စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်၊ ခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းတင်နှင့် ဒု-ခရိုင်ဦးစီးမှူး ဒေါ်ခင်မြတ်မူတို့သည် (၂၂-၅-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၄း၀၀) အချိန်၌ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနရှိ ဝန်ထမ်း(၃၄)ဦးအား စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း အသိပညာပေးဆွေးနွေးဟောပြောခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဒေါ်ခင်မြတ်မူက စားသုံးသူရေးရာဦးစီးဌာနပေါ်ပေါက်လာပုံအဆင့်ဆင့်ကို ပြောကြားပြီးနောက် ခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းတင်က ဆက်လက်ဆွေးနွေးတင်ပြရာတွင် စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ခုနှစ်၊ မတ်လ(၁၅)ရက်နေ့၌ ပြဋ္ဌာန်းခဲ့ပြီး အခန်း(၂၅)ခန်းနှင့် ပုဒ်မ(၈၄)ခုပါဝင်ပါကြောင်း၊ စားသုံးသူကာကွယ်ရေးနည်းဥပဒေကို ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ(၁၈)ရက်နေ့၌ ပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ၂၀၁၉၊ အခန်း(၉)၊ ပုဒ်မ(၁၉)နှင့် ပုဒ်မ(၂၀)တွင် ပြဋ္ဌာန်း ထားသည့်စားသုံးသူအခွင့်အရေး(၈)ချက်နှင့် စားသုံးသူ၏တာဝန်များကိုသိရှိရမည်ဖြစ်ပါကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)၊ ပုဒ်မ(၄၁)တွင် စီးပွားရေးလုပ်ငန်းရှင်သည် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာဖော်ပြမည့်အချက်(၈)ကို အသေးစိတ်ရှင်းလင်းကာ ပုဒ်မ ၄၁၊ ပုဒ်မခွဲ(ခ)နှင့် ပုဒ်မခွဲ(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း၊ ပုဒ်မ(၄၃)ပါ ပြဋ္ဌာန်းချက်နှင့်ကိုက်ညီမှုမရှိသည့်ကုန်စည်ကို ထုတ်လုပ်ခြင်း၊ ကုန်သွယ်ခြင်း (သို့မဟုတ်) ရောင်းချခြင်းမပြုရန် ပုဒ်မ(၆၈)၌ ပြဋ္ဌာန်းထားပြီး ပုဒ်မ(၆၈)ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို နှစ်နှစ်ထက်မပိုသောထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း၂၀၀ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ပါကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေသည် စားသုံးသူများကိုကာကွယ်ပေးကာ လုပ်ငန်းရှင်များကိုထိန်းကြောင်းပေးသည့် ဥပဒေတစ်ခုဖြစ်ပါကြောင်း၊ ပြည်သူတိုင်းသည် စားသုံးသူများဖြစ်ပြီး စားသုံးသူတိုင်းတွင် စားသုံးသူအခွင့်အရေးများရှိကြောင်း၊ စားသုံးသူအခွင့်ရေးနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါက မိမိတို့ဌာနသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ၊ Facebook page မှဖြစ်စေ၊ Website၊ Gmail တို့ဖြင့်ဖြစ်စေ တိုင်ကြားနိုင်ပါကြောင်းနှင့် တိုင်ကြားရန် လိပ်စာများပါသည့်လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)