Main menu

ကျောက်ပန်းတောင်းမြို့နယ် မြေပဲစိုက်ပျိုးထွက်ရှိမှု၊ ဈေးနှုန်းဈေးကွက်နှင့် တောင်သူအကျိုးအမြတ်ရရှိမှု အခြေအနေ

Powered by Drupal

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ဆီထွက်သီးနှံ ဖြစ်သည့် မိုးမြေပဲကို အဓိကစိုက်ပျိုးလျက်ရှိပြီး ဆောင်းမြေပဲကို အနည်းငယ်သာစိုက်ပျိုးမှုရှိပါသည်။ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် မိုးမြေပဲကို (၆၁၂၆၈)ဧက စိုက်ပျိုးခဲ့ပြီး တစ်ဧက ပျမ်းမျှအထွက်နှုန်း (၄၂.၂၅) တင်းနှုန်းဖြင့် တင်းပေါင်း(၂၅၈၈၅၇၃)တင်း ထွက်ရှိခဲ့ပါသည်။ ဆောင်းမြေပဲစိုက်ပျိုးမှုအနေဖြင့် (၁၉၆)ဧကသာ စိုက်ပျိုးခဲ့ပြီး တစ်ဧကပျမ်းမျှအထွက်နှုန်းမှာ (၄၆)တင်းဖြင့် တင်းပေါင်း(၉၀၁၆)တင်း ထွက်ရှိခဲ့ပါသည်။ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် မိုးမြေပဲကို စိုက်ပျိုးရန်လျာထားမှုအနေဖြင့် (၅၈၂၇၁) ဧက လျာထားမှုရှိပြီး (၁၄၆၂၁)ဧကစိုက်ပျိုးပြီးဖြစ်ပါသည်။ ဆောင်းမြေပဲစိုက်ပျိုးရန်လျာထားမှုမှာ(၃၁၉) ဧကရှိပါသည်။ နှစ်စဉ် ဩဂုတ်လတွင် ကျောက်ပန်းတောင်းမြို့နှင့် ထိစပ်လျက်ရှိသောကျေးရွာများမှ မြို့ပေါ်ရှိပွဲရုံများနှင့် ဆီစက်များသို့ လာရောက်ရောင်းချကြပါသည်။ ယခင်နှစ်မြေပဲဆီဆံ တစ်တင်း လျှင် (၄၅၀၀၀)ကျပ်၊ မြေပဲလုံးဆံတစ်တင်းလျှင်(၄၈၀၀၀)ကျပ်၊ မျိုးမြေပဲတစ်တင်းလျှင်(၆၀၀၀၀) ကျပ်များဖြင့် ဈေးနှုန်းများရှိခဲ့ပြီး ယခုနှစ်တွင် မြေပဲဆီဆံတစ်တင်းလျှင် (၁၀၄၀၀၀)ကျပ်၊ မြေပဲလုံးဆံ တစ်တင်းလျှင်(၁၀၅၆၀၀)ကျပ်၊ မျိုးမြေပဲတစ်တင်းလျှင်(၁၀၈၀၀၀)ကျပ် ဝန်းကျင်များဖြင့် အရောင်း အဝယ်ဖြစ်ပေါ်လျက်ရှိပါသည်။

၂၀၂၂-၂၀၂၃ ခုနှစ်တွင် ကျောက်ပန်းတောင်းမြို့နယ်၏ မြေပဲတစ်ဧကစိုက်ပျိုးမှု ကုန်ကျစရိတ် နေဖြင့်(၄၅၇၀၀၀)ကျပ်ခန့် ကျသင့်ပြီး တစ်ဧကပျမ်းမျှအထွက်တင်း(၄၂.၂၅)တင်းနှုန်း ထွက် ခဲ့ပါသည်။ ပေါ်ချိန်တွင် မြေပဲတောင့်တစ်တင်းလျှင်(၁၈၀၀၀)ကျပ်နှုန်း ရောင်းချခဲ့ရပြီး၊ တစ်ဧကဝင်ငွေ(၇၆၀၅၀၀)ကျပ်ရရှိ၍ တောင်သူအကျိုးအမြတ်မှာ(၃၀၃၅၀၀)ကျပ် ရရှိပါသည်။ ဆောင်းမြေပဲ တစ်ဧက စိုက်ပျိုးမှုကုန်ကျစရိတ်မှာ (၄၅၇၀၀၀)ကျပ်ခန့်ကျသင့်ပြီး၊ တစ်ဧကလျှင် ပျမ်းမျှအထွက် တင်း(၄၆)တင်းခန့် ထွက်ရှိ၍ တစ်ဧကဝင်ငွေမှာ (၈၂၈၀၀၀)ကျပ် ရရှိပါသည်။ တစ်ဧက တောင်သူအကျိုးအမြတ်အနေဖြင့် (၃၇၁၀၀၀)ကျပ်ရရှိပါသည်။ ဒေသတွင်းထွက် မြေပဲများကို ယခင်က အခြားဒေသများသို့ တင်ပို့ရောင်းချမှုများ ရှိခဲ့သော်လည်း ယခုအချိန်တွင်ပြည်ပသို့ ရောင်းချမှုနည်းပါးလာပြီး ဒေသတွင်း၌သာ ဆီကြိတ်ခွဲသုံးစွဲမှုများလာပါသည်။

တောင်သူအကျိုးအမြတ်ရရှိသောဆီထွက်သီးနှံမြေပဲကို ပိုမိုစိုက်ပျိုးပြီး ပြည်ပသို့ရောင်းချ ခြင်းမပြုပဲ ပြည်တွင်း၌သုံးစွဲခြင်း၊ ဆီကြိတ်ခွဲရောင်းချခြင်းများပြုလုပ်ပါက ဒေသတွင်းဆီစားသုံးမှု ဖူလုံလာခြင်း၊ တိရစ္ဆာန်အစာများ ပေါများလာခြင်း၊ ဒေသတွင်းလုပ်သားများ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေခြင်းအပြင် ဘေးအန္တရာယ်ကင်းသော ဆီများစားသုံးရခြင်းကြောင့် ကျန်းမာရေး ညီညွတ်ကောင်းမွန်လာစေခြင်းစသည့် အကျိုးကျေးဇူးများ ရရှိလာစေသည့်အတွက် ဆီထွက်သီးနှံမြေပဲကို ပိုမိုတိုးချဲ့စိုက်ပျိုးသင့်ပါသည်။

DOCA (မန္တလေး)