Main menu

မအူပင်မြို့၊ တိုးရွှေဝါခန်းမတွင် ဒေသတွင်း အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ (MSMEs) ၏ ထုတ်ကုန်ကုန်ပြပွဲ အောင်မြင်စွာကျင်းပပြီးစီး

Powered by Drupal

   ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ တိုးရွှေဝါခန်းမတွင် မအူပင်ခရိုင်အတွင်းရှိ ဒေသတွင်း အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ (MSMEs) ၏ထုတ်ကုန်ပြပွဲကို (၈-၆-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၏ တိုင်းဒေသကြီးသယံဇာတဝန်ကြီး ဦးအုန်းမြင့်က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။

 အဆိုပါဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ပြီးနောက် ဧရာဝတီတိုင်းဒေသကြီး၏ သယံဇာတဝန်ကြီး ဦးအုန်းမြင့်နှင့်အတူ မအူပင်ခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီထွေးနှင့်အဖွဲ့ဝင်များ၊ မအူပင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတိုးတိုးဝင်းနှင့် အဖွဲ့ဝင်များလိုက်ပါ၍ မအူပင်မြို့နယ်၊ တိုးရွှေဝါခန်းမအတွင်းရှိ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ (MSMEs) ၏ ပြခန်းပေါင်း (၂၀ ) ခန့်ကို တက်ရောက်အားပေးခဲ့ပါသည်။

    မအူပင်ခရိုင်သည် မြစ်ဝကျွန်းပေါ်ဒေသဖြစ်သည့်အတွက် မအူပင်၊ ပန်းတနော်၊ ညောင်တုန်း၊ ဓနုဖြူမြို့နယ်များ၏ အသားတင်စိုက်ပျိုးမြေဧရိယာပေါင်း (၇၀၈၁၉၆) ခန့်ရှိပြီး အဓိကသီးနှံ (၁၀) မျိုးမှာ စပါး၊ မြေပဲ၊ နှမ်း၊ နေကြာ၊ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ဝါ၊ ကြံနှင့် အစေ့ထုတ်ပြောင်းတို့ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။ မအူပင်ခရိုင်အနေဖြင့် စိုက်ပျိုးရေးကို အဓိကထားဆောင်ရွက်သဖြင့် ထွက်ရှိပြီးသောစပါးများကို တန်ဖိုးမြှင့်ကြိတ်ခွဲ၍ ပြည်တွင်းစားဆန်နှင့် ပိုလျှံသည့်စပါးများကို နိုင်ငံခြားငွေရရှိစေရန် တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်ရန်အတွက် မအူပင်မြို့တွင် အဆင့်မြင့်ဆန်စက် (၁၉) စက်၊ ပန်းတနော်မြို့နယ်တွင် အဆင့်မြင့်ဆန်စက် (၁၈) စက်၊ ညောင်တုန်းမြို့နယ်တွင် အဆင့်မြင့်ဆန်စက် (၄၂) စက်နှင့်၊ ဓနုဖြူမြို့နယ်တွင် အဆင့်မြှင့်ဆန်စက် (၄၂) စက်ဖြင့် တန်ဖိုးမြှင့်ဆန်များထုတ်လုပ်ရုံသာမက ငါးမွေးမြူရေးကဏ္ဍနှင့် ဒေသတွင်း အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အားသွန်ခွန်စိုက်ဆောင်ရွက်လျက်ရှိသည်ကို လေ့လာတွေ့ရှိရပါသည်။

    ဒေသတွင်း အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ (MSMEs) ၏ ထုတ်ကုန်ကုန်ပြပွဲကို (၈-၆-၂၀၂၃) ရက်နေ့မှ (၁၀-၆-၂၀၂၃) ရက်နေ့ထိဖွင့်လှစ်ပြသခဲ့ပြီး မအူပင်မြို့နယ်၏ ဒေသထွက်ကုန်များဖြစ်သည့် ဆန်၊ စပါး၊ ပဲ၊ ပြောင်းများ၏ ထွက်ကုန်ကဏ္ဍ၊ အငယ်စားစီးပွားရေးလုပ်ငန်းများဖြစ်သော ကျား၊ ပဲမုန့်၊ ကျားသစ်ပဲမုန့်၊ MMK ပဲမုန့်၊ လင်းလင်းသနပ်ခါးနှင့် သမီးချောမြေပဲဆီများကို ပြသထားပြီး မအူပင်မြို့နယ်၊ စက်မှုလယ်ယာဦးစီးဌာနမှ Goodbrother ကုမ္ပဏီ၏ထွန်စက်၊ မျိုးစေ့ချထွန်စက်နှင့် အခြားစက်မှုလယ်ယာသုံးစက်ကိရိယာများ၊ မအူပင်တက္ကသိုလ်မှ ငှက်ပျောပင်စည်မှထုတ်လုပ်သည့် ထုတ်ကုန်ပစ္စည်းများ၊ ပန်းတနော်မြို့နယ်၏ မွေးမြူရေးကဏ္ဍတွင် အောင်မြင်နေသော Gobal Earth Argro & Aqua Industry Public Co.,Ltd ၏ မြစ်ငါးတန်ထုတ်လုပ်မှုမှရရှိသည့် အသားလွှာများ၊ ပန်းတနော်မြို့နယ်၊ ထူးထက်ဟန်ကုမ္ပဏီ၏ အသာတိုးဝက်မွေးမြူရေးပြခန်း၊ သင်ဖြူးဖျာထုတ်ကုန်ပစ္စည်းပြခန်းနှင့် ညောင်တုန်းမြို့နယ်၊ နို့စားနွားမွေးမြူရေးလုပ်ငန်းမှထုတ်လုပ်သည့် နို့နှင့် နို့ထွက်ပစ္စည်းပြခန်းများနှင့်၊ ဓနုဖြူမြို့နယ်၏ အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းပြခန်းများကို စိတ်ဝင်စားသော စားသုံးသူပြည်သူများ၊ ကျောင်းသား/သူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် လုပ်ငန်းရှင်များလာရောက်ကြည့်ရှု၍ ဝယ်ယူအားပေးခဲ့ကြောင်း လေ့လာသိရှိရပါသည်။

    မအူပင်ခရိုင်သည် စိုက်ပျိုးရေးကဏ္ဍနှင့် မွေးမြူရေးကဏ္ဍတွင်သာမက ဒေသတွင်း အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ (MSMEs) ၏ ထုတ်ကုန်ကဏ္ဍများတွင်လည်း အောင်မြင်တိုးတက်ထုတ်လုပ်လာနိုင်မည့် အလားအလာကောင်းများကို ယခုပြခန်းဖွင့်လှစ်ပြသမှုမှ တွေ့မြင်သိရှိရပါသည်။

   (၁၀-၆-၂၀၂၃) ရက်နေ့၊ ညနေ (၁၈း၃၀) နာရီအချိန်တွင် မအူပင်ခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီထွေးနှင့် အဖွဲ့ဝင်များသည် ပြခန်းများအတွင်းသို့ လာရောက်ကြည့်ရှု၍ အားပေးစကားပြောကြားပြီးနောက် မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ တိုးရွှေဝါခန်းမတွင်ပြသထားသော မအူပင်ခရိုင်၊ ဒေသတွင်း အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ (MSMEs) ၏ ထုတ်ကုန်ပြပွဲသည် အောင်မြင်စွာကျင်းပပြီးစီးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)