Main menu

ပြည်ဈေးကွက်က ချဉ်ပေါင်ရွက်

Powered by Drupal

ချဉ်ပေါင်ပင်သည် မြန်မာများအတွက် တရင်းတနှီးဖြစ်သော အပင်တစ်မျိုးဖြစ်ပြီး  ထမင်းဝိုင်းများတွင် ချဉ်ရည်ဟင်းတစ်မျိုး၊ အကြော်တစ်မျိုး၊ အချက် တစ်မျိုးဖြင့် စားသုံးကြပါသည်။ ချဉ်ပေါင်ပင်သည် တစ်ရာသီခံအပင်မျိုးဖြစ်ပြီး ချဉ်ပေါင်အမျိုး အစားများစွာ ရှိပါသည်။ လူသိများသော ချဉ်ပေါင်အမျိုးအစားများမှာ ရွှေဘိုချဉ်ပေါင်၊ လျှော်ချဉ်ပေါင်၊ ချဉ်ပေါင်လက်ခြား၊ ဆေးချဉ်ပေါင်၊ ချဉ်ပေါင်နီ၊ ဘိလပ်ချဉ်ပေါင်၊ ချဉ်ပေါင်ခါး၊ ဓါတ်ချဉ်ပေါင်၊ ချဉ်ပေါင်ကြီး၊ ကျောက်ချဉ်ပေါင်နှင့် ချဉ်ပေါင်ရိုင်း တို့ဖြစ်ပါသည်။

ချဉ်ပေါင်ရွက်ကို စားရာတွင် မျှစ်ဖြင့်ရောကြော်၍ လည်းကောင်း၊ ပုစွန်၊ ဝက်သားတို့နှင့် ရောကြော်၍လည်းကောင်း စားသုံးကြပါသည်။ ချဉ်ပေါင်ရွက်မှာ ပရိုတင်းဓါတ်၊ ဗီတာမင်ဓါတ်၊ သံဓါတ်၊ ကယ်လစီယမ်ဓါတ် စသည့်ဓါတ်များ ပါဝင်ပါသည်။ ချဉ်ပေါင်ရွက်ကိုစားခြင်းဖြင့် ဝမ်းချုပ်ခြင်း ကင်းကာ ဝမ်းမှန်စေနိုင်ပြီး အူမကြီးကင်ဆာဖြစ်ပွားမှုနှုန်း လျော့နည်းစေနိုင်ပါသည်။ ကယ်ဆီယမ်ဓါတ်နှင့် သံဓါတ်လည်း ကြွယ်ဝစွာ ပါဝင်သောကြောင့် အရိုးကိုသန်မာစေပြီး ကျန်းမာကြီးထွားစေပါ သည်။

ချဉ်ပေါင်ပင်များကို (၁၂)ရာသီပတ်လုံး စိုက်ပျိုးနိုင်ပြီး မြေရိုင်းရှိပါက မြေကိုပြုပြင်ပြီး တစ်နိုင် တစ်ပိုင် စိုက်ပျိုးနိုင်သလို စီးပွားဖြစ်လည်း စိုက်ပျိုးနိုင်ပါသည်။ နွေရာသီတွင် ရေလောင်း၍ စိုက်ပျိုးသော ချဉ်ပေါင်ရွက်မှာ မိုးရာသီချဉ်ပေါင်ရွက်လောက် သန်စွမ်းမှုမရှိသော်လည်း စားသုံးသူများမှာ ပစ္စည်းရှားချိန်တွင် ပိုမိုစားသုံးကြသဖြင့် ဈေးကောင်းပေး၍ ဝယ်ယူစားသုံးကြသဖြင့် နွေရာသီတွင် ချဉ်ပေါင်ရွက်တစ်စည်းကို (၃၀၀)ကျပ်ထိ ရောင်းချကြောင်း သိရပါသည်။ ပြည်မြို့နယ်အနေဖြင့် ချဉ်ပေါင်ရွက်ကို ပြည်အနီးတဝိုက်ကျေးရွာများဖြစ်သော မှော်ဇာ၊ တောင်လုံးညို၊ ခွေးရဲ ကျေးရွာများတွင် စီးပွားဖြစ် စိုက်ပျိုးကြပြီး ထွက်ရှိလာသော ချဉ်ပေါင်ရွက်များကို အစည်းများ စည်းပြီး တစ်စည်းလျှင် (၂၀၀) ကျပ်ဖြင့် ဖောက်သည်ဈေးပေးပြီး ရောင်းချသလို ပြည်မြို့ရှိဈေးများသို့လည်း စိုက်ပျိုးသူကိုယ်မှ သွားရောက်၍ ရောင်းချကြောင်း သိရပါသည်၊

DOCA (ပဲခူး)