ကရင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးရှိ ဝန်ထမ်းများကို လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားတိုးတက်စေရန်ရည်ရွယ်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ ဝန်ထမ်းစွမ်းဆောင်ရည်မြင့်တင်ရေးသင်တန်း (၁/၂၀၂၃) သင်တန်းအား (၁၅-၆-၂၀၂၃) ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး၌ သင်တန်းဖွင့်လှစ်ပွဲကျင်းပခဲ့ကြောင်း သိရှိရပါသည်။
အခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက သင်တန်းအဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် သင်တန်းနည်းပြဖြစ်သော စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဦးမျိုးဝင်းနိုင် ဦးစီးအရာရှိက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ကာ သင်တန်းနည်းပြများနှင့် သင်တန်းသား/သူများအား ရင်းနှီးစွာမိတ်ဆက်စကားပြောကြား၍ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြပါသည်။
သင်တန်းတွင် ပြည်နယ်ဦးစီးမှူး ဦးသန်းဦးက နိုင်ငံ့ဝန်ထမ်းနည်းဥပဒေအကြောင်း သိကောင်းစရာများအကြောင်းကိုလည်းကောင်း၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဦးမျိုးဝင်းနိုင် ဦးစီးအရာရှိက ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ဖြစ်ပေါ်လာပုံအကြောင်း၊ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အတွက် နှစ်စဉ် ဆောင်ပုဒ်များ၏အဓိပ္ပါယ်အကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနနှင့်ပတ်သက်၍ လုပ်ဆောင်မှုနှင့် လုပ်ငန်းတာဝန်များအကြောင်းကိုလည်းကောင်း၊ ငွေစာရင်းဌာနခွဲ တာဝန်ခံ ဒေါ်စန်းစန်းမြင့် ဦးစီးအရာရှိက ငွေစာရင်းဆိုင်ရာ “ဌစ” များအကြောင်းကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပါသည်။ အဆိုပါသင်တန်းသို့ သင်တန်းသားဦးရေ (၁၃) ဦးတက်ရောက်ခဲ့ကြောင်းနှင့် သင်တန်းအား (၁၅-၆-၂၀၂၃) ရက်နေ့မှ (၁၆-၆-၂၀၂၃) ရက်နေ့အထိ (၂) ရက်တာသင်တန်းအဖြစ် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
DOCA(ကရင်)