Main menu

တောင်ငူခရိုင်၏ မြေပဲစိုက်ပျိုးမှုနှင့်စားသုံးဆီဖူလုံမှုအခြေအနေ

Powered by Drupal

      မြေပဲသည် ပြည်တွင်းစားသုံးမှုအတွက် အရေးပါသောဆီထွက်သီးနှံဖြစ်ပါသည်။ နုန်းမြေ၊ သဲနုန်းမြေ၊ နုန်းစနယ်မြေနှင့် ကိုင်းကျွန်းမြေများတွင် ကောင်းစွာဖြစ်ထွန်းပါသည်။ မိုးဦးစိုက် ပင်ထောင်/ပင်ပြန့်စိုက်ဒေသများတွင် မေလဆန်းမှ ဇွန်လ၊ ပထမအပတ်အတွင်း၊ မိုးနှောင်း သီးထပ်စိုက်ဒေသများတွင် စက်တင်ဘာလဆန်းမှ အောက်တိုဘာလ၊ ပထမအပတ်အတွင်း ကိုင်းကျွန်းစိုက်ဒေသများတွင် အောက်တိုဘာလမှ နိုဝင်ဘာလ၊ ပထမပတ်အတွင်း၊ စပါးသီးထပ် ဆောင်းမြေပဲစိုက်ဒေသများတွင် နိုဝင်ဘာလမှ ဒီဇင်ဘာလ၊ တတိယအပတ်အတွင်း စိုက်ပျိုးကြပါသည်။

    ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်တွင် သက်ဆိုင်ရာဌာနမှရရှိသော စာရင်းဇယားများအရ (၂၀၂၂-၂၀၂၃) ခုနှစ်အတွင်း မိုးမြေပဲ ၈၀၈၃ဧကစိုက်ပျိုးပြီး အထွက်နှုန်းမှာ မြေပဲတောင့် ၅၀.၉၂တင်း၊ ဆောင်းမြေပဲ ၁၉၁၉၆ဧကစိုက်ပျိုးပြီး အထွက်နှုန်းမှာ မြေပဲတောင့် ၆၉.၅၇တင်းရှိကြောင်း သိရပါသဖြင့် တောင်ငူခရိုင်တွင် မြေပဲတောင့် ၁၇၄၇၂၀၀တင်းခန့်ထွက်ရှိကြောင်း တွက်ချက်ရရှိပါသည်။

      တောင်ငူခရိုင်တွင် လူဦးရေ ၁၀၅၇၀၀၀ဦးခန့်ရှိရာ မျိုး၊ အလေအလွင့်နှင့် စားသုံးမှုကိုချန်လှပ်လျှင် မြေပဲတောင့် ၁၂၃၇၅၀၀တင်းခန့်ပိုလျှံသဖြင့် စားသုံးဆီအဖြစ် ကြိတ်ခွဲနိုင်မည်ဖြစ်ပါသည်။ မြေပဲတောင့်တစ်တင်းလျှင် မြေပဲဆံ ၅ပိဿာခန့်ရရှိကြောင်း၊ မြေပဲဆံ ၅ပိဿာကြိတ်ခွဲလျှင် စားသုံးဆီ ၂ပိဿာနှင့် ပဲဖတ် ၃ပိဿာခန့်ထွက်ရှိကြောင်း၊ တောင်ငူမြို့၊ ဗိုလ်တထောင်ဆီစက်ပိုင်ရှင်၏ပြောပြချက်အရ တောင်ငူခရိုင်မှထွက်ရှိသောမြေပဲများကို ဆီကြိတ်ခွဲပြီးပါက စားသုံးဆီ ၁၂၃၇၅၀၀ပိဿာ (၂၀၂၁တန်)ခန့်ထွက်ရှိမည်ဖြစ်ပါသည်။

   လူတစ်ဦးသည် တစ်နေ့လျှင် စားသုံးဆီ ၁.၈ကျပ်သား၊ တစ်လလျှင် ၅၄ကျပ်သား၊ တစ်နှစ်လျှင် ၆.၅ပိဿာခန့်စားသုံးခြင်းသည် ကျန်းမာရေးအတွက် အသင့်လျော်ဆုံးဖြစ်သည်ဟု ဆိုပါသဖြင့် တောင်ငူခရိုင်အတွက် စားသုံးဆီလိုအပ်ချက်မှာ ၆၈၇၀၅၀၀ပိဿာ(၁၁၂၂၂တန်)ခန့်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ တောင်ငူခရိုင်၏ မြေပဲဆီကြိတ်ခွဲထွက်ရှိမှုနှင့် စားသုံးရန်လိုအပ်ချက်အရ မြေပဲဆီထွက်ရှိမှုသည် ခရိုင်စားသုံးဆီဖူလုံမှုကို ၁၈ရာခိုင်နှုန်းခန့်အထောက်အကူပြုပါကြောင်း လေ့လာသိရှိရပါသည်။

DOCA(ပဲခူး)