ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ဒု-ခရိုင်ဦးစီးမှူး၊ မအူပင်မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် (၉-၆-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၀:၀၀) နာရီအချိန်တွင် မအူပင်မြို့၊ (၁၂) ရပ်ကွက်ရှိ ရပ်ကွက်နေပြည်သူ (၃၆) ဦးအား စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းနှင့် စားသုံးသူအခွင့်အရေးသိရှိစေရန်အတွက် အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။
အဆိုပါ ဟောပြောဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ ဥပဒေအကြောင်းကို ရှင်းလင်းပြီး လူတိုင်းသည် နေ့စဉ်နေ့တိုင်း စားသုံးသူများဖြစ်နေကြပြီး စားသုံးသူများသည် တစ်ခါတရံ မိမိပေးချေလိုက်ရသည့်ငွေနှင့် မကိုင်ညီသောကုန်ပစ္စည်းများ၊ လွှဲမှားမှုများ၊ ဆုံးရှုံးမှုနှင့်ကြုံတွေ့ရသည်များရှိတတ်ကြပါကြောင်း၊ ထို့ကြောင့် စားသုံးသူတိုင်းတွင် အခွင့်အရေးရှိသဖြင့် စားသုံးသူအခွင့်အရေးနှင့် တာဝန် (၈) ချက်ကို သိရှိနားလည်ထားရန်လိုအပ်ကြောင်းတို့ကိုရှင်းလင်းပြီးနောက် မိမိတို့ဝယ်ယူသုံးစွဲလိုက်သည့်ကုန်ပစ္စည်းမှာ အရည်အသွေးမပြည့်မီခြင်း၊ အသုံးပြုပြီးသောပစ္စည်းအား ပြုပြင်ထားခြင်း၊ အသက်အန္တရာယ်ထိခိုက်စေသည့် ပစ္စည်းများပါဝင်နေခြင်းတို့ကြောင့် စားသုံးသူများအတွက် ထိခိုက်နစ်နာနိုင်ကြောင်း၊ ဝန်ဆောင်မှုကဏ္ဍများတွင်လည်း ထင်ယောင်ထင်မှားဖြစ်အောင်ကြော်ငြာခြင်း၊ အရည်အသွေးမပြည့်မီသောဝန်ဆောင်မှုများကြောင့် စားသုံးသူများသည် ငွေကြေးဆုံးရှုံးမှုအပြင် အခက်အခဲများစွာကြုံတွေ့နေခြင်းများရှိနေကြောင်း၊ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများရှိကြောင်း၊ စားသုံးသူများ၏နစ်နာဆုံးရှုံးမှုနှင့်စပ်လျဉ်း၍ စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားလာမှုအပေါ် ဌာနက စိစစ်ညှိနှိုင်းဖြေရှင်းဆောင်ရွက်ခြင်းအကြောင်းတို့ကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ပြီး ပြည်သူများသည် စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်း၍ သိရှိလိုပါက စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ဆောင်ချက်များကို www.doca.gov.mm Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်းနှင့် Consumer Call Center No. (1535) သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းတို့ကို အသိပညာပေးဆွေးနွေးခဲ့ပါသည်။
DOCA(ဧရာဝတီ)