စစ်ကိုင်းစက်မှုဇုန်၌ စားသောက်ကုန်ထုတ်လုပ်သည့် စက်ရုံ(၉)ရုံရှိသည့်အနက် Global Distribution Partner လုပ်ငန်းသည် အသင့်စား စားသောက်ကုန်ဖြစ်သော ရှမ်းခေါက်ဆွဲသုပ်၊ ဆီချက်ခေါက်ဆွဲနှင့် တို့ဟူးနွေး တို့ကို ထုတ်လုပ်သော လုပ်ငန်းတစ်ခုဖြစ်သည်။ လုပ်ငန်းကို ၂၀၂၁ခုနှစ်၊ စက်တင်ဘာလက မတည်ရင်းနှီးငွေ ကျပ်သိန်း(၅၀၀)ခန့် ဖြင့် စတင်ခဲ့သည်။ စက်ရုံ၌ ကုန်ကြမ်းဆန်ခေါက်ဆွဲခြောက်များအား ကိုယ်တိုင်ပြုလုပ်ပြီး၊ ပဲငါးပိကို သီပေါမြို့မှလည်းကောင်း၊ ကြက်သွန်ဖြူကြော်နှင့် မြေပဲလှော်အား မန္တလေးမြို့မှလည်းကောင်း ဝယ်ယူကြောင်း သိရသည်။
ကုန်ကြမ်း ဆန်ခေါက်ဆွဲကို ရွှေရှမ်းဆန်ခေါက်ဆွဲစက်အမည်ဖြင့် လုပ်ငန်းခွဲခြား၍ သီးသန့် ပြုလုပ်သည်။ ဆန်ခေါက်ဆွဲပြုလုပ်သည့် ဆန်(လတ်)အမျိုးအစားမှာ သုခနှင့် ဧရာပဒေသာ ဆန်များ ဖြစ်သည်။ တစ်ရက်လျှင်ပျမ်းမျှ တစ်တင်းခွဲဝင်အိတ် (၄)အိတ်ခန့် အမှုန့်ကြိတ်ခြင်း၊ ရေဖြင့် ရောနှော ကာ အနှစ်ချခြင်း၊ နန်းပြားဆွဲခြင်း၊ နန်းမျှင်ဆွဲခြင်းများကို ခေတ်မီစက်များဖြင့် ဆောင်ရွက်ခြင်းဖြင့် ဆန်ခေါက်ဆွဲအခြောက် ပိဿာ(၈၀)ခန့်ထွက်ရှိပြီး Global Distribution Partner လုပ်ငန်းသို့ ကုန်ကြမ်းမုန့်ဖတ်ခြောက်များ လွှဲပြောင်းပေးပို့သည်။ Global Distribution Partner လုပ်ငန်း၏ ကုန်ချောတစ်ရက်ထုတ်လုပ်နိုင်မှု ပမာဏမှာ ရှမ်းအိုးစည်အသင့်စား ရှမ်းခေါက်ဆွဲသုပ်၊ ရွှေမန်းသား အသင့်စားဆီချက်ခေါက်ဆွဲနှင့် တို့ဟူးနွေး အထုပ်(၁၀၀)ပါ ဂျပ်ဖာ ၂၇ဖာမှ ၃၀ဖာထိ ထုတ်လုပ်နိုင် ကြောင်းသိရသည်။ ရှမ်းအိုးစည်အသင့်စား ရှမ်းခေါက်ဆွဲသုပ်၊ ရွှေမန်းသားအသင့် စားဆီချက် ခေါက်ဆွဲနှင့် တို့ဟူးနွေးတို့၏ ဈေးနှုန်းမှာ အထုပ်(၁၀၀)လျှင် ဖောက်သည်ဈေး ၆၁၀၀၀ ကျပ်ဖြင့် ရောင်းချကြောင်းသိရှိရသည်။ ထွက်ရှိကုန်ချောများကို မန္တလေးမြို့မှတစ်ဆင့် မြန်မာပြည်အနှံ့သို့ ကိုယ်စားလှယ်များဖြင့် တင်ပို့ရောင်းချကြောင်း သိရှိရသည်။ အလုပ်သမား(၂၅)ဦးခန့်အား အလုပ် အကိုင် အခွင့်အလမ်းများ ပေးထားနိုင်ပြီး၊ လုပ်သားခအနေဖြင့် (၃)လအစမ်းခန့်အား တစ်ဦး တစ်လ လျှင် ကျပ်(၁)သိန်း၊ (၃)လကျော်ပါက ကျပ်(၁)သိန်းခွဲမှ ကျပ်(၁)သိန်း(၆)သောင်းထိ ပေးချေကြောင်း သိရသည်။
ကမ္ဘာကြီးသည် ရွာကြီးတစ်ရွာဖြစ်သည်ဟုဆိုသော ယခုကာလတွင် ခေတ်မီသော လူသား တိုင်း ဆရာမြို့မငြိမ်း၏ လူချွန်လူကောင်း သီချင်းပါ စာသားအတိုင်း ခေတ်မီမီ ကမ္ဘာကြီးကိုရှု့မြင်သူ များပြားနေသည်မှာ အားလုံးအသိပင်ဖြစ်သည်။လူသားတို့၏ အခြေခံလိုအပ်ချက်ဖြစ်သော စားရေး၌ အချိန်ပေးနိုင်သူ နည်းပါးလာသည်တွေ့ရသည်။ ထို့အတွက် အသင့်စားသောက်နိုင်သော အစားအစာ များဖြစ်သည့် ကော်ဖီ၊ လက်ဖက်ရည်၊ ဖျော်ရည်မျိုးစုံ၊ အသင့်စားခေါက်ဆွဲ/ မုန့်ဟင်းခါး စသည့်တို့ကို စားသုံးမှုပုံစံပြောင်းလာကြောင်း တွေ့ရှိရသည်။ သို့ဖြစ်၍ Global Distribution Partner လုပ်ငန်းမှ ထုတ်လုပ်သည့် အသင့်စား ရှမ်းခေါက်ဆွဲ/ဆီချက်ခေါက်ဆွဲ/ တို့ဟူးနွေးတို့သည် အနာဂတ်တွင် ဈေးကွက်ဝေစု ပိုမိုရရှိကာ ထုတ်လုပ်ဖြန့်ဖြူးခြင်းလုပ်ငန်းများ ပိုမိုတိုးတက်လာနိုင်မည်ဖြစ်ကြောင်း လေ့လာသုံးသပ် တင်ပြလိုက်ရပါသည်။
DOCA(စစ်ကိုင်း)