Main menu

“နွေစပါးစျေးကွက် မြေကြီးကရွှေသီးချက်”

Powered by Drupal

 မန္တလေးတိုင်းဒေသကြီး ၊အောင်မြေသာစံခရိုင်၊မတ္တရာမြို့နယ်သည် စီးပွားရေးအချက်အချာကျသော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရှိသည့် မြို့နယ်တစ်ခုဖြစ်ပါသည်။မတ္တရာမြို့နယ်၏အရှေ့ဘက်တွင် ပြင်ဦးလွင်မြို့နယ်၊တောင်ဘက်တွင် ပုသိမ်ကြီးမြို့နယ်၊ အနောက်ဘက်တွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ စစ်ကိုင်းမြို့နယ်နှင့် ဝက်လက်မြို့နယ်၊ မြောက်ဘက်တွင် စဉ့်ကူးမြို့နယ်တို့နှင့် နယ်နိမိတ် ထိစပ်လျက်ရှိပါသည်။ မတ္တရာမြို့နယ်သည် ဧရာဝတီမြစ်နံဘေးနှင့် ဆည်တော်ကြီးရေလှောင်တမံ တည်ရှိရာဒေသဖြစ်ပါသည်။ ဆည်တော်ကြီးရေသည် မန္တလေးတူးမြောင်း၊ ရေနံ့သာတူးမြောင်းများဖြင့် မြို့နယ်အတွင်း ဖြတ်သန်းစီးဆင်းလျက်ရှိပါသည် ။ မတ္တရာမြို့နယ်သည် ကုန်းလမ်း၊ရေလမ်း လမ်းမပေါ်တွင်တည်ရှိပြီး မီးရထားလမ်းလည်းရှိ၍ လမ်းပန်းဆက်သွယ်ရေးကောင်းသောမြို့တစ်မြို့ ဖြစ်ပါသည်။ဗုဒ္ဓဘာသာ ဗမာလူမျိုးများ အများဆုံးနေထိုင်ရာဒေသဖြစ်၍ ဘုရား၊ကျောင်းကန်၊ စေတီ ပုထိုး များစွာရှိပါသည်။မတ္တရာမြို့နယ်သူ ၊ မြို့နယ်သားများသည် သဒ္ဒါတရားအလွန်ထက်သန်ကြပြီး အလှူအတန်းရက်ရောကြသူများ ဖြစ်ပါသည်။ ပြိုင်စရာမရှိရင် အလှူအတန်းတောင်ပြိုင်လှူ ကြသည်ဟု သိရှိရပါသည်။ဒီသူဌေးက ဒီဘက်ဘုန်းကြီးကျောင်းကို ကျောင်း၊ဓမ္မာရုံတွေဆောက်လုပ် လှူဒါန်းလျှင် ဟိုသူဌေးက ဟိုဘက်ကျောင်းကို အပြိုင်ဆောက်လုပ်လှူဒါန်းကြတယ်လို့ ဆိုပါသည်။ သဒ္ဒါတရားနှင့်ပြည့်စုံပြီး အလှူရေစက်လက်နှင့်မကွာ လှူဒါန်းကြလို့လည်း မတ္တရာမြို့နယ်သူ/သား အများစုမှာ ယဉ်ကျေးပျူငှာဖော်ရွေတက်ကြပြီး စီးပွားရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ ကာယခုနှစ်မှာ နွေစပါးစိုက်တောင်သူများ မြေကြီးကရွှေသီးတဲ့နှစ်လို့ ဆိုရမှာဖြစ်ပါသည်။

  မတ္တရာမြို့နယ်အတွင်းရှိ ဒေသခံပြည်သူလူထုသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ် ကိုင်ဆောင်ရွက်ကြပါသည်။ မြို့နယ်၏ အဓိကထွက်ကုန်မှာလည်း ဆန်နှင့်ပဲမျိုးစုံဖြစ်ပြီး မန္တလေး၊ စစ်ကိုင်မြို့များသို့ အများဆုံးတင်ပို့ရောင်းချကြပါသည်။လယ်မြေဧရိယာ(၅၀၀၀၀)ကျော်ရှိပြီးစပါးကို အဓိကထားစိုက်ပျိုးကြရာ မိုးစပါး၊နွေစပါးများ နှစ်ရာသီလုံးစိုက်ပျိုးကြပြီး မိုး၊နွေ နှစ်ရာသီပေါင်း စပါးစိုက်ဧက(၉၀၀၀၀)ကျော် စိုက်ပျိုးထွက်ရှိရာဒေသဖြစ်လို့ ဆန်ဖူလုံမှု ရာခိုင်နှုန်း ၂၀၀ ကျော်ရှိသည်ဟု သက်ဆိုင်ရာဌာန၏စာရင်းများအရ သိရှိရပါသည်။

   ၂၀၂၂-၂၀၂၃ခုနှစ်၊ သီးနှံများ၏ စိုက်ပျိုးထုတ်လုပ်မှုစာရင်းအရ မိုးစပါး (၄၈၃၈၅)ဧကစိုက်ပျိုး နိုင်ခဲ့ပြီး အားလုံးရိတ်သိမ်းပြီးဖြစ်ရာ အထွက်နှုန်းအနေဖြင့်(၉၀.၂၇)တင်းဖြင့် အထွက်စုစုပေါင်း (၄၃၆၇၉၃၉)တင်း ထွက်ရှိခဲ့ကြောင်း သိရှိရပါသည် ။ မိုးစပါးအားမျိုးအနေဖြင့် မဂျမ်းတောစပါးမျိုး ကိုအများဆုံးစိုက်ပျိုးခဲ့ပြီး အရည်အသွေး အကောင်းမွန်ဆုံးနှင့် ထိပ်တန်းဝင်ဆန် အမျိုးအစားဖြစ်သည့်အတွက်ကြောင့် စျေးကွက်တွင် ထိပ်ဆုံးမှာရှိနေခဲ့ကြောင်း ၊ လက်ရှိဆန်စပါးစျေးကွက်အနေဖြင့် မိုးစပါးများမှာ လက်ကျန်နည်းပါးနေပြီး ဆန်အဟောင်းဘက်လည်းရောက်နေတဲ့ အချိန်ဖြစ်၍ မဂျမ်းတောစပါး တင်း(၁၀၀)လျှင်(၂၂၀၀၀၀၀/-)ကျပ် ၊ မနောသုခစပါး တင်း(၁၀၀) လျှင်(၁၈၀၀၀၀၀/-)ကျပ်ဖြင့်လည်းကောင်း ၊ မဂျမ်းတော ဆန်(၂၄)ပြည်တစ်အိတ်လျှင် (၈၅၀၀၀/-)ကျပ် ၊ မနောသုခ ဆန်(၂၄)ပြည် တစ်အိတ်လျှင်(၇၅၀၀၀/-)ကျပ် စျေးနှုန်းများဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း စက်ပိုင်၊ကုန်သည်၊ပွဲစားများထံမှ သိရှိရပါသည်။

     ယခုနှစ်တွင်နွေစပါး(၄၇၉၆၄)ဧက စိုက်ပျိုးထားရှိပြီး အစောစိုက်မူရင်းစပါး ၊ နှာကောက်စပါး များ စတင်ထွက်ပေါ်နေပြီ ဖြစ်ပါသည်။ကျန်ရက်(၉၀) ၊ ရက်(၁၁၀) ၊ မနောသုခ ၊ ရွှေသွယ်ရင်စပါးများအား မကြာခင်ရိတ်သိမ်းထွက်ရှိတော့မည့် ရွှေရောင်ဝင်းတဲ့စပါးခင်းကြီးများမှာ မတ္တရာမြို့နယ်ကို ဝင်လိုက်သည်နှင့် ရင်သက်ရှု့မောဖွယ်တွေ့မြင်ရမှာ ဖြစ်ပါသည်။ မကြာခင် ငါတို့စားသုံးရမည့် ဆန်တွေဖြစ်မည့် စပါးခင်းကြီးတွေပါလားလို့ ရင်ထဲမှာပြုံးတုံးတုံးနဲ့ ဝမ်းသာပီတိဖြစ်နေမိမှာ ဧကန်မလွဲမုချပါ ဘဲရှင့်။

   နွေစပါးကို မတ် ၊ ဧပြီလများမှာ စတင်စိုက်ပျိုးခဲ့ပြီး ဇွန်၊ဇူလိုင်လများမှာ ရိတ်သိမ်းရမှာ ဖြစ်ပါသည်။ယခုနှစ် နွေစပါးများမှာ ကောင်းမွန်စွာ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေထောက်ပံ့မှုများ ရရှိ၍ တောင်သူများ စိုက်ပျိုးစရိတ် အခက်အခဲမရှိ စိုက်ပျိုးနိုင်ခဲ့ပြီး ဒီထက်မက ပံ့ပိုးပေးပါလို့ တောင်သူတစ်ဦးကဆိုပါသည်။ မြေပြင်ကွင်းဆင်း မေးမြန်းချက်အရ နွေစပါး(၁)ဧကအထွက်နှုန်း တင်း(၁၀၀)ကျော်ထွက်ရှိပြီး စပါးတင်း (၁၀၀) လျှင် (၁၆၀၀၀၀၀/-) ကျပ်နှင့် ဆန်(၂၄)ပြည် တစ်အိတ်လျှင်(၆၅၀၀၀/-)ကျပ်ဖြင့်ရောင်းဝယ်လျက်ရှိပြီး စျေးကွက်ကောင်း၍ တောင်သူများအကျိုးအမြတ်ထက်ဝက်လောက်ရရှိကာ ယခုနှစ် နွေစပါးစိုက်တောင်သူများ ယခုလက်ရှိစျေးနှုန်းအတိုင်းရှိနေပါက “မြေကြီးက ရွှေသီးတဲ့နှစ်” ဟုဆိုရမှာဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(မန္တလေး)