ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် (၂-၆-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်၌ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။ ဟောပြောပွဲ၌ ဟင်္သာတခရိုင်၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဥက္ကဋ္ဌ၊ ဟင်္သာတခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းက အဖွင့်အမှာစကားပြောကြးရာတွင် တရားမဝင်ကုန်သွယ်မှုသည် နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေသောအဓိကအချက်ဖြစ်သည့်အပြင် ဒေသတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအနေဖြင့်လည်း တရားမဝင်ကုန်စည်များနှင့်ယှဉ်ပြိုင်နိုင်မှုနည်းပါးပြီး ရေရှည်ရပ်တည်ရန် ခက်ခဲစေနိုင်ကြောင်း၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ (၂/၂၀၂၃) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ တရားမဝင်ကုန်စည်များအား လက်လီ/လက်ကားအရောင်းဆိုင်၊ Shopping Mall များမှတစ်ဆင့် ဈေးကွက်အတွင်းဖြန့်ဖြူးခြင်း၊ လက်လီရောင်းချခြင်းများမပြုလုပ်စေရေး ပညာပေးခြင်း၊ သတိပေးခြင်း၊ တားဆီးခြင်း၊ စစ်ဆေးခြင်း၊ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ခြင်းများကို အချိန်ကာလတစ်ခုသတ်မှတ်ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ ဟောပြောအသိပညာပေးရခြင်းဖြစ်ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့်လည်း တရားမဝင်ကုန်စည်များရောင်းဝယ်ဖြန့်ဖြူးခြင်းကို မပြုလုပ်ဘဲ ဥပဒေကိုလိုက်နာရန်လိုကြောင်းတို့ကို ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ဟင်္သာတခရိုင်၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၊ အတွင်းရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူး ဦးဇော်မင်းက တရားမဝင်ကုန်သွယ်မှု၏အဓိပ္ပါယ်၊ မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသော တရားမဝင်ကုန်သွယ်မှုများအကြောင်း၊ ပို့ကုန်/သွင်းကုန်ဥပဒေဆိုင်ရာ သိကောင်းစရာများ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်းတို့ကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ တက်ရောက်လာသောလုပ်ငန်းရှင်များကလည်း သိလိုသည်များကို မေးမြန်းခဲ့ပါသည်။
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းက နိဂုံးချုပ်စကားပြောကြားခဲ့ပြီးနောက် နံနက် (၁၁:၀၀) နာရီအချိန်တွင် ဟောပြောပွဲ အခမ်းအနားအောင်မြင်စွာပြီးမြောက်ခဲ့ပါသည်။ ဟောပြောပွဲကို ဟင်္သာတခရိုင်၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဝင် ခရိုင်အဆင့်ဌာနဆိုင်ရာများနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ (၂၀) ဦးနှင့် ဟင်္သာတမြို့နယ်အတွင်းရှိ စားသောက်ကုန်နှင့် လူသုံးကုန်ဖြန့်ဖြူးရောင်းချသည့်ဆိုင်များ၊ မော်တော်ဆိုင်ကယ်အရောင်းဆိုင်များ၊ ဓာတ်မြေဩဇာဆိုင်များမှ လုပ်ငန်းရှင် (၇၅) ဦး၊ စုစုပေါင်းဘ(၉၅) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)