ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တောင်ငူဒေသလက်ဆောင် အုတ်တွင်းမြို့က ရွှေမြှားအာလူးကြော်၊ စာကလေးချောင်းကြော်နှင့် ငှက်ပျောကြော်လုပ်ငန်းများအား ကွင်းဆင်းလေ့လာ

               ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့၊ ကြက်သွန်ခင်း(၂)ရပ်ကွက်၊ တောင်ငူ-ပြည်လမ်းမပေါ်ရှိ ရွှေမြှားအမှတ်တံဆိပ် အာလူးကြော်၊ စာကလေးချောင်းကြော်နှင့် ငှက်ပျောကြော်လုပ်ငန်းသည် စားသုံးသူများပြီး ဈေးကွက်ဝင်သည့်အတွက် တောင်ငူမြို့အပါအဝင် တစ်နိုင်ငံလုံးသို့ ဖြန့်ချရောင်းချနေရပြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)၏ အစားအသောက်ထုတ်လုပ်ခြင်း ထောက်ခံချက်လက်မှတ် ရရှိထားသည့် စားသောက်ကုန်လုပ်ငန်းဖြစ်ပါသည်။

              အာလူးကြော်ထုတ်လုပ်ရန်အတွက် လိုအပ်သော အာလူးများကို ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့မှ မှာယူရပါသည်။ အာလူးကြော်ထုတ်လုပ်ရာတွင် အာလူးများကို ပါးပါးလှီး၊ ရေစင် အောင်ဆေးပြီးမှ ဆီသန့်ဖြင့်ကြော်ရခြင်းဖြစ်ပါသည်။ ထို့နောက် ဆီစစ်ပြီး အရသာစုံအောင်ပြန်မွှေ၍ တံဆိပ်ရိုက်ပြီးသား အိတ်များထဲသို့ထည့်၍ ထုပ်ပိုးခြင်းဖြစ်ပါသည်။

              စာကလေးချောင်းကြော်အတွက် လိုအပ်သော ကုလားပဲများကို မန္တလေးမှ မှာယူရပြီး ၎င်းကုလားပဲများကို အမှုန့်ကြိတ်၊ ရေဖျော်ပြီး ကျိုပေးရပါသည်။ ကျိုချက်၍ ရလာသော အရည်ပျစ်ပျစ်ကို ညှစ်စက်ထဲသို့ထည့်ပြီး မီးဖိုပေါ်တင်ထားသော ပွက်ပွက်ဆူသည့် ဆီအိုးထဲသို့ ညှစ်ထည့်ပြီး ကြော်ရပါသည်။ ဆီစစ်ပြီးသော စာကလေးချောင်းကို အိတ်ထဲထည့်ပြီး ၎င်းအိတ်ထဲသို့ ပျဉ်းတော်သိမ်ရွက်ကြော်၊ ငရုပ်သီးခြောက်တောင့်နှင့် မြေပဲဆံအနည်းငယ်ဆီထည့်၍ ထုပ်ပိုးပါသည်။

              ငှက်ပျောကြော်အတွက် လိုအပ်သော ရခိုင်ငှက်ပျောသီးကို တောင်ငူမြို့မှ မှာယူပြီး မှည့်လာသည့်အချိန်တွင် ပါးပါးလှီးကာ ဆီဖြင့်ကြော်ရပါသည်။ ရွှေမြှားအမှတ်တံဆိပ် အာလူးကြော်၊ စာကလေးချောင်းကြော်နှင့် ငှက်ပျောကြော်များကို ယခင်က တစ်ထုပ်လျှင် ၈၀ ကျပ်နှုန်းဖြင့် ရောင်းချဖြန့်ဖြူးပြီး ယခုအခါ ကုန်ကြမ်းဈေးနှုန်းများ တက်လာသဖြင့် တစ်ထုပ်လျှင် ၁၅၀ ကျပ်နှုန်း ဖြင့် ဈေးကွက်အတွင်းသို့ ရောင်းချဖြန့်ဖြူးလျှက်ရှိကြောင်း ရွှေမြှားစားသောက်ကုန်လုပ်ငန်း မန်နေဂျာဒေါ်ဝေ၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(ပဲခူး)

 

တောင်ငူမြို့တွင် သက်သာသောနှုန်းထားဖြင့် စားအုန်းဆီရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေး

                ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့်အတူ မတ်လ ၁၅ ရက်နေ့ နံနက်ပိုင်း က မြန်မာနိုင်ငံဆီကုန်သည်များအသင်းမှ တောင်ငူမြို့တွင် သက်သာသောနှုန်းထားဖြင့် စားအုန်းဆီရောင်းချနေမှုများကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ထိုသို့ရောင်းချရာတွင် ဆိုင်ထိုင်၍ ရောင်းချခြင်းအပြင် မော်တော်ယာဉ်ဖြင့် တောင်ငူမြို့ပေါ်ရှိ ရပ်ကွက်ဈေးများဖြစ်သော ရွှေဆံတော်ဘုရားဈေး၊ ဝက်ကုန်းဈေး၊ ဓါတုကလျာဈေး၊ ညောင်ပင်ဈေးများသို့လှည့်လည်၍ ရောင်းချကြောင်း သိရှိရပါ သည်။

            ခရိုင်ဦးစီးမှူးက ရောင်းချနေသည့် စားအုန်းဆီများ၏ အလေးချိန်နှင့်ဈေးနှုန်းမှန်ကန်ရေး၊ စားသုံးသူစိတ်ကျေနပ်မှုရှိစေရေးကို စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။ တောင်ငူခရိုင်တွင် ယခုလအတွင်း မြန်မာနိုင်ငံဆီကုန်သည်များအသင်းက ဆီတစ်ပိဿာလျှင် ၆၈၀၀ ကျပ်နှုန်းဖြင့် ဆီပိဿာ ၃၃၀၀၀ ကို တောင်ငူမြို့နယ်၊ ရေတာရှည်မြို့နယ်နှင့် ဖြူးမြို့နယ်ရှိ ပြည်သူများသို့ ရောင်းချပေးမည် ဖြစ်ပါသည်။

               ဈေးကွက်အတွင်း စားသုံးဆီဈေးနှုန်းကြီးမြင့်မှုကို လျှော့ချနိုင်ရေးအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်ချက်ဖြင့် ပြည်ပမှ စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများထံမှ စားသုံးဆီများ တိုက်ရိုက်ဝယ်ယူနိုင်ရေးအတွက် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းသို့ တိုင်း ဒေသကြီးစားသုံးသူရေးရာဦးစီးဌာနမှ ချိတ်ဆက်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးရေးလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ထားသော ရည်ညွှန်းဈေးများဖြင့် စားသုံးသူပြည်သူများအား ရောင်းချပေးခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ကုန်စည်ဒိုင်ပဲဈေးကွက်ဈေးနှုန်းအခြေအနေ

           ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့ရှိ ပြည်ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျှက်ရှိသော မတ်ပဲသီးနှံဈေးမှာ ဖေဖော်ဝါရီနောက်ဆုံးပတ်တွင် ပိဿာ(၂၀)ဝင် ပဲတစ်တင်းကို ၄၁၇၀၀-၄၂၅၀၀-၄၂၇၀၀ ကျပ်ဈေးဖြင့် တစ်ရက်ကို အိတ် ၂၀၀/၃၀၀ခန့် ရန်ကုန်အဝယ်ရှိခဲ့ပြီး မတ်လအစတွင် ပဲတစ်တင်းကို ၄၄၀၀၀-၄၄၂၀၀ကျပ်ဈေးဖြင့် အရောင်းအဝယ်ရှိခဲ့၍ လှောင်သမားများလည်း အဝယ်ရှိခဲ့ပါသည်။ ဒုတိယပတ်ဈေးမှာ မြင့်လာခဲ့ပြီး ပဲတစ်တင်းလျှင် ၄၅၀၀၀-၄၆၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ရှိပြီး တစ်ရက်လျှင်အိတ် ၂၅၀/၃၀၀ခန့် ရန်ကုန်တင်ပို့မှု့ရှိခဲ့ပါသည်။ တတိယပတ်တွင် ပဲတစ်တင်းလျှင် ၄၅၅၀၀-၄၆၇၀၀ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။

          ပဲစင်းငုံသီးနှံဈေးမှာ မတ်လပထမပတ်တွင် ပဲတစ်တင်းလျှင် ၄၃၈၀၀-၄၄၀၀၀ ကျပ်ဖြင့် ရန်ကုန်အဝယ် တစ်ရက်ကိုအိတ် ၃၀၀/၄၀၀ခန့် ဝယ်ယူမှုရှိခဲ့ပါသည်။ ဒုတိယပတ်တွင် ပဲတစ်တင်းလျှင် ၄၄၀၀၀-၄၄၅၀၀ကျပ်ဖြစ်ခဲ့ပြီး ပဲစင်းငုံအဝယ်လိုက်၍ အိတ် ၄၀၀-၅၀၀ခန့် အဝယ်ရှိပြီး လှောင်သမားနှင့်ရန်ကုန်အဝယ်ရှိခဲ့ပါသည်။ တတိယပတ်တွင် ပဲတစ်တင်းဈေးမှာ ၄၄၀၀၀ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။

          ကုလားပဲသီးနှံအနေဖြင့် မတ်လပထမပတ်တွင် ပဲတစ်တင်းလျှင် ၄၁၅၀၀-၄၂၅၀၀ကျပ် ဈေးဖြင့် အရောင်းအဝယ်ရှိပြီး တတိယပတ်တွင် ပဲတစ်တင်းလျှင် ၄၄၀၀၀-၄၅၀၀၀-၄၆၀၀၀-၄၆၅၀၀ကျပ်ထိ ဈေးမြင့်လာခဲ့ပြီး လှောင်သမားများရန်ကုန်ဝယ်လက်များနှင့် ခွဲစက်သမားများ အဝယ်ရှိခဲ့ပြီး တစ်ရက်လျှင် အိတ် ၄၀၀/၄၀၀ခန့် အဝယ်ရှိခဲ့ပါသည်။ တတိယပတ်တွင် ၄၄၀၀၀ကျပ်ဖြင့် ရန်ကုန်ဝယ်လက်နှင့် ပဲခွဲကြမ်းများကို နယ်စုံသို့ တင်ပို့ရောင်းချခဲ့ပါသည်။

          ပဲကြီး(ရွှေကျွန်း)ဈေးမှာ ယခင်အပတ်က ပဲတစ်တင်းကို ၅၂၀၀၀-၅၃၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ရှိပြီး ယခုတစ်ပတ်တွင် ၆၃၀၀၀-၆၄၀၀၀-၆၅၀၀၀ကျပ်၊ ပဲကြီး (ကမ်းနား)တစ်တင်းကို ၆၀၀၀၀-၆၂၀၀၀ကျပ်ဈေးထိမြင့်လာခဲ့ပါသည်။ အရောင်းအဝယ်ဖြစ်မှုမှာ တစ်ရက်လျှင်အိတ် ၇၀၀/ ၈၀၀ခန့် ပဲကြော်သမားနှင့် ရန်ကုန်အဝယ်ရှိကြောင်း သိရပါသည်။

          ယခုနှစ်အနေဖြင့် ပြည်ကုန်စည်ဒိုင်တွင် ပဲမျိုးစုံဈေးကွက်ဈေးနှုန်းအခြေအနေမှာ ကောင်းမွန်လျှက်ရှိပြီး ဈေးနှုန်းအနေဖြင့်လည်း ယခင်နှစ်ကထက် ပိုမိုရရှိသည့်အတွက် စိုက်ပျိုးထုတ်လုပ်သူတောင်သူများအနေဖြင့်လည်း ယခုနှစ်သွင်းအားစုများ ဈေးမြင့်ခဲ့သော်လည်း ပဲဈေးများ ဈေးကောင်းရရှိသည့်အတွက် အကျိုးအမြတ်ရရှိလျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

ပန်းတောင်းမြို့နယ် ပဲ/နှမ်းပွဲရုံများ စျေးကောင်းရ၍ အရောင်းအဝယ်ဖြစ်ထွန်း

              စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် တာဝန်ခံနှင့်အဖွဲ့သည် (၁၁.၃.၂၀၂၂)နေ့ နံနက် (၉:၃၀)အချိန်တွင် ဥသျှစ်ပင်မြို့ လမ်းမတော်လမ်းရှိ လမင်း ပဲ/နှမ်းပွဲရုံသို့ ကွင်းဆင်း၍ ပဲမျိုးစုံဈေးနှုန်းဈေးကွက်အခြေအနေအား သိရှိနိုင်ပါရန် ကွင်း ဆင်းလေ့လာခဲ့ပါသည်။

          ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့ရှိ၊ လမင်းပဲနှမ်းပွဲရုံပိုင်ရှင် ဦးကျော်သူစိုးနှင့်တွေ့ဆုံ၍ ပဲမျိုးစုံဈေးနှုန်းဈေးကွက်အခြေအနေများအား မေးမြန်းခဲ့ရာ ယင်းပွဲရုံသို့ မြို့နယ်တွင်းရှိ ကျေးရွာ များမှ ပဲမျိုးစုံများ လာရောက်ရောင်းချသလို ထိုပွဲရုံမှတစ်ဆင့် ပြည်မြို့ရှိ ပွဲရုံများသို့ တင်ပို့ရောင်း ချကြောင်း သိရှိရပြီး ယခုဖြစ်ပေါ်လျှက်ရှိသော ပဲဈေးနှုန်းများမှာ ပဲကြီး တစ်တင်းလျှင် ၆၃၀၀၀ကျပ်၊ ပဲတီစိမ်း (ဝါးခယ်မမျိုး) တစ်တင်းလျှင် ၄၄၂၀၀ကျပ်၊ မတ်ပဲတစ်တင်းလျှင် ၄၆၀၀၀ကျပ်၊ ကုလားပဲ တစ်တင်းလျှင် ၄၅၀၀၀ကျပ်၊ မြေပဲဆီဆန်တစ်ပိဿာလျှင် ၃၆၀၀ကျပ်နှင့် မြေပဲလုံးဆန် တစ်ပိဿာလျှင် ၃၈၅၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။

              ယခင်နှစ်တွင် ဖြစ်ပေါ်ခဲ့သောပဲဈေးနှုန်းများမှာ ပဲကြီးတစ်တင်းလျှင် ၃၃၀၀၀ကျပ်၊ ပဲတီစိမ်း တစ်တင်းလျှင် ၃၅၀၀၀ကျပ်၊ မတ်ပဲတစ်တင်းလျှင် ၂၆၂၀၀ကျပ်၊ ကုလားပဲတစ်တင်းလျှင် ၂၄၇၀၀ကျပ်၊ မြေပဲဆီဆန် တစ်ပိဿာလျှင် ၂၆၀၀ကျပ် နှင့် မြေပဲလုံးဆန် တစ်ပိဿာလျှင် ၂၉၀၀ကျပ်ဖြစ်ခဲ့သဖြင့် ယခုနှစ်တွင် ဈေးကောင်းရလျှက်ရှိကြောင်းတွေ့ရှိရပါသည်။

           ယခုနှစ်တွင် ပဲစိုက်တောင်သူများအနေဖြင့် သွင်းအားစုများဈေးမြင့်လျှက်ရှိသော်လည်း ပဲဈေးများ ဆက်လက်မြင့်တက်လျှက်ရှိသဖြင့် အကျိုးအမြတ်ပိုမို ရရှိလျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်မြို့ရှိ နှမ်းသီးနှံဈေးနှုန်းဈေးကွက်အခြေအနေ

        ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ၊ ပြည်မြို့ရှိပွဲရုံများတွင် အရောင်းအဝယ်ဖြစ်လျှက်ရှိသော နှမ်းရောင်စုံ ဈေးနှုန်းဈေးကွက်အခြေအနေများကို လေ့လာသုံးသပ်တင်ပြရာတွင် နှမ်းနီဈေးနှုန်းများ အနေဖြင့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလဆန်းတွင် (၃)တင်း တစ်အိတ်လျှင် (၁)သိန်းကျပ်ခန့်ရှိခဲ့ပြီး ဇန်နဝါရီလကုန်တွင် (၃)တင်းတစ်အိတ်လျှင် ၁၆၀၀၀၀ကျပ်ဖြင့် ဈေးများမြင့်တက်လာခဲ့ပါသည်။ မြို့တွင်းဆီစက်သမားများနှင့် နယ်ဘက်ရှိဆီစက်သမားများက ဆီကြိတ်ရန် အဝယ်ရှိလာသဖြင့် ဈေးမြင့်တက်လာခဲ့ပါသည်။ ဖေဖော်ဝါရီလဆန်းတွင် နှမ်းနီဈေးမှာ (၃)တင်းတစ်အိတ်လျှင် ၁၆၀၀၀၀ကျပ်ဖြင့် ဈေးများဆက်လက်ငြိမ်နေပြီး၊ ဖေဖော်ဝါရီလကုန်ပိုင်းတွင် ဆောင်းနှမ်းများ အဝင်လှိုင်လာချိန် ဝယ်လိုအားနည်းသွားသဖြင့် (၃)တင်း တစ်အိတ်လျှင် ၁၃၀၀၀၀ကျပ်ဖြင့် ဈေးပြန်ကျလာခဲ့ပါသည်။ မတ်လ တတိယပတ်တွင် ဆီစက်သမားများက အဝယ်ပြန်ရှိလာသဖြင့် (၃)တင်း တစ်အိတ်လျှင် ၁၅၀၀၀၀ကျပ်ထိ ဈေးပြန်မြင့်လာခဲ့၍ တစ်နေ့လျှင်အိတ် (၅၀၀)ခန့် အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။

          နှမ်းနက်ဈေးနှုန်းများမှာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းတွင် (၃)တင်း တစ်အိတ်လျှင် ၁၄၀၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ဇန်နဝါရီလကုန်ပိုင်းတွင် (၃)တင်းတစ်အိတ်လျှင် ၂၀၀၀၀၀ကျပ်ခန့် ဈေးပြန်မြင့်လာခဲ့ပါသည်။ ရန်ကုန်၊ မန္တလေးဝယ်လက်များက တစ်နေ့လျှင် အိတ် (၅၀၀)ခန့် အဝယ်ရှိလာသဖြင့် ဈေးမြင့်လာခဲ့ပါသည်။ ဖေဖော်ဝါရီလလဆန်းပိုင်းတွင် အရောင်းအဝယ်ပုံမှန်ဖြစ်ခဲ့ပြီး (၃)တင်းတစ်အိတ်လျှင် ၂၀၀၀၀၀ကျပ်ဖြင့် ဈေးများဆက်လက်ငြိမ်နေပါသည်။ ဖေဖော်ဝါရီလကုန်ပိုင်းတွင် (၃)တင်းတစ်အိတ်လျှင် ၁၆၀၀၀၀ကျပ်ဖြင့် ဝယ်လိုအားနည်းသွားသဖြင့် ဈေးပြန်ကျလာခဲ့ပါသည်။ မတ်လ တတိယပတ်တွင် ကျောက်ပန်းတောင်း၊ ပခုက္ကူနှင့် မြင်းခြံဘက်မှ ဝယ်လိုအားကောင်းလာသဖြင့် ဈေးပြန်မြင့်လာပြီး တစ်နေ့လျှင်အိတ် (၃၀၀)ခန့် အရောင်းအဝယ် ဖြစ်လျှက်ရှိပါသည်။

        စမုံနက်နှမ်းဈေးနှုန်းများမှာ ၂၀၂၂ခုနှစ် ဇန်နဝါရီလဆန်းပိုင်းတွင် (၃)တင်း တစ်အိတ်လျှင် ၁၇၀၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ဇန်နဝါရီလကုန်ပိုင်းတွင် (၃)တင်းတစ်အိတ်လျှင် ၂၂၀၀၀၀ကျပ်ဖြင့် မန္တလေးဝယ်လက်များနှင့် အောင်လံဘက်မှ အဝယ်ရှိလာသဖြင့် ဈေးမြင့် တက်လာခဲ့ပါသည်။ ဖေဖော်ဝါရီလဆန်းပိုင်းတွင် (၃)တင်းတစ်အိတ်လျှင် ၂၂၀၀၀၀ကျပ်ဖြင့် ဈေးငြိမ်နေပြီး အရောင်းအဝယ်မှာ ပုံမှန်ဖြစ်လျှက်ရှိပါသည်။ ဖေဖော်ဝါရီလကုန်တွင် မန္တလေး ဝယ်လက်များမှ အဝယ်နည်းသွားပြီး ဆောင်းနှမ်းများအထွက်လှိုင်လာသဖြင့် ဈေးကျလာခဲ့ပါသည်။ မတ်လတတိယပတ်တွင် အညာဒေသမှ အဝယ်ပြန်ရှိလာသဖြင့် ဈေးပြန်မြင့်လာပြီး တစ်နေ့လျှင် အိတ် (၄၀၀)ခန့် အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။

          နှမ်းသီးနှံဈေးကွက်မှာ ယခုနှစ်တွင် သွင်းအားစုများ ဈေးမြင့်တက်နေပေမယ့် နှမ်းဈေးမှာ ဈေးကောင်းများရရှိသဖြင့် နှမ်းစိုက်တောင်သူများအနေဖြင့် အကျိုးအမြတ်များပိုမိုရရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

မုံရွာရှိမြို့ သောက်ရေသန့်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးအသိပညာပေး

             စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မတ်လ ၂၂ ရက်နေ့ နံနက် ၁၀နာရီအချိန်တွင် မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်ရှိ “ပင်လုံ” သောက်ရေသန့်လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၊ အခန်း(၁၈)အရ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်များ သိရှိလိုက်နာ ဆောင်ရွက်နိုင်စေရန်အတွက် အသိပညာပေးဆွေးနွေးခဲ့ပါသည်။

                  ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါစားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း၊ ပြစ်မှု ပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ပုဒ်မ၄၁။ (ခ) နှင့်(ဆ) တို့တွင်ဖော်ပြထားသည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာ‌ရေး ဆိုင်ရာ ဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက် တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပါသည်။

                 “ပင်လုံ” သောက်ရေသန့်လုပ်ငန်းကို ၂၀၁၆ ခုနှစ်မှ စတင်တည်ထောင်ခဲ့ကြောင်း ၊ ရေသန့်ပြုလုပ်ရာတွင် ပထမဦးစွာ‌ရေကြမ်းကို အဆင့်လေးဆင့်ဖြင့် စစ်ထုတ်ပြီး ရရှိလာ‌သော ဒုတိယပေါင်းခံရည်ကို ပြန်လည်သန့်စင်ရာတွင် စွန့်ပစ်ရေ ၆၀% နှင့် ရေသန့် ၄၀% ထွက်ရှိကြောင်း၊ ရေသန့်ဗူးများ ဆေးကြောရာတွင်လည်း ပထမအကြိမ်နှင့်ဒုတိယအကြိမ် ဗူးကြမ်းဆေးခြင်းနှင့် တတိယအကြိမ်တွင် သောက်ရေသန့်ဖြင့် ဗူးချောဆေးပြီး ရေသန့်များထည့်ခြင်း၊ ပါကင်ပိတ်ခြင်များ အဆင့်ဆင့်ဆောင်ရွက်ရကြောင်း၊ လုပ်သားအင်အား (၁၅)ဦးဖြင့် လည်ပတ်လျက်ရှိကြောင်း၊  တစ်နေ့လျှင် ရေသန့်(၂၀)လီတာဗူး (၆၀၀)ခန့် ထုတ်လုပ်ရရှိကြောင်း၊ သောက်ရေသန့် (၂၀)လီတာဗူး တစ်ဗူးကို ‌(၆၀၀) ကျပ်ဖြင့် မြို့တွင်း၌သာဖြန့်ဖြူးရောင်းချပြီး  သိရှိရပါသည်။

DOCA(စစ်ကိုင်း)

တောင်ကြီး၊ကျောက်ပန်း(ခ)ပန်းဆွဲဖြူ ပန်းဈေးကွက်

            ရှမ်းပြည်နယ်(တောင်ကြီး)ပန်းဈေးကွက်မှာ ကျောက်ပန်း(ခ) ပန်းဆွဲဖြူပန်းများ အရောင်းအဝယ်ဖြစ်နေပါတယ်။ ကျောက်ပန်း(ခ)ပန်းဆွဲဖြူမှာ တစ်နှစ်မှတစ်ခါ၊ တစ်ခါမှာ(၃)လခန့်သာပေါ်လေ့ရှိတဲ့ သဘာဝပန်းအမျိုးအစားဖြစ်ပါတယ်။ ကျောက်ပန်းများမှာ နှစ်ရှည်ပင်များတွင် သဘာဝကပ်၍ပေါက်သော ပန်းအမျိုးအစားဖြစ်ပါတယ်။ ဇန်နဝါရီလတွင် စတင်ထွက်ပေါ်လာပြီး မတ်လကုန် ဧပြီလဆန်းလောက်တွင် ထွက်ပေါ်ချိန်ကုန်သွားမှာဖြစ်ပါတယ်။ သစ်ပင်များတွင် သဘာဝကပ်၍ အလေ့ကျပေါက်သည့် ပန်းအမျိုး အစားဖြစ်ပြီး တခြားဓါတုဆေးများသုံးစွဲခြင်းမရှိသဖြင့် အခြားပန်းများထက် ခိုင်ခန့်မှုမှာ ပန်းလတ်ရင်လတ်သလို (၁)လမှ (၂)လထိ ပိုကြာပါတယ်။ ကျောက်ပန်းများကို ရှာဖွေသည့်အခါ သဘာဝတောများရှိအပင်ကြီးများတွင် ကပ်ပေါက်နေသည့် ပန်းများကို အကုန်မခွာယူပဲ မျိုးအနည်းငယ်ချန်ကာ နောက်နှစ်ပန်းပေါ်ချိန်တွင် ထိုနေရာ မှာပင် ပန်းပြန်ပေါ်၍ နေရာမှတ်ကာ ရှာဖွေကြတယ်လို့ သိရပါတယ်။ ယခုနောက်ပိုင်းမှာတော့ ကျောက်ပန်း ရှာသည့် ပန်းမုဆိုး(ပန်းရှာသူ)များသည် ကျောက်ပန်းများကိုရှာဖွေရာမှာ ရှာဖွေရရှိလာသည့်  ပန်းမျိုးများကို အနည်းငယ်မျိုးချန်၍ ပန်းဘောင်များဖြင့် ပြန်လည်ပျိုးယူ၍ မျိုးထုတ်ရောင်း လာကြတယ်လို့လဲသိရပါတယ်။ ကျောက်ပန်းများကို ရပ်စောက်၊ ပင်းတယ၊ ကျောက်တန်းစတဲ့ မြို့နယ်များနှင့် အနီးတဝိုက်မှ ထွက်ရှိပါတယ်။ ကျောက်ပန်း(၁၀)ပွင့်ပါတစ်စီးလျှင် (၄၀၀ဝိ/-)မှ (၁၀၀၀ဝိ/-)ထိ ဈေးရှိပြီး တောင်ကြီးဈေးကွက်မှာတော့ ခိုင်ခန့်မှုကြာရှည်တာကြောင့် အိမ်ရှင်မများအကြိုက်များတဲ့ ရာသီချိန်ပန်းဖြစ်ပြီး‌ အရောင်းအဝယ်ဖြစ်နေတယ် လို့သိရှိရပါတယ်။

DOCA(ရှမ်း)

“ ပြည်ထောင်စုနယ်မြေအတွင်း ဖွံ့ဖြိုးတိုးတက်နေသည့် မွေးမြူရေးကဏ္ဍ ”

           ပြည်ထောင်စုနယ်မြေ၊ တပ်ကုန်းမြို့နယ်၊ ခရမ်းစပ်ကုန်းကျေးရွာအုပ်စု၊  ပေတောအနောက်ကွင်းရှိ “ပေတောဥစားကြက်မွေးမြူရေးခြံ”၊ သပြေကုန်းကျေးရွာအုပ်စု၊ အောင်မြေရိပ်သာအရှေ့ကွင်းရှိ “အောင်မြေရိပ်သာဝက်မွေးမြူရေးခြံ”နှင့် ဇေယျာသီရိမြို့နယ်၊ ကျည်တောင်ကျေးရွာအုပ်စု၊ ခေါမတောင်ကွင်းရှိ “ကျည်တောင်ဝက်မွေးမြူ‌ရေးခြံ”တို့သည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်သည့် ထိုင်းနိုင်ငံအခြေစိုက်ကုမ္ပဏီတစ်ခုဖြစ်သော Myanmar C.P Livestock Co.,Ltd ၊ နိုင်ငံတော်အစိုးရ၊ ပြည်တွင်းဘဏ်နှင့် ကျေးရွာတို့၏ လေးပွင့်ဆိုင်မွေးမြူ‌ရေးစီမံကိန်းဖြစ်ကြောင်း သိရှိရပါသည်။

          “ပေတောဥစားကြက်မွေးမြူရေးခြံ”သည် ၂၀၁၉ ခုနှစ်တွင်စတင်တည်ထောင်ခဲ့ရာ ဥစားကြက်ကောင်ရေ(၇၅၀၀၀) မွေးမြူထားရှိပြီး တစ်ရက်လျှင် ကြက်ဥလုံး‌‌ရေ (၇၀၀၀၀) ခန့်ထွက်ရှိကြောင်း၊ ထွက်ရှိလာသောကြက်ဥများကို ဒေသတွင်းစားသုံးခြင်းအပြင် ရန်ကုန်မြို့သို့ တင်ပို့‌ရောင်းချလျက်ရှိပြီး ကြက်ခြံမှစွန့်ပစ်ပစ္စည်းတစ်ခုဖြစ်သည့် ကြက်ချေးများကို သဘာဝမြေဩဇာအဖြစ် ပတ်ဝန်းကျင်ရှိကျေးရွာများမှ စိုက်ပျိုးမြေများတွင် ပြန်လည်အသုံးပြုကြကြောင်း သိရှိရပါသည်။

         “အောင်မြေရိပ်သာဝက်မွေးမြူရေးခြံ”သည် ၂၀၂၀ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး အသားတိုးဝက်ကောင်ရေ(၄၈၀၀)မွေးမြူထားကြောင်း၊ ဝက်တစ်ကောင် အလေးချိန်(၈၀)kg ‌ရောက်ရှိပါက စတင်ရောင်းချရပါကြောင်း၊ ဝက်တစ်ကောင်လျှင် (၄၅၀၀၀၀/ ၅၀၀၀၀၀)ကျပ်ခန့် ရရှိပါကြောင်း၊ အဆိုပါ ဝက်များကို ဒေသတွင်းစားသုံးခြင်းအပြင် မန္တလေး၊ လောက်ကိုင်၊ လားရှိုး၊ ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချလျှက်ရှိကြောင်း၊ အလားတူ ဝက်ခြံကို ဇေယျာသီရိမြို့နယ်၊ ကျည်တောင်ကျေးရွာအုပ်စု၊ “ ကျည်တောင်ဝက်မွေးမြူရေးခြံ ”တွင်လည်း အသားတိုးဝက်ကောင်ရေ(၄၈၀၀) မွေးမြူထားကြောင်း သိရှိရပါသည်။

         ယခုကဲ့သို့ မွေးမြူရေးစီမံကိန်းများ တည်ထောင်ထားခြင်းသည် ကျေးရွာနေပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိပြီး ကျန်းမာ‌ရေးနှင့် ညီညွတ်သည့် သန့်ရှင်းလတ်ဆတ်သော ကြက်ဥနှင့် အသားများ စားသုံးရသည့်အကျိုးကျေးဇူးများ ရရှိနေပါကြောင်း၊  ယင်းစီမံကိန်းကို နေပြည်တော်အတွင်း ကျေးရွာ(၆)ရွာတွင် ပြုလုပ်ရန်လျာထားထားသော်လည်း လက်ရှိကျေးရွာ(၃)ရွာသာ အကောင်အထည်ဖော်ဆောင်ရွက်နေပြီဖြစ်သဖြင့် ကျန်ကျေးရွာ(၃)ရွာအား ဆက်လက်အကောင်အထည်ဖော်ဆောင်နိုင်မည်ဆိုပါက ကျေးရွာနေပြည်သူများ၏ အကျိုးစီးပွားပိုမို ခံစားရမည် ဖြစ်ပါကြောင်း၊ အဆိုပါ စီမံကိန်း၏ လုပ်ငန်းစဉ်များသည် ကျေးလက်နေပြည်သူများအတွက် ရေရှည်တည်တံ့ခိုင်မြဲမှုစီမံကိန်းဖြစ်သဖြင့် တစ်နိုင်ငံလုံးလွှမ်းခြုံ၍ ကျေးရွာပေါင်း (၅၁)ရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်သွားရန် လျာထားပါကြောင်း ၎င်းစီမံကိန်း၏ တာဝန်ရှိသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)  

“မိတ္ထီလာခရိုင်အတွင်း စိုက်ပျိုးရေးသုံးဓါတ်မြေသြဇာနှင့် ပိုးသတ်ဆေးစျေးနှုန်း”

          မိတ္ထီလာခရိုင်အတွင်း တောင်သူများအားထားအသုံးပြုကြသော သြဘာပုလဲမြေသြဇာ N:46% မှာ (၈၀၀၀၀) ကျပ်၊ (ရွှေတောင်အိန္ဒိယ) ပန်းဖြူ N:46% မှာ(၈၅၀၀၀) ကျပ်နှင့် အမို N:P:K-15:15:15 မှာ (၇၅၀၀၀) ကျပ်၊ သြဘာ N:P:K-16:16:16 မှာ (၇၈၀၀၀) ကျပ်၊ အာမို N:P:K-10:10:5 မှာ (၄၅၀၀၀) ကျပ်၊ တက်တိုး N:P:K-10:10:5 မှာ (၄၅၀၀၀) ကျပ်၊ တက်တိုး N:P:K-15:7:8 မှာ (၅၅၀၀၀) ကျပ်နှင့် ဇွဲသီဟ N:P:K-15:15:20 မှာ (၇၂၀၀၀) ကျပ်ဖြစ်ကြောင်း သိရှိရပါသည်။ မှိုဆေးနှင့် ပိုးသတ်ဆေးများမှာ မန်ကိုဇက် (၅၀၀ g) (၇၀၀၀) ကျပ်၊ ယူနတီ (၁၀၀ g) (၁၀၀၀၀) ကျပ်၊ အင်မီဒါကလိုပစ် (၅၀ g) (၈၅၀၀) ကျပ်၊ အင်မီဒါကလိုပစ် (၁၀၀ g) (၁၇၀၀၀) ကျပ်၊ ဒိုဇာ (၁၀၀ g) (၅၃၀၀) ကျပ် ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

“မိတ္ထီလာခရိုင်အတွင်း ထန်းလျှော်တောင်းလုပ်ငန်းရှင်နှင့်တွေ့ဆုံခြင်း’’

               စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်း‌‌‌ဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာခရိုင်ဦးစီးမှူး၏ လမ်းညွှန်ချက်ဖြင့် မလှိုင်မြို့နယ်တာဝန်ခံ ဦးရဲမြင့်ဆန်း သည် (၂၃-၂-၂၀၂၂) ရက်နေ့ နေ့လည် ( ၁၀:၀၀ ) နာရီအချိန်တွင် မလှိုင်မြို့နယ်တွင်း ထန်းလျှော်တောင်းယက်လုပ်လျှက်ရှိသော ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုး (One Village One Product) ဖြစ်သည့် ထန်းပင်ကောက်ကျေးရွာရှိ ထန်းလျှော်တောင်း ထုတ်လုပ်ရောင်းချသူများနှင့် တွေ့ဆုံ၍ အကျိုးအမြတ်နှင့် စျေးကွက်အခြေအနေတို့ကို မေးမြန်းခဲ့ပါသည်။

            ထန်းပင်ကောက်ကျေးရွာသည် မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်၊မလှိုင်-မြင်းခြံသွားကားလမ်းဘေးတွင် တည်ရှိပြီး ကျေးရွာတစ်ရွာထုတ်ကုန်တစ်မျိုး (One Village One Product) နှင့်အညီ ထန်းလက်မှထန်းလျှော်ခွာယူ၍ တောင်သူလုပ်ငန်းသုံး ‌တောင်းယက်လုပ်နေသော ရွာတစ်ရွာဖြစ်ပါသည်။ တောင်းယက်လုပ်ရာတွင် ထန်းလက်အချောင်း (၁၀၀) လျှင် (၄၈၀၀)ကျပ်ဝယ်ယူရပြီး ၎င်းအလက်မှ ဗိုက်သားနှင့် ကျောသားကို လျှော်ကိုခွာယူရကြောင်း၊ ၎င်းလျှော်ကိုနေလှန်း၍ ‌ရေပြန်စိပ်ကာ အချောသပ်ပြီး ယက်လုပ်ကြကြောင်း၊ လျှော်ပင် (၁၀) ပင်လျှင်(၁၂) ပြည်ဝင် တောင်းတစ်လုံးရရှိပြီး လျှော်ပင် (၁၀၀) ပင်လျှင် အလေအလွင့်နှင့်အတူ တောင်း (၈)  လုံးရရှိကြောင်း၊ တောင်းတစ်လုံး ရောင်းစျေး (၁၃၀၀) ကျပ် ရရှိကြောင်း၊ ထန်းလျှော် (၁၀၀) ပင်လျှင် အကျိုးအမြတ် (၆၀၀၀) ကျပ်ဝန်းကျင်ရရှိကြောင်း၊ တနေ့တစ်ဦးကို (၁၂ပြည်) ဝင်တောင်း(၄)လုံးခန့် ယက်လုပ်နိုင်ကြောင်း၊ ယက်လုပ်ပြီးသော တောင်းများကို မိတ္ထီလာ၊ ပျော်ဘွယ်၊ နေပြည်တော်သို့ တင်ပို့‌ရောင်းချကြကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း