ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မြို့သစ်မြို့နယ်၌ ဆီးသီးအစို/အခြောက်အရောင်းအဝယ်ဖြစ်လျက်ရှိ

       မြို့သစ်မြို့နယ်ရှိ တလင်းကုန်း၊ စည်သာ၊ မကျီးကုန်းကြီးကျေးရွာ အစရှိသည့် ပတ်ဝန်းကျင်ကျေးရွာများမှ ထွက်ရှိသောဆီးသီးအစို/အခြောက်များမှာ ဒီဇင်ဘာလပထမပတ်မှစတင်၍ ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ သဘာဝအလျောက် ပေါက်ရောက်နေသောဆီးပင်များမှ အချဉ်ဓါတ်ရှိသောဆီးသီးကို ဆီးယိုအဖြစ်လည်းကောင်း၊ ဆီးချိုပင်များဖြင့်ကာရံ၍ ဆီးခြံများအဖြစ် စိုက်ပျိုးလျက်ရှိပါသည်။

     ယခင်နှစ်ကဆီးချဉ်ကို မြို့ပေါ်ပွဲရုံရှိ ဆီးခွဲစက်များမှဆီးဆံကိုထုတ်ယူပြီး မန္တလေးပွဲရုံများသို့ ဆီးဆံတစ်ပိဿာလျှင် ကျပ်(၅၀၀၀၀)ဝန်းကျင်ဖြင့် ရောင်းချခဲ့ကြပြီး ဆီးသီးအစို/ အခြောက်ပေါ်မူတည်၍ ဆီးသီး(၁)တင်းလျှင် ကျပ်(၂၅၀၀)မှ ကျပ်(၃၀၀၀)ဖြင့်ရောင်းချခဲ့ရပါသည်။ ယခုနှစ် ဒီဇင်ဘာလပထမပတ် ဆီးသီးစပေါ်ချိန်တွင် ဆီးသီးအစို/ အခြောက်ပေါ်မူတည်၍ ဆီးသီး(၁)တင်းလျှင် ကျပ်(၇၀၀၀)ဖြင့် ဝယ်ယူလျက်ရှိပါသည်။ ထို့အပြင် ဆီးခွဲစက်များမှဆီးသီးများအား ကြိတ်ခွဲပြီးထွက်ရှိလာသော အလေအလွင့်ဆီးခွဲခြမ်းနှင့် ဆီးဖက်များကိုလယ်ယာမြေထဲတွင် မြေဩဇာအဖြစ်ပြန်လည်အသုံးပြုခြင်းနှင့် ဇီးခွဲခြမ်းများအား လောင်စာအဖြစ်ရောင်းချရကြောင်း ဆီးကြိတ်ခွဲစက်ပိုင်ရှင် ဦးမောင်ဌေးထံမှ သိရှိ ရပါသည်။

DOCA(မကွေး)

 

ဟင်္သာတကုန်စည်ဒိုင်သို့ မတ်ပဲအသစ်များ ဈေးကွက်ဝင်ရောက်

      ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတကုန်စည်ဒိုင်တွင် ဒီဇင်ဘာလ ၁၃ ရက်မှစ၍ မတ်ပဲအသစ်များ ဈေးကွက်ဝင်ရောက်လာပြီး မတ်ပဲအသစ် တစ်တင်းလျှင် ၆၀၀၀၀ ကျပ်၊ အဟောင်းတစ်တင်းလျှင် ၅၉၅၀၀ ကျပ် ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ယခုနှစ် ဟင်္သာတခရိုင်တွင် ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေမှတ်ထက် ကျော်လွန်ခြင်းမရှိသဖြင့် မြေနုကျွန်းများ ရေနစ်မြုပ်မှုမရှိသည့်အတွက် ဇူလိုင်လကုန်ကပင် ကိုင်းသီနှံများ စိုက်ပျိုးကြာရာ မြေနုကျွန်းရှိသော ဟင်္သာတ၊ ဇလွန်၊ အင်္ဂပူ၊ မြန်အောင်၊ ကြံခင်းမြို့နယ်များမှ မတ်ပဲအသစ်များ ဒီဇင်ဘာလဆန်းတွင် စတင်ထွက်ရှိပြီး ဈေးကွက်ဝင်ရောက်လာခြင်းဖြစ်ပါသည်။ ယခင်နှစ် ကာလတူအချိန်တွင် မတ်ပဲတစ်တင်းလျှင် ၄၂၀၀၀ ကျပ်ခန့်သာရှိသည့်အတွက် ယခုနှစ်တွင် ၁၈၀၀၀ ကျပ်ခန့် ဈေးပိုရရှိပြီး တောင်သူများဈေးကောင်းရလျက်ရှိပါသည်။ ဟင်္သာတကုန်စည်ဒိုင်တွင် နေ့စဉ် မတ်ပဲ(အဟောင်း) အိတ် ၁၂၀၀ ခန့်၊ မတ်ပဲ(အသစ်) အိတ် ၂၀၀ ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိပါ သည်။

DOCA(ဧရာဝတီ)

ဆိပ်ဖြူကြက်သွန်နီ ကုန်စည်စီးဆင်းမှုနှင့် ဈေးကွက်အခြေအနေ

          မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်တွင် ဩဂုတ်လရွာသွန်းမိုးဖြင့် စက်တင်ဘာလတွင် စိုက်ပျိုးသော (မိုးစိုက်)(ဥစိုက်)ကြက်သွန်နီများာကိုး ဒီဇင်ဘာလဆန်းတွင် တူးဖော်၍ (၁)ရက်လျှင် ကုန်ချိန်(၃၀၀၀ မှ ၁၀၀၀၀) အထိ ကြက်သွန်နီပွဲရုံများနှင့် ဈေးတန်းများတွင် နေ့စဉ်ဝင်ရောက်၍ အရောင်းအဝယ်ဖြစ်နေကြောင်း၊ မိုးကြက်သွန်နီ(အသစ်)ပေါ်စရာသီဖြစ်၍ ဈေးကွက်အတွင်းသို့ ကုန်ချိန်အဝင်နည်းနေသေးသော်လည်း ဇန်နဝါရီလတွင် (ဥစိုက်)ကြက်သွန်နီများ လှိုင်လှိုင်တူးဖော်ရမည်ဖြစ်၍ ကုန်ချိန်အဝင်များလာမည်ဖြစ်ကြောင်း သိရှိရသည်။

          ကြက်သွန်နီဈေးကွက်အတွင်း ကြက်သွန်နီ(အသစ်)များအဝင်နည်းပြီး အမြင့်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ယခင်နှစ် (မိုး)ကြက်သွန်နီ(အသစ်)ပေါ်ချိန်တွင် (၁)ပိဿာလျှင် အနိမ့်ဈေး(၅၀၀)ကျပ်မှ အမြင့်ဈေး(၇၀၀)ကျပ်အထိဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုသီးနှံပေါ်ချိန် ဒေသတွင်းဈေးကွက်တွင် ထိပ်စ (၁)ပိဿာလျှင်  ကျပ်(၂၉၅၀ မှ ၂၇၀၀)အထိ၊ အလတ်စ(၁)ပိဿာလျှင် ကျပ်(၂၅၀၀ မှ၂၃၀၀)အထိ၊ အသေးစ(၁)ပိဿာလျှင် ကျပ်(၁၅၀၀ မှ ၁၀၀၀)ခန့်အထိတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ယခုနှစ် ကြက်သွန်နီဈေးနှုန်းမြင့်တက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိသော်လည်း ဈေးကောင်းစေရန်အတွက် တောင်သူများမှာ စောစောစိုက်ပျိုးကြပြီး မိုးအကြိမ်ကြိမ်ရွာသွန်းခြင်းကြောင့် အပင်ပေါက်မစုံလင်သည့်အပြင် အပင်ဖြစ်သန်မှုနည်းခြင်းကြောင့် ကြက်သွန်နီပိဿာချိန်အထွက်နှုန်း လျော့နည်းသွားခြင်းကြောင့် သီးနှံပေါ်စကုန်ချိန်အဝင်နည်းကြောင်း ကြက်သွန်နီစိုက်တောင်သူ ကုန်သည်ပွဲစားများထံမှ တဆင့်သိရှိရသည်။

       ကုန်စည်စီးဆင်းမှုအနေဖြင့် ဆိပ်ဖြူမြို့မှထွက်သော (မိုး)ကြက်သွန်နီ(အသစ်)များကို ဈေးကွက်အတွင်းသို့ ဒီဇင်ဘာလ(၁)ရက်မှ (၁၄)ရက်အတွင်း ရန်ကုန်ဘုရင့်နောင်ပွဲရုံသို့ ကုန်ချိန်ပိဿာ (၇၀၀၀၀)၊ အိတ်(၁၈၀၀)ခန့်ကို (၁၆)ဘီးမော်တော်ယာဉ်ဖြင့် တင်ပို့လျက်ရှိပြီး ပြည်ပပို့ကုန်အဖြစ် မြဝတီမြို့သို့ တင်ပို့မှုမရှိသေးကြောင်း၊ ဒေသတွင်းကြက်သွန်နီစိုက်တောင်သူများမှာ ဇန်နဝါရီလမှ ဖေဖော်ဝါရီလအတွင်း (မိုးစိုက်)ကြက်သွန်နီ(အသစ်)များ လှိုင်လှိုင်တူးဖော်ချိန်တွင် ကြက်သွန်နီဈေးနှုန်းမြင့်တက်ပြီး အရောင်းအဝယ်ဖြစ်ရန် မျှော်လင့်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

ဘိလပ်မြေဈေးနှုန်းအနည်းငယ်ကျဆင်း

       ကယားပြည်နယ်တွင် ကုန်စည်ရောင်းဝယ်မှုများ ပုံမှန်လည်ပတ်လျက်ရှိလာသဖြင့် အခြားဒေသများမှ ပြည်နယ်အတွင်းသို့  အိမ်ဆောက်ပစ္စည်းများဖြစ်သည့် ဘိလပ်မြေ၊ သံ၊ သွပ် စသည်တို့ကို တင်သွင်းလာခဲ့ ကြသည်။ ဒီဇင်ဘာလ တတိယပတ်အတွင်း ဖြစ်ပေါ်နေသော ဘိလပ်မြေဈေးနှုန်းများမှာ Apache တစ်အိတ်လျှင် (၈၇၀၀)ကျပ်၊ KBZ တစ်အိတ်လျှင် (၈၆၀၀)ကျပ်နှင့် Dragon တစ်အိတ်လျှင် (၈၆၀၀) ကျပ်ဖြစ်ပြီး ယခင်ဒုတိယတစ်ပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ကြည့်လျှင် Apache တစ်အိတ်လျှင် (၃၀၀)ကျပ်၊ KBZ တစ်အိတ်လျှင် (၃၀၀)ကျပ်နှင့် Dragon တစ်အိတ်လျှင် (၃၀၀) ကျပ်ဖြင့် ကျဆင်းလာခဲ့ကြောင်း လွိုင်ကော်မြို့ အတွင်းရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်မှ သိရှိရပါသည်။

DOCA(ကယား)

ဈေးကွက်အတွင်း၌ ဖြစ်ပေါ်နေသောသကြားဈေးနှုန်း

     သကြားကို ရိုးရာမုန့်လုပ်ငန်းများနှင့် အခြားမုန့်ပဲသရေစာလုပ်ငန်းများတွင် မပါမဖြစ် အသုံးပြုကြပါသည်။ သကြားကိုတောင်ကြီး၊ ရန်ကုန်မြို့ကြီးများမှတင်သွင်းပြီး လက်လီ၊လက်ကားဖြန့်ဖြူးရောင်းချလျက်ရှိပါသည်။ ယခုဒီဇင်ဘာလ ဈေးကွက်အတွင်း ဖြစ်ပေါ်နေသော သကြားဈေးနှုန်းမှာ သကြားအညိုတစ်ပိဿာလျှင်(၂၈၀၀)ကျပ်ခန့်ရှိပြီး ယခင်နိုဝင်ဘာလအတွင်း သကြားအညိုတစ်ပိဿာဈေးနှုန်းမှာ(၃၀၀၀)ကျပ်ခန့်ရှိခဲ့၍ ယခင်လနှင့် ယခုလ ဈေးနှုန်းနှိုင်းယှဉ်ကြည့်လျှင် သကြားညိုတစ်ပိဿာလျှင်(၂၀၀)ကျပ်ခန့် ဈေးနှုန်းအနည်းငယ် ကျဆင်းလာကြောင်း သီရီမဂႅလာဈေးအတွင်း သကြားရောင်းချသူတစ်ဦးထံမှ သိရပါသည်။

DOCA(ကယား)

ဈေးကွက်အတွင်း ဖူးစားပြောင်းများ ဈေးကောင်းရလျက်ရှိ

       ကယားပြည်နယ်တွင် ပြောင်းကိုအဓိကစိုက်ပျိုးပြီး အစေ့ထုတ်ပြောင်းနှင့် ဖူးစားပြောင်း (၂)မျိုးစလုံးစိုက်ပျိုးကြပါသည်။ ဖူးစားပြောင်းတွင် ရှမ်းပြောင်းဖူးနှင့် သကြားပြောင်းဖူးဟူ၍ ရှိပါသည်။ အစေ့ထုတ်ပြောင်းကို မိုးရာသီနှင့် ဆောင်းရာသီတွင်စိုက်ပျိုးကြပြီး ဖူးစားပြောင်းများကို (၁၂) ရာသီ စိုက်ပျိုးကြပြီး (၃)လကြာလျှင် ဈေးကွက်သို့ ရောင်းချနိုင်၍ ငွေပေါ်လွယ်သောသီးနှံဖြစ်ပါသည်။ ရှမ်းပြောင်းဖူးနှင့် သကြားပြောင်းဖူးကို လွိုင်ကော်မြို့နယ် မှုံပြာ၊ လင်ဖုံလေး၊ လွိုင်လင်လေး၊ လောပိတကျေးရွာများ နှင့် နန်းမယ်ခုံကျေးရွာများတွင် စိုက်ပျိုးထွက်ရှိလျက်ရှိပြီး ယခုဒီဇင်ဘာလတတိယပတ် တွင် ဈေးကွက်အတွင်း ရှမ်းပြောင်းဖူး တစ်ဖူးလျှင် (၃၅၀) (၄၀၀) ကျပ်၊ သကြားပြောင်းဖူး တစ်ဖူး လျှင် (၅၀၀) (၆၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိ၍ ယခင်နိုဝင်ဘာလတတိယပတ်နှင့် ဈေးနှုန်းနှိုင်းယှဉ်လျှင် အတက်အကျမရှိဘဲ ဈေးနှုန်းတည်ငြိမ်လျက်ရှိရာ ပြောင်းဖူးစိုက်ပျိုးရောင်းချသူများ ဈေးကောင်းရ၍ အရောင်းအဝယ်သွက်လျက်ရှိကြောင်း နောင်ယားဈေးရှိ ပြောင်းဖူးရောင်းချသူတစ်ဦးထံမှ သိရပါသည်။

DOCA(ကယား)

ဈေးကွက်အတွင်း၌ဖြစ်ပေါ်နေသော ငရုတ်သီးစိမ်းဈေးနှုန်း

         စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ငရုတ်သီးကို လွိုင်ကော်မြို့နယ် မှုံပြာကျေးရွာ၊ လင်ဖုံလေးကျေးရွာနှင့်ရေနီကန်ကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြပြီးထွက်ရှိသော ငရုတ်သီးစိမ်း ကိုဒေသ၌ ဈေးကွက်တွင်ဖြန့်ဖြူးရောင်းချကြကြောင်း၊ ဒေသခံလူမျိုးများမှာလည်း ဒေသရိုးရာ အစားအသောက်များ ဟင်းလျာများတွင် မရှိမဖြစ်နှစ်ခြိုက်စွာ အသုံးပြုကြသည်။ ယခုလက်ရှိ ဒီဇင်ဘာလတတိယပတ်တွင် ငရုတ်သီးစိမ်းတစ်ပိဿာလျှင်(၅၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး ဒီဇင်ဘာလဒုတိယအပတ်တွင် ငရုတ်သီးစိမ်းတစ်ပိဿာလျှင်(၅၅၀၀)ကျပ်ခန့်ရှိခဲ့ပြီး ယခင်အပတ်နှင့် ယခုအပတ်နှိုင်းယှဉ်လျှင် ငရုတ်သီးစိမ်းတစ်ပိဿာလျှင်(၅၀၀)ကျပ်ခန့် အနည်းငယ်ကျဆင်းလာကြောင်း ငရုတ်သီးစိမ်းရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(ကယား)

နေကြာသီးနှံစိုက်ပျိုးမှုပိုမိုတိုးလာ

        ကယားပြည်နယ်တွင် ဆီထွက်သီးနှံဖြစ်သည့် နေကြာသီးနှံကိုလည်း စိုက်ပျိုးလာကြပါသည်။ ၂၀၂၂ ခုနှစ်၊ နေကြာ(မိုး)စိုက်ဧကမှာ (၉၄၄) ဧက၊ ရိတ်ဧကအနေဖြင့် အကုန်ရိတ်သိမ်းခဲ့ပြီး တစ်ဧကအထွက်နှုန်းမှာ (၃၀.၄၉) တင်း နှင့် စုစုပေါင်းအထွက်မှာ (၂၈၇၈၂) တင်းဖြစ်ကြောင်း၊ ယခင်နှစ်နှင့် နှိုင်းယှဉ်ကြည့်လျှင် (၂၅၅)ဧကခန့် ပိုမိုစိုက်ပျိုးလာခဲ့ကြောင်း တွေ့ရှိရပါသည်။ ကယားပြည်နယ်အတွင်း စိုက်ပျိုးသောနေကြာများကို ပြည်နယ်အတွင်း ကြိတ်ခွဲစားသုံးကြပါသည်။

       ကယားပြည်နယ် ဒီဇင်ဘာလအတွင်းဖြစ်ပေါ်နေသော နေကြာဆီဈေးနှုန်းမှာ တစ်ပိဿာလျှင် (၁၃၀၀၀) ကျပ်ခန့်ဖြစ်ပြီး ယခင်နှစ်ကာလတူ ဈေးနှုန်းနှိုင်းယှဉ်ကြည့်လျှင် (၄၀၀၀)ကျပ်ခန့် ဈေးနှုန်းမြင့်တက်လာခဲ့ကြောင်း ဆီစက်ပိုင်ရှင်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(ကယား)

မြင်းခြံခရိုင်၏ မိုးနှမ်းစိုက်ပျိုးထွက်ရှိမှုအခြေအနေ

        မြင်းခြံခရိုင်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာတွင် မိုးနှမ်းစိုက်ဧက(၂၂၆၃၉၆)ဧက စိုက်ပျိုးခဲ့ပြီး၊ စိုက်ဧက အားလုံးရိတ်သိမ်းနိုင်ခဲ့ပါသည်။ တစ်ဧကပျှမ်းမျှအထွက်နှုန်းအနေဖြင့် (၃.၀၉) တင်းနှုန်းဖြင့် တင်းပေါင်း (၆၉၉၅၆၄)တင်း ထွက်ရှိခဲ့ပါသည်။ မြို့နယ်အလိုက်စိုက်ပျိုးမှုအနေဖြင့် မြင်းခြံမြို့နယ်တွင် (၅၆၀၄)ဧက၊ ရိတ်သိမ်းဧက(၅၆၀၄)ဧက၊ အထွက်တင်းပေါင်းမှာ(၂၈၆၃၆)တင်းဖြစ်ပြီး၊ တောင်သာမြို့နယ်၏ စိုက်ဧကမှာ (၄၆၄၃၈)ဧက၊ ရိတ်သိမ်းဧက(၄၆၄၃၈)ဧက၊ အထွက်တင်း ပေါင်းမှာ (၂၀၄၃၂၇)တင်း၊ နွားထိုးကြီးမြို့နယ်တွင် (၁၇၄၃၅၄)ဧက၊ ရိတ်သိမ်းဧကမှာလည်း (၁၇၄၃၅၄)ဧက၊ အထွက်တင်းပေါင်း မှာ(၄၆၇၂၆၉)တင်း ဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရသိရှိရပါသည်။နှမ်းသီးနှံသည် ဆီထွက်သီးနှံဧရိယာတွင် အများဆုံးဖြစ်ပြီး ကုန်ကျစရိတ် သက်သာသည့်အတွက် တောင်သူများ အလွယ်တကူစိုက်ပျိုးနေသည့် သီးနှံတစ်မျိုးဖြစ်ပါသည်။ နေ့စဉ်ပျမ်းမျှအပူချိန် ၈၀ ဒီဂရီဖာရင်ဟိုက်/၂၆ ဒီဂရီစင်တီဂရိတ် ရှိပါက အပင်ကြီးထွားမှုနှင့် သီးပွင့်မှုကိုအားပေးပါသည်။ နှမ်းသီးနှံမှာ မိုးရေချိန် ၂၀ လက်မခန့်ကို ညီညာမျှတစွာရရှိပါက လုံလောက်မှုရှိပြီး ရေငတ်ဒဏ် အသင့်အတင့်ခံနိုင်ပါသည်။ လက်ရှိစိုက်ပျိုးလျှက်ရှိသော နှမ်းမျိုးများမှာ ဒေသအလိုက်အခေါ်အဝေါ်အမျိုးမျိုး ကွဲပြားလျက်ရှိပြီး မျိုးကွဲများလည်းများစွာရှိကြောင်း သိရှိရပါသည်။အဓိကအားဖြင့်တောင်သူများသည် နှမ်းကို နှမ်းလျှင် နှင့်နှမ်းကြီးဟူ၍ ခွဲခြားကြပါသည်။

        နှမ်းလျှင်မှာ မိုးကြိုစိုက်အဖြစ် ဖေဖော်ဝါရီနှင့်မတ်လအတွင်း စိုက်ပျိုးနိုင်ပြီး၊ မိုးစိုက်အဖြစ် မေ၊ ဇွန်လများတွင် စိုက်ပျိုးနိုင်ပါသည်။ လယ်သီးထပ်အဖြစ် အောက်တိုဘာ၊ နိုဝင်ဘာလ တို့တွင် စိုက်ပျိုးနိုင်ပါသည်။ အသက်ရက်မှာ (၇၅၊၉၀) ရက်ခန့်သာရှိပါသည်။ နှမ်းကြီးကို မိုးနှောင်းစိုက် အဖြစ်   ဩဂုတ်၊စက်တင်ဘာလအတွင်း စိုက်ပျိုးနိုင်ပါသည်။နေ့တာတုန့်ပြန်မှုရှိသဖြင့် အခြားအချိန် တွင် စိုက်ပျိုးမှုမရှိကြောင်း သိရှိရပါသည်။ အသက်ရက်အားဖြင့်(၁၂၀၊၁၃၅)ရက်ခန့်ရှိပါသည်။ နှမ်းမျိုးအုပ်စု (၃)မျိုးခွဲခြားထားပါသည်။ သက်လျှင်၊သက်လတ်၊သက်ကြီး ဟူ၍ဖြစ်ပြီး သက်လျှင်မှာ သက်တမ်းရက် (၆၀၊၇၀)ရက်၊ သက်လတ်မှာ သက်တမ်းရက်(၈၀၊၉၀)နှင့် သက်ကြီး၏ သက်တမ်းရက်မှာ (၁၂၀၊ ၁၅၀) ဖြစ်ကြောင်းသိရပါသည်။

          နှမ်းပင်သည် အပင်ငယ်စဉ်တွင် များစွာနူးညံ့၍ မြေတွင်းမှထိုးထွက်နိုင်ရန်အတွက် ထွန်ရေး ညက်ရန်လိုပါသည်။ ထိုအပြင်မြေတွင်း၌ အမြစ်ကောင်းစွာဆင်းပြီး လေ၊ရေ၊ အဟာရများ မျှတစွာရရှိရန် ထွန်ရေးနက်နက်ထွန်ပေးရန် လိုအပ်ပါသည်။ မိုးဦးစိုက်ပျိုးပါက  ဩဂုတ်မတိုင်မီ မိုးကြိုး၊ မိုးခံ ထယ်ရေးထွန်ထားရန်လိုအပ်ပါသည်။ ထယ်ရေးနက်နက်ရရှိစေရန် သုံးသွားစက်ထယ် ဖြင့် ထွန်ယက်ပေးသင့်ကြောင်း သိရှိရပါသည်။

        နှမ်းကို ကြိတ်ခွဲ၍ နှမ်းဆီအဖြစ်အဓိကအသုံးပြုပြီး၊ ကြိတ်ဖတ်များကိုလည်း တိရိစ္ဆာန်အစာအဖြစ် အသုံးပြုကြပါသည်။ မြန်မာအစားအစာအဖြစ် နှမ်းယို၊ နှမ်းလှော်၊ နှမ်းမနှဲ၊ နှမ်းကပ်မုန့်၊ နှမ်းဆုပ်၊ နှမ်းဖတ်ချဥ်နှင့် မြန်မာ့အစားအစာအသုပ်မျိုးစုံတွင်လည်း ထည့်သွင်းအသုံးပြုစားသုံးကြပါသည်။ ဈေးကွက်အတွင်းဖြစ်ပေါ်နေသော လက်ရှိကာလပေါက်ဈေးအနေဖြင့် နှမ်းညို တစ်ပိဿာလျှင် (၄၅၀၀၊ ၄၅၅၀၊ ၄၆၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ပေါ်နေပြီး၊ ဒေသတွင်းနှမ်းဆီ ဈေးအနေဖြင့် တစ်ပိဿာလျှင် (၉၅၀၀၊ ၁၀၀၀၀)ကျပ်ဝန်းကျင်များရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

မုံရွာမြို့၊ ချင်းတွင်းရတနာဈေးအတွင်း ရောင်းချနေသော အခြေခံစားကုန်ဈေးနှုန်းများ အခြေအနေ

        စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ ဈေးများတွင် ယခုရက်သတ္တပတ်အတွင်း ရွှေဘိုပေါ်ဆန်း ဆန်(ဟောင်း)(တစ်အိတ်)လျှင် ၈၈၀၀၀ကျပ်၊ ‌ရွှေဘိုပေါ်ဆန်း(သစ်)(တစ်အိတ်)လျှင် ၅၈၀၀၀ကျပ်၊  ဧရာမင်း(ဆန်)(ဟောင်း)(တစ်အိတ်)လျှင် ၆၅၀၀၀ကျပ်၊ ဧရာမင်း(ဆန်)(သစ်)(တစ်အိတ်)လျှင် ၄၈၀၀၀ ကျပ်၊ ငစိန်ဆန် (တစ်အိတ်) လျှင် ၄၀၀၀၀ ကျပ်၊  ပဲဆီ(တစ်ပိဿာ)လျှင် ၉၄၅၀-၉၅၀၀ ကျပ်၊ နှမ်းဆီ (တစ်ပိဿာ)လျှင် ၉၅၀၀ ကျပ်၊ နေကြာဆီ(တစ်ပိဿာ)လျှင်၁၂၀၀၀ကျပ်၊ စားအုန်းဆီ(တစ်ပိဿာ) လျှင် ၅၄၀၀-၅၄၅၀ ကျပ်၊ ဆား(တစ်ပိဿာ)လျှင် ၇၀၀-၈၀၀ ကျပ်၊ ငရုတ်ခြောက် (တစ်ပိဿာ) ၁၈၀၀၀ မှ ၂၀၀၀၀ ကျပ်၊ ကြက်သွန်နီ(အဟောင်း) (တစ်ပိဿာ) ၃၈၀၀ မှ ၄၀၀၀ ကျပ်၊ ကြက်သွန်နီ(အသစ်) (တစ်ပိဿာ) ၂၈၀၀ မှ ၃၀၀၀ ကျပ်၊ ကြက်သွန်ဖြူ(ရှမ်းစ) (တစ်ပိဿာ) ၃၃၀၀ မှ ၃၅၀၀ ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) (တစ်ပိဿာ) ၅၈၀၀ မှ ၆၀၀၀ ကျပ်၊ အားလူး (တစ်ပိဿာ) ၂၀၀၀မှ၂၂၀၀ ကျပ်၊ မန်ကျည်းသီးမှည့်(တစ်ပိဿာ)လျှင် ၄၀၀၀-၄၃၀၀ ကျပ်၊ နနွင်းတက် (တစ်ပိဿာ) လျှင် ၅၀၀၀-၅၂၀၀ ကျပ်၊ ခရမ်းချဉ်သီး(တစ်ပိဿာ) ၁၂၀၀ကျပ်၊ ဂေါ်ဖီထုတ်(တစ်ထုတ်)၈၀၀ကျပ်၊ ပဲသီး (ပဲထောင့်ရှည်) (တစ်စီး) ၅၀၀ ကျပ်၊ ကြက်သား(တစ်ပိဿာ)လျှင် ၁၀၀၀၀-၁၂၀၀၀ ကျပ်၊ ဝက်သား (တစ်ပိဿာ)လျှင် ၁၅၀၀၀-၁၆၀၀၀ကျပ်၊ အမဲသား(တစ်ပိဿာ)လျှင် ၁၆၀၀၀-၁၇၀၀၀ကျပ်၊ ဆိတ်သား (တစ်ပိဿာ)လျှင် ၂၄၀၀၀-၂၆၀၀၀ ကျပ်၊ ငါးမြစ်ချင်း (တစ်ပိဿာ)လျှင် ၇၅၀၀-၈၀၀၀ကျပ်၊ ကြက်ဥ (၁)လုံးလျှင် ၂၅၀ ကျပ်၊ ဘဲဥ(၁)လုံးလျှင် ၃၀၀ ကျပ်၊ ဖရဲသီး (ကျောက်စိမ်း) (၁)လုံးလျှင် ၁၂၀၀ မှ ၁၅၀၀ ကျပ်အတွင်း အသီသီး ဈေးရှိကြောင်း သိရသည်။

          ယခင်ပတ်နှင့်နှိုင်းယှဉ်ပါက ကြက်သွန်နီ(အသစ်)များ မုံရွာဈေးကွက်သို့ စတင်ဝင်ရောက်နေပါ သဖြင့် ကြက်သွန်နီ(သစ်)ဈေးနှုန်းများ အရည်အသွေးပေါ်မူတည်၍ ဈေးနှုန်းပြောင်းလဲမှုရှိပါသည်။ ဒေသထွက် ခရမ်းချဉ်သီး၊ ဂေါ်ဖီထုတ်သီးနှံများ စတင်ထွက်ပေါ်နေပြီ ဖြစ်သည့်အတွက် ခရမ်းချဉ် သီးဈေးနှုန်းများ ကျဆင်းနေပါသည်။ ကြက်သွန်ဖြူ(ရှမ်းစ)ဈေးနှုန်းများ အနည်းငယ်ကျနေပြီး ကျန် သီးနှံဈေးနှုန်းများ ဈေးအေးနေပါသည်။ ယခုအချိန်တွင် စားအုန်းဆီ ရည်ညွှန်းဈေးပေါ် မူတည်၍ ဈေးနှုန်းအပြောင်းအလဲရှိပါကြောင်း ချင်းတွင်းရတနာဈေးရှိ လက်လီလက်ကား ရောင်းဝယ်ဖောက် ကားရောင်းချနေသော ကုန်သည်များထံမှ သိရှိရသည်။                

DOCA(စစ်ကိုင်း)       

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း