ကွမ်းရွက်ကို ရှေးမြန်မာမင်းများလက်ထက်မှစ၍ မြန်မာအမျိုးသားအများစုမှာ ကွမ်းယာအဖြစ် စားသုံးလာခဲ့ကြပါသည်။ ယခုအချိန်တွင် ကွမ်းယာကို အမျိုးသားတော်တော်များက စားသုံးလာကြသဖြင့် မြန်မာနိုင်ငံအနှံ့အပြားတွင် ကွမ်းရွက်ပင်ကို စီးပွားဖြစ် စိုက်ပျိုးလာခဲ့ကြပါသည်။
ကွမ်းရွက်စိုက်ပျိုးထွက်ရှိမှု
ပြည်ခရိုင်တွင် ကွမ်းရွက်စိုက်ပျိုးဧကမှာ ၆၉၃ ဧကစိုက်ပျိုးပြီးဖြစ်ပါသည်။ ကွမ်းရွက်ခူး၍ ရသောဧကမှာ ယခုအချိန်ထိ ၆၅၅ ဧကဖြစ်ပါသည်။ ကွမ်းခူး၍မရသေးသောဧကမှာ ၃၈ ဧကဖြစ်ပါသည်။ တစ်ဧကလျှင် ကွမ်းရွက်အထွက်နှုန်းမှာ ၄၇၂၈ ပိဿာခန့်ထွက်ရှိသည်ဟု သိရှိရပါသည်။
ကွမ်းရွက်စိုက်ပျိုးနည်း
ကွမ်းရွက်စိုက်ပျိုးနည်း (၂)နည်းရှိပြီး ပထမနည်းမှာ ကွမ်းညွှန့်များကို စိုက်ပျိုးရာတွင် ကွမ်းညွှန့်အဖျားပိုင်းကို ခပ်ကွေးကွေးအနေအထားဖြင့် ဝါးလုံးတိုင်တွင် ကွမ်းညွှန့်ကို ထောင်မတ်နေအောင် နှီးဖြင့်ချည်၍စိုက်ပျိုးကြပါသည်။ ဒုတိယနည်းမှာ ဘောင်လုပ်ပြီး ကန့်လန့်ဖြတ် တစ်ပေခြားမြောင်းများပြုလုပ်၍ မြောင်းထိပ်တွင် တစ်ပေခြားဝါးလုံးတိုင်များစိုက်ပေးရပါသည်။ ထိုသို့ကွမ်းစိုက်ရန် ဝါးလုံးတိုင်များစိုက်ပြီးပါက ကွမ်းညွှန့်များကို တိုင်နှစ်တိုင်အကြား မြောင်းအတွင်းယှဉ်ချ၍ နှစ်ဆစ်မြုပ်ကာ မြေကြီးဖုံးအုပ်ပေးရပါသည်။ ထို့နောက် ကွမ်းညွှန့်များကိုကွေး၍ ကွမ်းတိုင်တွင်ထောင်ကာ နှီးဖြင့်ချည်ပေးရပါသည်။ ကွမ်းညွှန့်များမှာ စိုက်စနစ်ကွာခြားသော်လည်း တစ်ပင နှင့်တစ်ပင်အကွာအဝေးမှာ တစ်ပေသာခြားရပါမည်။ ကွမ်းရွက်အထွက်အများဆုံးအချိန်မှာ မိုးရာသီဖြစ်ပြီး၊ အထွက်နည်းသောအချိန်မှာ နွေရာသီနှင့် ဆောင်းရာသီတို့ဖြစ်ပါသည်။ ကွမ်းခြံသက်တမ်းရှည်ရန် ကွမ်းခွေခြင်းများကို ပြုလုပ်ပေးရပါသည်။ ကွမ်းညွှန့်များသည် ကွမ်းတိုင်အဆုံးသို့ရောက်ရှိချိန်၊ ကွမ်းအထွက်ကျဆင်းလာချိန်၊ ကွမ်းရွက်များရောဂါကျရောက်ချိန်၊ ကွမ်းပင်များအားနည်းချိန်တို့တွင် ကွမ်းခွေခြင်းကို လုပ်ဆောင်ရပါသည်။ ကွမ်းခွေချိန်မှာနွေရာသီတွင် မတ်လနှင့် ဧပြီလတို့ဖြစ်ပြီး ဆောင်းရာသီတွင် အောက်တိုဘာလနှင့် နိုဝင်ဘာလတို့ဖြစ်ပါသည်။
ကျရောက်တတ်သောရောဂါများနှင့်ကာကွယ်နှိမ်နင်းခြင်း
ကွမ်းရွက်တွင်ကျရောက်တတ်သောရောဂါများမှာ ပင်ခြေပုပ်ရောဂါ၊ အမြစ်ဆွေးရောဂါ၊ ဘက်တီးရီးယားရောဂါနှင့် မှည့်ပြောက်စွန်းရောဂါတို့ ကျရောက်တတ်ပါသည်။ ပင်ခြေပိုင်းတွင်လည်း ရောဂါပိုးကျရောက်တတ်ပြီး ရောဂါကျရောက်သည့်နေရာတွင် အညိုရောင်အကွက်စတင်ဖြစ်ပေါ်ပြီး နောက်ပိုင်းတွင် အမည်းရောင်သို့ပြောင်းသွားကာ အပင်သေသွားတတ်ပါသည်။ ထိုရောဂါများကို ကာကွယ်နှိမ်နင်းရန်အတွက် ရောဂါကျရောက်သောကွမ်းခြံကို စုပုံ၍ မီးရှို့ဖျက်စီးရပါသည်။ ထိုမြေကွက်တွင် ကွမ်းကိုထပ်၍မစိုက်ပျိုးဘဲ မြေလှပ်ထားရပါမည်။ အသစ်စိုက်ပျိုးမည့်ကွမ်းညွှန့်များကို ရောဂါကာကွယ်သည့်အနေဖြင့် မှိုသတ်ဆေး(၂)မိနစ်ခန့်စိမ်ပြီးမှ စိုက်ပျိုးရပါသည်။ ပိုးသတ်ဆေးကိုလည်း ကွမ်းရွက်စိုက်ပျိုးပြီး (၁၀)ရက်ကြာမှသာ ပက်ဖျန်းပေးရပါသည်။
တစ်ဧကကုန်ကျစရိတ်နှင့် အကျိုးအမြတ်
ကွမ်းစိုက်ပျိုးရာတွင် တစ်ဧကလျှင် ကွမ်းပင် ၇၀၀၀-၈၀၀၀ ခန့်ဝင်ဆန့်ပြီး ကွမ်းညွှန့် တစ်ညွှန့်လျှင် ၃၅၀ ကျပ်ဖြင့် ဝယ်ယူစိုက်ပျိုးရ၍ ကွမ်းညွှန့်အတွက် ကုန်ကျစရိတ်မှာ ၂၈ သိန်း ကျပ်ခန့်ကုန်ကျသည်ဟု သိရှိရပါသည်။ ကျန်ကုန်ကျစရိတ်များဖြစ်သော (တိုင်၊ အမိုး၊ အကာ၊ အလုပ်သမားခနှင့် သွင်းအားစုများ)အပါအဝင် သိန်း(၅၀)ကျော်ကုန်ကျ၍ စုစုပေါင်းတစ်ဧကကုန်ကျစရိတ်မှာ သိန်း(၈၀)အထက်ကုန်ကျသည်ဟု သိရှိရပါသည်။ ကွမ်းစိုက်တောင်သူများအနေဖြင့် ကွမ်းစိုက်ပျိုးချိန်တွင် အကုန်အကျများသော်လည်း နောက်ပိုင်းတွင် ဝင်ငွေများရရှိနိုင်မည်ဖြစ်၍ အကျိုးအမြတ်လည်းရရှိနိုင်ပါသည်။ ကွမ်းကိုစတင်စိုက်ပျိုးချိန်မှစ၍ ရက်ပေါင်း ၉၀-၁၂၀ ရက်အကြာတွင် စတင်အရွက်ခူးရပါသည်။ စတင်ခူးစတွင် အရွက်အထွက်နည်းပြီး နောက်ပိုင်းတွင် အရွက်ထွက်ရှိမှုများာလာ၍ အရွက်ခူးဆွတ်ရာတွင် ၁၀-၁၅ တစ်ကြိမ်ခူးဆွတ်ရသည်ဟု သိရှိရပါသည်။ တစ်ဧကလျှင် ကွမ်းရွက်ထွက်ရှိမှုမှာ ခန့်မှန်းခြေပိဿာ ၁၅၀-၁၆၀ ပိဿာခန့်ထွက်ရှိသည်ဟုသိရပြီး မြေကောင်းပြီး အပင်ကိုဂရုစိုက်လျှင် အထွက်နှုန်းကောင်းသလို ကွမ်းပင်သက်တမ်းလည်း ၃-၄ နှစ်ခန့်ကြာသည်ဟု သိရှိရပါသည်။ မြေညံ့လျှင် ကွမ်းရွက်အထွက်နည်း၍ တစ်ခါခူးလျှင် ပိဿာချိန် ၅၀-၆၀ ပိဿာခန့်ထွက်ရှိသည်ဟု သိရှိရပါသည်။ ကွမ်းရွက်ဈေးမှာ မိုးတွင်းကာလတွင် ကွမ်းအထွက်များ၍ တစ်ပိဿာလျှင် ၅၀၀၀ ကျပ်ခန့်ရရှိပြီး၊ ဆောင်းရာသီတွင် ကွမ်းရွက်အထွက်နည်းသွားသဖြင့် ကွမ်းဈေးမှာ တစ်ပိဿာလျှင် ၁၀၀၀၀-၁၁၀၀၀ ကျပ်အထိ ဈေးရရှိခဲ့ပါသည်။ ယခုအချိန်တွင် ကွမ်းရွက်ဈေးမှာ တစ်ပိဿာလျှင် ၆၅၀၀ ကျပ်ဖြင့် ကွမ်းဒိုင်များနှင့် ပွဲစားများက ရွာအရောက်ဆင်းပြီး အဝယ်ရှိသည်ဟု သိရှိရပါသည်။ ကွမ်းပင်စိုက်ပျိုးပြီးနောက်ပိုင်း၌ ကွမ်းခွေချိန်တွင် ကွမ်းခွေ၊ သွင်းအားစုထည့်ချိန်တွင်ထည့်၍ အပင်ပြုစုမှုကောင်းလျှင် ကောင်းသလို နှစ်ရှည်ခံပြီး ကွမ်းစိုက်တောင်သူများအတွက် အကျိုးအမြတ်ရရှိနိုင်ပါသည်။
ကွမ်းစိုက်တောင်သူများအနေဖြင့် ကွမ်းရွက်ကို ဧကပြတ်မစိုက်ပျိုးနိုင်လျှင်ရှိသော် မိမိတို့တွင်ရှိသည့်မြေကွက်များတွင် တစ်ပိုင်တစ်နိုင်ကွမ်းရွက်များကိုစိုက်ပျိုးနိုင်လျှင်လည်း ၁၀ ရက်တစ်ခါ ဝင်ငွေများရရှိပြီး မိသားစုမီးဖိုချောင်စရိတ်ကာမိပြီး စားဝတ်နေရေးချောင်လည်မည်ဖြစ်ကြောင်း လေ့လာသုံးသပ်တင်ပြအပ်ပါသည်။
DOCA(ပဲခူး)