Main menu

မကွေးမြို့၊ ကုန်စည်ဒိုင်ခန်းမ၌ ဆန်စပါးဥပဒေ (မူကြမ်း) နှင့်စပ်လျဉ်း၍ ချပြရှင်းလင်း

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်ဝင်းသည် (၁၀-၆-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၃း၀၀) နာရီအချိန်တွင် မကွေးမြို့၊  ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (ကုန်စည်ဒိုင်) ခန်းမ၌ ဆန်စက်ပိုင်ရှင်များနှင့်ဆန်ကုန်သည်များအား ဆန်စပါးဥပဒေ (မူကြမ်း) နှင့် ဆန်စပါးသိုလှောင်မှုလုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာ အစိုးရပုဂ္ဂလိကလုပ်ငန်းအဖွဲ့ ဖွဲ့စည်းထားရှိမှုနှင့် ဆောင်ရွက်သွားမည့်အစီအမံများအား ချပြရှင်းလင်းခြင်းနှင့်စပ်လျဉ်း၍ အသိပညာပေးချပြဆွေးနွေးခဲ့ပါသည်။

အဆိုပါအခမ်းအနားတွင် တိုင်းဒေသကြီးဦးစီးမှူးက ဥပဒေ (မူကြမ်း) ရေးဆွဲခြင်းနှင့်စပ်လျဉ်း၍ ဆန်စပါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ဆောင်ရွက်သင့်သည့်လုပ်ငန်းစဉ်များ၊ ကြုံတွေ့ရသည့်အခက်အခဲများနှင့် ဆန်စပါးကဏ္ဍ၏ အနာဂတ်ဦးတည်ရာများကို လေ့လာသုံးသပ်ဆွေးနွေးဖော်ထုတ်ရန်ရည်ရွယ်၍ မြန်မာ့ဆန်စပါးညီလာခံ (၂၀၂၂) ကို နေပြည်တော်၌ (၆-၁၀-၂၀၂၂) ရက်နေ့မှ (၇-၁၀-၂၀၂၂) ရက်နေ့အထိကျင်းပပြုလုပ်ခဲ့ကြောင်း၊ ဆန်စပါးညီလာခံက စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ (၁၅) ချက်၊ ထုတ်လုပ်မှုကဏ္ဍ (၁၀) ချက်၊ ပို့ကုန်မြှင့်တင်ရေးနှင့်ထုတ်လုပ်မှုကဏ္ဍ (၁၈) ချက်ဖော်ထုတ်နိုင်ခဲ့ကြောင်း၊ ကြိတ်ခွဲထုတ်လုပ်မှုကဏ္ဍ၊ ပို့ကုန်မြှင့်တင်ရေးနှင့် ကုန်သွယ်မှုကဏ္ဍဆိုင်ရာဖော်ထုတ်ချက်များကို အကောင်ထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေ းဝန်ကြီးဌာန၏ တာဝန်ပေးချက်အရ ဆန်စပါးဥပဒေ (မူကြမ်း) ကို စားသုံးသူရေးရာဦးစီးဌာနက ရေးဆွဲခဲ့ခြင်းဖြစ်ပါကြောင်း၊ မကွေးတိုင်းဒေသကြီးသည် ၂၀၂၂ခုနှစ်တွင် စပါးနှင့်ပတ်သက်ပြီး မိုးစပါးဧက (၆) သိန်းကျော်နှင့် နွေစပါးဧက (၃) သိန်းကျော်စိုက်ပျိုးခဲ့ကြောင်း၊ ၂၀၂၂ခုနှစ်တွင် စပါးတင်း (၄၆၀) သိန်းထွက်ရှိပြီး တစ်နှစ်လျှင် စပါးတင်း (၆၅၀) သိန်း၊ ဆန်တန်ချိန် (၆) သန်းသုံးစွဲရန်လိုအပ်လျက်ရှိကြောင်း၊ ၂၀၂၁ခုနှစ်တွင် (၆၄) ရာခိုင်နှုန်း၊ ၂၀၂၂ခုနှစ်တွင် (၇၀) ရာခိုင်နှုန်းအထိဆန်ဖူလုံမှုရှိခဲ့ကြောင်း၊ ၂၀၂၂ခုနှစ်တွင် ဆန်ဖူလုံမှုမရှိသည့်အတွက် (၁) လလျှင် ဆန်တန်ချိန် (၁၅၀၀၀) ခန့်၊ (၁) နှစ်လျှင် ဆန်တန်ချိန် (၁၈၀၀၀၀) ခန့်၊ ဧရာဝတီ၊ ပဲခူး၊ မန္တလေးတို့မှ ဝယ်ယူနေရပါကြောင်း၊ ဆန်စက်ပိုင်ရှင်နှင့်ဆန်ကုန်သည်များသည် ဥပဒေနှင့်ပတ်သက်ပြီး မဖြစ်မနေသိရမည်ဖြစ်သည့်အတွက် ချပြဆွေးနွေးခြင်းဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက်တက်ရောက်လာသည့်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များက  ဆန်စပါးဥပဒေပြဋ္ဌာန်းချက် (မူကြမ်း) နှင့် ဆန်စပါးသိုလှောင်မှုလုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာ အစိုးရပုဂ္ဂလိကလုပ်ငန်းအဖွဲ့ ဖွဲ့စည်းထားရှိမှုနှင့် ဆောင်ရွက်သွားမည့်အစီအမံများအပေါ်  သိရှိလိုသည့်အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး ညနေ (၁၅း၃၀) နာရီအချိန်တွင် အခမ်းအနားရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

     အဆိုပါအခမ်းအနားသို့ ဆန်ကုန်သည် (၁၈) ဦး၊ ဆန်စက်ပိုင်ရှင် (၂၁) ဦး၊ စုစုပေါင်း (၃၉) ဦးတို့တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(မကွေး)