစဉ်သွားရောက်ခဲ့သည့် ဒေသများမှ ဆောက်ရွက်နေမှုများအား မိမိတို့ဒေသတွင် ဆောင်ရွက် သင့်ပါက အတုယူ ဆောင်ရွက်သင့်သည့်အချက်များနှင့် တောင်တွင်းကြီးကုန်စည်ဒိုင်အား ယခုထက် စည်းလုံးညီညွတ်စွာ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးတို့ ဆောင်ရွက်ရန် ပြောကြားခဲ့ပြီး မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်ဝင်းမှ တောင်သူလယ်သမားများ စိုက်ပျိုးထုတ်လုပ်ရာတွင် အဓိက မှန်လေးမှန်ရှိသလို ကုန်စည်ဒိုင်များတွင်လိုက်နာရမည့် မှန်လေးမှန်ဖြစ်သည့် ပစ္စည်းမှန်၊ဈေးနှုန်းမှန်၊ အလေးချိန်မှန်၊ အရောင်းအဝယ်မှန်ဖြစ်ဖို့နှင့် ကုန်စည်ဒိုင်စည်းမျဉ်းစည်းကမ်းများ၊ အသင်းဖွဲ့ စည်းမျဉ်းစည်းကမ်း မှတ်တမ်းထားရှိရမည်ဖြစ်ကြောင်းနှင့် အသင်းသားများမှ စည်းလုံးညီညွတ်စွာ ဆောင်ရွက်နိုင်ရေးတို့အား ပြောကြားခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင်မှ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ မိမိတို့နှင့်နီးစပ်သည့် တောင်သူများအား စည်းရုံးချိတ်ဆက်၍တောင်တွင်းကြီးမြို့တွင် တဆက်တစပ်တည်း ပေါင်းစည်းလယ်ယာစနစ်များ ဖြစ်ထွန်းရေးအတွက် ဆောင်ရွက်မည်ဆိုပါက မိမိတို့ဌာနဆိုင်များမှ သက်ဆိုင်ရာကဏ္ဍအလိုက် ပေါင်းစပ်ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်းနှင့် ယခုတောင်တွင်းကြီး  ကုန်စည်ဒိုင်ကိုလည်း စဉ်ဆက်မပြတ် တိုးတက် ဖွံ့ဖြိုးစေရန် ဆုမွန်ကောင်းများ တောင်းပါကြောင်း၊ သက်ဆိုင်ရာဌာနများနှင့်လည်း တွေ့ဆုံဆွေးနွေး မေးမြန်းပူးပေါင်းဆောင်ရွက်ရန် လိုပါကြောင်း ပြောကြားခဲ့ပြီး အခမ်းအနားအား ပထမပိုင်း အစီအစဉ်အဖြစ် ရုပ်သိမ်းခဲ့ပါသည်။

ထို့နောက် ဒုတိယပိုင်းတွင် တောင်တွင်းကြီးကုန်စည်ဒိုင်ရုံးခန်းသစ်အား တက်ရောက်လာ သော အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်၊ စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်ဝင်း၊ တောင်တွင်းကြီးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင်နှင့် တောင်တွင်းကြီးကုန်စည်ဒိုင် ဥက္ကဌ ဦးချိုတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

မကွေးတိုင်းဒေသကြီး

စားသုံးသူရေးရာဦးစီးဌာန

မော်လမြိုင် မုန့်မျိုးစုံလုပ်ငန်းရှင်များ အစုအဖွဲ့ ဖွဲ့စည်း

မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများနှင့် ပြည်တွင်း ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတို့ကို ‌ဆောင်ရွက်လျှက်ရှိပြီး အသင်းအဖွဲ့များ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ဝိုင်းဝန်းပံ့ပိုးကူညီဆောင်ရွက်လျှက်ရှိရာ ၁၁.၂.၂၀၂၀ ရက်နေ့တွင် မော်လမြိုင်မြို့နှင့် အနီးပတ်ဝန်းကျင်ရှိ မုန့်မျိုးစုံလုပ်ငန်းလုပ်ကိုင်နေသော လုပ်ငန်းရှင်များစုစည်း၍ အစုအဖွဲ့ ဖွဲ့စည်းခြင်းကို မွန်ပြည်နယ်စားသုံး သူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

          ပထမဦးစွာ ပြည်နယ်ဦးစီးမှူး ဦးခင်အောင်သွင် က အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့ ဌာန အနေဖြင့် အသင်းအဖွဲ့များ ဖွံ့ဖြိုးတိုးတက်ရေးကို ဝိုင်းဝန်းကူညီထိန်းကျောင်းပေးနေကြောင်း၊ တစ်ဦး တစ်ယောက်ချင်းဆောင်ရွက်ခြင်းထက် အသင်းအဖွဲ့ဖြင့် ဆောင်ရွက်ခြင်းက ပို၍ ထိရောက်အောင်မြင် ကြောင်း၊ ဗဟိုအလုပ်အမှုဆောင်ရွေးချယ်ရာတွင် အဖွဲ့အတွက် အမှန်တကယ်အလုပ်လုပ်သူ၊ ပေါင်းသင်း ဆက်ဆံရေးအဆင်ပြေမည့်သူများကို ရွေးချယ်ကြစေလိုကြောင်း၊ အချို့မဲခွဲဆုံးဖြတ်ရမည့်ကိစ္စများတွင် အဆင်ပြေစေရန် EC အဖွဲ့ကို မဂဏန်းဖြင့် ဖွဲ့စည်းကြစေလိုကြောင်း၊ ကုန်ပစ္စည်း (မုန့်မျိုးစုံ) ပေါ်၌ မိမိ ထုတ်ကုန်တံဆိပ်အမှတ်အသားများဖော်ပြရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ် အသားဖော်ပြချက်နှင့်အညီ ဖော်ပြဆောင်ရွက်ကြရန်နှင့် ဌာနမှ ကူညီဆောင်ရွက်ပေးလျှက်ရှိသော အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနဝန်ထမ်းများက စားသုံးသူကာကွယ်ရေးဥပဒေသိကောင်းစရာများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက် ၂/၂၀၁၉ အမိန့် ကြော်ငြာစာများပါရှိသည့် လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြသည်။

          မော်လမြိုင်မြို့ မုန့်မျိုးစုံလုပ်ငန်းရှင်များ ဗဟိုအလုပ်မှုဆောင်အဖွဲ့ကို နာယက (၂) ဦး၊ ဥက္ကဌ၊ ဒုဥက္ကဌ၊ အတွင်းရေးမှူး၊ တွဲဘက်အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူး၊ တွဲဘက်ဘဏ္ဍာရေးမှူး အပါအဝင် ဗဟို အလုပ်အမှုဆောင်အဖွဲ့ကို (၁၁) ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး မော်လမြိုင်မုန့်မျိုးစုံလုပ်ငန်းရှင်များအစုအဖွဲ့ကို အဖွဲ့ဝင်စုစုပေါင်း (၂၅) ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း သိရှိရပါသည်။

မွန်ပြည်နယ်

စားသုံးသူရေးရာဦးစီးဌာန

 

 

မော်လမြိုင်ကုန်စည်ဒိုင်အသင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

   မွန်ပြည်နယ်အတွင်း ဒေသထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ချိတ်ဆက်မှု ဆောင်ရွက်နိုင်ရေးအတွက် မော်လမြိုင်ကုန်စည်ဒိုင်ကို ၂၁.၁.၂၀၂၀ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီး အဆိုပါ ဖွင့်လှစ်ပြီးခဲ့သည့်ကုန်စည်ဒိုင်၏ လုပ်ငန်းဆောင်ရွက်မှုပိုမိုကောင်းမွန်စေရန်၊ ကုန်စည်ဒိုင်သီးနှံပေါက်ဈေးနှုန်းများကို အချိန်နှင့်တပြေးညီ ထုတ်ပြန်နိုင်ရန်၊ ဒေသထွက်ကုန်များ၏ ဈေးနှုန်း၊ ဈေးကွက်၊ ကုန်စည်စီးဆင်းမှု သတင်းအချက်အလက်များကို ထုတ်ပြန်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးတစ်ရပ်ကို ၅.၂.၂၀၂၀ ရက်နေ့က မွန်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

         အဆိုပါ အစည်းအဝေးတွင် သီးနှံများ၊ ဒေသထွက်ကုန်များ၏ ဈေးနှုန်းများ၊ ဈေးကွက်သတင်းအချက်အလက်များကို ထုတ်ပြန်နိုင်ရန် သက်ဆိုင်ရာကုန်သည်အသင်းအဖွဲ့အသီးသီးမှ ဈေးနှုန်းများကို တာ၀န်ရှိသူများက လက်မှတ်ရေးထိုး၍ ကုန်စည်ဒိုင်သို့ ပေးပို့ရမည်ဖြစ်ပြီး ကုန်စည်ဒိုင်မှ သတင်းအချက်အလက်များကို စုစည်း၍ အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ နေ့စဉ်ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

မွန်ပြည်နယ်

စားသုံးသူရေးရာဦးစီးဌာန

ရှမ်းပြည်နယ်တွင် စတော်ဘယ်ရီစိုက်တောင်သူများဈေးကောင်းရ၍ အဆင်ပြေ

           ရှမ်းပြည်နယ်(တောင်ပိုင်း) ဟိုပုံးမြို့နယ်နှင့် တောင်ကြီးမြို့နယ်များရှိ ကျေးရွာများတွင် စတော်ဘယ်ရီခြံများမှ စတော်ဘယ်ရီသီးများ စတင်ထွက်ရှိနေပြီး ဈေးကောင်းရနေတယ် လို့သိရပါတယ်။

          စိုက်ပျိုးထွက်ရှိတဲ့ စတော်ဘယ်ရီသီးများကို တောင်ကြီး၊ ဟိုပုံး၊ အေးသာယာ၊ ရွှေညောင်မြို့များမှတစ်ဆင့် ပြည်တွင်းမြို့များ အသီးသီးသို့ တင်ပို့ရောင်းချလျက်ရှိပြီး အရွယ်အစားပေါ်မူတည်၍ ဒေသသီး၊ ထိုင်ဝမ်သီး၊ ယိုးဒယားသီး တစ်ခြင်းကို ငွေကျပ် ၄၀၀၀ မှ ၅၀၀၀ ကျပ် အထိရောင်းချ၍ ဝင်ငွေကောင်းကာ အဆင်ပြေနေတယ်လို့ စ‌တော်ဘယ်ရီစိုက် တောင်သူများထံက တစ်ဆင့်သိရပါတယ်။

တောင်ကြီးခရိုင်
စားသုံးသူရေးရာဦးစီးဌာန

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း