Main menu

ပခုက္ကူမြို့ပေါ်တွင် ချည်ထည်စောင်များ တွင်ကျယ်စွာရက်လုပ်လျက်ရှိ

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒု-ဦးစီးမှူး ဒေါ်လှိုင်ဥမ္မာဦးသည် တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူးတို့၏ လမ်းညွှန်မှုဖြင့် (၁၂.၆.၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပခုက္ကူခရိုင် အမှတ်(၁၅)ရပ်ကွက်ရှိ လက်ရက်ကန်းလုပ်ငန်းရှင် နှင့်တွေ့ဆုံ၍ ချည်ထည်စောင်များနှင့် ပတ်သက် ပြီး ဆွေးနွေးမေးမြန်းခဲ့ပါသည်။

     ပခုက္ကူမြို့နယ်တွင် ယခင်က လက်ရက်ကန်းများကို တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့ပါ သည်။ ယခုအချိန်တွင် စက်ရက်ကန်းများပါ သုံးစွဲမှုများပြားလာ၍ လက်ရက်ကန်း ရက်လုပ်မှုများ လျော့နည်းသွားကြောင်းလည်း သိရှိရပါသည်။ ရက်လုပ်ခဲ့သောအထည်များမှာ  ကျားဝတ်လုံချည် အမျိုးမျိုး၊ မဝတ်လုံချည်အမျိုးမျိူး၊ လက်သုတ်ပုဝါ၊ မျက်နှာသုတ်ပုဝါ၊ ဝါဒစောင်၊ ချင်းပုလဲစောင်နှင့် ခေါက်ချိုးစောင်များကို အဓိက ရက်လုပ်ခဲ့ကြောင်း သိရှိရပါသည်။ ယခုအခါတွင် လက်ရက်ကန်း များအပြင် စက်ရက်ကန်းများကိုပါ အသုံးပြုလာကြပြီး  အများစုမှာ အနံလွန်ခေါက်ချိုးစောင်များကို ရက်လုပ်မှုများ ပိုမိုများပြားလာခဲ့ကြောင်း သိရှိရသည်။

    အနံလွန်ခေါက်ချိုးစောင် လက်ရက်ကန်းတစ်တန်းတွင် တိုင်ချည်ထုပ်(၁၄)ထုပ်၊ တစ်ထုပ် လျှင်(၁၈)လိမ်ပါဝင်ပြီး တစ်လိမ်လျှင် နှစ်ခင်ပါဝင်ကြောင်း၊ ဖောက်ချည်တွင် ဖောက်ချည်ထုပ်(၅) ထုပ်၊ တစ်ထုပ်လျှင် အလိမ်(၂၀)၊ တစ်လိမ်လျှင် သုံးခင် အသုံးပြုရကြောင်း၊ အသုံးပြုသောချည်များ မှာ ဗမာချည်ခွန်ချည်ဖြစ်ပြီး တိုင်ချည်ထုပ် တစ်ထုပ်ဈေးနှုန်းမှာ ကျပ်(၃၃၅၀၀)၊ ဖောက်ချည်မှာ (၁၀)ချည်ကို အသုံးပြုရပြီး တစ်ထုပ်လျှင် ကျပ်(၃၅၅၀၀) ပေးရကြောင်း၊ ချည်ထုပ်များ ဆေးဆိုးခမှာ အရောင်အမျိုးအစားကိုလိုက်၍ တစ်ထုပ်လျှင် ကျပ်(၃၀၀၀- ၅၀၀၀- ၅၅၀၀)၊ ချည်စာနင်းခမှာ တစ်ထုပ်လျှင် ကျပ်(၁၈၀၀)၊ ချည်ချခမှာ (၁၀)တွဲလျှင် ကျပ်(၃၀၀၀)၊ ယက်ဖောက်ယက်ခမှာ တစ်တွဲလျှင် ကျပ်(၁၇၀၀)၊ ရက်ကန်းလုပ်သားခမှာ တစ်ထည်လျှင် ကျပ်(၁၅၀၀)ပေးရကြောင်း၊ ရက်ကန်း တစ်စင်၏ အထွက်နှုန်းမှာ အနည်းဆုံး(၅၆)ထည်၊ အများဆုံး(၅၇)ထည် ထွက်ရှိကြောင်း ရက်ကန်းလုပ်ငန်းရှင် တစ်ဦးထံမှသိရှိရပါသည်။

     အနံလွန်ခေါက်ချိုးစောင် တစ်ထည်၏ဈေးနှုန်းမှာ  ကျပ်(၁၈၀၀၀ မှ ၂၅၀၀၀)ဖြစ်ပြီး ထွက်ရှိ လာသော အထည်များကို မိမိတို့ ဒေသတွင်းသာမက မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပုဂံ၊ ညောင်ဦးမြို့နယ်များမှ ဟိုတယ်လုပ်ငန်းရှင်များကလည်း ဝယ်ယူအသုံးပြုလျက်ရှိကြောင်း ရက်ကန်း လုပ်ငန်းရှင်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(မကွေး)