Main menu

ကွမ်းသီးပင်အကြောင်း တစေ့တစောင်းနှင့် မြိတ်ခရိုင်၏ ကွမ်းသီးစျေးနှုန်း/စျေးကွက်အခြေအနေ

Powered by Drupal

          မြန်မာနိုင်ငံ၏ တောင်ဘက်စွန်းဒေသဖြစ်သည့် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်သည် ကွမ်းသီးစိုက်ပျိုးထုတ်လုပ်ရာတွင် အရေးပါသောဒေသတစ်ခုဖြစ်ပြီး ဒေသခံတောင်သူများ၏ အဓိက စိုက်ပျိုးရေးထုတ်ကုန် တစ်ခုအဖြစ် နှစ်ပေါင်းများစွာရပ်တည်လျက်ရှိပါသည်။ မြိတ်ဒေသတွင် ထွက်ရှိ သည့် ကွမ်းသီးများသည်  အရည်အသွေး‌ကောင်းမွန်သဖြင့် ပြည်တွင်းစျေးကွက်သာမက နယ်စပ်ကုန် သွယ်ရေးလမ်းကြောင်းများမှတစ်ဆင့် ပြည်ပစျေးကွက်များသို့လည်း တင်ပို့ရောင်းချလျက်ရှိရာ ဒေသ စီးပွားရေးအတွက် အရေးပါသော ဝင်ငွေအရင်းမြစ်တစ်ခုဖြစ်ပါသည်။

          ကွမ်းသီးပင်များသည် ပုံမှန်အားဖြင့် ဧပြီလနှင့်  မေလတွင် စတင်အပွင့်ပွင့်၍ သီးကင်းနုများ  စတင်သီးပွင့်ကြပြီး ဇွန်လ နှင့် ဇူလိုင်လတို့တွင် ကွမ်းသီးနုများထွက်ရှိကြောင်းသိရှိရသည်။ ဩဂုတ်လ လယ်မှစ၍ ကွမ်းသီးများ ရင့်မှည့်လာကြောင်း သိရှိရသည်။ ယခင်က ကွမ်းသီးအမှည့်အရင့်များကိုသာ ရောင်းဝယ်ခဲ့ကြသော်လည်း ယခုအခါတွင် ကွမ်းသီးအမှည့်အရင့်များကိုသာမက ကွမ်းသီးအနုများ သည်လည်း စျေးကွက်တွင် အရောင်းအဝယ်ကောင်းလျက်ရှိကြောင်း သိရှိရသည်။ စျေးကွက်ဝင် ကွမ်းသီးနုများကိုမူ ဇွန်လ ဆန်းပိုင်းအစတွင် အစေ့မတည်မီ အသားနုအဆင့်၊ လုံးပတ်အချင်း တစ်လက်မဝန်းကျင်နှင့် အလေး ချိန် ၂၀ ဂရမ်ကနေ ၃၀ ဂရမ်အတွင်း ဆွတ်ခူးရောင်းချကြခြင်းဖြစ်ပြီး ဝယ်လက်၏စံနှုန်းအရ ကွမ်းသီးအဝိုင်းများကိုဝယ်ယူမှုမရှိဘဲ အချွန်သီး(အရှည်သီး) ဒေသအခေါ် ဘဲဥ ချွန်း၊ မျှောချွန်း၊ ကပ်ချွန်းမျိုး အစိမ်းရောင်အသီးအနုများကိုသာ ဝယ်ယူကြခြင်းဖြစ်ကြောင်း သိရှိရပါ သည်။

          ကွမ်းသီးစိမ်းအနုများကို ဝယ်ယူ၍ ကွမ်းသီးနုပြုတ်ခြောက်များ ထုတ်လုပ်လျက်ရှိရာ မြိတ် ခရိုင်၊ မြိတ်မြို့ ရှိ အင်းလေးမြိုင်စက်မှုဇုံတွင် ကွမ်းသီးနုပြုတ်ခြောက်စက်ရုံ (၁၀)ရုံရှိပြီး တစ်ပတ်လျှင် ကွမ်းသီးနုတန်ချိန် တန်(၅၀၀)မှ တန်(၆၀၀)ခန့်ပေါင်းခံထုတ်လုပ်နိုင်ပြီး တစ်ကြိမ်ပေါင်းခံလျှင်၄ ရက် ၅ ရက်ကြာမြင့်၍ ကွမ်းသီးနုတန် (၅၀၀)တန်ပေါင်းခံပါက ကွမ်းသီးနုခြောက်တန် (၁၂၅)တန်ရရှိ ကြောင်း သိရှိရသည်။ ထွက်ရှိသော ကွမ်းသီးနုခြောက်များအား ကုန်ချောထုတ်လုပ်နိုင်ခြင်းမရှိဘဲ အ အေးခန်းများတွင် သိုလှောင်၍ ရန်ကုန်၊ မန္တလေးစျေးကွက်တစ်ဆင့် ပို့ကုန်လုပ်ငန်းများ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

    ကွမ်းသီးအရောင်းအဝယ်ပြုလုပ်ရာတွင်  ကွမ်းသီးခြောက်  တစ်ပိဿာနှင့် ကွမ်းသီးနု တစ် ပိဿာ ဝယ်ယူဈေးနှုန်း တူညီသော်လည်း ကွမ်းသီးခြောက် (အခွံချွတ်) တစ်ပိဿာတွင် ကွမ်းသီးလုံး ၂၂၀ ခန့်နှင့် ကွမ်းသီးနု(အခွံပါ)    တစ်ပိဿာတွင် ကွမ်းသီး ၆၂ လုံးခန့်ရှိသည့်အတွက်    ကွမ်းသီးနု ရောင်းချခြင်းမှာ ကွမ်းသီးခြောက် ရောင်းချခြင်း ထက် သုံးဆခွဲခန့် ပိုမိုရရှိသဖြင့် ကွမ်းသီးအစိမ်းနုများ ရောင်းဝယ်မှုပိုမိုကောင်းမွန်ပြီးကွမ်းသီးစိုက်တောင်သူများမှာ ဝင်ငွေပိုမိုရရှိကြောင်းသိရှိရသည်။ မြိတ် မြို့တွင်ရောင်းချလျက်ရှိသောစျေးနှုန်းများမှာကွမ်းသီးခြောက်(အလုံး)တစ်ပိဿာလျှင်(၁၃၀၀၀)ကျပ် ခန့်၊ ကွမ်းသီးခြောက်(ခွဲခြမ်း)တစ်ပိဿာလျှင်(၉၀၀၀)ကျပ်ခန့်နှင့် ကွမ်းသီးနုတစ်ပိဿာလျှင်(၆၃၀၀) ကျပ်ခန့်ဖြင့်ရောင်းဝယ်လျက်ရှိကြောင်းသိရှိရသည်။ မြိတ်ဒေသ၏ကွမ်းသီးဈေးကွက်သည် ဝယ်လို အားကောင်းမွန်နေပြီး အထူးသဖြင့် ကွမ်းသီးအစိမ်းနုများ၏ ဈေးကွက်တန်ဖိုး မြင့် တက်လာမှုကြောင့် ဒေသခံတောင်သူများအတွက် ဝင်ငွေတိုးတက်စေသည့် အခွင့်အလမ်းကောင်းများ ဖန်တီးပေးလျက် ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)