Main menu

တောင်တွင်းကြီးမြို့နယ်၊ ကုက္ကိုခွကျေးရွာ၌ မိရိုးဖလာအိုးလုပ်ငန်းထုတ်လုပ်မှုနှင့် ဈေးနှုန်းဈေးကွက်

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၏အနောက်ဘက် (၁၂)မိုင်အကွာ၊ ဗိဿနိုးမြို့ဟောင်းအနောက်ဘက်တွင်ရှိသော ကုက္ကိုခွကျေးရွာသည် ဘိုးဘွားအစဉ်အဆက် မိရိုးဖလာရိုးရာလက်မှုလုပ်ငန်းအတတ်ပညာတစ်ခုဖြစ်သောအိုးလုပ်ငန်းကို လုပ်ကိုင်လျက်ရှိ ကြောင်း သိရှိရပါ သည်။

    အိုးလုပ်ငန်းကို မိုးရာသီအကုန် သီတင်းကျွတ်လတွင် စတင်လုပ်ကိုင်ကြကြောင်း၊ အိုးလုပ်ငန်းလုပ်ကိုင်ရာတွင် ပထမဦးစွာ ရွှံ့ခူးပြီး ရွှံ့များအား ထုချေကာ နေလှန်းရကြောင်း၊ လှည်းတစ်စီးစာ မြေကြီးနှင့်  သဲ(၃)အိတ်ခန့်ရောစပ်ပြီး ရေစိမ်ကာ ရွှံ့နှပ်ခြင်းလုပ်ငန်းကိုဆောင်ရွက်ရကြောင်း၊  နှပ်ပြီးသားရွှံ့များအား မိုးကာခင်းကာ အစေးပေါက်အောင် ခြေထောက်ဖြင့်နင်းရကြောင်း၊ ထို့နောက် အိုးထိန်းစက်ဖြင့် အိုးပုံဖော်ခြင်း၊ အိုးဖော်ခြင်း၊ တစ်ဆင့်ပြန်ခွာခြင်း၊ ပန်းရိုက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ရပါကြောင်း၊ အိုးများကို အရိပ်ထဲတွင် (၂)ညအိပ်/(၃)ညအိပ်ထားပြီးနောက် နေပူပူတွင် (၃)ရက်ခန့် ထပ်မံထုတ်လှန်းရပါကြောင်း၊ နေလှန်းပြီးအိုးများကို နွားလှည်းဖြင့် စနစ်တကျသယ်ဆောင်ပြီး အိုးများကို မီးဖုတ်သောအိုးဖိုသို့ သယ်ယူပါကြောင်း၊ အိုးဖိုနေရာတွင် အိုးများစနစ်တကျခွေပြီး အိုးဖိုပတ်လည်တွင် ထင်းစည်းနှင့် ကောက်ရိုးများဖြင့် ဖုံးအုပ်ခြင်းများဆောင်ရွက်ရပါကြောင်း၊ အိုးမီးဖုတ်ရာတွင် သတ်မှတ်ထင်းအမျိုးအစား၊ မီးအပူချိန်ကိုချိန်ဆရပြီး မီးအပူချိန်ချိန်ဆမှုမှားပါက အိုးများအဖက်မတင်ဖြစ်တတ်ပါကြောင်း၊ အိုးမီးဖုတ်ရာတွင် တစ်ညအိပ်ဖုတ်ရပါကြောင်း၊ နောက်တစ်နေ့၏ နံနက်သို့ရောက်လျှင် အိုးများကိုဖော်ယူပြီး စျေးကွက်သို့ တင်ပို့ရောင်းချနိုင်ပြီဖြစ်ပါကြောင်း၊ အဓိကပြုလုပ်သည့်အိုးများမှာ သောက်ရေအိုးဖြစ်ပြီး တစ်နေ့လျှင် အိုး(၃၃)လုံးခန့်ဆောင်ရွက်ပြီးစီးပါကြောင်း၊ သောက်ရေအိုးအပြင် ကောက်ညှင်းပေါင်းအိုး၊ မြေဟင်းအိုး၊ ရွက်အိုးအလတ်၊ ထန်းရည်မြူအိုး၊ ဘုရာအိုး အစရှိသည့်အိုးများလည်းလုပ်ကိုင်လျက်ရှိပါကြောင်း၊ သောက်ရေအိုးတစ်လုံးလျှင် (၁၀၀၀) ကျပ်နှုန်းဖြင့် ဖောက်သည်ပြန်လည်ပေးရပြီး ဈေးကွက်အနေဖြင့် တောင်တွင်းကြီးမြို့အပြင် မကွေး၊ မင်းဘူး၊ မြို့သစ်၊ နတ်မောက်၊ အောင်လံ၊ ကိုးပင်၊ မလွန်၊ မိချောင်းရဲ၊ ပြည်အစရှိသည့်မြို့များအထိ တင်ပို့ရောင်းချလျက်ရှိကြောင်း ကုက္ကိုခွကျေးရွာ၌ အိုးလုပ်ငန်းလုပ်ကိုင်သည့်လုပ်ငန်းရှင်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(မကွေး)