![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/green-betel-leaves-fresh-piper-betle-white_51524-4460.jpg?itok=yOVGI6cD)
တောင်ငူမြို့တွင် ကွမ်းစားသုံးသူပေါများခြင်းကြောင့် ဒေသအသီးသီးမှ ကွမ်းရွက်များဖြစ်သော ဟင်္သာတကွမ်း၊ ကွမ်းနုဝါ၊ မုံရွာကွမ်း၊ ကွမ်းစိမ်းနှင့် ကွမ်းကြမ်းများ ဝင်ရောက်လျက် ရှိပါသည်။ မကြာမီကာလအတွင်းက ရာသီဥတုအခြေအနေကြောင့် ကွမ်းများ မခူးဆွတ်နိုင်ခြင်း၊ သယ်ယူ ပို့ဆောင်မှု ခက်ခဲခြင်းတို့ကြောင့် ဈေးနှုန်းများ နှစ်ဆခန့်မြင့်တက်လာသည်ကို တွေ့ရပါသည်။
ဟင်္သာတကွမ်းမှာ ယခင်က တစ်ပိဿာလျှင် ၉၀၀၀ ကျပ်မှ ၁၁၀၀၀ ကျပ်အထိရှိခဲ့ရာမှ ယခု မေလ(စတုတ္ထအပတ်)တွင် တစ်ပိဿာလျှင် ၁၈၀၀၀ ကျပ်မှ ၂၀၀၀၀ ကျပ်အထိ၊ ကွမ်းနုဝါမှာ ယခင်က တစ်ပိဿာ လျှင် ၇၀၀၀ ကျပ်မှ ၉၀၀၀ ကျပ်အထိ ရှိရာမှ ယခုအခါ တစ်ပိဿာလျှင် ၁၇၀၀၀ ကျပ်မှ ၁၈၀၀၀ ကျပ် အထိ ဈေးနှုန်းမြင့်တက်ခဲ့ပါသည်။
မုံရွာကွမ်းမှာ ယခင်က တစ်ပိဿာလျှင် ၅၅၀၀ ကျပ်မှ ၆၅၀၀ ကျပ်အထိ ရှိခဲ့ပြီး ယခုအခါ ၎င်းကွမ်းရွက်ဝင်ရောက်မှုမရှိသဖြင့် မုံရွာကွမ်းကြိုက်သူများ ကွမ်းစိမ်းကို အစားထိုးစားကြပါသည်။
ကွမ်းစိမ်းမှာ ယခင်က တစ်ပိဿာလျှင် ၄၀၀၀ ကျပ်မှ ၆၀၀၀ ကျပ်အထိ ရှိခဲ့ရာမှ ယခုအခါ တစ်ပိဿာလျှင် ၁၂၀၀၀ ကျပ်မှ ၁၃၅၀၀ ကျပ်အထိ၊ ကွမ်းကြမ်းမှာ ယခင်က ၁၀ ကျပ်သား တစ်ထုပ် လျှင် ၄၅၀ ကျပ်မှ ၅၅၀ ကျပ်အထိရှိခဲ့ရာမှ ယခုအခါ ၁၀ ကျပ်သားတစ်ထုပ်လျှင် ၁၀၀၀ ကျပ်မှ ၁၁၀၀ ကျပ်အထိ ဈေးနှုန်းမြင့်တက်ခဲ့ပါသည်။
ရာသီဥတုအခြေအနေ မူလအတိုင်း ပြန်လည်ကောင်းမွန်လာပါက ကွမ်းခြံများမှ ကွမ်းရွက် များ ပုံမှန်အတိုင်း ခူးယူနိုင်မည်ဖြစ်သဖြင့် ကွမ်းရွက်ဈေးမှာ ယခင်နှုန်းထားများအတိုင်း ပြန်လည် ကျဆင်းနိုင်ကြောင်း သိရပါသည်။
DOCA (ပဲခူး)