ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မုံရွာကုန်စည်ဒိုင်၏ ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်း၊ မြေပဲသီးနှံနှင့် နှမ်းမျိုးစုံတို့၏ ဈေးနှုန်းပြောင်းလဲမှု အခြေအနေ

         မုံရွာကုန်စည်ဒိုင်တွင် ပဲအမျိုးအစားအလိုက် ဈေးနှုန်းများမှာ ယခင်နှစ် ကာလတူဈေးထက် ယခု နှစ် ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်းနှင့် နှမ်းမျိုးစုံဈေးနှုန်းများ ဈေးပိုကောင်းလျက်ရှိပြီး၊ ထောပတ်ပဲဈေးနှုန်း မှာဈေးနှုန်းတူညီနေပြီး၊ စွန်တာနီ/ပြာ တစ်မျိုးသာ ဈေးနှုန်းကျဆင်းခဲ့ကြောင်း ကုန်စည်ဒိုင်ဈေးနှုန်း သတင်းများအရ သိရသည်။

မတ်ပဲ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဒီဇင်ဘာလတွင် ပဲတစ်တင်းလျှင် ကျပ် ၄၀၅၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဒီဇင်ဘာလတွင် ပဲတစ်တင်းလျှင် ကျပ် ၅၆၅၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်း လျှင် ကျပ် တစ်သောင်းခွဲကျော် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၇၀မှ ၁၀၀ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။

ပဲစဉ်းငုံ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဒီဇင်ဘာလတွင် ပဲတစ်တင်းလျှင် ကျပ် ၃၅၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဒီဇင်ဘာလတွင် ပဲတစ်တင်းလျှင် ကျပ် ၅၄၈၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်း လျှင် ကျပ် နှစ်သောင်းခန့် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၇၀မှ ၁၀၀ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။

ပဲတီစိမ်း

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဒီဇင်ဘာလတွင် ပဲတစ်တင်းလျှင် ကျပ် ၃၆၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဒီဇင်ဘာလတွင် ပဲတစ်တင်းလျှင် ကျပ် ၄၆၅၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်း လျှင် ကျပ် တစ်သောင်းကျော် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၈၀မှ ၁၀၀ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။

ကုလားပဲ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဒီဇင်ဘာလတွင် ကုလားပဲဖြူလုံးကြီးတစ်တင်းလျှင် ကျပ် ၄၁၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဒီဇင်ဘာတွင် ပဲတစ်တင်းလျှင် ကျပ် ၆၄၀၀၀၊ 929  တစ်တင်းလျှင် ကျပ် ၄၀၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဒီဇင်ဘာလတွင် ပဲတစ်တင်းလျှင် ကျပ် ၆၀၀၀၀၊ ထိုင်ဝမ် တစ်တင်းလျှင် ကျပ် ၃၇၅၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဒီဇင်ဘာလတွင် ပဲတစ်တင်းလျှင် ကျပ် ၅၈၅၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်နှစ်သောင်းမှ နှစ်သောင်းခွဲခန့်  ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၈၀မှ ၂၀၀ ခန့် အရောင်း အဝယ်ဖြစ်ကြောင်း သိရသည်။

စွန်တာနီ/ပြာ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဒီဇင်ဘာလတွင် ပဲတစ်တင်းလျှင် ကျပ် ၅၆၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဒီဇင်ဘာလတွင် ပဲတစ်တင်းလျှင် ကျပ် ၄၀၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်း လျှင် ကျပ် တစ်သောင်းခွဲကျော် လျော့နည်းခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၈၀မှ ၁၀၀ ခန့် အရောင်းအဝယ်ဖြစ် ကြောင်း သိရသည်။

ထောပတ်ပဲ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဒီဇင်ဘာလတွင် ပဲတစ်တင်းလျှင် ကျပ် ၄၇၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဒီဇင်ဘာလတွင် ပဲတစ်တင်းလျှင် ကျပ် ၄၇၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ ဈေးနှုန်းတူညီနေပါ သည်။ တစ်ရက်လျှင် အိတ်ရေ ၅၀မှ ၈၀ ခန့် အရောင်း အဝယ်ဖြစ် ကြောင်းသိရသည်။

အစေ့ထုတ်ပြောင်း

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဒီဇင်ဘာလတွင် ပြောင်းတစ်တင်းလျှင် ကျပ် ၁၁၆၀၀ ဖြစ်ခဲ့ပြီး ယခု နှစ် ဒီဇင်ဘာလတွင် ပြောင်း တစ်တင်းလျှင် ကျပ် ၂၁၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်ကိုးထောင်ကျော် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၀၀မှ ၁၅၀ ခန့် အရောင်း အဝယ် ဖြစ်ကြောင်း သိရသည်။

မြေပဲဆံသီးနှံ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဒီဇင်ဘာလတွင် မြေပဲဆံနီ တစ်ပိဿာလျှင် ကျပ် ၂၉၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဒီဇင်ဘာလတွင် တစ်ပိဿာလျှင် ကျပ် ၅၅၅၀၊ မြေပဲဆံဖြူ တစ်ပိဿာလျှင် ကျပ် ၃၀၅၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဒီဇင်ဘာလတွင် တစ်ပိဿာလျှင် ကျပ် ၅၂၀၀၊ တစ်ပိဿာလျှင် ကျပ် နှစ်ထောင်ကျော် ပိုမို ခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၀၀မှ ၁၅၀ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။

 

နှမ်းမျိုးစုံသီးနှံ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဒီဇင်ဘာလတွင် နှမ်းနက် တစ်တင်းလျှင် ကျပ် ၅၅၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဒီဇင်ဘာလတွင် တစ်တင်းလျှင် ကျပ် ၈၃၀၀၀၊ နှမ်းဖြူ တစ်တင်းလျှင် ကျပ် ၄၆၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဒီဇင်ဘာလတွင် တစ်တင်းလျှင် ကျပ် ၈၂၅၀၀၊ နှမ်းညို တစ်တင်းလျှင် ကျပ် ၄၁၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဒီဇင်ဘာလတွင် တစ်တင်းလျှင် ကျပ် ၆၉၅၀၀ ဖြင့် အရောင်း အဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်နှစ်သောင်းခွဲကျော်မှ သုံးသောင်းခွဲကျော်အထိ ပိုမိုခဲ့သည်။ တစ်ရက် လျှင် အိတ်ရေ ၁၀၀မှ ၁၅၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

သက်ငယ်နတ်တော်၊ သက်ကြီးပြာသိုမှာထွက်ရှိသည့် ဝက်လက်မြို့နယ်၊ ရွှေပန်းကုန်းကျေးရွာ၏ ရာသီပေါ်ပဲမြစ်

      မြန်မာနိုင်ငံတွင် နွေ၊ မိုး၊ ဆောင်း ဟူ၍ ဥတု(၃)ပါးရှိရာ မြူနှင်းများဝေပြီး ခိုက်ခိုက်တုန် အောင်ချမ်းသော ဆောင်းရာသီဖြစ်သည့် နတ်တော်လ၊ ပြာသိုလများတွင် ပဲမြစ်ကို တူးဖော်ရောင်းချ ကြပါသည်။ ပဲမြစ်သည် တစ်နှစ်မှာ တစ်ရာသီသာပေါ်သည့် ရာသီစာဖြစ်ပါသည်။ ဘုရားပွဲများတွင် ဧည့်ခံကျွေးမွေးခြင်း၊ ဘုန်းတော်ကြီးကျောင်းများသို့ အချိုပွဲအဖြစ်ပို့ခြင်း၊ ရပ်နီး/ရပ်ဝေး မကျန် လက်ဆောင်အဖြစ်ပေးသော သရေစာတစ်မျိုးဖြစ်ပါသည်။ ပဲမြစ်ပြုတ်ရာတွင် စေးပိုင်စေရန် ကောက်ရိုး၊ ထန်းလျက်ခဲများဖြင့် ပြုတ်ကြပါသည်။ အေးမြလှသော ဆောင်းရာသီတွင် ထင်းမီးဖိုကြီး များဖိုကာ မီးလှုံ၍ အခါးရေနွေးအိုးဖြင့် ပဲမြစ်ကို ထုထောင်းကာ မြေပဲဆံတို့ဖြင့် နယ်စားခြင်း၊ ပဲမြစ်ကို ဆီ/ဆားတို့ကာ စားသုံးခြင်းများ ပြုလုပ်ပါကြသည်။

စိုက်ပျိုးထွက်ရှိသည့်ဒေသ

          ပဲမြစ်ကို ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် ရွှေပန်းကုန်းကျေးရွာ၊ တောကုန်းကျေးရွာ၊ ကံစာရေး ကျေးရွာ၊ ဇီးဖြူကုန်းကျေးရွာ၊ တည်တောကျေးရွာ၊ ဉယျာဉ်သာကျေးရွာများတွင် အများဆုံး စိုက်ပျိုးကြပြီး ရွှေပန်းကုန်းကျေးရွာသည် ဝက်လက်မှ မုံရွာသို့ သွားရောက်ရာ ကားလမ်းဘေးတွင် တည်ရှိပါသည်။ ရွှေပန်းကုန်းကျေးရွာနှင့်ဇီးဖြူကုန်းကျေးရွာရှိ လယ်မြေ၊ ကုန်းမြေများသည် တနယ်၊ သဲစပ်များပါ၍ ပဲမြစ်သည် အရွယ်အစားလှခြင်း၊ အရသာမှာ စေးပိုင်ခြင်းတို့ကြောင့် ရွှေပန်းကုန်း ပဲမြစ်သည် လူကြိုက်များလှပေသည်။

အသုံးပြုသည့်မျိုးနှင့် စိုက်ပျိုးနည်းစနစ်

          ရွှေပန်းကုန်းပဲမြစ်တွင် သက်ငယ်မျိုး နှင့်သက်ကြီးမျိုးဟူ၍ (၂)မျိုးရှိကြောင်း၊ သက်ငယ်မျိုးမှာ ဝါဆိုလမှစ၍ အစေ့ချစိုက်ပြီး နတ်တော်လတွင် တူးဖော်ရကြောင်း၊ သက်ကြီးမျိုးမှာ ဝါခေါင်လမှစ၍ အစေ့ချစိုက်ပြီး ပြာသိုလတွင် တူးဖော်ရကြောင်း၊ ပဲမြစ်စိုက်သည့် အချိန်သည် (၆)လ ကြာမြင့် ကြောင်း၊ (၆)လ သက်တမ်းရှိမှသာ ပဲမြစ်သည် ဉလှ၍ ရင့်ကြောင်း သိရှိရပါသည်။

          မြေ (၁)ဧကလျှင် ပဲမြစ်မျိုးစေ့ (၁)တင်း စိုက်ရကြောင်း၊ မျိုးစေ့(၁)တင်းလျှင် (၁၂၀၀၀ဝိ/)မှ (၁၅၀၀၀ဝိ/)ထိ ရှိကြောင်း၊ မျိုးစေ့ကို ရှမ်းပြည်နယ်၊ နောင်ချိုမြို့မှ ဝယ်ယူရကြောင်း၊ မျိုးကောင်း/ မျိုးသန့် ရရှိစေရန်အတွက် ကြိုတင်၍ ဝယ်ယူထားရကြောင်း၊ ဝယ်ပြီးပါက ပူပြင်းသောနေတွင် ခြောက်အောင်လှမ်းရပြီး ပီနံအိတ်ကြီးများဖြင့် ထည့်ကာ သိမ်းဆည်းထားရကြောင်း၊ ပဲမြစ် စိုက်ပျိုး ရာတွင် ပထမဦးစွာ နွားနှင့်အရင်ထယ်ထွန်ရကြောင်း၊ ပြီးနောက် ဘောင်များ ပြုလုပ်ကာ တစ်ပင်နှင့် တစ်ပင်ကို ဆယ်လက်မခန့်ခြား၍ အစေ့ချစိုက်ပျိုးရကြောင်း၊ တစ် ကျင်းလျှင် အစေ့ (၇)စေ့မှ (၁၂)စေ့ထိ ချ၍ စိုက်ရကြောင်း၊ စိုက်ပြီး ရက် (၂၀ မှ ၂၅)ရက်သားတွင် ရေသွင်းရကြောင်း၊ မိုးရွာပါက ရေသွင်းရန် မလိုကြောင်း၊ မိုးမရွာပါက မြေအောက်ရေတွင်း (သို့မဟုတ်) ငါးပေါက်တွင်းမှ ရေကို သွင်းရကြောင်း၊ မြေ (၁)ဧကကို အနည်းဆုံး ရေ (၄)ကြိမ်သွင်းရကြောင်း၊ ရေ (၁)ကြိမ်သွင်းပါက ဆီ (၃)ဂါလံကုန်ကြောင်း၊  ရေသွင်းပြီးပါက  ပေါင်းမြက် ရှင်းလင်းရကြောင်း၊ စိုက်ပြီး (၂)လကျော်ပါက အသီးကင်းဝင်ကြောင်း၊ အထွက်တိုးရန်အတွက် ပုလဲဓါတ်မြေဩဇာတစ်အိတ်ထက်မနည်း ကြဲပတ် ရကြောင်း၊ ရာသီဉတုပေါ်မူတည်၍ ပိုးမကျစေရန် ပိုးသတ်ဆေးဖျန်းရကြောင်း သိရှိရပါသည်။

          ပဲမြစ်စိုက်ရာတွင် (၁)ဧကလျှင် လုပ်သား (၈)ဉီးဖြင့် အပြတ်စိုက်ရကြောင်း၊ တစ်ယောက်လျှင် (၃၀၀ဝိ/)ပေးရကြောင်း၊ ပဲမြစ်ကို သံတူရွင်းဖြင့် တူးရပြီး တံဇဉ်ဖြင့် ဖြတ်ရကြောင်း၊ ပဲမြစ်တူးရာတွင် အမျိုးသားလုပ်သားတစ်ဦးလျှင် တူးခ (၇၀၀ဝိ/)နှင့် အမျိူးသမီးလုပ်သားတစ်ဦးလျှင် ဖြတ်ခ (၄၅၀ဝိ/) ပေးရကြောင်း သိရှိရပါသည်။

အထွက်နှုန်းနှင့်နှင့်ဈေးနှုန်းဈေးကွက်အခြေအနေ

          မြေ (၁)ဧကကို ပဲမြစ်ပိဿာချိန် (၁၅၀ဝိ/)မှ (၂၀၀ဝိ/)ခန့်ထိ ထွက်ရှိကြောင်း၊ မန္တလေးမြို့ရှိ ပွဲရုံများသို့ သွားရောက်၍ ရောင်းချရကြောင်း၊ ပဲစပေါ်မူတည်၍ ပဲမြစ်သည် ဈေးနှုန်းအမျိုးမျိုး ရှိ ကြောင်း၊ ယခုနှစ်တွင် ပဲမြစ်(၁)ပိဿာ ပွဲရုံဖြတ်ဈေးမှာ  (၁၅၀ဝိ/)၊ (၁၆၀ဝိ/)၊ (၁၇၀ဝိ/) ထိရှိကြောင်း၊ တစ်ဆင့်ပြန်လည်ရောင်းချသည့် ဈေးဆိုင်များအနေဖြင့် ပဲမြစ်(၁)ပိဿာလျှင် (၂၀၀ဝိ/)၊ (၂၂၀ဝိ/)၊ (၂၅၀ဝိ/)စသည်ဖြင့် ပစ္စည်းပေါ်မူတည်၍ ရောင်းချကြကြောင်း၊ ပီနံအိတ် (၃)တင်းဝင်အိတ် (၁)အိတ် လျှင် ပဲမြစ် ပိဿာချိန် (၅၀ မှ ၆၀)ထိ ဆံ့ကြောင်း၊ အရာတော်နယ်၊ ရွှေဘိုနယ်များမှလည်း လာ ရောက်၍ ဝယ်ယူကြကြောင်း၊ ရွာစဉ်လှည့်လှည်ကာ ရောင်းချသူများကလည်း ဆိုင်ကယ်များဖြင့် လာရောက်၍ ဝယ်ယူကြကြောင်း သိရှိရပါသည်။

တစ်ဧကကုန်ကျစရိတ်အကျိုးအမြတ်

           ပဲမြစ် (၁)ဧကစိုက်ပျိုးရာတွင် ကုန်ကျစရိတ်မှာ (၇၀၀၀၀ဝိ/)ခန့်ကုန်ကျပြီး တစ်ဧကအကျိုး အမြတ်မှာ (၇၀၀၀၀ဝိ မှ ၉၀၀၀၀ဝိ/)ထိ မြတ်ကြောင်း၊ ပုံသေတွက်၍မရကြောင်း၊ မျိုးမှားခြင်း၊ စိုက်ပျိုးပြုစုမှုအားနည်းခြင်း၊ ရေပေးနည်းခြင်းတို့ဖြစ်ပါက အထွက်နှုန်းနည်းကြောင်း သိရှိရပါသည်။

အကျိုးကျေးဇူးများ

        ပဲမြစ်စိုက်ခြင်းအားဖြင့် ကြားကာလတွင် ငွေစောလျင်စွာပေါ်ခြင်း၊ ပေါ်သည့်ငွေနှင့် တောင် သူများမှ ကုလားပဲစိုက်ခြင်း၊ ကြက်သွန်နီစိုက်ခြင်းဖြင့် နောက်ထပ်လုပ်ကိုင်ရမည့် လုပ်ငန်းအတွက် ရင်းနှီးငွေရခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိခြင်းစသည့် အကျိုးကျေးဇူးများရှိကြောင်း၊ ပဲမြစ် စိုက်ပျိုးခြင်းသည် တောင်သူများအတွက် အဆင်ပြေသည့် လုပ်ငန်းဖြစ်ကြောင်း ရေးသား တင်ပြလိုက်ရပါသည်။

DOCA(စစ်ကိုင်း)

ပေါ်ဦးပါ်ဖျားကာလ၌ပင် ဈေးကောင်းရနေသည့် ရွှေဘိုပေါ်ဆန်း

          မြန်မာပြည်အထက်ပိုင်း၏ ဆန်အိုးကြီးဟု တင်စားခေါ်ဝေါ်ကြသည့် စစ်ကိုင်းတိုင်း ဒေသကြီးတွင် ရွှေဘိုပေါ်ဆန်းကို နှစ်စဉ်စိုက်ဧက သုံးသိန်းမှ လေးသိန်း ကြားစိုက်ပျိုး လျက်ရှိကြောင်း၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်၊ ကန့်ဘလူခရိုင်တို့တွင် အများဆုံးစိုက်ပျိုးကြကြောင်း စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်း ဇယားများအရသိရှိရပါသည်။  ရွှေဘိုပေါ်ဆန်းသည် မြန်မာလူမျိုးတို့နှစ်သက်သည့် ဆန်အမျိုးအစား တစ်မျိုးဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၏ အမှတ်အသားထုတ်ကုန်တစ်မျိုးဟုလည်း ဆိုနိုင်ပါသည်။ ယခုနှစ်တွင် ရွှေဘိုပေါ်ဆန်းစိုက်ဧက ၃.၅ သိန်းကျော် စိုက်ပျိုးကြောင်း သိရသည်။ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင်ပျမ်းမျှ ၈၂တင်းကျော်ထွက်ရှိနိုင်မည်ဟု ခန့်မှန်းထားသည့်အတွက် စုစုပေါင်းအထွက် တင်းပေါင်း သိန်း ၃၀၀နီးပါးခန့် ရှိမည်ဖြစ်ပါသည်။ ယခုနှစ်တွင် လိုအပ်သလောက်ဆည်ရေရရှိခဲ့ခြင်း၊ ရာသီဥတု ကောင်းမွန်ခြင်း၊ ဖျက်ပိုးကျမှုမရှိသလောက်နည်းပါးခြင်းတို့ကြောင့် စပါးအထွက် နှုန်းနှင့် အရည်အသွေးကောင်းမွန်ကြောင်း ဒေသခံရွှေဘိုပေါ်ဆန်းစပါးစိုက်ပျိုးသူများထံမှ သိရှိရပါသည်။   စိုက်ပျိုး ကာလတွင် သွင်းအားစုဈေးနှုန်းများမြင့်တက်ခဲ့သဖြင့် စိုက်ပျိုးထုတ်လုပ် မှုစရိတ် အနည်းငယ် မြင့်မားခဲ့ သော်လည်း စ်ိုက်ပျိုးထုတ်လုပ်သူများအတွက် တစ်ဧကအကျိုးအမြတ် ကျပ်၁၀သိန်းခန့် ရရှိနိုင်မည် ဖြစ်သည့်အတွက် ဒေသခံစပါးစိုက် လယ်သမားများအတွက် တွက်ချေအကိုက်ဆုံးသီးနှံ ဖြစ်ကြောင်း လယ်သမားများထံမှ သိရှိရပါသည်။ 

          ယခုနှစ်တွင် ရွှေဘိုပေါ်ဆန်းစပါးကို ဒီဇင်ဘာလဒုတိယပတ်မှ စတင်၍ စပါးသစ်များ ရိတ်သိမ်းလျှက်ရှိရာ ဒီဇင်ဘာလကုန်တွင် ၄၀ရာခိုင်နှုန်းခန့်ရိတ်သိမ်းပြီးစီးနိုင်ကြောင်း၊ ဇန်နဝါရီ လကုန်တွင် ရာနှုန်းပြည့်ခန့်ရိပ်သိမ်းပြီးစီးနိုင်ကြောင်း သိရှိရပါသည်။ စပါးသစ်ဈေးနှုန်း အနေဖြင့် စပါးတင်းတစ်ရာလျှင် ၁၆သိန်းကျပ်ခန့် ဈေးဖြင့်လက်ရှိ အရောင်းအဝယ် ဖြစ်နေကြောင်း၊ ရွှေဘိုပေါ်ဆန်း ဆန်သစ်ဈေးမှာ ၂၄ ပြည်တစ်အိတ်လျှင် ၅၇၀၀၀ ကျပ်ခန့်ဖြစ်ကြောင်း ရွှေဘို ပေါ်ဆန်းစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရသည်။ ယခင်နှစ် ရွှေဘို ပေါ်ဆန်း ပေါ်ဦးပေါ်ဖျားဈေးနှုန်းမှာ စပါးတင်းတစ်ရာလျှင် ၁၁သိန်းကျပ် ဝန်းကျင်ခန့်ဖြစ်သဖြင့် ယခုနှစ်ရွှေဘိုပေါ်ဆန်းစပါးသည် ပေါ်ဦးပေါ်ဖျားကာလ၌ပင် ဈေးကောင်းရနေသည်ဟုဆိုနိုင်ပါသည်။ လောလောဆယ်တွင် လှောင်လက်များအဝယ်နည်းနေသေးပြီး ကြိက်ခွဲရောင်းချကြမည့် ဒေသခံဆန်စက်ပိုင်ရှင်များက အဝယ်များနေကြောင်း စျေးကွက်မှ သိရှိရပါသည်။

        ရွှေဘိုပေါ်ဆန်းဆန်သစ်ပေါ်ပြီဖြစ်သော်လည်း စပါးဟောင်းများသည်လည်း ဈေးကွက်တွင် အရောင်းသွက်လျှက်ရှိနေဆဲဖြစ်ရာ စပါးဟောင်းတင်းတစ်ရာလျှင် ၂၆သိန်းကျပ်နှင့် ဆန်ဟောင်း၂၄ပြည် တစ်အိတ်လျှင် ၈၈၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ မြန်မာနိုင်ငံဒေသအနှံ့ တင်ပို့လျှက်ရှိကြောင်း ကုန်သည်အသိုင်းအဝိုင်းမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့တွင် ပန်းမုန်လာရောင်းချသူများ တွက်ခြေကိုက်လျက်ရှိ

              စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့ စည်ပင်သာယာဈေးကြီးအတွင်း၊ အပြင်၊  ဈေးကြီး အနီးပတ်ဝန်းကျင်နှင့် မြို့ပေါ်ရှိနေရာအသီးသီးတွင် ဆောင်းရာသီပေါ်ပန်းမုန်လာများ ရောင်းချလျက် ရှိကြောင်း သိရှိရသည်။

             ရွှေဘိုမြို့တွင်ရောင်းချလျက်ရှိသော ပန်းမုန်လာများကို ရွှေဘိုခရိုင်အတွင်းရှိ ရွှေဘိုမြို့နယ် ညောင်ပင်သာကျေးရွာနှင့် ခင်ဦးမြို့နယ်အတွင်းရှိ ညောင်ပင်ကြီးစုကျေးရွာ၊ သပွတ်တောကျေးရွာ၊ ထန်းကုန်းကျေးရွာ၊ မှန်တောကျေးရွာများတွင်စိုက်ပျိုးကြပြီး စိုက်ပျိုးသူများမှ နေ့စဉ်ကားများဖြင့် လာရောက် ဖောက်သည်ပေးကြကြောင်း၊ တစ်ဆင့်ပြန်လည်ရောင်းချသူများမှ တစ်နေ့ရောင်းချ၍ ကုန်သလောက်သာ ဝယ်ယူကြကြောင်း၊ ဝယ်ယူရသည့်ဈေးနှုန်းမှာ အပွင့်လှပါက တစ်ပွင့်လျှင် (၃၀ဝိ/-)၊ (၄၀ဝိ/-) ဖြစ်ပြီး ပြန်လည်ရောင်းချသည့်ဈေးနှုန်းမှာ တစ်ပွင့်လျှင်(၅၀ဝိ/-)၊ (၆၀ဝိ/-)စသည်ဖြင့် အပွင့်အကြီး အသေးအပေါ်မူတည်၍ ရောင်းချကြောင်း သိရှိရပါသည်။ ဆောင်းရာသီဖြစ်သဖြင့် အခြားသော ရာသီပေါ် ဟင်းသီးဟင်းရွက်အစုံဖြင့်တွဲဘက်ရောင်းချရသဖြင့် ဈေးနှုန်းချိုသာပြီး ဟင်းတစ်ခွက်ဖြစ်သည့် ပန်းမုန်လာသည်လည်း ရောင်းအားကောင်းကြောင်း၊ ဈေးသည်တစ်ဦးအနေဖြင့် တစ်ရက်လျှင် အပွင့်(၅၀)ကျော်ခန့် ရောင်းချရသဖြင့် တွက်ခြေကိုက်ကြောင်း သတင်းရရှိပါသည်။   

DOCA(စစ်ကိုင်း)

တမူးနယ်စပ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်မှုအခြေအနေ

        တမူးနယ်စပ်ကုန်သွယ်ရေးစခန်းအနေဖြင့်  ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် ကုန်သွယ်မှုလျာ ထားချက်မှာပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာသန်းပေါင်း(70.000)၊ သွင်းကုန်ပမာဏ အမေရိကန် ဒေါ်လာသန်းပေါင်း(3.000)၊  စုစုပေါင်း ကုန်သွယ်မှုပမာဏ ကျပ်သန်း(73.000)ဖြစ်ပါသည်။ တမူး နယ်စပ်ကုန်သွယ်ရေးစခန်းမှ အိန္ဒိယနိုင်ငံသို့  ကုန်သွယ်မှုအနေဖြင့် ၂၀၂၂ခုနှစ်၊ ဧပြီလမှ အောက်တို ဘာလအထိ (8)လတာကာလအတွင်း ပို့ကုန် ပမာဏအမေရိကန်ဒေါ်လာသန်း(6.630)၊ သွင်းကုန် ပမာဏအမေရိကန်ဒေါ်လာသန်း(3.931)၊ စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာသန်း (10.561)ဆောင်ရွက်နိုင်ခဲ့ပါသည်။ ဒီဇင်ဘာလ(၁၆)ရက်နေ့အထိ ပို့ကုန်ပမာဏမှာ အမေရိကန်ဒေါ် လာသန်း(0.၆၉၄)၊ သွင်းကုန်ပမာဏ မှာ အမေရိကန်ဒေါ်လာသန်း(0.၁၅၇) စုစုပေါင်း ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာသန်း(0.၈၅၁)ဆောင်ရွက်နိုင်ခဲ့သည့်အတွက် (9)လတာကာလအတွင်း စုစုပေါင်း ပို့ကုန်ပမာဏ မှာ အမေရိကန်ဒေါ်လာသန်း (၇.၃၂၄)၊ သွင်းကုန်ပမာဏ အမေရိကန် ဒေါ်လာ သန်း(4.၀၈၈)၊ ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာသန်း (1၁.၄၁၂)ဖြစ်၍ (၁)နှစ်စာ လျာထားချက်အပေါ်(၁၅.၆၃၃)% ဆောင်ရွက်နိုင်ခဲ့ပြီး၊ ဧပြီလမှ ဒီဇင်ဘာလထိ(9)လတာ လျာထားချက် အပေါ် (23.၆၇၆)% ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ကြောင်း တမူးနယ်စပ်ကုန်သွယ်ရေးစခန်း၏ စာရင်းများ အရသိရပါသည်။

          အများဆုံးပို့ကုန်များအနေဖြင့် ကွမ်းသီး၊ မက်မန်းသီး၊ မြေပဲဆံ၊ ကြက်သွန်နီ၊ နန့်ဖာလုံ ကုန်စုံနှင့် စီးကရက်(အမျိုးမျိုး)တို့ဖြစ်ပြီး သွင်းကုန်များအနေဖြင့် ဓါတ်မြေဩဇာနှင့် ဆံပင်တို့ ဖြစ် ကြောင်း သိရပါသည်။

      တမူးကုန်သွယ်ရေးစခန်းအနေဖြင့် ကုန်သွယ်ရေးဦးစီးဌာန(ရုံးချုပ်)၏ ညွှန်ကြားချက်များနှင့် အညီ ကုန်သွယ်မှုတွင် ကြုံတွေနေရသော အခက်အခဲများအား ကုန်သွယ်ရေးဦးစီးဌာန(ရုံးချုပ်)တို့ အချိန်နှင့်တပြေးညီတင်ပြခြင်း၊ ဒေသအာဏာပိုင်အဖွဲ့အစည်းများ၊ ဆက်စပ်ဌာနဆိုင်ရာများ၊ OSS ဌာနဆိုင်ရာများ၊ ကုန်သည်အသင်းအဖွဲ့များ၊ ကုမ္ပဏီလုပ်ငန်းများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခြင်းများဖြင့် ကုန်သွယ်မှု လျှင်မြန်ချောမွေ့စေရေးနှင့် ကုန်သွယ်မှုလျာထားချက် ပြည့်မှီစေရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။  

DOCA(စစ်ကိုင်း)

ကလေးမြို့နယ်တွင် ဒီဇင်ဘာလအတွင်း ခရမ်းချဉ်သီးဈေးနှုန်းကျဆင်း

            ကလေးမြို့နယ်ရှိ သာစည်၊ ချင်းဆိုင်၊ ခင်သာနှင့် ချင်းကင်းစသည့် ကျေးရွာများတွင် ခရမ်းချဉ်သီးများ စိုက်ပျိုးလျက်ရှိရာ ယခုလအတွင်းတွင် ချင်းကင်းမှထွက်ရှိသည့် ခရမ်းချဉ်သီးများ မြို့ပေါ်ဈေးကွက်သို့ လှိုင်လှိုင်ဝင်ရောက်လာပြီဖြစ်သည့်အတွက် ဖောက်သည်ဈေး( ၈၀၀ကျပ်မှ ၁၀၀၀ကျပ် ) ခန့်သာ ဈေးနှုန်းသို့ရောက်ရှိလာပြီး လက်လီဈေးကွက်တွင် တစ်ပိဿာလျှင် ( ၁၃၀၀ ) ကျပ်ဈေးနှုန်းသို့ ကျဆင်းခဲ့ပါသည်။

              ယခင်လများက ခရမ်းချဉ်သီး တစ်ပိဿာလျှင် ( ၃၀၀၀ )ကျပ်မှ ( ၄၀၀၀ ) ကျပ်ခန့် ပေး၍ဝယ်ယူရသော်လည်း ယခုအခါတွင် ဒေသတွင်းခရမ်းချဉ်သီးများ လှိုင်လှိုင် ထွက်ပေါ်လာသည့်အတွက် ခရမ်းချဉ်သီးဈေးနှုန်းမှာ ကျဆင်းခဲ့ရခြင်းဖြစ်ပါသည်။ ခရမ်းချဉ်သီး အခင်းများအားလုံး ထွက်ပေါ်လာပါက တစ်ပိဿာလျှင် ( ၅၀၀ ) ကျပ်ဝန်းကျင်ခန့်ထိ ကျဆင်းနိုင် ပြီး၊ ဈေးကွက်ဖြန့်ဖြူးနိုင်မှု နည်းပါးသည့်အတွက် ဈေးနှုန်းကျဆင်းမှုများ ဖြစ်ပါကြောင်း မြို့နယ်တွင်းမှ အနီးတစ်ဝိုက်ဒေသများဖြစ်သည့် တမူးမြို့နှင့် ကလေးဝမြို့သို့သာ တင်ပို့ရောင်းချ လျှက်ရှိပါကြောင်း၊ ခရမ်းချဉ်လက္ကားရောင်းချသည့် ဒေါ်မသီထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကလေးမြို့နယ်တွင် ဒီဇင်ဘာလအတွင်း စားတော်ပဲနုသီးဈေးနှုန်းဈေးကွက်

          ကလေးမြို့နယ်ရှိ သာစည်၊ ချင်းဆိုင်၊ ကန်ပုလဲကျေးရွာနှင့် တောင်အူ၊ ပျဉ်သာ၊ ဆည်တော်ဉီး ကျေးရွာများတွင် စားတော်ပဲအရွက်နှင့် စားတော်ပဲနုများ ရောင်းချရန် စပါးခင်းများ စိုက်ပျိုးရိတ်သိမ်းပြီးချိန်တွင် ထွန်ယက်၍ တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြပါသည်။ ကလေးနယ် တစ်ဝိုက်မှထွက်ရှိသော စားတော်ပဲနုများကို ကြိုက်နှစ်သက်မှုများပြီး ပေါ်စတွင် စားတော်ပဲနုသီး နို့ဆီဗူးတစ်ဗူးလျှင် ( ၁၇၀၀ ကျပ်မှ ၁၅၀၀ကျပ် ) ပေး၍ ဝယ်ယူစား သုံးရပါသည်။ ယခုအခါတွင် ချင်းတောင်ဒေသ ဘားလုံတွင်လည်း စားတော်ပဲအနုများရောင်းချရန် တစ်ပိုင်တစ်နိုင် စိုက်ပျိုးလာ သည့်အတွက် အစောဆုံးထွက်ရှိကာ ဈေးနှုန်းရရှိပြီး ဈေးကွက်တွင် တောင်ပေါ်ပဲနှင့် မြေပြန့်ပဲဟူ၍ နှစ်မျိုးနှစ်စားရောင်းချလျှက်ရှိပါသည်။ တောင်ပေါ်ဒေသမှထွက်ရှိသည့် စားတော်ပဲနုသည် အလုံး ကြီးပြီး လက်ရှိဈေးကွက်တွင် ဖောက်သည်ဈေး  နို့ဆီတစ်ဗူး လျှင် ( ၈၀၀ )ကျပ်၊ ဈေးနှုန်းရှိပြီး လက်လီဈေးကွက်တွင် နို့ဆီတစ်ဗူးလျှင်(၁၀၀၀)ကျပ်၊ ဈေးနှုန်း ရှိပါသည်။ မြေပြန့်စားတော်ပဲနုသီး နို့ဆီတစ်ဗူး ဖောက်သည်ဈေး နို့ဆီတစ်ဗူးတစ်ထောင်ကျပ် ဈေးနှုန်းဖြစ်ပြီး လက်လီနို့ဆီတစ်ဗူးလျှင် ( ၁၂၀၀ ) ကျပ်ဈေးနှုန်းဖြင့် ရောင်းချလျှက်ရှိပါသည်။ ယခင်နှစ်များက လမ်းပမ်းဆက်သွယ်ရေး ကောင်းမွန်သည့်အတွက် မုံရွာ၊ မန္တလေးမြို့များသို့ စားတော်ပဲနုသီးအတောင့်များ တင်ပို့မှုရှိသော်လည်း ယခုအခါတွင် လမ်းပမ်းဆက်သွယ်ရေး နေ့ချင်းပေါက်မရောက်နိုင်သည့်အတွက် မြို့နယ်တွင်း ဈေးကွက်သာ ရောင်းချရလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့တွင် ရောင်းချလျက်ရှိသော ဆောင်းရာသီပေါ် သီးနှံများ၏ ရောင်းချသည့်ဈေးနှုန်းများ

           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံး အနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးမှုနှင့် သုတေသန လုပ်ငန်းများဆောင်ရွက်လျက်ရှိပါသည်။ ယခုအချိန်တွင် ဆောင်းတွင်းကာလဖြစ်၍ ဟင်းလျာအဖြစ် ချက်ပြုတ်စားသုံးရသည့် ဟင်းသီးဟင်းရွက်များပေါများသည့်အပြင် သရေစာအဖြစ်စားသုံးရသည့် အသီးအနှံများလည်းပေါများသည့် ကာလဖြစ်ပါသည်။ ရွှေဘိုမြို့စည်ပင်သာယာဈေးတွင် ရောင်းချလျက် ရှိသော သရေစာအဖြစ်စားသုံးရသည့်သီးနှံများ၏ ထွက်ရှိရာဒေသနှင့် ရောင်းချသည့်ဈေးနှုန်းများကို လေ့လာခဲ့ပါသည်။

ထန်းပင်မြစ်

          ထန်းပင်မြစ်ကို မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နှင့် မုံရွာမြို့တို့မှ အဓိကမှာယူရောင်းချပြီး ခရိုင်အတွင်းရှိ မြို့နယ်များမှလည်း အနည်းငယ်ဝင်ရောက်ကြောင်း ရောင်းဈေးအနေဖြင့် (၂၅)ချောင်းပါ တစ်စည်းလျင် (၁၅၀ဝိ/-)ဖြစ်ကြောင်းသိရှိရပါသည်။

ဝက်မြေဥ

  ဝက်မြေဥကို မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့မှ မှာယူရောင်းချပြီး ရောင်းချသည့်ဈေးနှုန်းမှာ တစ်ပြည်လျှင် လက်လီ(၁၈၀ဝိ/-)နှင့် လက်ကား(၁၅၀ဝိ/-)ဖြစ်ကြောင်း သိရှိရပါသည်။

ပဲမြစ်

          ပဲမြစ်ကို ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ရွှေပန်းကုန်းကျေးရွာနှင့် ခင်ဦးမြို့နယ်၊ မန်ကျည်းတောကျေးရွာများမှ အဓိကမှာယူရောင်းချပြီး မန္တလေးမြို့မှလည်း မှာယူရောင်းချကြောင်း၊ ရောင်းချသည့် ဈေးနှုန်းမှာ တစ်ပိဿာလျှင် လက်လီ (၂၅၀ဝိ/-)နှင့် လက်ကား(၂၂၀ဝိ/-)ဖြစ်ကြောင်း သိရှိရပါသည်။

ဇီးသီး

          ဇီးသီးကို မုံရွာမှာမှာယူရောင်းချပြီး အလုံးကြီးတစ်ပြည်လျှင်(၁၅၀ဝိ/-)၊ အလုံးသေးတစ်ပြည်လျှင် (၁၀၀ဝိ/-)ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

           စစ်ကိုင်းတိုင်းဒေသကြီးသည် ဆန်ပိုဒေသများဖြစ်သော ကလေး၊ ကသာနှင့် ရွှေဘိုခရိုင်တို့တွင် စပါး/ ဆန်ဈေးနှုန်းများ ဈေးအေးနေပြီး၊ ကန့်ဘလူခရိုင်တွင်  ဧရာမင်း ဆန်ဈေး အနည်းငယ် ကျဆင်းပါသည်။

      စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဒီဇင်ဘာလ(စတုတ္တ)ပတ်တွင် ဖြစ်ပေါ်နေသော စပါး/ ဆန်ဈေး နှုန်းများမှာ ရွှေဘိုခရိုင်တွင် ရွှေဘိုပေါ်ဆန်း(စပါး) (ဟောင်း) တင်း၁၀၀လျှင် ကျပ်(၂၆၀၀၀၀၀)၊ ပေါ်ဆန်း (ဆန်) (ဟောင်း)  ၂၄  ပြည်ပါ တစ်အိတ်လျှင်ကျပ်  ၈၈၀၀၀၊ ရွှေဘိုပေါ်ဆန်း(စပါး) (သစ်) တင်း၁၀၀လျှင် ကျပ်(၁၆၅၀၀၀၀)၊ ပေါ်ဆန်း (ဆန်) (သစ်)  ၂၄  ပြည်ပါ တစ်အိတ်လျှင်ကျပ်  ၅၈၀၀၀၊ ဧရာမင်း(စပါး) (ဟောင်း) တင်း ၁၀၀လျှင် ၁၄၅၀၀၀၀၊ ဧရာမင်း(ဆန်) (ဟောင်း)  ၂၄ ပြည်ပါ တစ်အိတ် ကျပ် ၆၅၀၀၀၊ ဧရာမင်း(စပါး)(သစ်) တင်း ၁၀၀လျှင် ၁၄၅၀၀၀၀၊ ဧရာမင်း(ဆန်) (သစ်)  ၂၄ ပြည်ပါ တစ် အိတ် ကျပ် ၄၈၀၀၀၊ ရေဦးမြို့မှ ပေါ်ဆန်း (စပါး) (ဟောင်း)  တင်း ၁၀၀လျှင် ကျပ် ၂၃၀၀၀၀၀၊ ပေါ်ဆန်း (ဆန်) (ဟောင်း)  တစ်အိတ်လျှင်ကျပ် ၈၀၀၀၀၊  ပေါ်ဆန်း(စပါး)(သစ်)  တင်း ၁၀၀လျှင် ကျပ် ၁၄၀၀၀၀၀၊ ပေါ်ဆန်း (ဆန်) (သစ်) တစ်အိတ်လျှင်ကျပ် ၅၀၀၀၀၊  ဧရာမင်း(စပါး)(ဟောင်း) တင်း၁၀၀လျှင် ၁၃၀၀၀၀၀၊ ဧရာမင်း (ဆန်)(ဟောင်း)၂၄ ပြည် ပါ တစ်အိတ်  ၅၈၀၀၀၊ ဧရာမင်း (စပါး)(သစ်) တင်း၁၀၀ လျှင် ၁၀၀၀၀၀၀၊ ဧရာမင်း (ဆန်)(သစ်)၂၄ ပြည် ပါ တစ်အိတ်  ၄၀၀၀၀ ကျပ်များဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

          ကလေးခရိုင်၊ ကလေးမြို့နယ်မှ ဧည့်မထ(စပါး) တင်း၁၀၀ လျှင် ၁၀၅၀၀၀၀၊ ဧည့်မထ(ဆန်)‌ ၂၄ ပြည်ပါ တစ်အိတ်မှာ ကျပ် ၄၄၀၀၀၊ ငစိန်(စပါး) တင်း ၁၀၀ လျှင် ၉၅၀၀၀၀ ၊ ငစိန်(ဆန်)၂၄ပြည်ပါ တစ် အိတ်မှာ ၄၀၀၀၀၊ ဧရာမင်း (စပါး)တင်း ၁၀၀ လျှင် ကျပ် ၁၃၅၀၀၀၀၊ ဧရာမင်း(ဆန်)၂၄ပြည်ပါ တစ်အိတ် မှာကျပ် ၅၅၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

         ကသာခရိုင်၊ အင်းတော်မြို့နယ်မှ မှော်ဘီ(၂)(စပါး) တင်း ၁၀၀လျှင် ကျပ်၉၀၀၀၀၀၊ မှော်ဘီ(၂) ဆန် ၂၄ပြည် တစ်အိတ် လျှင် ကျပ် ၄၀၀၀၀၊ ဆင်းဧကရီ(၃)(စပါး) တင်း၁၀၀ လျှင် ကျပ် ၈၅၀၀၀၀၊ ဆင်းဧကရီ-၃ဆန် ၂၄ပြည်တစ်အိတ်မှာကျပ် ၃၆၀၀၀၊ ဧရာမင်း (စပါး) တင်း ၁၀၀ လျှင် ကျပ် ၁၀၀၀၀၀၀၊ ဧရာမင်းဆန် ၂၄ ပြည်ဆန်တစ်အိတ်လျှင် ကျပ် ၅၀၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

        မုံရွာခရိုင်၊ မုံရွာမြို့တွင် ဧရာမင်း(စပါး)(ဟောင်း) တင်း ၁၀၀ လျှင် ကျပ် ၁၃၇၀၀၀၀၊  ဧရာမင်း (ဆန်)(ဟောင်း) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၆၀၀၀၀၊ ဧရာမင်း(စပါး)(သစ်) တင်း ၁၀၀ လျှင် ကျပ် ၁၁၅၀၀၀၀၊  ဧရာမင်း (ဆန်)(သစ်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၄၈၀၀၀၊ ပေါ်ဆန်း(စပါး) (ဟောင်း)တင်း ၁၀၀လျှင် ကျပ် ၂၂၀၀၀၀၀၊ ပေါ်ဆန်း(ဆန်)(ဟောင်း) ၂၄ပြည် တစ်အိတ်လျှင် ကျပ် ၈၃၀၀၀၊ ဧရာမင်း (စပါး) (သစ်) တင်း ၁၀၀ လျှင် ကျပ် ၁၅၀၀၀၀၀၊  ဧရာမင်း (ဆန်)(သစ်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၆၀၀၀၀၊ မနောသုခ (စပါး)(ဟောင်း)တင်း ၁၀၀လျှင် ကျပ် ၁၂၀၀၀၀၀၊ မနောသုခ (ဆန်)(ဟောင်း)၂၄ ပြည် တစ်အိတ်လျှင် ကျပ်၄၄၀၀၀၊  မနောသုခ(စပါး)(သစ်) တင်း ၁၀၀လျှင် ကျပ် ၁၀၅၀၀၀၀၊ မနော သုခ(ဆန်)(သစ်)၂၄ ပြည် တစ်အိတ်လျှင် ကျပ်၄၀၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရ ပါသည်။

         ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ဧရာမင်း(စပါး)တင်း ၁၀၀ လျှင် ကျပ် ၁၂၀၀၀၀၀၊  ဧရာမင်း (ဆန်)၂၄ပြည် တစ်အိတ်မှာ ကျပ် ၅၅၀၀၀၊ ပေါ်ဆန်း(စပါး) တင်း ၁၀၀လျှင် ကျပ် ၂၃၀၀၀၀၀၊ ပေါ်ဆန်း (ဆန်) ၂၄ပြည် တစ်အိတ်လျှင် ကျပ် ၇၅၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

         စစ်ကိုင်းတိုင်းဒေသကြီးမှအခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဒီဇင်ဘာလ (တတိယ) ပတ်တွင် ရန်ကုန်သို့ အိတ်ရေ ၃၂၀၀၀၊ မန္တလေး သို့ အိတ်ရေ ၄၈၂၀၀၊ မကွေး သို့ အိတ်ရေ ၁၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၀၀၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၉၅၀၀၊ ရှမ်း(မြောက်)သို့အိတ်ရေ ၉၅၀၀၊ ကချင်သို့ အိတ်ရေ ၂၀၀၀၊ စုစုပေါင်းအိတ်ရေ (၁၁၂၂၀၀)အိတ်၊ တန်အားဖြင့် (၅၆၁၀)စီးထွက်ခဲ့ပြီး၊ ယခု ဒီဇင်ဘာလ (စတုတ္တ) ပတ် တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၃၂၀၀၀၊ မန္တလေး သို့ အိတ်ရေ ၅၃၁၀၀၊ မကွေး သို့ အိတ်ရေ ၁၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၉၅၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၉၀၀၀၊ ရှမ်း(မြောက်)သို့အိတ်ရေ ၉၀၀၀၊ ကချင်သို့ အိတ်ရေ ၃၀၀၀၊ စုစုပေါင်းအိတ်ရေ (၁၁၆၆၀၀)အိတ်၊ တန်အားဖြင့် (၅၈၃၀)စီးထွက်ခဲ့သည့်အတွက် ယခင်ပတ်နှင့် နှိုင်းယှဉ် လျှင် ယခုပတ်တွင် အိတ်ရေ (၄၂၀၀) တန်အားဖြင့် (၂၂၀) ပိုမို စီးထွက်ခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ဆောင်းရာသီ၏ ရာသီစာ အိန္ဒိယမုန်ညှင်း

              စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်ရှိ ကျေးရွာများဖြစ်သော ချင်းဆိုင်၊ ဆည်တော၊ ဇင်းကလင်း၊ ဆည်တော်ဦး၊ ကျောင်းတိုက်၊ သဖန်းအိုင်၊ ညောင်တောစသည့် ကျေးရွာများတွင် အများဆုံးစိုက်ပျိုးပြီး ဒေသနှင့်ကိုက်ညီသည့် ရာသီစာအိန္ဒိယမုန်ညှင်းစိုက်ပျိုး ရောင်းချခြင်းဖြင့် နှစ်စဉ် ဝင်ငွေရရှိလျက်ရှိကြောင်း သိရှိရပါသည်။

              ညောင်တောကျေးရွာတွင် ( ၆ ) လမုန်ညှင်း၊ ဆီစားမုန်ညှင်း၊ အိန္ဒိယမုန်ညှင်း၊ ကိုက်လန်နှင့် ရိုးဖြူမုန်ညှင်းစသည့် မုန်ညှင်းအမျိုးအစားများကို စိုက်ပျိုးကြသော်လည်း အိန္ဒိယ မုန်ညှင်းကို လူကြိုက်များပြီး အရောင်းသွက်သော မုန်ညှင်းအမျိုးအစား တစ်မျိုးဖြစ်ပါကြောင်း တောင်သူ ဦးထွန်းမြင့်ထံမှ မေးမြန်းသိရှိရပါသည်။

              မိမိအနေဖြင့် အိန္ဒိယမုန်ညှင်းကို စပါးရိတ်သိမ်းပြီးနောက် လယ်ရိုးကျွတ် လယ်ယာမြေပေါ်တွင် အပိုဝင်ငွေရရှိရေးအတွက် ကောက်ရိုးငုတ်များကို မီးရှို့၊ ရေသွင်းပြီး အောက်တိုဘာလတွင် အိန္ဒိယမုန်ညှင်းမျိုးစေ့များကြဲကာ ( ၂၀ ) ရက်သားအချိန်ခန့်တွင် မုန်ညှင်းပင်ပေါက်များသားခွဲပြီးနောက် နိုဝင်ဘာလတွင် စတင်၍ မုန်ညှင်းဖူးများကောက်ယူကာ ဈေးကွက်အတွင်းသို့ဖြန့်ဖြူးရောင်းချပြီး တစ်ပိဿာလျှင် ( ၂၅၀၀ ) ကျပ်ဖြင့် ဖောက်သည် ပေး၍ ဈေးကောင်းရရှိလျက်ရှိကြောင်း၊ ဒီဇင်ဘာလတွင် တစ်ပိဿာလျှင် ( ၁၀၀၀ ) ကျပ်ခန့်သာ ဈေးနှုန်းရရှိသောကြောင့် ဦးစွာစိုက်ပျိုး၍ အဖူးကောက်ယူရပါက ဈေးနှုန်းပိုမိုရရှိသည့်အတွက် အခြားတောင်သူများထက် ပိုမိုဝီရိယထားကာ စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။

              ဈေးကွက်များအနေဖြင့် ကလေးမြို့ပေါ်၊ ကလေးဝမြို့၊ မင်းကင်းမြို့နှင့် တမူးမြို့များသို့ ဖြန့်ဖြူးရောင်းချလျက်ရှိပြီး မုံရွာမြို့၊ မန္တလေးမြို့နှင့် ရန်ကုန်မြို့များသို့ ဒေသထွက် ရာသီစာ လက်ဆောင်များအဖြစ် ဝယ်ယူ၍ ပေးပို့ကြပါသည်။ မုန်ညှင်းဖူးများကိုပေါင်း၍လည်း မြို့ပေါ် ရပ်ကွက်များသို့ လှည့်လည်ရောင်းချမှုများလည်း ရှိပါသည်။

          ရာသီစာ အိန္ဒိယမုန်ညှင်း စိုက်ပျိုးရောင်းချခြင်းဖြင့် နှစ်စဉ်ဝင်ငွေရရှိကာ မိသားစု စီးပွားရေးအတွက် တစ်ဖက်တစ်လှမ်းမှ အထောက်အပံ့ဖြစ်ကာ ဝင်ငွေရရှိလျက်ရှိကြောင်း လေ့လာ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း