မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ ရေမျက်ကျေးရွာ၌ နွေကာလတွင် ရေသွင်း၍စိုက်ပျိုးသော ငရုတ်များ အထွက်နှုန်းကောင်းကာဈေးကောင်းရရှိနေကြောင်း သိရပါသည်။
ဆောင်းသီးနှံအနေဖြင့် ကုလားပဲ၊ နေကြာ၊ ကြက်သွန်နီ၊ ပဲတီးစိမ်း၊ ငရုတ်နှင့် ပန်းအမျိုးမျိုးတို့ကို စိုက်ပျိုးကြပြီး နွေရာသီကာလတွင် စပါး၊ နှမ်း၊ ကြက်သွန်နီနှင့် ငရုတ်တို့ကို ရေသွင်း၍ စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးရာတွင်ငရုတ်မျိုးစေ့များကို ပြာ၊ သဲတို့နှင့်ရောပြီး ညီညာစွာခပ်ပါးပါး ကြဲပေးရကြောင်း၊ ပျိုးပင်သက်တမ်း ရက်(၄၀)သားအရွယ်တွင် မြေပြင်စိုက်ခင်းထဲသို့ (၃)ပေခြား၍ အတန်းလိုက်စိုက်ပျိုးရကြောင်း၊ ငရုတ်ပင်သည် အစိုဓာတ်ကို ကြိုက်နှစ်သက်ပြီး ရေဝပ်ဒဏ်မခံနိုင်သည့်အတွက် ရေကို(၂)ရက်ခြားတစ်ခါသွင်း၍ ရေမဝပ်စေရန် ဂရုစိုက်ရကြောင်း၊ ရေများလျှင် အပွင့် အဖူးများ ကြွေတတ်၍ ဂရုစိုက်မှုအပေါ်မူတည်ပြီး အပင်ကြီးထွားမှုနှင့် အထွက်နှုန်း ကောင်းမွန်မှုရှိကြောင်း၊ တစ်ပတ်လျှင် (၁)ကြိမ်ခူးဆွတ်ရပြီး ခူးဆွတ်ရန်အတွက် တစ်ကြိမ်ခူးလျှင် အလုပ်သမား (၄)ဦး ခေါ်ယူရကြောင်း၊ ယခုနွေရာသီကာလတွင် မြေအောက်ရေဖြင့် ရေသွင်းစိုက်ပျိုးပြီး ငရုတ်သီး များ ထွက်ရှိချိန်တွင် (၁)ပိဿာလျှင် ကျပ်(၃၆၀၀)မှ ကျပ်(၄၀၀၀)ထိ ရောင်းချရ၍ ဈေးကောင်းရရှိနေပါကြောင်း ရေမျက်ကျေးရွာနေ ငရုတ်စိုက်တောင်သူတစ်ဦးထံမှ သိရပါသည်။
စားဖိုဆောင်သီးနှံဖြစ်သည့် ငရုတ်ကို မင်းဘူး(စကု)မြို့နယ်အတွင်း ယခုနှစ်တွင် ငရုတ်စိုက် သီးနှံဧက (၁၅၂)ဧကထိ စိုက်ပျိုးထားကြောင်းလည်း မင်းဘူးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရပါသည်။
DOCA(မကွေး)