ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဈေးကွက်အတွင်းဖြစ်ပေါ်နေသော မြေပဲဆန်နှင့်မြေပဲဆီဈေးနှုန်း

       ကယားပြည်နယ်တွင် ဆီထွက်သီးနှံဖြစ်သည့်မြေပဲကို လွိုင်ကော်ခရိုင် လွိုင်ကော်မြို့နယ်၊ ဒီမောဆိုမြို့နယ် ၊ ဖရူဆိုမြို့နယ်များတွင် အများဆုံးစိုက်ပျိုးကြပါသည်။  မိုးမြေပဲကို မေလနှင့် ဇွန်လတွင်စိုက်ပျိုးကြပြီး အောက်တိုဘာလတွင်ထွက်ရှိကြောင်း ဆောင်းမြေပဲကို အောက်တိုဘာလနှင့် နိုဝင်ဘာလတွင် စိုက်ပျိုးကြပြီး ဖေဖော်ဝါရီလတွင် ထွက်ရှိကြောင်း ၊စိုက်ပျိုးရေးစာရင်းများအရ မြေပဲကို ၂၀၂၁-၂၀၂၂ ခုနှစ်တွင် မြေပဲစိုက်ဧက( ၉၈၀၆ )ဧကစိုက်ပျိုးပြီး ထွက်ရှိနှုန်းမှာ( ၄၄၁၅၃၂ ) တင်းထွက်ရှိပြီး ဆီထွက်နှုန်းမှာ( ၆၇၇၀၈၄ )ပိဿာထွက်ရှိနိုင်ကြောင်း၊ ယခု ဇန်နဝါရီလပထမပတ်တွင် ဈေးကွက်အတွင်း၌ ဖြစ်ပေါ်နေသောမြေပဲဆံဈေးနှုန်းမှာ မြေပဲဆံ တစ်ပိဿာလျှင်( ၅၀၀၀ )ကျပ်နှင့် မြေပဲဆီတစ်ပိဿာလျှင်( ၁၂၀၀၀ )ကျပ်ခန့်ရှိသည်ဟု မြေပဲဆီရောင်းချနေသောဆီစက်လုပ်ငန်းရှင်တစ်ဦးထံမှ သိရပါသည်။

DOCA(ကယား)

ယင်းမာပင်ခရိုင်၏ မိုးစပါးရိတ်သိမ်းပြီးစီးမှုနှင့် ဈေးကွက်အခြေအနေ

        ယင်းမာပင်ခရိုင်သည် ယခုနှစ်မိုးစပါးဧက(၁)သိန်းကျော်စိုက်ပျိုးခဲ့ရာ ဒီဇင်ဘာလကုန်ပတ်တွင် ရာနှုန်းပြည့် ရိတ်သိမ်းပြီးစီကြောင်း သိရှိရသည်။ ဧရာမင်းလုံသွယ်မွှေးနှင့် မနောသုခစပါးမျိုး များကို အဓိက စိုက်ပျိုးထားပြီးအထွက်နှုန်းလည်းသင့်တင်ကောင်းမွန်းကြောင်း ဒေသခံတောင်သူများထံမှ သိရှိရသည်။

      မြောက်ယမားဆည်ရေသောက် ဒေသများဖြစ်ကြသည့် ညောင်ပင်ကြီးစု၊ ကုက္ကိုစု၊ မင်းကံကြီး၊ အိုင်ရောင်းနှင့် ကျေးနင်းကြီးကျေးရွာများတွင် စပါးဖြစ်ထွန်းမှုပိုမိုကောင်းမွန်သလို အထွက်နှုန်းနှင့် အရည်အသွေးပါကောင်းမွန်ခဲ့ကြောင်း ကျေးနင်းကြီးကျေးရွာတောင်သူ ဦးဆန်းဝင်း၏ ပြောပြချက်အရ သိရှိရသည်။ ဧရာမင်းစပါးမျိုးများကို အဓိကစိုက်ပျိုးကြပြီး အထွက်နှုန်းအနေဖြင့်တစ်ဧက(၇၃) တင်းပျှမ်းမျှထွက်ရှိကြောင်း ဈေးကွက်အတွင်း၌လည်း ဝန်ကြီးဧရာအဖြစ် ဈေးကွက်ရရှိနေကြောင်းလည်း သိရှိရသည်။

          လက်ရှိဒေသတွင်း၌ မိုးစပါးများ လှိုင်လှိုင်ထွက်ရှိနေပြီး စပါးအရောင်းအဝယ်မှာလည်း သွက်လျက်ရှိကြောင်း၊ မုံရွာမြို့ရှိ ဆန်စက်ကြီးများမှလည်း ဝယ်ယူမှုများရှိနေကြောင်း၊ ယခုနှစ်တွင် တောင်သူအများစုမှာ မိသားစုတစ်နှစ်စာ ဝမ်းစာအတွက်သာ ဒေသတွင်းဆန်စက်များ၌ ကြိတ်ခွဲကြပြီး ကျန်စပါးများကို မုံရွာမြို့ရှိ ဆန်စက်ကြီးများသို့ တင်ပို့ကြိတ်ခွဲရောင်းချကြောင်းသိရသည်။ လက်ရှိတွင် ဧရာမင်းစပါး တင်း(၁၀၀)လျှင် (၁၀)သိန်း၊ လုံးသွယ်မွှေးစပါးတင်း(၁၀၀)လျှင် (၁၁.၅)သိန်းနှင့် မနောသုခစပါးတင်း(၁၀၀)လျှင် (၉)သိန်း၊ ပေါက်ဈေးအသီးသီးရှိခဲ့ပြီး ဧရာမင်းဆန်တစ်အိတ်လျှင် (၄၅၀၀၀-၄၈၀၀၀)ကျပ်၊ လုံးသွယ်မွှေးဆန်တစ်အိတ်လျှင် (၄၆၀၀၀-၄၈၅၀၀)ကျပ်နှင့် မနောသုခ ဆန်တစ်အိတ်လျှင် (၄၂၀၀၀-၄၃၀၀၀)ကျပ် ပေါက်ဈေးရှိကြောင်း ဒေသတွင်းနှင့် မုံရွာဈေးကွက်မှ ဝယ်ယူမှုများပြားလျှက်ရှိသည့်အတွက် အရောင်းအဝယ်သွက်လျှက်ရှိကြောင်း ဆန်စက်လုပ်ငန်းရှင် များထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

 

ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းအခြေအနေ

   ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလပထမပတ်အတွင်းဖြစ်ပေါ်နေသော ဓါတ်မြေဩဇာဈေးနှုန်းများမှာ ယူးရီးယား(အာမို)တစ်အိတ်လျှင် (၁၁၃,၀၀၀)ကျပ်၊ ယူးရီးယား(ဩဘာ)တစ်အိတ်လျှင် (၁၁၀,၀၀၀)ကျပ်၊ တီစူပါ(သံကွင်း-တရုတ်)တစ်အိတ်လျှင် (၁၃၅,၀၀၀)ကျပ်၊ ပုလဲရွှေတောင်(တရုတ်)တစ်အိတ်လျှင် (၁၂၀,၀၀၀)ကျပ်၊ ရွှေကောမတ် (မြန်မာ့ဩဘာ)တစ်အိတ်လျှင်(၁၃၅,၀၀၀)ကျပ်၊ ပိုတက်(ဂျာမနီ)တစ်အိတ်လျှင်(၁၃၅,၀၀၀)ကျပ်၊ ကွန်ပေါင်း(အာမို)တစ်အိတ်လျှင်(၁၅၀,၀၀၀)ကျပ်၊ ကွန်ပေါင်း(ဩဘာ)တစ်အိတ်လျှင် (၁၅၀,၀၀၀) ကျပ်၊ ကွန်ပေါင်း ၁၅း၁၅း၁၅(ကောမတ်) တစ်အိတ်လျှင်(၁၆၀,၀၀၀)ကျပ်၊ အာမို ၁၆း၁၆း၁၆ (တရုတ်)တစ်အိတ်လျှင်(၁၆၀,၀၀၀)ကျပ်ခန့်နှင့် ပိုးသတ်ဆေးဈေးနှုန်းများ အနေဖြင့် ဘိုစတာ (၅၀၀ ဂရမ်) တစ်အိတ်လျှင် (၇,၅၀၀ )ကျပ်၊ ဆိုင်ဘာမတ်(၅၀၀ စီစီ)တစ်ဗူးလျှင် (၁၇,၀၀၀)ကျပ်၊ အာမိုစတား(၂၅၀ စီစီ)လျှင်(၉၀၀၀)ကျပ်၊ အာမိုစတား(၅၀၀ စီစီ)တစ်ဗူးလျှင် (၁၆,၅၀၀)ကျပ်၊ Essence(၅၀ စီစီ)တစ်ဗူးလျှင်(၂၂,၀၀၀)ကျပ်၊ ကျန်ကျောင်း(၂၅၀စီစီ) တစ်ဗူးလျှင်(၉,၀၀၀)ကျပ်၊ ဟက်တာ(၅၀၀ စီစီ)တစ်ဗူးလျှင် (၃၂,၀၀၀)ကျပ်၊ ဆိုင်ကလုံး(ဩဘာ) (၅၀၀ စီစီ) တစ်ဗူးလျှင် (၁၇,၀၀၀)ကျပ်၊ ပင်လုံးပြန့်(၅၀၀ စီစီ)တစ်ဗူးလျှင်(၁၉,၀၀၀)ကျပ်၊ ငှက်ကြီးတောင် (၁၀၀ စီစီ) တစ်ဗူးလျှင်(၁၅,၀၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါကြောင်း လွိုင်ကော်မြို့ ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးအရောင်းဆိုင်မှ သိရှိရပါသည်။

DOCA(ကယား)

 

 

စားဖိုဆောင်သီးနှံဈေးနှုန်းအခြေအနေ

     ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ ပထမပတ်အတွင်း ငရုတ်သီးခြောက်ဈေးနှုန်းမှာ လက်လီတစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်၊ ကြက်သွန်နီ လက်လီ တစ်ပိဿာလျှင်(၃၇၀၀)ကျပ်၊ ကြက်သွန်ဖြူ(ရှမ်းစ/ဒေသစ) လက်လီတစ်ပိဿာလျှင် (၄၅၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး  ယခင်တတိယပတ် ဈေးနှုန်းနှင့်နှိုင်းယှဉ်ကြည့်လျှင် ငရုတ်သီးခြောက် လက်လီတစ်ပိဿာလျှင် (၁၀၀၀)ကျပ်၊ ကြက်သွန်ဖြူ(ရှမ်းစ/ဒေသစ) လက်လီ တစ်ပိဿာလျှင် (၃၀၀)ကျပ် ဈေးတက်၍ ကြက်သွန်နီ လက်လီတစ်ပိဿာလျှင် (၃၀၀)ကျပ် ဈေးကျဆင်းလာခဲ့ပြီး ကျန်စားဖိုဆောင်သီးနှံဈေးနှုန်းများ တည်ငြိမ်လျက်ရှိကြောင်း စားဖိုဆောင် သီးနှံအရောင်းကုန်သည်ထံမှ သိရှိရပါသည်။

DOCA(ကယား)

 

မုံရွာမြို့နယ်ရှိ ကွမ်းဈေးနှုန်းဈေးကွက်အခြေအနေ

      စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်တွင် ကွမ်းကို မိမိတို့အိမ်ခြံဝင်းအတွင်း တစ်နိုင်တပိုင်အနေဖြင့် လည်းကောင်း၊ အပိုဝင်ငွေရရှိရန်အတွက်လည်းကောင်း စိုက်ပျိုးကြကြောင်း၊ ကွမ်းကိုဆောင်းစိုက်နှင့် မိုးစိုက်ဟူ၍ နှစ်မျိုးခွဲစိုက်ပျိုးကြပြီး မိုးစိုက်သည် ပိုးကျလွယ်သည့်အတွက် အစိုက်နည်းပြီး ဆောင်းစိုက်ကိုသာ ပိုမိုစိုက်ပျိုးကြကြောင်းသိရသည်။

      ကွမ်းပင်များကို  ဝါဆိုလ(ဇွန်လ)တွင် စိုက်ပျိုးကြပြီး ကွမ်းပျိုးပင် တစ်ပင်လျှင် ကျပ်(၄၀၀-၅၀၀)ပေးဝယ်ရပြီး တစ်ဧကလျှင် ကွမ်းပင် (၃၀၀၀)ခန့် စိုက်ပျိုးရသည်။ စိုက်ပျိုးပြီး လေးလခန့်အရွယ်တွင် ခူးဆွတ်နိုင်ပြီး အစမ်းခူးသည့် အချိန်တွင် ပိဿာ(၄၅-၅၀)ထွက်ရှိကာ တစ်နှစ်ကျော်လျှင် အထွက်နှုန်းတိုးလာပြီး ပိဿာ(၂၀၀-၂၅၀)အထိထွက်ရကြောင်း၊ မြေပြုပြင်ခြင်း၊ မျိုး၊ စိုက်ပျိုးခြင်း၊ သွင်းအားစုနှင့် လုပ်သားခများအပါအဝင် ကွမ်းအပင်ရေ ၁၀၀၀ ခန့်အတွက် စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျ စရိတ်မှာ ကျပ် ၁၅ သိန်းခန့်ကုန်ကျပြီး မြေဆီမြေသားကောင်းမွန်မှုနှင့် ဂရုစိုက်မှုပေါ်မူတည်၍ ကွမ်းသက်တမ်း ( သုံးနှစ်မှ ခုနှစ်နှစ်အထိ )ကြာမြင့်သောကြောင့် အကျိုးအမြတ်အနေဖြင့် ငွေကျပ် သိန်း ၃၀ နှင့်အထက်ရရှိကြောင်း သိရသည်။     

       မုံရွာမြို့နယ် ကွမ်းဈေးကွက်အနေဖြင့် ဒီဇင်ဘာ နောက်ဆုံးပတ်တွင် ကွမ်းတစ်ပိဿာလျှင် ကျပ်(၆၅၀၀-၈၀၀၀) ဈေးရရှိပြီး ယခုဇန်နဝါရီ ပထမအပတ်တွင် အရည်အသွေးအပေါ် မူတည်ပြီး တစ်ပိဿာလျှင် အနိမ့်ဆုံးဈေး ငွေကျပ် ၈၀၀၀ မှ အမြင့်ဆုံးဈေး ကျပ်(၁၀၅၀၀-၁၁၀၀၀) အထိ ရောင်းချရပြီး အရောင်းအဝယ်သွက်ကာ ကွမ်းစိုက်တောင်သူများ အဆင်ပြေနေကြောင်း တောင်သူများထံမှ စုံစမ်းသိရှိရသည်။    

DOCA(စစ်ကိုင်း)                                       

ကယားပြည်နယ် ကုန်သွယ်မှုသတင်း

      ကယားပြည်နယ်တွင် ကုန်စည်များ ပုံမှန်လည်ပတ်လျက်ရှိလာသဖြင့် ဒီဇင်ဘာလအတွင်းတွင် အခြားဒေသများမှ ပြည်နယ်အတွင်းသို့ ဆန်တင်သွင်းမှုမှာ(၂၉၄၀)အိတ်(၁၄၇)တန်၊ ဆီတင်သွင်းမှုမှာ (၄၄၀)ပုံးနှင့် (၄၄၅)ဖာ တင်သွင်းခဲ့ပြီး ကယားပြည်နယ်မှ အခြားပြည်နယ်သို့ ဆန်တင်ပို့မှုမှာ(၂၁၁၇)အိတ် (၁၀၆)တန်၊ ပဲအမျိုးမျိုး တင်ပို့မှုမှာ(၄၇၁)အိတ်(၂၃)တန်၊ နှမ်းတင်ပို့မှုမှာ(၅၂၀)အိတ်(၂၅)တန်၊ ပြောင်း တင်ပို့မှုမှာ (၆၇၅၁၉)အိတ်(၃၃၀၈)တန်နှင့် စပါးတင်ပို့မှုမှာ(၁၅၆)အိတ် တင်ပို့နိုင်ခဲ့ကြောင်း၊ ယခင်လနှင့် နှိုင်းယှဉ်ကြည့်လျှင် အခြားဒေသများမှ ပြည်နယ်အတွင်းသို့ ဆန်တင်သွင်းမှု မှာ(၂၆၅၀)အိတ်(၁၃၃)တန် လျှော့နည်းလာခဲ့ပြီး ကယားပြည်နယ်မှ အခြားပြည်နယ်သို့ ဆန်တင်ပို့မှုမှာ (၈၂)အိတ်(၄)တန်၊ ပဲအမျိုးမျိုး တင်ပို့မှုမှာ(၁၀၁)အိတ်(၅)တန်ပိုမိုလာပြီး နှမ်းတင်ပို့မှုမှာ(၈၆၅၁)အိတ် (၄၂၄)တန်၊ ပြောင်းတင်ပို့မှုမှာ (၈၈၃၇၄)အိတ်(၄၃၂၉)တန်နှင့် စပါးတင်ပို့မှုမှာ(၁၈၉၄)အိတ် လျော့နည်း လာခဲ့ကြောင်း မြို့ဦးဂိတ်စာရင်း များအရ သိရှိရပါသည်။

DOCA(ကယား)

ဇန်နဝါရီလပထမပတ်တွင်း စက်သုံးဆီ‌ဈေးနှုန်းများအခြေအနေ

      ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် စက်သုံးဆီ အရောင်းဆိုင်(၁၄)ဆိုင်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ယခုဇန်နဝါရီလပထမပတ်အတွင်း ဒီဇယ်(ရိုးရိုး)တစ်လီတာလျှင် (၂၃၁၅/-) ကျပ်၊ ဒီဇယ် (ပရီမီယမ်) တစ်လီတာလျှင် (၂၃၉၅/-) ကျပ်၊ ဓါတ်ဆီ(92)တစ်လီတာလျှင်(၂၀၃၀/-) ကျပ်နှင့် ဓါတ်ဆီ (95) တစ်လီတာလျှင် (၂၀၉၅/-) ကျပ်တို့ဖြင့်ရောင်းချလျှက်ရှိပြီး ယခင်အပတ်နှင့် နှိုင်းယှဉ်ကြည့်လျှင် ဒီဇယ် (ရိုးရိုး) တစ်လီတာလျှင် (၁၂၅) ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၁၁၅) ကျပ်၊ ဓါတ်ဆီ (92)တစ်လီတာလျှင်(၁၁၅) ကျပ် ၊ဓါတ်ဆီ (95) တစ်လီတာလျှင် (၁၁၀)ကျပ်တို့ဖြင့် ဈေးနှုန်းကျဆင်းလျက်ရှိကြောင်း စက်သုံးဆီအရောင်းဆိုင်မှ သိရှိရပါသည်။

DOCA(ကယား)

ဈေးကွက်အတွင်း ကြက်သွန်နီဈေးနှုန်းအနည်းငယ် ကျဆင်းလျက်ရှိ

     ကယားပြည်နယ်တွင် ၂၀၂၃ခုနှစ် ၊ဇန်နဝါရီလပထမပတ် အတွင်းဖြစ်ပေါ်နေသော ကြက်သွန်နီ ဈေးနှုန်းမှာ တစ်ပိဿာလျှင်( ၃၈၀၀ )ကျပ်ခန့်ရဖြစ်ပြီး ယခင် ဒီဇင်ဘာလပထမပတ်တွင် ဖြစ်ပေါ်ခဲ့သောကြက်သွန်နီဈေးနှုန်းမှာ (၄၂၀၀)ကျပ်ဖြစ်သဖြင့် ယခုဇန်နဝါရီလပထမပတ်နှင့် ယခင်ဒီဇင်ဘာလ ပထမပတ်နှိုင်းယှဉ်လျှင် ကြက်သွန်နီတစ်ပိဿာလျှင်(၄၀၀)ကျပ် ခန့်ကျဆင်းလာကြောင်း သီရိမင်္ဂလာဈေးအတွင်း ကြက်သွန်နီရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(ကယား)

 

ရွှေဘိုခရိုင်အတွင်း စပါး/ဆန် ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

        ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ ဇန်နဝါရီလ ‌ပထမဆုံးပတ်တွင် စပါး /ဆန် ဈေးနှုန်းမှာ တည်ငြိမ်နေပါသည်။ ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဒီဇင်ဘာလ နောက်ဆုံးပတ်တွင် ရန်ကုန်သို့ အိတ်ရေ ၃၉၀၀၀ ၊ မန္တလေးသို့ အိတ်ရေ၅၁၆၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၁၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၁၀၀၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၁၀၀၀၀၊ ပခုက္ကူသို့ အိတ်ရေ ၁၀၀၀၊ စုစုပေါင်းအိတ်ရေ ၁၂၂၆၀၀၊ တန်အားဖြင့် ၆၁၃၀တန် စီးထွက်ခဲ့ပါသည်။ယခုအပတ်တွင် ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၅၀၆၀၀၊ မန္တလေးသို့ အိတ်ရေ ၄၁၀၀၀၊ နေပြည်တော်သို့ အိတ်ရေ၁၂၀၀၀ ၊ ရှမ်း(တောင်)သို့ အိတ်ရေ၁၀၅၀၀ ၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၁၀၅၀၀၊ပခုက္ကူသို့ အိတ်ရေ ၁၀၀၀ ၊ စုစုပေါင်းအိတ်ရေ ၁၂၅၆၀၀၊ တန်အားဖြင့် ၆၂၈၀တန် စီးထွက်ခဲ့သည့် အတွက် ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ယခုအပတ်အတွင်း အိတ်ရေ ၃၀၀၀၊ တန်အားဖြင့် ၁၅၀တန် ပို၍ စီးထွက်ခဲ့ပါသည်။

      ရွှေဘိုမြို့၏ ဇန်နဝါရီလ ပထမပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန်  ဈေးနှုန်းများ မှာ ရွှေဘိုပေါ်ဆန်းစပါး တင်း၁၀၀လျှင် ကျပ်၂၆၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန်၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၈၈၀၀၀၊ ဧရာမင်းစပါး တင်း၁၀၀လျှင် ကျပ်၁၄၅၀၀၀၀၊ ဧရာမင်းဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၆၅၀၀၀၊ ရွှေဘိုပေါ်ဆန်းစပါး(သစ်) တင်း၁၀၀လျှင်ကျပ် ၁၅၅၀၀၀၀၊ ရွှေဘိုပေါ်ဆန်းဆန်(သစ်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၅၅၀၀၀ ၊ ဧရာမင်း စပါး (သစ်) တင်း၁၀၀လျှင် ကျပ် ၁၀၅၀၀၀၀၊ ဧရာမင်းဆန် (သစ်)၂၄ပြည်ပါ တစ်အိတ်လျှင်ကျပ်၄၅၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ပွက်သားအသစ်ပေါ်သော်လည်း သကြားဈေးကောင်းလျက်ရှိ

          မန္တလေးတိုင်းဒေသကြီး၊ပြင်ဦးလွင်ခရိုင် ၊မတ္တရာမြို့နယ်နှင့် အခြားကြံထွက်ရှိရာဒေသများတွင် သကြားစက်များနှင့် အနီးဆုံးမြို့များတွင် ကြံများကို တိုက်ရိုက်ရောင်းချကြသော်လည်း အချို့တောင်သူများမှာ မိမိကိုယ်တိုင် ပွက်သားကို ချက်ပြီး မန္တလေးမြို့သို့ တင်ပို့ရောင်းချကြပါတယ်။

          ယခုနှစ် ကြံများကို စက်ရုံသို့ အရောက် (၁)တန်လျှင် ကျပ်၈၉၀၀၀/- ဖြင့်  ရောင်းချကြောင်းသိရှိရပါတယ်။ကြံနှင့်ကြံထွက်ပစ္စည်းများ ဖြစ်ကြသည့် ပေါင်းသကြား၊ပွက်သား၊ ခါသကြား၊ ခါရည်၊ပေါင်းရည်တို့ကို မန္တလေးသကြားနှင့်သကာရည်အသင်း၏ ပေါက်ဈေးနှုန်းဖြင့် ဝယ်ယူရောင်းချကြပါသည်။

          ယခင်နှစ်ကာလတူတွင် ပွက်သား ၁၃၃၀-၁၃၅၀ ၊ပေါင်းသကြား ၁၅၂၅-၁၅၅၀ ဈေးသာရှိခဲ့ပြီး ယခုနှစ်တွင်မူ  စိုက်ပျိုးစရိတ်ကြီးမြင့်ခြင်း၊ သယ်ယူစရိတ် ကြီးမြင့်ခြင်း၊ မုန့်မျိုးစုံလုပ်ငန်း၊ အအေးမျိုးစုံ လုပ်ငန်း၊ အဖျော်ယမကာ လုပ်ငန်းများ ပြန်လည်လုပ်ကိုင်လာ ခြင်းနှင့် ပြည်ပနိုင်ငံ ဖြစ်သည့် (တရုတ်)သို့ တင်ပို့လျက်ရှိခြင်း၊   ပွက်သား ၁၉၀၀-၁၉၂၀၊ ပေါင်းသကြား ၂၅၀၀-၂၅၅၀၊ ခါသကြား ၂၁၅၀-၂၂၀၀ ပေါက်ဈေးရှိကာ ပွက်သားအသစ် ပေါ်သော်လည်း သကြားဈေးနှုန်းများမှာ မြင့်တက် လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

 

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း