ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီဌာန၊ တာချီလိတ်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ်၊ ဝမ်တပ်ကျေးရွာအုပ်စု၊ ဝမ်ဘန်းကျေးရွာရှိ မှိုနီအခြောက်ခံလုပ်ငန်းများသို့ သွားရောက်၍ မှိုနီစိုက်ပျိုးထုတ်လုပ်မှုနှင့် ပတ်သက်ပြီး မေးမြန်းခြင်း ဆောင်ရွက်ခဲ့ပါသည်။
မှိုနီကိုရှမ်းဘာသာဖြင့် ဟစ်လျှဲန်း ဟုခေါ်ပြီး ပုံသဏ္ဍာန်အားဖြင့် လင်ဇီးမှိုနှင့်ဆင်တူပါသည်။ မှိုပွင့်အရိုးတံနှင့်အပွင့်အောက်ပိုင်းတွင်အဖြူရောင်ရှိကာ အပေါ်ပိုင်းမှာအနီရောင်ရှိပါသည်။ မှိုနီသည် မိုင်းယောင်းမြို့နယ်ရှိသစ်တောများအတွင်း သဘာဝအလျှောက်ပေါက်ရောက်နေကြပြီး နှစ်စဉ် မေလမှ နိုဝင်ဘာလကုန်ပိုင်းအထိ ရှာဖွေရရှိသည်ဟုသိရပါသည်။ တောတောင်များမှ ရှာဖွေရရှိလာသော မှိုနီများကို ဒေသခံများမှချက်ပြုတ်စားသောက်ကြပါသည်။ မှိုအခြောက်ခံလုပ်ငန်း လုပ်ကိုင်သူများက မှိုအပွင့်အစို တစ်ကီလို ၁၈၀၀၀ကျပ်မှ ၂၄၀၀၀ကျပ်အထိနှင့် မှို အဖူး/အငုံအစို တစ်ကီလို ၄၈၀၀၀ကျပ်မှ ၅၄၀၀၀ကျပ်အထိ မှိုအနေအထားကိုကြည့်၍ မှိုရှာဖွေသူများထံမှ ဝယ်ယူကြသည်ဟု သိရပါသည်။
ဝယ်ယူရရှိထားသောမှိုအစိုများကို အခြောက်ခံရန်အတွက်မီးဖိုအတွင်းရှိ ကျပ်ခိုးစင်များပေါ် တွင် တင်ကာမှိုင်းခံပေးရသည်။ မှိုအခြောက်ခံရန်အတွက် သီးသန့်ပြုလုပ်ထားသောမီးဖိုမှာ အလျား ၆ပေ၊ အနံ၃ပေ၊ အမြင့်၅ပေခန့်ရှိပြီး မှိုများတင်ရန်အတွက် ကျပ်ခိုးစင် ၅ထပ်မှ ၆ထပ်ထိပါရှိပါသည်။ ထင်းမီးကိုအသုံးပြု၍ ၂/၃ ရက်ခန့်မှိုများကို မှိုင်းခံပေးပြီးပါက ရောင်းတန်းဝင်မှိုနီအခြောက်များရရှိသည်ဟု သိရပါသည်။
မှိုနီအစို(၁၀)ကီလိုကို အခြောက်ခံပါက မှိုခြောက်(၂.၅)ကီလိုမှ (၃.၅)ကီလိုခန့်သာ ပြန်လည်ရရှိပြီး ရရှိလာသောမှိုနီအခြောက်များကို ပလတ်စတစ်အိတ်များဖြင့်တစ်ထုတ်လျှင် တစ်ကီလိုထည့်ကာ လေလုံအောင်ပိတ်၍သိုလှောင်ကြသည်။ အခြောက်ခံပြီးသောမှိုနီများကို တရုတ်နိုင်ငံသို့ အဓိက တင်ပို့ပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ အထူး(၄)ဒေသ မိုင်းလားမြို့သို့လည်း တင်ပို့ရောင်းချသည်ဟု သိရပါသည်။ မှိုနီအပွင့်အခြောက်တစ်ကီလိုကို ၈၀၀၀၀ကျပ်မှ ၁၁၀၀၀၀ကျပ်ထိ ရောင်းချပြီး မှိုနီ အဖူး/အငုံ အခြောက်တစ်ကီလိုလျှင် ၁၆၀၀၀၀ကျပ်မှ၂၀၀၀၀၀ကျပ်ထိ ပြန်လည်ရောင်းချကြရသည်ဟု မှိုနီအခြောက်လုပ်ငန်းလုပ်ကိုင်သူများထံမှ သိရှိရပါသည်။
မိုင်းယောင်းမြို့နယ်ရှိမှိုနီအခြောက်ခံလုပ်ငန်းများကို လွန်ခဲ့သော(၁၀)နှစ်ခန့်မှ စတင်လုပ်ကိုင် လာကြသောလုပ်ငန်းများဖြစ်ကြပြီး မိုင်းယောင်းမြို့နယ်တွင် မှိုအခြောက်ခံလုပ်ငန်းလုပ်ကိုင်သူ(၂၀) ဦးခန့်ရှိပါသည်။ မှိုအခြောက်ခံလုပ်ငန်းများကို မိမိတို့ခြံဝိုင်းများအတွင်းမှိုင်းခံမီးဖိုများတည်ဆောက်၍ မိသားစုတစ်ပိုင်တစ်နိုင်လုပ်ကိုင်ကြသော စီးပွားရေးလုပ်ငန်းဖြစ်ပါသည်။ တောတောင်များအတွင်း သဘာဝအလျှောက်ပေါက်ရောက်နေသောမှိုနီများကို မှိုရှာဖွေသူများမှရှာဖွေ၍ မှိုအခြောက်ခံလုပ်ငန်း များသို့ပြန်လည်ရောင်းချခြင်းဖြစ်ပြီး ကျေးလက်နေပြည်သူများတစ်ဖက်တစ်လမ်းမှဝင်ငွေရရှိသကဲ့သို့ မှိုအခြောက်ခံလုပ်ငန်းလုပ်ကိုင်သူများအနေနှင့်လည်း မိသားစုတစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းအဖြစ် အကျိုးအမြတ်ရရှိနေပါကြောင်း ရေးသားတင်ပြအပ်ပါသည်။
DOCA(ရှမ်း)