ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ချောင်းဦးဒေသထွက် ဂျုံရိုးခမောက်ဈေးကွက်အရောင်းသွက်

           စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်သည် ပူပြင်းခြောက်သွေ့သော အညာဒေသ ဖြစ်သည့်အတွက် မတ်လလယ်လောက်မှစ၍ အပူချိန်များ မြင့်တက်လျက်ရှိပါသည်။ အပူချိန်များ မြင့်တက်လာသည်နှင့်အမျှ ကျေးလက်နေဒေသခံများအဖို့ တောင်သူလုပ်ငန်းများ လုပ်ကိုင်ရာတွင်လည်းကောင်း၊ ခရီးတိုများသွားလာရာတွင်လည်းကောင်း အပူဒဏ်ကာကွယ်ရန်အတွက် ဦးထုပ်၊ ခမောက်များကို အသုံးပြုကြရသည်။

      မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ ငါးလုံးတင်ကျေးရွာတွင် ဒေသခံများအနေဖြင့် မိရိုးဖလာတောင်သူလုပ်ငန်းများ လုပ်ကိုင်ကြရုံသာမက ရှေးယခင်ကပင် ဂျုံရိုးခမောက်လုပ်ငန်းကို စီးပွားဖြစ်တွင်ကျယ်စွာ လုပ်ကိုင်လာကြသည်။ ဂျုံရိုးခမောက်လုပ်ကိုင်ရန် ကုန်ကြမ်းဂျုံအရိုးများကို ရိတ်သိမ်းမည့် အခင်းသို့ ရိတ်သိမ်းခမယူဘဲ အခင်းရှင်အား အနှံပေး၊ အရိုးပြန်ယူစနစ်ဖြင့် ရိတ်သိမ်းပေးရသည်။ ကုန်ကြမ်း ဂျုံအရိုးများကို လုပ်သားအင်အား (၂၀)ဦးခန့်မှ ရေစိမ်ခြင်း၊ ကြိုးကျစ်ခြင်း၊ ချုပ်လုပ်ခြင်းများ ပြုလုပ်ကြပြီး ခမောက်အမျိုးအစားပေါင်း(၁၀)မျိုးခန့် ချုပ်လုပ်ကြကြောင်း၊ သာမန်အရွယ်အစား ခမောက်တစ်လုံးကို ကျစ်ကြိုးအရှည် (၄၅) တောင် ကုန်ကြောင်း၊ ပို၍ကျယ်ပြန့်လိုပါက (၅၅-၆၀) တောင် အသုံးပြု၍ ချုပ်လုပ်ကြကြောင်း၊ ချုပ်လုပ်ပြီးသော ခမောက်များကို ဆေးခြယ်ခြင်း ၊ ကြိုးတပ်ခြင်း၊ နေလှန်းခြင်းများ အဆင့်ဆင့်ပြုလုပ်ပြီးလျှင် ဈေးကွက်သို့ပို့ရန်အသင့်အနေအထားသို့ ရောက်ရှိပြီဖြစ်ပါကြောင်း၊ ချောင်းဦးဒေသထွက် ဂျုံရိုးခမောက်များကို  ယခင်နှစ်က တစ်နှစ်ပတ်လုံး ခမောက်အလုံးရေ အမျိုးအစားပေါင်း (၁)သိန်းကျော် တင်ပို့နိုင်ပြီး၊ ယခုနှစ်တွင် အလုံးရေပေါင်း (၂)သိန်းကျော်အထိ တိုးချဲ့ထုတ်လုပ်တင်ပို့နိုင်ကြောင်း၊ အသင့်ဆောင်းခမောက်တစ်လုံးကို ဈေးနှုန်း အနေဖြင့် ယခင်နှစ်က ၁၆၀၀ကျပ်မှ ၂၅၀၀ ကျပ်အထိ ရောင်းချရသော်လည်း ယခုနှစ်တွင် ၂၂၀၀ ကျပ်မှ  ၃၀၀၀ ကျပ်အထိ အရွယ်အစားလိုက်၍ ရောင်းချရကြောင်း၊ ယခင်နှစ်များအတွင်းက ရန်ကုန်မြို့ ၊ မြစ်ကြီးနားမြို့၊ ပခုက္ကူမြို့၊ မြင်းခြံမြို့များသို့ တင်ပို့ရောင်းချရသော်လည်း ယခုနှစ်အတွင်း စစ်ကိုင်းတိုင်းအထက်ပိုင်းဖြစ်သော ဟုမ္မလင်းမြို့၊ မော်လိုက်မြို့၊ဖောင်းပြင်မြို့များအထိ တိုးချဲ့တင်ပို့နိုင်ပြီဖြစ်ကြောင်း၊ ချောင်းဦးဒေသထွက် ဂျုံရိုးခမောက်များသည် ချုပ်ရိုးချုပ်သား ခိုင်ခံ့ခြင်း၊ ကျစ်လျစ်မှုရှိခြင်း၊ မိုးရေမထိပါက ဆေးရောင်မမှိန်ဘဲ ( ၃ နှစ်မှ ၅ )နှစ်အထိ မကျိုးမပျက်ခြင်းတို့ကြောင့် လူကြိုက်များလျက်ရှိပြီး အရောင်းသွက်လျက်ရှိကြောင်း၊ ချောင်းဦးမြို့၊ ငါးလုံးတင်ကျေးရွာမှ ဂျုံရိုးခမောက် လုပ်ကိုင်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်တစ်ဦးထံမှ သိရှိရပါသည်။

            သို့ဖြစ်ပါ၍ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် ငါးလုံးတင်ကျေးရွာမှ ဒေသခံများသည် တောင်သူလုပ်ငန်းအပြင် ဂျုံရိုးခမောက်လုပ်ငန်းမှလည်း ဝင်ငွေရရှိလျက်ရှိပါကြောင်း တင်ပြလိုက်ရပါသည်။

DOCA(စစ်ကိုင်း)

ယင်းမာပင်ခရိုင်အတွင်း ကုလားပဲစိုက်ပျိုးထွက်ရှိမှုနှင့် ဈေးကွက်အခြေအနေ

              ယင်းမာပင်ခရိုင်သည် ယာမြေဧကကျယ်ဝန်းပြီး နှစ်စဉ်ပဲမျိုးစုံသီးနှံများကို အဓိကထား စိုက်ပျိုးထွက်ရှိသည့် ဒေသတစ်ခုဖြစ်ပါသည်။ နှစ်စဉ် ပဲမျိုးစုံစိုက်ဧက(၃) သိန်းကျော်ရှိသည့်အနက် ကုလားပဲသီးနှံမှာ စိုက်ဧက (၁.၃) သိန်းကျော်ရှိသည့်အတွက် စိုက်ဧကအများဆုံးဖြစ်ပြီး ပဲမျိုးစုံ စုစုပေါင်း (၄၃%) ကျော်ရှိကြောင်း သက်ဆိုင်ရာဌာနများ၏ စာရင်းဇယားများအရ သိရှိရပါသည်။

              ယင်းမာပင်ခရိုင်တွင် မြို့နယ် (၄) မြို့နယ်ရှိသည့်အနက် ပုလဲမြို့နယ်သည် ယာမြေဧရိယာ အကျယ်အဝန်းဆုံးဖြစ်သည့်အလျှောက် ကုလားပဲစိုက်ဧကများလည်း အများဆုံးဖြစ်ကြောင်း သိရှိရပါသည်။ ဆားလင်းကြီးမြို့နယ်သည် ယာမြေများနှင့် ကိုင်း/ကျွန်းမြေများရှိသည့်အတွက် ဒုတိယစိုက်ဧကအများဆုံး မြို့နယ်ဖြစ်သည်။ အဓိကစိုက်ပျိုးသည့်မျိုးများမှာ ကုဖြူလုံးကြီး(V2)၊ ရွှေနီလုံးကြီး (929) နှင့် ကုလားပဲဝါ(ထိုင်ဝမ်)မျိုးများကို အဓိကစိုက်ပျိုးကြကြောင်း လေ့လာ သိရှိရပါသည်။ ဖေဖော်ဝါရီလဆန်းပိုင်းမှစ၍ ကုန်းစိုက်မြေများစတင်ထွက်ပေါ်ခဲ့ပြီး ချင်းတွင်းမြစ်ရေ ၊ ရေဝင်ဒေသများနှင့် ရိုးပြတ်(သီးထပ်)စိုက်ခင်းများအနေဖြင့် မတ်လအတွင်း  အပြီးရိတ်သိမ်းထွက် ရှိတော့မည်ဖြစ်ကြောင်း တောင်သူရပ်ဝန်းမှ သိရှိရပါသည်။

              ယခုနှစ်ဒေသတွင်း၌ နောက်မိုး(မိုးနှောင်း)ရွာသွန်းခဲ့ခြင်းမရှိသည့်အတွက် ကုလားပဲစိုက် ခင်းများ ရေပေးသွင်းခဲ့ရခြင်းများရှိကြောင်း၊ သွင်းအားစုများဈေးနှုန်းအဆမတန်မြှင့် တက်ခဲ့သည့် အတွက် ယခင်နှစ်ကထက် ကုန်ကျစရိတ်ပိုမိုမြင့်မားခဲ့ကြောင်း၊ ယခုနှစ်အထွက်နှုန်း ပိုမိုထွက်ရှိခဲ့ သလို  ဈေးနှုန်းလည်း မြင့်တက်ခဲ့သည့်အတွက် ထိုက်သင့်သည့် အကျိုးအမြတ်ရရှိခဲ့ကြောင်း၊ ဒေသခံ တောင်သူများထံမှ သိရှိရပါသည်။ယခုနှစ်  ကုလားပဲတစ်ဧကကုန်ကျစရိတ်မှာ (၂.၅) သိန်းခန့် ကုန် ကျခဲ့ပြီး တစ်ဧက(၁၇)တင်းခန့် ထွက်ရှိခဲ့ကြောင်း၊ တစ်တင်း(၄၀၀၀၀)ကျပ်ဖြင့် ရောင်းချခဲ့ရသည့်  အတွက် တစ်ဧက(၄)သိန်းကျော်ခန့် အကျိုးအမြတ်ရရှိခဲ့ကြောင်း၊ ကုလားပဲစိုက်တောင်သူ ဦးထွန်းဝေ၏ ပြောကြားချက်အရ သိရှိရပါသည်။

              လက်ရှိဒေသတွင်းမှ ထွက်ရှိသည့် ကုလားပဲများကို မုံရွာဈေးကွက်သို့ အဓိက တိုက်ရိုက်တင်ပို့ရောင်းချကြောင်း၊ အချို့တောင်သူများမှာ မိမိတို့တင်ပို့သည့် ကုန်စည်ဒိုင်ပေါက် ဈေးဖြင့် လက်ငင်းငွေချေ ရောင်းချပြီး အချို့မှာ မိမိတို့ ယုံကြည်စိတ်ချရသည့် ပွဲရုံတွင် တက်ဈေး မျှော်လင့်ပြီး ရာသီကုန်ထိ အပ်နှံသိုလှောင်ထားကြောင်း သိရှိရပါသည်။

              ယခုအပတ်တွင် မုံရွာကုန်စည်ဒိုင်ပေါက်ဈေး၌ ကုလားပဲသီးနှံနယ်အဝင်များလျက်ရှိပြီး တစ်ရက်အိတ်ရေ(၅၀၀) မှ(၁၀၀၀)ကြားအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခုနှစ် ကုလားပဲသီးနှံ မှာ အခြား Export ပဲများနည်းတူ ဈေးမြင့်တက်လျက်ရှိကြောင်း၊ ယခုမတ်လ စတုတ္ထပတ်တွင် ကုလားပဲဖြူလုံးကြီးတစ်တင်း ကျပ်(၄၃၀၀၀)၊ 929 တစ်တင်း(၄၁၃၀၀)နှင့် ထိုင်ဝမ်တစ်တင်း (၄၁၈၀၀) ပေါက်ဈေးအသီးသီးဖြစ်ပေါ်လျက်ရှိပြီး ယခင်နှစ်ကာလတူ ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက တစ်တင်း ကျပ်(၁၀၀၀၀)ကျော်ခန့် အသီးသီးဈေးမြင့်တက်ခဲ့ကြောင်း၊ Export ဝယ်လက်မရှိသော် လည်း ပြည်တွင်းသုံးစွဲမှုများပြီး ဈေးကွက်ဝယ်လိုအားရှိနေသည့်အတွက် အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း ဒေသတွင်းပဲခွဲစက်၊ ကြာဇံစက်၊ပဲကြော်လုပ်ငန်းများနှင့် ရန်ကုန်၊ မန္တလေး၊ ပခုက္ကူမြို့ကြီး များမှ ပုံမှန်ဝယ်ယူလျက်ရှိကြောင်း ကုန်သည်များထံမှ လေ့လာသိရှိရပါသည်။

              ယခုနှစ်တွင်ကုလားပဲစိုက်တောင်သူများအနေဖြင့်သွင်းအားစုဈေးနှုန်းများ အဆမတန်မြင့် တက်ခဲ့သည့်အတွက်  တစ်ဧကစိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်များ ယခင်နှစ်ကထက် ပိုမိုကုန်ကျ ခဲ့သော်လည်း တစ်ဧကအထွက်နှုန်း တိုးတက်ရရှိခဲ့ကြောင်း၊ သီးနှံပေါ်ချိန် ဈေးကောင်းရရှိခဲ့သည့်အ တွက် ကုလားပဲစိုက်တောင်သူများ အကျိုးအမြတ်ပိုမိုရရှိခဲ့ကြောင်း၊ ယခုနှစ် ကုလားပဲဈေးကောင်း သည့်အတွက် လာမည့်နှစ်တွင်လည်း ကုလားပဲစိုက်ဧကများ တိုးတက်မြင့်မားဖွယ်ရှိပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမန်ကျည်းဈေးကွက်

          မုံရွာမြို့၏ မန်ကျည်းဈေးကွက်၌ ၂၀၂၂ခုနှစ် မတ်လတတိယပတ်တွင် မန်ကျည်းအဝင်များလာသည့်အတွက် ဈေးမှာအနည်းငယ်ကျဆင်းနေကြောင်း မန်ကျည်းရောင်းချသူ ဈေးဆိုင်များမှ သိရှိရသည်။ မတ်လပထမပတ်က မန်ကျည်းအဟောင်းများသာရှိပြီး ယခုမတ်လ တတိယပတ်တွင် အသစ်များ ဝင်ရောက်လာသည့်အတွက် ဈေးကျဆင်းနေကြောင်း၊ မန်ကျည်းအဟောင်း တစ်ပိဿာ ၄၀၀၀ ကျပ် ဈေးရှိရာမှ အသစ်ဝင်လာချိန်တွင် မန်ကျည်းအဟောင်း တစ်ပိဿာ ၃၅၀၀ ကျပ်၊ အသစ် တစ်ပိဿာ ၃၉၀၀ ကျပ် ဈေးဖြင့်အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။ ရမည်းသင်းဒေသမှ မန်ကျည်းအသစ် အဝင်များပြီး ဒေသတွင်းမှအဝင်နည်းနေကြောင်း၊ တစ်ပတ်လျှင် ပိဿာ ၃၅၀ ခန့် ဝင်ရောက်လျက်ရှိပြီး မန်ကျည်းဖျော်ရည်လုပ်ငန်းရှင်များ၊ မန်ကျည်းတော်ဖီ လုပ်ငန်းရှင်များက ဝယ်ယူမှုများသောကြောင့် ဈေးနှုန်းကျဆင်းနေသော်လည်း အရောင်းအဝယ်သွက်နေကြောင်း သိရှိရသည်။

DOCA(စစ်ကိုင်း)

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

        စစ်ကိုင်းတိုင်းဒေသကြီးသည် ဆန်ပိုဒေသများဖြစ်သော ရွှေဘိုခရိုင်၊ ကလေးခရိုင်၊ ကသာခရိုင်များတွင် မတ်လ စတုတ္တပတ်တွင် စပါး/ဆန်ဈေး အနည်းငယ်မြင့်တက်နေပါသည်။ စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ယခင်အပတ်က ရန်ကုန်သို့အိတ်ရေ ၃၀၀၀၀၊ မန္တလေးသို့အိတ်ရေ ၄၀၄၀၀၊ မကွေးသို့အိတ်ရေ ၁၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၀၀၀၀၊ ရှမ်း(တောင်) သို့ အိတ်ရေ ၆၅၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၆၅၀၀၊  စုစုပေါင်းအိတ်ရေ (၉၄၄၀၀)အိတ်၊ တန်အားဖြင့် (၄၇၂၀)စီးထွက်ခဲ့ပြီး၊ ယခုအပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီး ထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၂၈၅၀၀၊ မန္တလေးသို့ အိတ်ရေ ၄၁၀၀၀၊ မကွေးသို့ အိတ်ရေ ၁၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၀၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၇၀၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၇၀၀၀၊ စုစုပေါင်းအိတ်ရေ (၉၄၅၀၀)အိတ်၊ တန်အားဖြင့်(၄၇၂၅)စီးထွက်ခဲ့သည့်အတွက် ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ယခုအပတ် တွင် အိတ်ရေ (၁၀၀)၊ တန်အားဖြင့် (၅) ပိုမိုစီးထွက်ခဲ့ပါသည်။

         စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မတ်လ (စတုတ္တ)ပတ်တွင် ဖြစ်ပေါ်နေသော အခြေခံစားကုန် ဈေးနှုန်းများမှာ ရွှေဘိုခရိုင်တွင် ရွှေဘိုပေါ်ဆန်း(စပါး) တင်း၁၀၀လျှင် ကျပ်(၁၅၀၀၀၀၀)၊ ပေါ်ဆန်း (ဆန်)၂၄ပြည်ပါ တစ်အိတ်လျှင်ကျပ်  ၅၃၀၀၀၊ ဧရာမင်း(စပါး)တင်း ၁၀၀လျှင် ၁၀၀၀၀၀၀၊ ဧရာမင်း(ဆန်) ၂၄ ပြည်ပါ တစ်အိတ် ကျပ် ၄၃၀၀၀၊ ရေဦးမြို့မှ ပေါ်ဆန်း (စပါး) တင်း ၁၀၀လျှင် ကျပ် ၁၅၀၀၀၀၀၊ ပေါ်ဆန်း(ဆန်) တစ်အိတ်လျှင်ကျပ် ၅၄၀၀၀၊  ဧရာမင်း (စပါး) တင်း၁၀၀ လျှင် ၉၅၀၀၀၀၊ ဧရာမင်း (ဆန်)၂၄ ပြည်ပါ တစ်အိတ်  ၄၂၀၀၀ ကျပ်များဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

           ကလေးခရိုင်၊ ကလေးမြို့နယ်မှ ဧည့်မထ(စပါး) တင်း၁၀၀ လျှင် ၈၅၀၀၀၀၊ ဧည့်မထ(ဆန်)‌ ၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၂၇၀၀၀၊ ငစိန်(စပါး) တင်း ၁၀၀ လျှင် ၈၀၀၀၀၀ ၊ ငစိန်(ဆန်)၂၄ပြည် ပါတစ်အိတ်မှာ ၂၆၅၀၀၊ ဧရာမင်း (စပါး)တင်း ၁၀၀ လျှင် ကျပ် ၁၀၀၀၀၀၀၊ ဧရာမင်း(ဆန်)၂၄ပြည်ပါ တစ်အိတ်မှာကျပ် ၃၆၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

         ကသာခရိုင်၊ ကောလင်းမြို့နယ်မှ မှော်ဘီ(၂)(စပါး) တင်း ၁၀၀လျှင် ကျပ်၇၀၀၀၀၀၊ မှော်ဘီ(၂) ဆန် ၂၄ပြည် တစ်အိတ် လျှင် ကျပ် ၃၀၀၀၀၊ ဆင်းဧကရီ(၃)(စပါး) တင်း၁၀၀ လျှင် ကျပ် ၅၈၀၀၀၀၊ ဆင်းဧကရီ-၃ဆန် ၂၄ပြည် တစ်အိတ်မှာ ကျပ် ၂၅၀၀၀၊ ဧရာမင်း (စပါး) တင်း ၁၀၀ လျှင် ကျပ် ၈၀၀၀၀၀၊ ဧရာမင်းဆန် ၂၄ ပြည် ဆန် တစ်အိတ်လျှင် ကျပ် ၃၅၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရ ပါသည်။

         မုံရွာခရိုင်၊ မုံရွာမြို့တွင် ဧရာမင်း(စပါး)တင်း ၁၀၀ လျှင် ကျပ် ၉၅၀၀၀၀၊  ဧရာမင်း(ဆန်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၄၇၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။   

DOCA(စစ်ကိုင်း)                                             

CPပြောင်းဖူးစိုက်ပျိုးသော တောင်သူများ ဈေးကောင်းရနေ

        စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်တွင် ပြည်ပဈေးကွက်ဝယ်လိုအားရှိသော CPပြောင်းဖူး စိုက်ပျိုးသည့် တောင်သူများ ယခုနှစ်တွင် ဈေးကောင်းရရှိပြီး တွက်ခြေကိုက်လျက်ရှိကြောင်း မုံရွာ မြို့နယ်၊ ဘုမ္မနိုးကျေးရွာအုပ်စုရှိ CPပြောင်းဖူး စိုက်ပျိုးသူ ‌တောင်သူတစ်ဦးထံမှ သိရှိရပါသည်။

            မုံရွာမြို့နယ် ဘုမ္မနိုးရွာတွင် ယခင် စီပီပြောင်းဖူးစိုက်ပျိုးသော တောင်သူဦးရေ ၅၀/၆၀  ခန့်ရှိပြီး  ဈေးကွက် ဝယ်လိုအားရှိကြောင်း၊ ၂၀၂၀ ခုနှစ်တွင် CPပြောင်းဖူး တစ်တင်းလျှင် ၆၀၀ဝိ/- မှ ၉၀၀ဝိ/- ထိ ရရှိကြောင်း သိရှိရပါသည်။

       CPပြောင်းဖူး စိုက်ပျိုးသူ တောင်သူတစ်ဦးက မိုးနှောင်းကာလ အောက်တိုဘာလမှ စတင်ပြီး ဇန်နဝါရီလအထိ (၄)လ ခန့်စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးပြီးစီးချိန် (၁)လအတွင်း ဓာတ်မြေဩဇာ ထည့်သွင်းပေးပြီး လိုအပ်သော ပိုးသတ်ဆေး၊ မှိုသတ်ဆေးများ ဖျန်းပေးရပြီး ‌ဘောင်ဆွဲခြင်း၊ ရေသွင်းခြင်းအား တစ်သီးလျှင် ရေ (၄) ချိန်ခန့်သွင်းပေးရကြောင်း၊ တစ်ဧကပျမ်းမျှ အထွက်နှုန်းမှာ ၇၀ တင်းမှ ၁၀၀ တင်းအထိ ထွက်ရှိနိုင်ဟု ခန့်မှန်း၍ လက်ရှိတစ်တင်းလျှင် ၁၆၅၀ဝိ/- မှ ၁၈၀၀ဝိ/- ထိ ပေါက်ဈေးရှိပြီး တစ်ဧက စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်မှာ ကျပ် (၅) သိန်းခန့်ရှိ၍ တစ်ဧကလျှင် တင်း ၇၀ /၈၀  ထွက်ရှိလျှင် ကျပ် (၁၂) သိန်း ဝန်းကျင်ရရှိမည် ဖြစ်သည့် အတွက်  ကျပ်(၅) သိန်းခန့် အကျိုးအမြတ်ရရှိပြီး ပြည်ပဈေးကွက် ဝယ်လိုအားရှိသော CPပြောင်းဖူးမှာ ယခုနှစ် ဈေးကွက်အခြေအနေအရ ပြည်ပဝင်ငွေ တိုးမြှင့်ရရှိနိုင်မည် ဖြစ်ကြောင်း သိရှိပါသည်။

DOCA(စစ်ကိုင်း)

တစ်နိုင်တစ်ပိုင် ကြက်သွန်ခြောက်မုန့်လုပ်ငန်း

                  စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ပုရစ်ကုန်းကျေးရွာတွင် အိမ်တွင်းမှုစားသောက်ကုန် မိသားစုတစ်နိုင်တစ်ပိုင် ကြက်သွန်ခြောက်မုန့်လုပ်ငန်းများဖြင့် ပုံမှန်ဝင်ငွေရနေကြောင်း သိရသည်။

                 ကြက်သွန်နီအား တန်ဖိုးမြှင့်ထုတ်ကုန်တစ်ခုအနေဖြင့် ထုတ်လုပ်ခြင်းဖြစ်ရာ ကြက်သွန် ခြောက်မုန့်လုပ်ငန်းထုတ်လုပ်မှုအား လေ့လာရာတွင် ကုန်ကြမ်းကြက်သွန်ကို မုံရွာမြို့တွင်း ပွဲရုံများမှ တစ်ပိဿာလျှင် ၈၀၀ ကျပ်ဖြင့်ဝယ်ယူရကြောင်း၊ လုပ်သား(၅)ယောက်နှုန်းဖြင့် လုပ်ကိုင်လျှင် ကြက်သွန်နီ ပိဿာချိန် ၂၀ ခန့် ကုန်ကြမ်းအသုံးပြုရကြောင်း၊ ကုန်ချောဖြစ်လာစေရန် ကြက်သွန်နီအား ဦးစွာအခွံသင်၍ ရေနွေးဖြင့်ပြုတ်ရကြောင်း၊ ရရှိလာသောပြုတ်ဖတ်များကို အနှစ်တိုက်ကာ ကော်မှုန့်၊ အိမ်သုံးဆား၊ ဟင်းခတ်မှုန့်တို့ဖြင့် သမအောင်ရောမွှေ၍ ရေနွေးငွေ့ပေးပေါင်းခံရကြောင်း၊ ပေါင်းခံပြီးမုန့်သားများကို နေလှန်း၍ ခပ်ဖန့်ဖန့်အနေအထားတွင် အအေးခံ၍ တစ်ညသိပ်နှပ်ထားပြီး ဘေးသားများကို ပယ်ထုတ်၍ မိမိကြိုက်နှစ်သက်ရာပုံစံ(လေးထောင့်/အဝိုင်း)ကိုက်ဖြတ်၍ အသင့်ထုတ်ပိုးရကြောင်းသိရသည်။ ဈေးကွက်ဈေးနှုန်းအနေဖြင့် အသင့်စားကြက်သွန်ခြောက်မုန့် တစ်ပိဿာလျှင် လက်လီဈေး ၂၆၀၀ ကျပ်နှင့် လက္ကားဈေး ၂၅၀၀ နှုန်းဖြင့် ရွှေဘို၊ မော်လိုက်၊ ခန္တီး၊ ဖောင်းပြင် ဒေသများသို့ ဖြန့်ဖြူးရောင်းချကာ ပုံမှန်ဝင်ငွေရနေကြောင်း သိရသည်။

       အရသာရှိပြီး အသင့်စားသုံးနိုင်သော ကြက်သွန်ခြောက်မုန့်များကို အလှူပွဲ၊ မင်္ဂလာပွဲများတွင် မုန့်ပဲသရေစာအဖြစ် ဧည့်ခံကျွေးမွေးကြပြီး ကြက်သွန်ကြော်မုန့်လုပ်ငန်းရှင်များကလည်း အသင့်စား ကြက်သွန်ကြော်မုန့်များအဖြစ် ပြန်လည်ရောင်းချရန် ဝယ်ယူမှုရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

မုံရွာ၌ မိုးစပါးစိုက်ပျိုးမှုအခြေအနေအား ကွင်းဆင်းလေ့လာ

          စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်းရှိ ထန်းတလုတ်ဆည်ရေသောက် ဧရိယာ ဖြစ်သော ကျောက္ကာညောင်ပင်ကျေးရွာတွင် မိုးစပါးကို ဇူလိုင်လ ဒုတိယအပတ်တွင် စတင်ပျိုး ထောင်ရကြောင်း၊ မြေတစ်ဧကလျှင် စပါးတင်း ၃ တင်းဖြင့် စိုက်ပျိုးရကြောင်း၊ ပျိုးကွင်းတွင် ပျိုးပင်များ ပထမဦးစွာ ပျိုးထားရကြောင်း၊ ပျိုးပင်ရဲ့သက်တမ်းမှာ ၄၅ ရက်သားခန့်အထိ ပျိုးရကြောင်း၊ လယ်ကွင်းတွင် စပါးစိုက်ရန်အတွက် စိုက်ပျိုးမြေပေါ်တွင် စက်ဖြင့်ထွန်ယက်ရ ကြောင်း၊ တစ်ဧကကို စက်ဖြင့်ထွန်ယက်ချိန်အနေဖြင့် တစ်ရက်သာကြာမြင့် ကြောင်း၊ ထွန်ယက် ခမှာ ကျပ် ၂၅၀၀၀ မှ ကျပ် ၃၀၀၀၀ ခန့်ရှိကြောင်း၊ မိုးနည်းဒေသဖြစ်သည့် အတွက် လယ်ကွင်းထဲ တွင် စပါးစိုက်ရန် ရေစုပ်စက် ဖြင့်စုပ်ယူ၍ ရေပေးရပြီး ရေစုပ်စက် မောင်းရန် ဒီဇယ်အသုံးပြုရ၍ ကုန်ကျသည့်ဒီဇယ်မှာ ၂၅ ဂါလံမှ ၄၀ ဂါလံခန့်ကုန်ကြောင်း၊  ပျိုးပင်ကို ပျိုးထောင်စိုက်ရကြောင်း၊ ပျိုးပင်များအား လေးပေခန့်အကျယ် ဘောင်ခတ်ပြီး စိုက်ပျိုးရကြောင်း၊ ပျိုးပင်များ လယ်ကွင်းထဲ သို့စိုက်ပျိုးရန်အတွက် လူငှား ၁၀ ဦးခန့် အသုံးပြုရကြောင်း၊ လူငှား ၁၀ ဦးခန့်ဖြင့် လုပ်ကိုင်ပါက တစ်ရက်နှင့် စိုက်ပြီးကြောင်း၊ ၁ ဦး ငှားရမ်း လုပ်အားခမှာ ကျပ် ၄၀၀၀ ဖြစ်ပြီး ၁၀ ဦးဆိုလျှင် ကျပ် ၄၀၀၀၀ ဖြင့် ငှားရမ်းလုပ်အားခ ကုန်ကျ ကြောင်း၊ တစ်ဧကလျှင် ဓာတ်မြေဩဇာ ၅၀ ကီလိုပါ ၂ အိတ်မြေဩဇာ ကျွေးပေးရ ကြောင်း၊ အပင်များပိုဖျက်နည်းပြီး ကြီးထွားသန်မာရန်၊ အထွက် ကောင်းရန်အတွက် စိုက်ပျိုးပြီး သည့်အချိန်မှ စ၍ ၁၅ ရက်ပြည့်လျှင် ပထမတစ်ကြိမ် မြေဆီကျွေး ပေးရသည်။ စိုက်ပြီး ၁ လပြည့်လျှင် ဒုတိယတစ်ကြိမ် မြေဆီများ ကျွေးပေးရသည်။

         စပါးသက်တမ်းမှာ ရက်ပေါင်း ၉၀ မှ ၁၀၀ ဝန်းကျင်ခန့်ရှိလျှင် ရိတ်သိမ်းရကြောင်း၊ ယခင် အချိန်က စပါးရိတ်သိမ်းလျှင် စပါးရိတ်တံစဉ်များဖြင့် လူအင်အားသုံး၍ ရိတ်သိမ်းရပြီး၊ ယခုတွင် ခေတ်အလိုက် ခေတ်မီတိုးတက်လာ၍ အချိန်ကုန်သက်သာ၊ လွယ်ကူလျှင်မြန်သည့် ရိတ်သိမ်း ခြွေလှေ့စက်များဖြင့် အသုံးပြုလာကြသည်။ ရိတ်သိမ်းခြွေလှေ့စက်ဖြင့် တစ်နာရီကြာ ရိတ်သိမ်းရ ကြောင်း၊ ရိတ်သိမ်းခမှာ  ကျပ် ၅၀၀၀၀ ပေးရကြောင်းသိရသည်။

          တစ်ဧကအထွက်နှုန်းမှာ စပါးတင်း ၉၀ မှ ၁၂၀ ဝန်းကျင်ခန့်ထွက်ရှိကြောင်း၊ ယခင်က သမ ရိုးကျနည်းဖြင့် လူအင်အားသုံး၍ ရိတ်သိမ်းလျှင် အလေအလွင့်အပျက်အစီးများ ပိုမိုများပြားကြောင်း၊ ယခုအခါတွင် ရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းရ၍ အလေအလွင့်နည်းပါးပြီး အထွက်ပိုကောင်း လာကြောင်း၊ စပါးတစ်တင်းလျှင် ကျပ် ၁၀၀၀၀ မှ ကျပ် ၁၂၀၀၀ ဝန်းကျင်ခန့်ရောင်းရကြောင်း၊  စပါးတစ်တင်းကြိတ်ခွဲလျှင် ဆန် ၇ ပြည်ခန့်ထွက်ရှိကြောင်း၊ စပါးတစ်တင်းကြိတ်ခွဲခမှာ ကျပ် ၂၀၀ ပေးရကြောင်း၊ စပါးတင်း ၉၀ မှ ၁၂၀ ဝန်းကျင်ခန့်ကြိတ်ခွဲလျှင် ကြိတ်ခွဲခမှာ ကျပ် ၁၈၀၀၀ မှ ကျပ် ၂၄၀၀၀ ခန့် ကုန်ကျကြောင်း၊ တစ်တင်းခွဲအိတ်(၂၄) ပြည်တစ်အိတ်လျှင် ကျပ် ၃၅၀၀၀ ဝန်းကျင်ခန့် ရောင်းရကြောင်း၊ မိုးစပါး တစ်ဧကစိုက်ပျိုးရာတွင် စုစုပေါင်း ကုန်ကျစရိတ်မှာ ခန့်မှန်း ကျပ် ၄ သိန်း ဝန်းကျင်ခန့် ကုန်ကျပြီး၊  မိုးစပါးတစ်ဧက ရရှိငွေမှာ ကျပ် ၆ သိန်းဝန်းကျင်ခန့်အမြတ်ရရှိကြောင်း၊ ထွက်ရှိသည့် စပါး/ဆန်များအား မိမိ မိသားစုဝမ်းစာ ဖူလုံမှုနှင့် ပိုလျှံသည့် စပါး/ဆန်များအား မျိုးအဖြစ်သော်လည်းကောင်း၊ မိမိနယ်မြေဒေသတွင်းသော်လည်းကောင်း၊ ရွာသို့ စပါး/ဆန် ဝယ်ယူ သည့်အဖွဲ့များသို့သော်လည်းကောင်း ရောင်းရကြောင်း၊ ယခင်နှစ်များနှင့်နှိုင်းယှဉ်လျှင် ယခုမိုးစပါး စိုက်ပြီးကာလတွင် အရောင်းအဝယ်နည်းပါး၍ အမြတ်နည်းပါးမှုရှိကြောင်း စပါးစိုက်တောင်သူ တစ်ဦးထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

မုံရွာခရိုင်ရှိမြေပဲစိုက်တောင်သူနှင့်တွေ့ဆုံဆွေးနွေး

           စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်တွင် မြေပဲစိုက်ဧက စုစုပေါင်း ၃၂,၄၇၉ဧကခန့် ရှိပြီး မြေပဲအထွက်နှုန်း ၁,၃၃၁,၆၃၉တင်းခန့် ထွက်ရှိကြောင်း  တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။

      အရာတော်မြို့နေ မြေပဲစိုက်တောင်သူ ဦးဝင်းလွင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ရာ မြေပဲစိုက်တောင်သူဦးဝင်းလွင်က မြေပဲကို သီတင်းကျွတ်လဆန်းပိုင်းလောက်မှာ စတင်စိုက်ပျိုးရပြီး မြေပြုပြင်ရာတွင် ထွန်စက်ခ တစ်နာရီ ၂၆,၀၀ဝိ/-နှုန်းဖြင့် တစ်ဧကလျှင် ၄၀,၀၀ဝိ/-မှ ၅၀,၀၀ဝိ/- ဝန်းကျင်ကုန်ကျကြောင်း၊ အလုပ်သမားငှားရမ်းခမှာ တစ်ဦးလျှင် နေ့တစ်ပိုင်း ၂,၀၀ဝိ/-နှုန်းဖြင့် ၁၂ဦးအတွက် ၂၄,၀၀ဝိ/-ကုန်ကျကြောင်း၊ နွားချေးချရာတွင် ထော်လာဂျီ ၄စီးအတွက် ၁၄၀,၀၀ဝိ/-ကုန်ကျကြောင်း၊ မြေတစ်ဧကလျှင် မြေပဲမျိုးစေ့ ၁တင်း၂ပြည် ခန့်စိုက်ပျိုးရပြီး မျိုးစေ့ဖိုး၆၅,၀၀ဝိ/-မှ ၇၀,၀၀ဝိ/-ဝန်းကျင်ကုန်ကျကြောင်း၊ ပေါင်းသင်မြက်နုတ်ခ တစ်ဦးလျှင်နေကုန် ၄၀၀ဝိ/-နှုန်းဖြင့် ၅ဦးအတွက် ၂၀၀၀ဝိ/ကုန်ကျကြောင်း၊ အပင်အားဆေး နှင့်ပိုးသတ်ဆေးဖိုး ၁၇,၀၀ဝိ/-မှ၂၀,၀၀ဝိ/-ဝန်းကျင်ကုန်ကျကြောင်း၊ မြေပဲတစ်ဧကစိုက်ပျိုး ကုန်ကျစရိတ်မှာ စုစုပေါင်း ၃၄၀,၀၀ဝိ/-မှ ၃၅၀,၀၀ဝိ/-ခန့် ကုန်ကျကြောင်း၊ မြေပဲကို သီတင်းကျွတ် လဆန်းပိုင်းလောက်မှာ စတင်စိုက်ပျိုးကာ တပိုတွဲလလောက်မှာ သိမ်းဆည်းရပြီး တစ်ဧကလျှင် မြေပဲထွက်ရှိမှုမှာ မြေအမျိုးအစားပေါ်မူတည်၍ တင်း၄၀ကျော်မှ ၆၀ခန့်ထွက်ရှိကြောင်း မြေပဲစိုက်တောင်သူ ဦးဝင်းလွင်ထံမှသိရှိရသည်။

         ယခင်နှစ်မြေပဲဆံတစ်တင်းလျှင် ကျပ်၄၀၀၀၀ကျော်ဖြစ်ပြီး ယခုနှစ်မြေပဲဆံတစ်တင်းလျှင် အမျိုးအစားအပေါ်မူတည်၍ ကျပ်၅၅,၀၀၀မှ ကျပ်၆၀,၀၀၀နှုန်းရှိရာ ယခုနှစ်တွင်မြေပဲစျေးပိုမို ကောင်းလာသဖြင့် တောင်သူများအကျိုးအမြတ်ပိုမိုရရှိကာ နောင်လာမည့်နှစ်တွင် ဆီထွက်သီးနှံဖြစ်သည့် မြေပဲကို ပိုမိုတိုးချဲ့စိုက်ပျိုးသွားမည်ဖြစ်ကြောင်း တောင်သူများထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

 

မုံရွာ၌ သကြား ပြောင်းဖူးချို စိုက်ပျိုး တောင်သူများနှင့် တွေ့ဆုံကွင်းဆင်းလေ့လာ

                သကြားပြောင်းဖူးချိုကို မြန်မာနိုင်ငံအလယ်ပိုင်းဒေသ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်ရှိ ကျေးရွာများတွင် စီးပွားဖြစ်စိုက်ပျိုးလျှက်ရှိသည်ကို  တွေ့ရှိရပါတယ်၊ မြေတစ်ဧကကို သကြား ပြောင်းဖူးမျိုးစေ့ ၃ထုပ်မှ ၄ ထုပ်စိုက်ပျိုးရပြီး ပြောင်းမျိုးစေ့အများအပြားရှိသော်လည်း ပံ -၁၃၅ နှင့် မျှားနီ/ လေယာဉ်မျိုးများကိုသာ အများဆုံးစိုက်ပျိုးလျှက်ရှိပါကြောင်း၊ မျိုးစေ့ ၁ထုပ်လျှင် ပါဝင်မှုမှာ နို့ဆီဗူး (၄)ဗူးခန့်ရှိပြီး မျိုးစေ့ ၁ ထုပ် ကျပ်၂၇၀၀၀မှ ၂၈၀၀၀ ထိ ပေးဝယ်ရကြောင်း၊ မြေတစ် ဧကလျှင် ထွန်ယက်ခ တမနက် ၅၀ဝ၀ကျပ်နှုန်းဖြင့် ၁၀ မနက် ၅၀ဝ၀ဝကျပ် ပေး၍ထွန်ယက်ရကြောင်း၊ စိုက်ပျိုးပြီး အပင်ပေါက် ၁လကျော်လျှင် ပိုးသတ်ဆေး၊အပင်ဖြစ် ဆေး၊ဆေးဖျန်း ပေးခဲ့ရကြောင်း၊ မြေဆီဖိုး ၆သောင်းကျော်ကုန်ကျကြောင်း၊ မြေတစ်ဧက စိုက်ပျိုးလျှင် အပြီးအစီး ၄ သိန်း ဝန်းကျင် ခန့်ကုန်ကျကြောင်း၊  သကြားပြောင်းဖူးချိုကို ရာသီမရွေးရေတင်စိုက်ပျိုးနိုင်ပြီး စစိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်ထိ ရေ ၅ခါတင်ပေးရကြောင်း၊ ဆောင်းရာသီစိုက်ပျိုးလျှင် ရက်ပေါင်း ၉၀ မှ၁၀၀ ထိကြာပြီး ရေ ၃ခါတင်ပေးရကြောင်း၊ စတင်စိုက်ပျိုးချိန်မှာ စက်တင်ဘာလနှင့် အောက်တိုဘာလများတွင် စတင်စိုက်ပျိုးပြီး ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလမျာတွင် ရိတ်သိမ်းရကြောင်း၊ ဆောင်းရာသီစိုက်ပျိုးလျှင် အမြတ်ပိုထွက်ရှိကြောင်း၊ အဖူးရိတ်သိမ်းချိန်ရောက်လျှင်  ပြောင်းဖူးပွဲ စားများမှ စိုက်ခင်းအထိ လာရောက်ဝယ်ယူကြောင်း၊ ဈေးကောင်းလျှင် တဖူးကို (၂၀၀) နှုန်းနှင့် တစ်ဧက စိုက်ပင် (၅၀၀၀) လျှင် (၁၀)သိန်းကျပ်ဖြင့် ရောင်းချရပါကြောင်း၊ လက်လီရောင်းချပါက ယခုလက်ရှိအချိန်တွင် (၁၀၀၀)ဖိုး သကြားပြောင်းဖူး (၃/၄ )ဖူးဖြင့်ရောင်းချပါကြောင်း၊ တစ်ဧကကို လူငှား ၁၀ ဦးငှားပြီး တစ်မနက် မိန်းကလေး ကျပ် ၁၅၀၀ နှုန်းဖြင့် ပြောင်းဖူးများကို ရိတ်သိမ်း ကြောင်း၊ သကြားပြောင်းဖူးများကို ဒေသခံကုန်စိမ်းပွဲရုံများသို့ ရောင်းချခြင်း၊ မုံရွာကုန်စိမ်းပွဲရုံးများသို့ ကိုယ်တိုင်ကိုယ်ကျသွားရောက်ရောင်းချခြင်းရှိကြောင်း၊ တောင်သူအချို့မှာ သကြားပြောင်းဖူးချိုကို ၃/၄ ဧက စီးပွားဖြစ်စိုက်ပျိုးလျှက်ရှိကြပြီး တောင်သူတချို့မှာ တပိုင်တနိုင် ၁ဧက/ ၂ဧက ဝန်းကျင်ခန့် စိုက်ပျိုးလျှက်ရှိကြောင်း၊ သကြားပြောင်းဖူးချိုသည် မုံရွာမြို့နယ်ရှိ ကျေးရွာများနှင့် မြို့များတွင် ပြည်တွင်းပို့ကုန်အဖြစ် ရောင်းချလျက်ရှိပါကြကြောင်း၊ ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ယခုနှစ်တွင် ဈေးကွက်ပိုမိုရရှိပြီး ဈေးကောင်းရရှိနေပါကြောင်း၊ ဈေးပေါ်မူ တည်သော်လည်း ယခုနှစ်တွင် အောင်မြင်ဖြစ်ထွန်းသဖြင့် တစ်ဧကကို သိန်း(၆)ကျော်မှ (၇)သိန်း ဝန်းကျင် ခန့်အမြတ် အစွန်းရရှိခဲ့ကြောင်း၊ သကြားပြောင်းစိုက်ပျိုးသူ ဘုမ္မနိုးကျေးရွာတောင်သူထံမှသိရှိရ ပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့တွင် သောက်ရေသန့်များ ပိုမိုအရောင်းအဝယ်သွက်လက်လာ

               ပူပြင်းသည့်နွေရာသီသို့ စတင်ကူးပြောင်းရောက်ရှိလာပြီဖြစ်ရာ မုံရွာမြို့တွင် သောက်ရေသန့်များ အရောင်းအဝယ်သွက်လက်လျက်ရှိကြောင်း သိရသည်။

          ယခင်ကနေ့စဉ် (၂၀) လီတာရေသန့်ဘူး (၆၀၀) ဘူးထုတ်လုပ်ဖြန့်ဖြူးခဲ့ရာမှ ယခုလတွင် တစ်ရက်လျှင် (၈၀၀)ဘူးအထိ ထုတ်လုပ်ဖြန့်ဖြူးပေးနေရကြောင်း၊ ဝယ်လိုအားမြင့် တက်လျက်ရှိကြောင်း ပင်လုံသောက်ရေသန့်လုပ်ငန်းရှင်ထံမှ သိရသည်။ ဈေးနှုန်းအားဖြင့် ယခင်လက(၂၀) လီတာသောက် ရေသန့်တစ်ဘူးလျှင် (၅၀၀) ကျပ်ဖြင့် ရောင်းချခဲ့ရာမှ ယခုတွင် (၆၀၀) ကျပ်ဖြင့် ရောင်းချကြောင်းသိရသည်။ လက်ရှိကာလတွင် မုံရွာမြို့၌ လျှပ်စစ်မီးရရှိမှုမှာ အကန့်အသတ်နှင့် ရရှိနေသဖြင့် လိုအပ်သော အရေအတွက်ပြည့်မီအောင် ထုတ်လုပ်နိုင်ရေး မီးစက်များအသုံးပြု၍ ထုတ်လုပ်ရခြင်း၊ လောင်စာဆီ ဈေးနှုန်းမြင့်တက်လာခြင်းနှင့်အတူ သောက်ရေသန့်ဘူးများ သယ်ယူပို့ ဆောင်စရိတ် ပိုမိုကုန်ကျမှုရှိလာသည့်အတွက် ယခုကဲ့သို့ သောက်ရေသန့်ဈေးနှုန်းများ မြင့်တက်လာရခြင်းဖြစ်ကြောင်းသိရှိရပါသည်။  မုံရွာမြို့နယ် လျှပ်စစ်မီးရရှိမှုမှာ အကန့်အသတ်ဖြင့် ရရှိသော်လည်း သောက်ရေသန့်ထုတ်လုပ်သည့် လုပ်ငန်းရှင်များအနေဖြင့် ဈေးကွက်လိုအပ်ချက်ပြည့်မီရေး ကြိုးစားထုတ်လုပ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း