Main menu

မိုးမြေပဲများ စတင်စိုက်ပျိုး

Powered by Drupal

    မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် (၁၈-၅-၂၀၂၃) ရက်နေ့၌ ရွာသွန်းခဲ့သောမုန်တိုင်းမိုးရွာသွန်းပြီးနောက် မိုးမျှော်နေသောတောင်သူများမှာ မိုးမြေပဲများကို စတင်စိုက်ပျိုးနိုင်ခဲ့ကြပါသည်။ ငါန်းဇွန်မြို့နယ်အနေဖြင့် ယခင်နှစ်မိုးမြေပဲကို စိုက်ပျိုးရန် လျာထားမှုအနေဖြင့် (၁၈၂၆၀) ဧကရှိခဲ့ပြီး စိုက်ပျိုးမှုအနေဖြင့် (၁၈၃၁၈) ဧကစိုက်ပျိုးနိုင်ခဲ့ပြီး တစ်ဧကလျှင် ပျမ်းမျှအထွက်နှုန်းမှာ (၄၇) တင်းနှုန်းထွက်ရှိခဲ့ကြောင်းနှင့် ယခုနှစ်တွင် စိုက်ပျိုးရန်လျာထားဧက (၁၈၂၆၅) ဧကရှိကြောင်း သိရှိရပါသည်။ တောင်သူများမှာ မိမိတို့၏ မြေယာဖြစ်ထွန်းမှု၊ ရာသီဥတုအခြေအနေနှင့် တိရစ္ဆာန်များဖျက်စီးစားသောက်မှုအခြေအနေများပေါ်မူတည်၍ တစ်ဧကလျှင် မြေပဲဆံတစ်ပြည်မှ တစ်ပြည်နှင့်နို့ဆီဘူး(၂)လုံးနှုန်း စသည့်နှုန်းတို့ဖြင့် စိုက်ပျိုးကြပါသည်။ နေရာဒေသနှင့် မြေအခြေအနေပေါ်မူတည်၍ တစ်ချို့မှာ ပင်ပြားပဲမျိုးကို စိုက်ကျင်းဖော်၍ စိုက်ပင်တစ်ကျင်းလျှင် မြေပဲဆံစေ့(၄၊ ၅)စေ့နှုန်းဖြင့် ထည့်သွင်းစိုက်ပျိုးကြပြီး တစ်ချို့မှာလည်း ပင်ထောင်မျိုးကို တန်းဆွဲ၍ စိုက်ပျိုးမှုများလည်းရှိပါသည်။

   ယခင်နှစ် ပဲစိုက်ရာသီတွင် မျိုးပဲဈေးနှုန်းအနေဖြင့် ပဲဆံတစ်ပြည်လျှင် (၅၀၀၀) ကျပ်၊ အတောင့်တစ်တင်းလျှင် (၂၅၀၀၀) ကျပ်ခန့်သာရှိခဲ့ပြီး ယခုနှစ်တွင် မျိုးပဲဆံတစ်ပြည်လျှင် (၇၀၀၀) ကျပ်၊ အတောင့်တစ်တင်းလျှင် (၄၀၀၀၀) ကျပ်ခန့်ရှိကြောင်း သရက္ကန်အုပ်စု၊ အောင်ချမ်းသာ ကျေးရွာမှ ပဲစိုက်တောင်သူများထံမှ သိရှိရပါသည်။ အုပ်စုအတွင်းရှိ ကျေးရွာများအနေဖြင့် ပင်ထောင်မျိုးများကို အတန်းဆွဲ၍ အတန်းချစိုက်ပျိုးကြပြီး မိုးမြေပဲနှင့်အတူ ပဲစင်းငုံသီးနှံကိုလည်း မြေပဲစိုက်တန်း(၄)တန်းလျှင် ပဲစင်းငုံ(၁)တန်းဖြင့် သီးညှပ် ထည့်သွင်းစိုက်ပျိုးကြပါသည်။ မိုးမြေပဲကို နှစ်စဉ် မေလနှင့် ဇွန်လများတွင် စတင်စိုက်ပျိုးကြပြီး စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် ရိတ်သိမ်းထွက်ပေါ်ပါသည်။ တောင်သူများအနေဖြင့် မိုးသီးနှံများစိုက်ပျိုးချိန်ရောက်လျှင် မိုးကိုမျှော်လင့်နေရပါကြောင်း၊ ယခုလို မုန်တိုင်းမိုးရွာသွန်းခဲ့၍ မိမိတို့ဒေသတွင် တောင်သူများလုပ်ငန်းခွင်စတင်နိုင်သော်လည်း မုန်တိုင်းတိုက်ရိုက်ကျရောက်ခဲ့သည့်ဒေသများအတွက် လည်း စိတ်မကောင်းဖြစ်မိပါကြောင်း၊ ယခင်နှစ်တွင် တောင်သူစိုက်ကွက်တစ်ဧကလျှင် အထွက်နှုန်းအနေဖြင့် (၃၀)နှင့်(၄၀)တင်းနှုန်းခန့် ထွက်ရှိကြောင်း၊ စိုက်ပျိုးသည့် ယာမြေ၊ ရာသီဥတုနှင့် အပင်ပြုစုမှုအပေါ်မူတည်၍ အထွက်နှုန်းများပြောင်းလဲကွာခြားမှုရှိပါကြောင်း၊ ယခင်နှစ်မြေပဲပေါ်ချိန် အဖွင့်၊ အပိတ်ရွာဈေးအနေဖြင့် တစ်တင်းလျှင် (၂၅၀၀၀) ကျပ်ခန့်ရှိခဲ့ကြောင်း၊ အစစအရာရာဈေးနှုန်းများမြင့်တက်နေပြီး စိုက်ပျိုးမှုတွင်လည်း ထည့်သွင်းရသည့်သွင်းအားစုဈေးနှုန်းများ ကြီးမားသည့်အတွက် ရာသီဥတုကောင်းမွန်စေရန်နှင့် သီးနှံပေါ်ချိန်မှာလည်း ဈေးနှုန်းဈေးကွက်များကောင်းရန် မျှော်လင့်ပါကြောင်း အောင်ချမ်းသာကျေးရွာနေ မြေပဲစိုက်တောင်သူ ဦးသဲဇော်ထံမှ သိရှိရပါသည်။

DOCA(မန္တလေး)