ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မြင့်တက်လာတဲ့ စပါး ဆန်ဈေးကွက်

      ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် မိုးစပါးများပေါ်စအချိန်၌ ဧည့်မထစပါး ၅၀ ပေါင် တင်း ၁၀၀ လျှင် ၁၁၇၀၀၀၀ ကျပ်၊ ၁၀၈ ပေါင် ဆန်တစ်အိတ်လျှင် ၄၀၀၀၀ ကျပ်သာရှိခဲ့ပြီး ယခု ဇန်နဝါရီလ တတိယပတ်အချိန်တွင် ဧည့်မထစပါး ၅၀ ပေါင် တင်း ၁၀၀ လျှင် ၁၄၀၀၀၀၀ ကျပ်၊ ၁၀၈ ပေါင် ဆန်တစ်အိတ်လျှင် ၅၀၀၀၀ ကျပ်၊ ရန်ကုန်တိုင်းမှ ဝင်ရောက်လာသော ဖျာပုံပေါ်ဆန်း ဆန် (အဟောင်း) တစ်အိတ်လျှင် ၇၂၀၀၀ ကျပ်၊ အသစ်တစ်အိတ်လျှင် ၆၉၀၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်း (အဟောင်း) တစ်အိတ်လျှင် ၁၀၀၀၀၀ ကျပ်နှင့် အသစ်တစ်အိတ်လျှင် ၈၅၀၀၀ ကျပ်၊ ပေါက်ဈေးရှိနေကြောင်းသိရှိရသဖြင့် ဆန်၊ စပါးဈေးမှာ အနည်းငယ်မြင့်တက်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

အုတ်တွင်းမြို့နယ်ရှိ ဆောင်းနေကြာများ လျာထားချက်ထက်ကျော်လွန်၍ စိုက်ပျိုးပြီး

      ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်တွင် ဆောင်းနေကြာများကို မူလက ၃၂၃၅ ဧက စိုက်ပျိုးရန် လျာထားခဲ့သော်လည်း ယခုအခါ နေကြာသီးသန့် ၂၄၅ ဧက၊ သီးညှပ် ၃၀၃၀ ဧက၊ စုစုပေါင်း ၃၂၆၅ ဧကအထိစိုက်ပျိုးနိုင်ခဲ့ပါသည်။ ယခင်နှစ်တွင် ဆောင်းနေကြာတစ်ဧကလျှင် ၁၈ တင်းမှ ၂၀ တင်းအထိထွက်ရှိခဲ့ပြီး ဈေးနှုန်းမှာ တစ်တင်းလျှင် ၃၀၀၀၀ ကျပ်ရောင်းချနေရကြောင်းသိရှိရပါသည်။

        ယခုလက်ရှိအချိန်တွင် အုတ်တွင်းမြို့နယ်၌ ဆောင်းနေကြာများမှာ ရိတ်သိမ်းရခြင်းမရှိသေးသဖြင့် ဈေးကွက်နှင့် ဈေးနှုန်းအခြေအနေများကိုမူ တိကျစွာမသိရှိရသေးကြောင်းသိရှိရပါ သည်။

        အုတ်တွင်းမြို့နယ်မှ ထွက်ရှိသောနေကြာများကို အမြို့မြို့အနယ်နယ်ရှိ ကုန်သည်များသို့ ရောင်းချကြောင်းသိရှိရပြီး ယခုနှစ်တွင် နေကြာရိတ်သိမ်းပြီးချိန်၌ ခန့်မှန်းတစ်တင်းဈေးနှုန်းမှာ ၃၄၅၀၀ ကျပ်ခန့် ရှိနိုင်ကြောင်း နေကြာစိုက်တောင်သူတစ်ဦးထံမှသိရှိရပါသည်။

DOCA(ပဲခူး)

 

အုတ်တွင်းမြို့တွင် ရွှေ့လျားစနစ်ဖြင့် ဆန်နှင့်ဆီများအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချ

     ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် စားသုံးသူပြည်သူများ စားဝတ်နေရေးအဆင်ပြေစေရန်ရည်ရွယ်၍ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့သည် စားသုံးသူရေးရာဦးစီးဌာန၊ အုတ်တွင်းမြို့နယ်ဆန်စက်လုပ်ငန်းရှင်များနှင့်ပူးပေါင်း၍ ဇန်နဝါရီလ ၂၄ ရက်နေ့က ဆန်၊ စားအုန်းဆီ၊ သားငါးနှင့် ဟင်းသီးဟင်းရွက်များကို အုတ်တွင်းမြို့ပေါ်ရှိ ရပ်ကွက်များသို့ မော်တော်ယာဉ်ဖြင့် လှည့်လည်ရောင်းချခဲ့ပါသည်။

         ထိုသို့ လှည့်လည်ရောင်းချရာတွင် ဆန်တစ်ပြည်လျှင် ၁၈၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ စားအုန်းဆီ ၅၀ ကျပ်သားတစ်ဘူးလျှင် ၃၂၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း ရောင်းချပေးခဲ့ရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီနှင့် အဖွဲ့ဝင်များ၏ကြီးကြပ်မှုဖြင့် ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကိုနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင်နှင့်ဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်ပေးကြပါသည်။

       အုတ်တွင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့သည် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ဆန်၊ စားအုန်းဆီ၊ ကြက်ဥ၊ သားငါးနှင့် ဟင်းသီးဟင်းရွက်များကို စားသုံးသူပြည်သူများ ဈေးနှုန်း သက်သာစွာဝယ်ယူနိုင်ရေးအတွက် အခါအားလျော်စွာရောင်းချပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

 

ရေတာရှည်မြို့နယ်၊ မြို့လှမြို့မှ “Light House” ကော်ဖီလုပ်ငန်း အကြောင်း တစေ့တစောင်း

     တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ မြို့လှမြို့ရှိ “Light House” အမှတ်တံဆိပ် ကော်ဖီမှုန့်အား ထုတ်လုပ်ရာတွင် ကော်ဖီပင်များအား ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်ရောင်းချလျက်ရှိပါသည်။ ကော်ဖီမှုန့်ထုတ်လုပ်ရန် လိုအပ်သောကုန်ကြမ်းဖြစ်သည့် ကော်ဖီစေ့များအား မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်တွင် ကိုယ်ပိုင်စိုက်ခင်းများဖြင့် ဧက (၅၀၀)ခန့်စိုက်ပျိုးထားကြောင်း၊ ကိုယ်ပိုင်စိုက်ခင်းများမှ စိုက်ပျိုးထွက်ရှိလာသောကော်ဖီစေ့များအား ရန်ကုန်မြို့တွင် အခွံချွတ်ပြီးလှော်ကြောင်း၊ အခွံချွတ်လှော်ထားပြီးဖြစ်၍ အသင့်ကြိတ်၍ရသော လှော်ပြီးသားကော်ဖီစေ့များအား ပါကင်ထုတ်၍လည်းကောင်း၊ အမှုန့်ကြိတ်ပြီး ပါကင်ထုပ်၍လည်းကောင်း ဖြန့်ဖြူးရောင်းချကြောင်းသိရပါသည်။

     ထုတ်လုပ်မှုအနေဖြင့် (၁၀၀)ဂရမ်၊ (၂၀၀)ဂရမ်နှင့် (၅၀၀)ဂရမ်အထုပ်များကိုထုတ်လုပ်ပြီး ဈေးနှုန်းအနေဖြင့် (၁၀၀)ဂရမ်တစ်ထုပ်လျှင် (၃၀၀၀) ကျပ်နှုန်း၊ (၂၀၀)ဂရမ်တစ်ထုပ်လျှင် (၆၀၀၀)ကျပ်နှုန်းနှင့် (၅၀၀)ဂရမ်တစ်ထုပ်လျှင် (၁၃၀၀၀)ကျပ်နှုန်းတို့ဖြင့် နယ်ကိုယ်စားလှယ်များအား ရောင်းချပေးကြောင်းသိရှိရပါသည်။ ဈေးကွက်အနေဖြင့် ရန်ကုန်၊ မန္တလေး၊ နေပြည် တော်၊ မကွေးနှင့် တောင်ငူမြို့များသို့ ဖြန့်ဖြူးရောင်းချလျက်ရှိပါသည်။

      “Light House” အမှတ်တံဆိပ် ကော်ဖီမှုန့်သည် ပင်လောင်းကော်ဖီမျိုးစေ့အား စိုက်ပျိုးထားကြောင်းသိရှိရပါသည်။ “Light House” အမှတ်တံဆိပ် ကော်ဖီမှုန့်သည် ပြည်ပဈေးကွက်တွင်မူ ဈေးကွက်အခိုင်အမာရရှိထားပြီး ပြည်ပနိုင်ငံများဖြစ်သော ကနေဒါ၊ ဂျာမဏီ၊ အမေရိကန်နှင့် ထိုင်းနိုင်ငံများသို့တင်ပို့ရောင်းချလျက်ရှိကြောင်း “Light House”အမှတ်တံဆိပ် ကော်ဖီမှုန့်လုပ်ငန်းရှင်၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(ပဲခူး)

နေကြာပန်းပွင့်ချိန် ပျားမွေးမြူရေးအဆင်ပြေ

      တောင်ငူမြို့နယ် ဒိုးအင်းကျေးရွာအုပ်စုရှိ စစ်တောင်းမြစ်ကမ်း နုန်းတင်မြေများတွင် စိုက်ပျိုးထားသောနေကြာများမှာ အောင်မြင်ဖြစ်ထွန်း၍ အပွင့်များဝါဝါထိန်လျက် တစ်ခင်းလုံးပွင့်နေပါသည်။ ထို့အပြင် နေကြာခင်းများဘေးတွင် မွေးမြူရေးပျားပုံးများကိုလည်းတွေ့ရပါသည်။

      နေကြာစိုက်ပျိုးထားရှိမှုသည် ဒေသတွင်း စားသုံးဆီဖူလုံရေးအတွက် အကျိုးရှိရုံသာမက ပျားမွေးမြူရေးကိုလည်း အထောက်အကူပြုပါသည်။ နေကြာပန်းများလှိုင်လှိုင်ပွင့်ချိန်တွင် ပျားမွေးမြူရေးပုံးများကို နေကြာခင်းများဘေးတွင် ချထားပါသည်။ နေကြာတစ်ဧကစိုက်ထားသည့် အခင်းဘေးတွင် ပျားမွေးမြူရေးပုံး ၁၀ ပုံးမှ ပုံး ၂၀ အထိချထားနိုင်ပါသည်။ ပျားများလေ နေကြာခင်းများ ဝတ်မှုန်ကူးရန်အတွက် ပို၍အဆင်ပြေလေဖြစ်ပါသည်။ ဒိုးအင်းကျေးရွာအုပ်စုတွင် နေကြာသီးသန့် ၂၃၈ ဧကနှင့် မတ်ပဲခင်းများတွင် နေကြာသီးညှပ် ၆၁၈ ဧက စိုက်ပျိုးထားသည်ဟုသိရှိရပါသည်။

      ဒိုးအင်းကျေးရွာအုပ်စုရှိ နေကြာပန်းခင်းများတွင် ပျားမွေးမြူရေးပုံး ၃၀၀ ပုံးချထားကြောင်း၊ နေကြာခင်းများမှ ပန်းဝတ်ရည်၊ ပန်းဝတ်မှုန်များ ပေါများစွာရရှိသဖြင့် ပျားပုံး ၃၀၀ ပုံးမှ ၁၀ ရက်တစ်ခါ ပျားရည်ထုတ်လျှင် ပျားရည်ပိဿာချိန် ၃၀၀ ပိဿာခန့်နှင့် ပျားဖယောင်း ၆ ပိဿာခန့်ရရှိကြောင်း၊ ဝတ်မှုန်ဇကာခံထားခြင်းမရှိ၍ ဝတ်မှုန်မရပါကြောင်း၊ ပန်းနှမ်း၊ နှမ်းနှင့် လဲမှိုပွင့်ချိန်များတွင် ဝတ်မှုန်ထုတ်ပါကြောင်း၊ ပျားရည်တစ်ပိဿာလျှင် ၄၈၀၀ ကျပ်၊ ပျားဖယောင်းတစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်နှင့် ပန်းဝတ်မှုန်တစ်ပိဿာလျှင် ၃၀၀၀၀ ကျပ် ပေါက်ဈေးရှိကြောင်း၊ ရန်ကုန်မြို့မှ ကုမ္ပဏီများကဝယ်ယူကြောင်း၊ ပျားမွေးမြူရေးပုံး ၃၀၀ ပုံးကို ဝန်ထမ်း ၃ ဦးဖြင့် လုပ်ငန်းဆောင်ရွက်ပါကြောင်း၊ နေကြာစိုက်ပျိုးမှုများကြောင့် မွေးမြူရေးအတွက်ပါ အကျိုးဖြစ်ထွန်းနေကြောင်း ပျားမွေးမြူရေး တာဝန်ခံ၏ပြောပြချက်အရသိရှိရပါသည်။

DOCA(ပဲခူး)

             

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ(၃.၂.၂၀၂၃)

၃.၂.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ(၂.၂.၂၀၂၃)

၂.၂.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

ဒေသတွင်း စားသုံးဆီဖူလုံရေးအတွက် အကျိုးပြုမည့် တောင်ငူမြို့နယ်မှ နေကြာစိုက်ပျိုးရေး

        ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်တွင် ကျေးရွာအုပ်စု ၂၁ အုပ်စုမှ တောင်သူလယ်သမား ၉၃၉ ဦးတို့သည် ဆောင်းနေကြာများကို စိုက်ပျိုးလျက်ရှိရာ နေကြာသီးသန့် ၄၁၈ ဧက၊ သီးညှပ် ၃၃၂၀ ဧက၊ စုစုပေါင်းဆောင်းနေကြာ ၃၇၃၈ ဧကစိုက်ပျိုးထားကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းဇယားများအရသိရှိရပါသည်။

   စစ်တောင်းမြစ်သည် တောင်ငူမြို့နယ်အတွင်း ဖြတ်သန်းစီးဆင်းနေသောကြောင့် ဆောင်းရာသီ မြစ်ရေကျချိန်တွင် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေသော တောင်သူလယ်သမား များကို များစွာအကျိုးပြုလျက်ရှိပါသည်။ စစ်တောင်းမြစ်ကမ်းရှိ ကျေးရွာများတွင် နေကြာကို သီးသန့်စိုက်ခင်းများဖြင့် စိုက်ပျိုးလျက်ရှိကြပါသည်။

       ဒိုးအင်းကျေးရွာအုပ်စုနှင့် ကရင်ချောင်းကျေးရွာအုပ်စုများတွင် စိုက်ပျိုးရေးဦးစီးဌာနက နေကြာမျိုးကောင်းမျိုးသန့်ရရှိအောင် ကူညီဆောင်ရွက်ပေးခြင်း၊ သွင်းအားစုဓါတ်မြေဩဇာများအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်း၊ စိုက်ပျိုးရေးနည်းစနစ်များ၊ ပိုးမွှားကာကွယ်နိုင်သည့် နည်းပညာများပေးခြင်းတို့ကြောင့် နေကြာစိုက်တောင်သူများပိုမိုများပြားလာပါသည်။

        ဒိုးအင်းကျေးရွာအုပ်စုတွင် ယခင်နှစ်က ဆောင်းနေကြာ သီးသန့် ၈ ဧကနှင့် သီးညှပ် ၅၁ ဧကစိုက်ပျိုးခဲ့ရာမှ ယခုနှစ်တွင် ဆောင်းနေကြာ သီးသန့်  ၂၃၈ ဧကနှင့် သီးညှပ် ၆၁၈ ဧကအထိစိုက်ပျိုးလာကြပါသည်။ ဇန်နဝါရီလ ၂၁ ရက်နေ့တွင် သက်ဆိုင်ရာဌာနများပါဝင်သော ပူးပေါင်းအဖွဲ့သည် နေကြာစိုက်ခင်းများသို့ ကွင်းဆင်းကြည့်ရှုရာတွင် အောင်မြင်ဖြစ်ထွန်းနေသည်ကိုတွေ့ရှိရပါသည်။

              တောင်ငူမြို့နယ်တွင် ယခင်နှစ်က ဆောင်းနေကြာ ၁၈၈ ဧကသာ စိုက်ပျိုးခဲ့ပြီး ယခုနှစ်တွင် ၃၇၃၈ ဧကအထိစိုက်ပျိုးလာကြကြောင်း၊ ဇန်နဝါရီလကုန်တွင် နေကြာများရိတ်သိမ်းတော့မည်ဖြစ်သဖြင့် ဒေသတွင်း စားသုံးဆီဖူလုံရေးအတွက် အကျိုးပြုလာမည်ဖြစ်ကြောင်း တောင်ငူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ပြောပြချက်အရသိရှိရပါသည်။

DOCA(ပဲခူး)

 

ရွှေတောင်ဒေသထွက် ပင်ဆိုင်ဖူး

      ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ပင်ဆိုင်ပင်များကိုစိုက်ပျိုးထားသော ဆည်ကြီးကုန်းအုပ်စု၊ ကြက်ဖြူတောင်ကျေးရွာသို့သွားရောက်၍ ပင်ဆိုင်ဖူးစိုက်ပျိုးထွက်ရှိမှုနှင့် ဈေးနှုန်းဈေးကွက်များကို သိရှိနိုင်ရန် ကွင်းဆင်းလေ့လာခဲ့ပါသည်။

      ရွှေတောင်မြို့နယ် တာဝန်ခံနှင့်ဝန်ထမ်းများအဖွဲ့သည် (၂၅-၁-၂၀၂၃)ရက်နေ့တွင်  ဆည်ကြီးကုန်းအုပ်စု၊ ကြက်ဖြူတောင်ကျေးရွာရှိ ပင်ဆိုင်ဖူးစိုက်ပျိုးသော တောင်သူနှင့်တွေ့ဆုံပြီး တွေ့ဆုံ မေးမြန်းခဲ့ရာ ပင်ဆိုင်ဖူးများကို ဝါဆိုလတွင် စတင်စိုက်ပျိုးကြောင်း၊ ပင်ဆိုင်ဖူးစိုက်ပျိုးရာတွင် အစေ့ကိုပျိုး၍စိုက်ပျိုးရပြီး အပင်ပေါက်များကို ဝါဆိုလပြည့်ကျော်အချိန် စိုက်ပျိုးသောကွင်းတွင် မြောင်းဖော်၍စိုက်ပျိုးရကြောင်း၊ ပင်ဆိုင်ဖူးကို တစ်ယောက်စိုက်သာစိုက်ပျိုးပြီး စိုက်ပျိုးသည့်မြောင်းမှာ ၇ မြောင်း ၈ မြောင်းခန့်ဝင်ဆံ့ကြောင်းသိရှိရပါသည်။ ပင်ဆိုင်ဖူးများကို စိုက်ပျိုးပြီး တစ်လခွဲ၊ နှစ်လအကြာတွင် အဖူးများကို စတင်ဆွတ်ခူးရပါသည်။ ပင်ဆိုင်ပင် တစ်ယောက်စိုက်လျှင် ပင်ဆိုင်ဖူး အစည်း(၅၀၀)စည်းခန့်ထွက်ရှိသည်ဟု သိရှိရပါသည်။ ပင်ဆိုင်ပင်မှ ပင်ဆိုင်ဖူးများကို တစ်ရက်ခြားတစ်ခါခူးဆွတ်ရပြီး ပင်ဆိုင်ပင်တစ်ခါစိုက်ပျိုးထားလျှင် အများဆုံး ၄ လမှ ၅ လခန့်အထိခူးဆွတ်၍ ရောင်းချရကြောင်းသိရှိရပါသည်။ ပင်ဆိုင်ဖူးဈေးနှုန်းများမှာ တစ်စည်းလျှင် ဖောက်သည်ဈေး ၈၀ ကျပ်ဖြင့် ရောင်းချပြီး၊ လက်ကားဈေးအနေဖြင့်ဖြင့် တစ်စည်းလျှင် ၁၀၀-၁၅၀ ကျပ်အထိ ရောင်းချကြကြောင်းသိရှိရပါသည်။

      ပင်ဆိုင်ဖူးများသည်  ကြော်ချက်၍စားရသော ဟင်းရံတစ်ခွက်ဖြစ်သောကြောင့် လူကြိုက်များသဖြင့် ဝယ်ယူစားသုံးကြရာ စိုက်ပျိုးသူများအနေဖြင့် မိမိတို့အတွက် ဟင်းတစ်ခွက်ရရှိသလို ဈေးကွက်တွင် ရောင်းချမည်ဆိုလျှင်လည်း စိုက်ပျိုးစရိတ်ရရှိသည့်အပြင် အပိုဝင်ငွေလည်းရရှိသဖြင့် စိုက်ပျိုးသင့်သည့် ဟင်းသီးဟင်းရွက်တစ်မျိုးလည်းဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(ပဲခူး)

သာယာဝတီခရိုင်တွင် ရေလိုက်မတ်ပဲတို့ပေါ်ပြီ

     ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ တော်လသာအုပ်စုဖိုးကတိုးကျေးရွာရှိ တောင်သူ ဦးဉာဏ်မင်း စိုက်ပျိုးထားသော မတ်ပဲ ရေဆင်း ၂ အမျိုးအစားပဲများရိတ်သိမ်းထွက်ရှိနေပြီဖြစ်ကြောင်း သိရှိရသဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ လက်ပံတန်းမြို့နယ်ရုံးမှ ဒု-ဦးစီးမှူး ဦးကိုကိုနိုင်သည် ၂၄-၁-၂၀၂၃ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ရေလိုက်မတ်ပဲများ စိုက်ပျိုးထွက်ရှိမှုအခြေအနေများကို သွားရောက်မေးမြန်းခဲ့ပါသည်။

      မတ်ပဲစိုက်ပျိုးရာတွင် ထွန်ယက်ချိန်မှ ရိတ်သိမ်းချိန်အထိ ကုန်ကျစရိတ်များထဲတွင် လယ်ယာမြေထွန်ယက်ခြင်းအတွက် ကုန်ကျစရိတ်မှာ ၆၀၀၀၀ ကျပ်၊ ပေါင်းသတ်ဆေး၊ ပိုးသတ်ဆေး၊ အသီးအပွင့်အားဆေး သွင်းအာစုကုန်ကျစရိတ်များမှာ ၂၀၀၀၀၀ ကျပ်၊ ပဲနှုတ်ခမှာ ၆၀၀၀၀ ကျပ်၊ ချွေလှေ့ခမှာ ၅၀၀၀၀ ကျပ်၊ သယ်ယူစရိတ်နှင့် လုပ်သားခမှာ ၃၀၀၀၀ ကျပ်၊ ဆေးဖျန်းခ ၅ ကြိမ်လျှင် ၂၀၀၀၀ ကျပ်၊ မျိုးတစ်တင်းလျှင် ၆၀၀၀၀ ကျပ်၊ စုစုပေါင်း တစ်ဧကကုန်ကျစရိတ်မှာ ၅၀၀၀၀၀ ကျပ်နီးပါးခန့်ကုန်ကျပါသည်။ တစ်ဧကအထွက်နှုန်းမှာ ၁၅ တင်းခန့်ထွက်ရှိသဖြင့် တစ်တင်းရောင်းဈေးမှာ ၅၄၀၀၀ ကျပ်၊ တစ်ဧကဝင်ငွေမှာ ၈၀၀၀၀၀ ကျပ်ခန့်ရရှိနိုင်ပါသည်။ အကျိုးအမြတ်မှာ ၃ သိန်းခန့်အမြတ်ရရှိနိုင်ပါသည်။ ယခင်နှစ် ရေလိုက်မတ်ပဲများမှာ မြစ်မခမြစ်၊ ရေကြီးရေလျှံဖြစ်ပေါ်မှုတို့ကြောင့် နုန်းတင်မြေနုများဖြစ်ပေါ်ကာ အပင်များသန်စွမ်းပြီး အထွက်နှုန်းကောင်းကြပါသည်။ နှစ်စဉ် မတ်ပဲအထွက်နှုန်းမှာလည်း ၂၅ တင်းမှ ၃၀ တင်းခန့်ထွက်ရှိကြောင်းသိရှိရပါသည်။ ယခုနှစ်တွင် မြစ်ရေကြီးနစ်မြှုပ်မှုမရှိဘဲ နုန်းတင်မြေများမရှိသဖြင့် အထွက်နှုန်းများ ထက်ဝက်လျော့ကျလျက်ရှိပါသည်။ ရေလိုက်မတ်ပဲကို ကိုင်းမြေများတွင် စိုက်ပျိုးခြင်းဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း