Main menu

နွားထိုးကြီးမြို့နယ်၌ ကွမ်းစိုက်တောင်သူများ ဈေးကောင်းရရှိ

Powered by Drupal

 မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်တွင် ကွမ်းကို ကိုယ်ပိုင်တစ်နိုင်တစ်ပိုင်အနေဖြင့်လည်းကောင်း၊ အပိုဝင်ငွေရရှိရန်အတွက် လည်းကောင်း စိုက်ပျိုးကြကြောင်း၊ ကွမ်းကို ဆောင်းစိုက်နှင့်မိုးစိုက်ဟူ၍ နှစ်မျိုးခွဲစိုက်ပျိုးကြပြီး မိုးစိုက်သည် ပိုးကျလွယ်သည့်အတွက် အစိုက်နည်းပြီး ဆောင်းစိုက်ကိုသာ ပိုမိုစိုက်ပျိုးကြကြောင်း သိရှိရပါသည်။

  ကွမ်းရွက်ပင်စိုက်ပျိုးမှုတွင် ပြည်နယ်/တိုင်းဒေသအများစုတွင် စိုက်ပျိုးကြသည်။ ကွမ်းရွက်ပင်အား အပူချိန်နိမ့်သောဒေသများမှလွဲ၍ ကျန်နေရာများတွင် စိုက်ပျိုးနိုင်သည်။ ကွမ်းပင်သည် စိုစွတ်ခြင်းအားနှစ်သက်သော်လည်း ရေဝပ်ခြင်းအား မနှစ်သက်ချေ။ ထို့ကြောင့် ကွမ်းစိုက်တောင်သူများသည် မြောင်းတူးစိုက်ပျိုးနည်းဖြင့် စိုက်ပျိုးကြသည်။ ကွမ်းစင်အား အများအားဖြင့် ဝါးများ၊ ဝါးခြမ်းနှင့် ထန်းသားတိုင်များဖြင့် တည်ဆောက်ကြသည်။ ဝါးတိုင်များအား (၆)ပေ၊(၇)ပေခန့်ရှိသောအမြင့်တိုင်များပြုလုပ်ပြီး အမိုး၊ အကာအရံများဖြင့် တည်ဆောက်ကြသည်။ ရှေးယခင်ကပင်မူ ကွမ်းပင်များအား ရေလောင်းစိုက်ပျိုးကြသော်လည်း ယခုအခါတွင် ရေအစက်ချနည်းများအသုံးပြု၍ စိုက်ပျိုးလာကြသည်။ အစက်ချရေသွင်းနည်းစနစ်ကို နွေရာသီနှင့်ဆောင်းရာသီတို့တွင် အကျိုးရှိစွားအသုံးချနိုင်သည်။ တောင်သူများ၏ပြောပြချက်အရ ရေအစက်ချစိုက်ပျိုးနည်းအသုံးပြုခြင်းဖြင့် ရေများအလေအလွင့်နည်းခြင်း၊ လုပ်အားသက်သာစေခြင်း၊ စိုက်ပင်များအစိုဓာတ်အမြဲရှိစေခြင်း၊ ကွမ်းခြံအတွင်း လူအဝင်အထွက်နည်းစေခြင်း၊ အကျိုးအမြတ်ပိုမိုရရှိခြင်း စသည့်အကျိုးကျေးဇူးများရရှိစေသည်။ ကွမ်းရွက်တွင် ကျန်းမာရေးအတွက် အထောက်အကူပြုပေးနိုင်သောဓာတ်များလည်းပါဝင်သည်။

   နွားထိုးကြီးမြို့နယ်တွင် ကွမ်းဈေးကွက်အနေဖြင့် ခြံအရောက်ဒိုင်များလာကောက်ဈေးနှုန်းမှာ  ယခင်ဧပြီလတွင် ကွမ်းတစ်ပိသာလျှင် ကျပ်(၅၀၀၀-၇၅၀၀)ဈေးရရှိပြီး ယခုမေလတွင် အရည်အသွေးပေါ်မူတည်ပြီး တစ်ပိသာလျှင် ကျပ်(၁၀၀၀၀-၁၄၀၀၀)ရောင်းချရပြီး ဈေးနှုန်းအဆမတန်မြင့်တက်လျက်ရှိသော်လည်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။ “ဈေးကွက်ကောင်းတော့ ကွမ်းစိုက်တောင်သူတွေ ပိုအဆင်ပြေတာပေါ့၊ ကွမ်းတိုးချဲ့စိုက်ပျိုးသူပိုများလာတယ်လို့”  ကွမ်းစိုက်တောင်သူတစ်ဦးထံမှ စုံစမ်းသိရှိရပါသည်။

DOCA(မန္တလေး)