Main menu

တောင်ငူမြို့မှ မြန်မာ့ရိုးရာဟင်းထုပ်

Powered by Drupal

     ဟင်းထုပ်သည် မြန်မာ့ရိုးရာအစားအစာ တစ်ခုဖြစ်ပြီး လူကြိုက်များသည့် အစားအစာတစ်ခု ဖြစ်ပါသည်။ လူမျိုးဘာသာမရွေး အိမ်တွင်အလွယ်တကူလုပ်စားနိုင်၍ ဒေသအလိုက် ပုံစံအမျိုးမျိုးဖြင့် လုပ်စားကြပါသည်။ တောင်ငူမြို့တွင် ဟင်းထုပ်ပြုလုပ်ရန်အတွက် အသုံးပြုသော ပစ္စည်းများမှာ ကန်စွန်းရိုး၊ ငှက်ပျောဖူး၊ မျှစ်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ စပါးလင်၊ ဆီ၊ အကြော်မှုန့်၊ ဆား၊ အရသာမှုန့်၊ ငရုတ်သီးအစိမ်းမှုန့်၊ ရဲယိုရွက်နှင့် ငှက်ပျောရွက်တို့ဖြစ်ပါသည်။

     ငှက်ပျောဖူးနှင့်မျှစ်တို့ကို ပါးပါးလှီး၍ ကန်စွန်းရိုးကိုအနေတော်အရွယ် လှီးဖြတ်ထားရပါမည်။ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် စပါးလင်တို့ကို ကြေညက်အောင်ထောင်းရပါမည်။ ဇလုံတစ်လုံးထဲတွင် လှီးထားသော အသီးအရွက်များကိုထည့်ရပါမည်။ ထောင်းထားသော ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် စပါးလင်တို့ကိုထည့်ပြီး ဆီ၊ ငရုတ်သီးအစိမ်းမှုန့်၊ အကြော်မှုန့်၊ ဆား၊ အရသာမှုန့်တို့ကိုထည့်၍ သမအောင်နယ်ရပါမည်။

    ငှက်ပျောရွက်ကို အစာသွပ်ပြီး ထုပ်သောအခါ အလွယ်တကူ ခေါက်ချိုးနိုင်ရန် ငှက်ပျောရွက်ကို အနည်းငယ်မီးကင်ရပါမည်။ ရဲယိုရွက်တစ်ရွက်ချင်းစီကိုလည်း သေချာစွာ ဆေးကြောရပါမည်။ ဟင်းထုပ်ထုပ်ရန်အတွက် ပထမဦးစွာ ငှက်ပျောရွက်ကိုခင်းပြီး ငှက်ပျောရွက်ပေါ်တွင် ရဲယိုရွက်ကို ထပ်တင်ရပါမည်။ နယ်ထားသော အသီးအရွက်များကို တစ်ထုပ်စာခန့်ထည့်ပြီး ပုံစံကျအောင်ခေါက်ရပါမည်။

    ငှက်ပျောရွက်ဖြင့်ခေါက်ထားသော ဟင်းထုပ်များကို ပေါင်းအိုးထဲတွင် မိနစ်(၂၀)ခန့် ထည့်၍ ပေါင်းပြီးလျှင် ရောင်းတန်းဝင် ဟင်းထုပ်ပူပူလေးကို ရရှိပြီဖြစ်ပါသည်၊၊ တစ်နေ့လျှင် ဟင်းထုပ် အထုပ်ရေ (၁၀၀)ဝန်းကျင်ခန့်ထုပ်ပီး တစ်ထုပ်လျှင်(၃၀၀)ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)