ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် ဒေသအနီးတဝိုက်တွင် ဒေသအခေါ် ပျဉ်းတော်သိမ်ရွက်ကို ဝယ်ယူသူများအနေဖြင့် ကိုယ်တိုင်အိမ်အရောက် ခူးဆွတ်ဝယ်ယူလျက်ရှိပါသည်။ ဝယ်ယူရောင်းချသူ ကုန်သည်များအနေဖြင့် ၂ တင်းခွဲဝင် တစ်အိတ် လျှင် ခပ်ဖွဖွထည့်၍ (၅၀၀၀) ကျပ်ပေး၍ ဝယ်ယူပြီး၊ (၄-၅) ခက်လျှင် တစ်စည်ပါ အစည်းရေ (၁၀၀၀) ခန့်ဝင်သော အိတ်ကျဲများဖြင့် ထည့်ကာ တစ်အိတ်ကားတင်ခ (၂၀၀၀)ကျပ်နှုန်းဖြင့် ရန်ကုန်သီရိမင်္ဂလာဈေးသို့ တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။
ပျဉ်းတော်သိမ်ရွက်ပင်သည် နှစ်ရှည်ပင်အမျိုးအစားဖြစ်ပြီး (နွေ၊ မိုး၊ ဆောင်း) ရာသီ(၃)မျိုးစလုံး ရောင်းချနိုင်ပါသည်။ ပျဉ်းတော်သိမ်ရွက်များကို ဟင်းရွက်အမွှေးအကြိုင်၊ ဟင်းမွှေးမဆလာ၊ တိုင်းရင်းဆေးဝါး ပြုလုပ်ရာတွင် အသုံးပြုကြပါသည်။ ပျဉ်းတော်သိမ်ရွက်တွင် ဗီတာမင်အေ၊ ဗီတာမင်စီ၊ B1 ၊ B2၊ ထုံးဓာတ်၊ ကစီဓာတ်၊ အသားဓာတ်နှင့် (အမိုင်နိုအက်စစ်) များစွာပါဝင်ပြီး ထိုအက်စစ်များကြောင့်ပင် အစားအသောက်များအား မွှေးကြိုင်သောရနံ့ဖြစ်စေပြီး၊ ရောဂါများကို ကာကွယ်ပေးနိုင်စွမ်း ရှိကြောင်းလည်း သိရှိရပါသည်။
ထို့ကြောင့် ပျဉ်းတော်သိမ်ရွက်သည် စျေးကွက်ရှိပြီး ကျန်းမာရေးအတွက် ကောင်းမွန်သောကြောင့် စိုက်ပျိုးသင့်သောသီးနှံဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
DOCA (ပဲခူး)