ကုန်သွယ်မှုသတင်းများ
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တွင် ဧပြီလပထမပတ်က 92 RON တစ်လီတာလျှင် ၂၃၀၀ ကျပ်၊ 95 RON တစ်လီတာလျှင် ၂၃၅၀ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၂၁၀၀ ကျပ်နှင့် ပရီမီယံ ဒီဇယ် တစ်လီတာလျှင် ၂၁၅၅ ကျပ် ရှိခဲ့ပါသည်။
ယခုဧပြီလနောက်ဆုံးပတ်တွင် 92 RON တစ်လီတာလျှင် ၂၀၉၀ ကျပ်၊ 95 RON တစ်လီတာလျှင် ၂၁၈၀ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၂၀၂၅ ကျပ်နှင့် ပရီမီယံ ဒီဇယ် တစ်လီတာလျှင် ၂၁၀၀ ကျပ် ရှိခဲ့ပါသည်။
တောင်ငူခရိုင်၊ ဖြူးမြို့တွင် ဧပြီလဆန်းပိုင်းက ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ၈၅၀၀၀ ကျပ်ရှိရာမှ ယခုလကုန်ပိုင်းတွင် ၉၅၀၀၀ ကျပ်၊ ဧည့်မထဈေးနှုန်းမှာ ဧပြီလဆန်းပိုင်းက တစ်အိတ်လျှင် ၅၇၀၀၀ ကျပ် ယခုလကုန်ပိုင်းတွင် တစ်အိတ်လျှင် ၆၀၀၀၀ ကျပ်ဖြင့် ဈေးနှုန်း မြင့်တက်လာပါသည်။
မြေပဲဆီမှာ တစ်ပိဿာလျှင် ၁၄၀၀၀ ကျပ်၊ စားအုန်းဆီမှာ တစ်ပိဿာလျှင် ၇၄၀၀ ကျပ်မှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၆၈၀၀ ကျပ် ဖြင့် ဧပြီလဆန်းပိုင်းကအတိုင်း ဈေးနှုန်း တည်ငြိမ်နေပါသည်။
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်အတွင်း တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ပြီး ဈေးကွက်ရှိသော တောက်တာဥများ ရောင်းဝယ်လျက်ရှိရာ ဒေသခံကုန်သည်များမှ သာယာဝတီမြို့နယ်၊ ဝဲကြီးဆည်ဘောင်တဝိုက် ကျေးရွာများတွင် အဝယ်ဒိုင်ဖွင့်လှစ်ကာ တောက်တာဥ အများဆုံး ဝယ်ယူလျက် ရှိပါသည်။ ဖေဖော်ဝါရီလမှ ဧပြီလ ပထမပါတ်အထိ လှိုင်လှိုင်ရရှိပြီး ကုန်ချိန်ပိဿာ (၂သောင်း၊ ၃သောင်း) အထိရရှိကြောင်း သိရှိရသည်။
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် စပါး(အဟောင်း)မှာ ဈေးအနည်းငယ် မြင့်တက်ပြီး အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ ဧပြီလ ဒုတိယပတ်တွင် စပါးတင်း(၁၀၀)လျှင် (၁၆၀၀၀၀၀) ကျပ် ဝန်းကျင် အရောင်းအဝယ်ဖြစ်ပြီး ဧပြီလ တတိယပတ်တွင် (၁၆၃၀၀၀၀)ကျပ် ဈေးမြင့်တက်လာကြောင်း သိရှိရသည်။ ဈေးအနည်းငယ်မြင့်တက်ခြင်းမှာ ဆန်ရောင်းလိုအားကောင်းမွန်ပြီး နွေစပါးပေါ်ဦးပေါ်ဖျားတွင် နှစ်စဉ်ဈေးနှုန်း အနည်းငယ်တက်ပြီး ပြောင်းလဲမှုရှိကြောင်း ဆန်စပါးလုပ်ငန်းရှင်များထံမှ သိရှိရပါသည်။
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် သင်္ကြန်မတိုင်မီနှင့် သင်္ကြန်ကာလများအတွင်း ဘူးသီးအရွယ်အစားပေါ်မူတည်၍ တစ်လုံးလျှင် ၁၀၀၀-၁၅၀၀-၂၀၀၀ကျပ် ဈေးပေါက်ခဲ့ပြီး သင်္ကြန်လွန်ကာလများတွင် ၅၀၀-၁၀၀၀-၁၃၀၀ကျပ်ထိ ပြန်လည်ကျဆင်းခဲ့ပါသည်။